ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 33
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၃၃ -ပျော်ရွှင်ဖွယ်မြေ
ဖုန်းခေါ်ဆိုမှုမှာ တစ်ခဏခန့် တိတ်ဆိတ်သွားသည်။
ခဏကြာပြီးနောက် ထိုအမျိုးသမီး တရစပ်ပင် ပြောလာသည်။
“ရှင်က မီးတောင်ထဲမှာ နေတာမို့လို့လား .. ရှင့်ဆီကို သွားတဲ့သူတွေအကုန်လုံး ပြုတ်ကျပြီး ကျိုးရင်ကျိုး မကျိုးရင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်တာ .. ဘာလားဟ..” သူသည် အရက်မူးနေသည့်လူတစ်ဦးကဲ့သို့ အော်ဟစ်လိုက်သည်။
အမျိုးသမီး၏အော်သံမှာ နားစည်ကွဲလောက်အောင် ကျယ်လောင်လှသည်။ ချူဖုန်း ဖုန်းကို သူ့အနားမှ ခွာလိုက်သော်လည်း သူမ ပြောလိုက်သည့်စကားများကို အာရုံစိုက်နားထောင်နေဆဲပင်။ နောက်ဆုံးတွင် သူ ပေါ့ပျက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် .. ဟုတ်တယ် .. ကွက်တိပဲ .. ကျွန်တော်က မီးတောင်ထဲမှာ နေရုံမကဘူး ပန်းပင်တွေနဲ့ လယ်ယာ်တွေ စိုက်ပျိုးဖို့ အောက်ဘက်မှာ မြေကြီးလည်း တူးထားသေးတယ် .. ကျွန်တော်က ဟင်းသီးဟင်းရွက်တွေနဲ့ သစ်ခွတွေ စိုက်ထားတော့ အဲဒီနားက အပင်တွေ အရမ်းထူနေတာ .. အဲဒီတော့ သူတို့ မြေကြီးအောက်က တွင်းကိုမမြင်တာတော့ သူတို့ကို အပြစ်ပြောလို့မရဘူးပေါ့… သူတို့ ကံဆိုးပြီး အဲဒီနားကို ကျသွားတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..”
ချူဖုန်း၏ စကားကို ကြားသည်နှင့် ထိုအမျိုးသမီး၏ အသက်ရှူသံများ ကြမ်းတမ်းလာသည်။ ဖုန်းမှ နားထောင်လိုက်သည်နှင့် သူမ၏နှလုံးခုန်သံကိုပင် ကြားနေရသည်။
ချူဖုန်း ဖုန်းကို သူ့နား,နားမှ ခွာထားလိုက်သည်။
ထင်ထားသည့်အတိုင်း ဖုန်းတစ်ဖက်ခြမ်းမှ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာသည်။
“ကျွန်မ ရှင်နဲ့ မီးတောင်တွေအကြောင်း ဆွေးနွေးနေဖို့ အချိန်မရှိဘူး .. ပြီးတော့ ရှင်သာ သောက်အပင်တွေ စိုက်ထားလဲ ကျွန်မ စိတ်မဝင်စားဘူး .. ဒါပေမဲ့နားထောင် .. ရှင် အဲဒီလူတွေ၊ ကျွန်မလူတွေ အဆင်ပြေအောင် လုပ်ထားပေးဖို့လိုတယ် .. မဟုတ်လို့ကတော့ ကျွန်မ ရှင့်ကို အရှင်လတ်လတ် ငရဲပို့ပစ်လိုက်မယ်…”
သူမ လွန်သွားမှန်းသိသော်လည်း မအော်ပဲ မနေနိုင်တော့။
သူမ၏စိတ်နေစိတ်ထားနှင့် အပြုအမူတို့မှာ သူမ၏ ပုံမှန်အနေအထိုင်နှင့် လုံးဝပြောင်းပြန်ဖြစ်သွားသည်။ သူမသည် လွယ်လွယ်ဖြင့် စိတ်တိုဒေါသထွက်တတ်သူ မဟုတ်ပေ။ အိန္ဒြေရှိခြင်း၊ ကျက်သရေရှိခြင်းနှင့် ယဥ်ကျေးသိမ်မွေ့ခြင်းတို့မှာ သူမ၏ ပုံမှန်စိတ်နေသဘောထားဖြစ်သည်၊ သို့သော် ယခုတွင် ဤအရာအားလုံး သူမဆီမှ ဝေးကွာသွားလေပြီ။ သူမ၏နှလုံးသားထဲတွင် မငြိမ်းသတ်နိုင်သော မီးတောက်ကြီးရှိနေသည်။
“ဒါပေမဲ့ သူတို့အားလုံးက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ .. သူတို့ ဒါကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး .. ကြည့်ရတာ ဒါက သူတို့ကံကြမ္မာပဲထင်တယ် .. သူတို့ကံဆိုမှတော့ ကျွန်တော် ဘာတတ်နိုင်ပါ့မလဲ..” ချူဖုန်း ပြောလိုက်သည်။
“ရှင် မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကိုရှာ .. ဆရာဝန်ရှာပြီး သူတို့ကို ဆေးရုံပို့လိုက် … ရှင်လုပ်နိုင်လား မလုပ်နိုင်ဘူးလား ကျွန်မ ဂရုမစိုက်ဘူး .. ဒါပေမဲ့ ရှင်သာ သူတို့ကို အသက်ရှင်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ ရှင့်ကိုပါ သူတို့နဲ့အတူတူ မြှုပ်ပစ်မယ်..” ထိုအမျိုးသမီး အော်ဟစ်လိုက်သည်။
“ကျွန်တော်က ဘာလို့ လုပ်ပေးရမှာလဲ..”
“မင်းက ငါ့ကို ဒီလိုမျိုး ပြန်ပြောရဲတယ်ပေါ့..” ထိုအမျိုးသမီး အော်ဟစ်လိုက်သည်။
ဘုန်း…
သူမ ဖုန်းချပစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ အပြုအမူများ လွန်နေပြီကို သူမသိသည်။ လူတစ်ယောက်သည် ခံစားချက်များပါလာပါက အားနည်းချက်နှင့် ချို့ယွင်းချက်များကို လွယ်လွယ် ထုတ်ပြမိလိမ့်မည်။ ဤသည်မှာ သူမ ပုံစံမဟုတ်။
သူမ တည်ငြိမ်ဖို့ လိုအပ်သည်။
သူမသည် မြန်မြန်ဆန်ဆန်ဖြင့်ပင် သူမ ခံစားချက်ကို ပြန်ထိန်းချုပ်လိုက်နိုင်သည်။
သူမစိတ်ထဲမှ ဒေါသတရားများကို ဖယ်ရှားပစ်လိုက်သည်။ သူမ မျက်လုံးထဲမှ ဒေါသမီးတောက်များမှာ အေးစက်သည့်အကြည့်များဖြင့် နေရာယူသွားလေသည်။
ချူဖုန်းနှင့် လင်းနွိုင်ကြားမှ ရင်းနှီးသည့်ဆက်ဆံရေးကို ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု၏ အမှုဆောင်အချို့ သိကြသည်။ သူတို့သည် ချူဖုန်း၏ နောက်ခံနှင့် စွမ်းရည်ကို စစ်ဆေးနေခဲ့ပြီး သူ့ဆံပင်ကိုပင် တိတ်တဆိတ် စစ်ဆေးခဲ့သည်။ စမ်းသပ်ချက်ရလဒ်များအရ ချူဖုန်းမှာ သန္ဓေပြောင်းလူသားတစ်ဦး ဖြစ်နိုင်ချေမရှိ။
“သာမန်လူတစ်ယောက်ကများ .. သူ့မှာ စွမ်းအားမရှိဘူးဆိုတော့ သူ့ကို ဘယ်သူ ကူညီနေတာလဲ..” ထိုအမျိုးသမီး ရေရွတ်လိုက်သည်။ ထို့နောက် သူမစိတ်ထဲ လင်းနွိုင်နာမည် ပေါ်လာသည်။ “ငါတို့ သူ့ကိုလုပ်ကြံဖို့ ကြံစည်နေတာကို သူသိသွားတာလား..” သူမအတွေးနှင့်သူမ ထိတ်လန့်သွားသည်။
သို့သော် ယခုကဲ့သို့ ရှုပ်ရှပ်ခတ်နေသည့် လောကကြီးတွင် လင်းနွိုင် သူများကို ကူညီရန်မှာ မဖြစ်နိုင်။ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ မလေးနက်လှသောကြောင့် သူမ ကူညီနေသည့်ဆိုသည့် ဖြစ်နိုင်ချေ ပိုနည်းသွားလေပြီ။
“ဒါတွေက ဘောဓိမျိုးရိုးဗီဇလုပ်ငန်းစုနဲ့ ဆိုင်နေတာလားစ .. သူတို့တွေက ငါ့တို့ကို ရိုက်ချဖို့ သူ့ကို ကူညီပေးနေတာလား..” ဤသို့ စဉ်းစားမိသည်နှင့် သူမ မျက်မှောင်ကြုတ်လိုက်သည်။
သူမ ဖုန်းယူလိုက်ပြီး ဖုန်းထဲမှ အဆက်အသွယ်စာရင်းများကို လှန်လှောရှာဖွေလိုက်သည်။ ဝေ့မူဟုခေါ်သည့် နာမည်နားသို့ ရောက်သည့်အချိန် သူမလက် တစ်ခဏခန့် ရပ်တန့်သွားသည်။ သို့သော်လည်း သူမ မခေါ်တော့ပဲ ဖုန်းပိတ်လိုက်သည်။
သူမ တွေဝေနေစဉ်မှာပင် ဖုန်းမြည်သံထွက်ပေါ်လာပြီး သူမကို အတွေးကမ္ဘာထဲမှ ထွက်လာစေသည်။
ချူဖုန်းဟူသည့်နာမည်ကို မြင်လိုက်ရသည့်အချိန်တွင် သူမ မျက်နှာ တောင့်တင်းသွားသည်။ ဤလူ့အပေါ်ရှိနေသည့် သူမ၏အမုန်းတရားမှာ တစ်မိနစ်တိုင်း တိုးလာနေပြီဖြစ်သည်။ ယခုတလောဖြစ်ပျက်နေသည့် အရှုပ်အထွေးများမှာ သူနှင့် အနည်းနှင့်အများ သက်ဆိုင်နေသည်ပင်။
“ရှင် ဘာလိုချင်နေတာလဲ..” ထိုအမျိုးသမီး မေးလိုက်သည်။
“ကျွန်တော် ဘာလိုချင်လဲဟုတ်လား .. တကယ်က ‘ခင်ဗျား ဘာလိုချင်နေတာလဲ’ လို့ မေးရမှာ မဟုတ်ဘူးလား .. လင်းနို့နဲ့ ပင့်ကူက သေခါနီးနေပြီ .. အဲဒီတော့ ခင်ဗျား သူတို့ကို ကျွန်တော့်ဆီမှာ ဘယ်လောက်ကြာကြာထားဖို့ စိတ်ကူးထားလဲ..” ချူဖုန်း မေးလိုက်သည်။
“ကျွန်မ သူတို့နဲ့ စကားပြောမယ်..” ထိုအမျိုးသမီး တောင်းဆိုလိုက်သည်။ သူမသည် ကျဉ်းထဲကြပ်ထဲ ရောက်နေသော်လည်း မာရေကျောရေနှင့်ပင်။ ချူဖုန်းကို မောက်မောက်မာမာပင် တောင်းဆိုနေလေ၏။
“ကျွန်တော် အစောပိုင်းက ပြောပြီသွားပြီလေ .. သုံးယောက်ထဲမှာ နှစ်ယောက်က ကိုမာဝင်နေတယ် .. သူတို့ဒဏ်ရာတွေက အရမ်းပြင်းထန်တော့ သူတို့ အသက်ပြန်ရှင်လာနိုင်ဖို့ အခွင့်အရေး သိပ်မရှိတော့ဘူး .. ဒါပေမဲ့ ကျွန်တော် သူတို့ကို ကြောက်နေတုန်းပဲ .. အဲဒီတော့ ခင်ဗျားလူတွေလွှတ်ပြီးတော့ သူတို့ကို မြန်မြန်လာခေါ်ခိုင်းလိုက်..” ချူဖုန်း လောဆော်လိုက်သည်။
ထိုအမျိုးသမီး တစ်ခဏခန့် တိတ်ဆိတ်သွားလေသည်။ သူတို့ကို လာခေါ်ရန် တစ်ရက်၊ နှစ်ရက်အတွင်း လူလွှတ်လိုက်မည်ဖြစ်ကြောင်း ပြောလိုက်သည်။ သူတို့ သုံးယောက်လုံးကို ဂရုစိုက်ထားပေးရန် ချူဖုန်းကို တောင်းဆိုလာပြီး ထို သုံးယောက် သေဆုံးသွားလျှင်ဖြစ်ဖြစ် ဒဏ်ရာပိုပြင်းလာလျှင်ဖြစ်ဖြစ် သူ့ကို ပြန်ပေးဆပ်ရအောင် လုပ်မည်ဟု သတိပေးလိုက်သေးသည်။
ဖုန်းပြောပြီးနောက် ချူဖုန်း ပျော်ရွှင်စွာပင် အိပ်စက်လိုက်သည်။
သို့သော် ဖုန်းတစ်ဖက်မှ အမျိုးသမီးကတော့ တစ်ညလုံး အိပ်မပျော်တော့။ သူမသည် ဤကိစ္စကို တည်တည်ငြိမ်ငြိမ်ဖြင့် မဖြေရှင်းလိုက်နိုင်ပဲ ဒေါသခံစားချက်ဖြင့် စိတ်လိုက်မာန်ပါလုပ်လိုက်မိ၍ စိတ်တိုနေလေသည်။
“ငါ သူ့ကို သတ်ဖို့ကြိုးစားတာကို တားဆီးတဲ့သူမှန်သမျှ သတ်ပစ်မယ်..” သူမသည် လုပ်ကြံရန် စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။
မိုးကုပ်စက်ဝန်းအစွန်း၌ နေမင်းထွက်လာသည်နှင့် မနက်ခင်း ရောက်လာသည်။ ချူဖုန်းသည် နေမင်း၏ နွေးထွေးသည့်အလင်းရောင်များကို ခံယူကာ အသက်ရှူလေ့ကျင့်ခန်း လုပ်နေသည်။ ဤလေ့ကျင့်ခန်းသည် နွားနတ်ဆိုးလက်ဝှေ့ထက်ပင် အရေးကြီးသောကြောင့် သူ မနက်နှင့်ညတိုင်း လေ့ကျင့်ဖြစ်သည်။
နွားဝါ၏အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤလေ့ကျင့်ခန်းမှာ အရေးကြီးကြောင်း သိနိုင်သည်။ သူသည် မည်မျှပင် ပျင်းရိနေပါစေ ထိုလေ့ကျင့်ခန်းကို တစ်ရက်မှ မလွတ်ခဲ့။
မနက်စာစားပြီးနောက် ချူဖုန်း နွားဝါလေးကို ခေါ်လိုက်သည်။ “တောင်ထဲသွားကြစို့..”
“မူး..”
နွားဝါလေးသည် ညစ်ပစ်နေသည့်မြေကြီးပေါ်၌ စာလုံးအချို့ ရေးလာသည်။ သူတို့ကို တစ်ယောက်ယောက်လာလည်သည့်အချိန် သူတို့မရှိလျှင် ဘယ်လိုလုပ်မည်နည်း..
“သူတို့ရဲ့ ပစ်မှတ်က ငါနဲ့ ပျောက်နေတဲ့ သန္ဓေပြောင်းလူတွေ .. ငါတို့ ဘယ်သူမှ မရှိရင် သူတို့ ဘာလုပ်လို့ရမှာလဲ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“အင်း .. သူတို့ အလုပ်ရှုပ်သက်သာအောင်လို့ စာရေးပြီး ချန်ခဲ့တာ ပိုကောင်းမယ်ထင်တယ်”
ချူဖုန်း စာရွက်ကြီးတစ်ရွက်ကိုယူကာ စာလုံးကြီးကြီးရေးပြီး ခြံဝ၌ ကပ်ထားခဲ့သည်။
စာသားမှာ လိုရင်းတိုရှင်းပင် ဖြစ်သည်။ “အခုတလော ကြုံရတဲ့ ကြောက်စရာအဖြစ်အပျက်တွေကြောင့် တောထဲကို စိတ်ပြေလက်ပျောက် ခဏ သွားနေနေတယ်..”
နောက်ဆုံးတွင် ရှေးဟောင်းတောင်အတွင်းနက်ပိုင်းသို့ သွားသည့်လမ်းကြောင်းကိုပင် ပုံကြမ်းဆွဲခဲ့သေးသည်။ အရေးကြီးသည့်ကိစ္စတစ်ခုခုရှိလျှင် ဤလမ်းကြောင်းအတိုင်း သူ့ကို လာရှာနိုင်သည်ပင်။
သို့သော် အမှန်တရားမှာ ချူဖုန်းသည် ရောက်လာသည့်သူများကို အသက်ရှင်လျက် ပြန်ပေးသွားရန် စိတ်ကူးမရှိ။ သူတို့ သူ့ကို သေစေချင်နေလျှင် သူတို့ကိုယ်တိုင် အရင်သေရမည်။
ထိုအမျိုးသမီး၏ စကားပြောပုံနှင့် သူ့ရည်စားဟောင်းနှင့် ဖုန်းပြောချင်သည်ကို ငြင်းပစ်လိုက်သည့်အပြုအမူများကြောင့် ချူဖုန်း သူ့ကို ရွံရှာစက်ဆုပ်နေခဲ့သည်ပင်။ သူမ ယုံကြည်ရသည့်နောက်လိုက်များ၊ သူမ လက်အောက်မှလူများနှင့် သူမ၏ခိုင်းဖက်များကို သူရှင်းပစ်ချင်သည်။ သူ့နှလုံးသား၏ အမှောင်ဘက်ခြမ်းသည် သူ့ကို သူ့ရန်သူများ၏ သေခြင်းတရားထဲတွင် ပျော်မွေ့နေစေသည်။
သို့သော် ဤသည်မှာ သူ၏လေ့ကျင့်မှုကို အားလျော့စေမည်မဟုတ်။ သူတို့ နာနာကျင်ကျင်သေချင်လျှင် သူ့ကို အရင်ဆုံး လာရှာရမည်ပင်။
တောင်သို့သွားသည့်လမ်းတစ်လျှောက် သူ ကျိုးချွမ်ကို ရုတ်တရက်တွေးမိသွားသည်။
“အခုတလော တောင်ထဲမှာ ရခဲ့တဲ့ အတွေ့အကြုံတွေက ငါ့အတွက် ဘက်ပေါင်းစုံက တိုးတက်စေတဲ့ အဖိုးတန်အခွင့်အရေးဖြစ်ကြောင်း သက်သေပြပြီးပြီ.. အန္တရာယ်တော့များပေမယ့် ဒီအတွေ့အကြုံက အဖိုးမဖြတ်နိုင်ဘူး”
ကျိုးချွမ်ကိုလည်း တောင်ထဲခေါ်ပြီး သူနဲ့အတူ လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ကျိုးချွမ်သည် သာမန်လူသားတစ်ယောက်ထက် အဆင့်မြင့်သည့် စွမ်းအားများပိုင်ဆိုင်ထားသည့် သန္ဓေပြောင်းသူတစ်ဦးပင် ဖြစ်သည်။ သူ့ကို တောင်တန်းများကြား၌ လေ့ကျင့်ခိုင်းလျှင် သူ့စွမ်းရည်နှင့် စွမ်းအားများ တိုးတက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ဖုံးကွယ်နေသည့် စွမ်းအားများပင် ပေါ်ထွက်လာနိုင်သည်။
“ကျိုးချွမ်ကို အရင်သွားရှာရအောင်..”
သူ့အတွက်တော့ လီပေါင်းတစ်ရာကို ခြေချင်သွားခြင်းမှာ အလွန်လွယ်ကူသည့်အလုပ်ပင်။
ချင်းရန်ရွာနှင့် ကျိုးချွမ်နေသည့်မြို့မှာ ယခင်က ဆယ်လီခန့်သာ ဝေးသော်လည်း ယခုတော့ ဤမြိုု့နှစ်မြို့ကြား သွားလာခြင်းမှာ စွန့်စားခရီးတစ်ခု ဖြစ်နေလေပြီ။ မြို့နှစ်မြို့ကို ရှေးတောင်များစွာ ခြားထားပြီး လမ်းခရီးလည်း ပိုဝေးသွားသည်။
“ဟေ့ကောင် .. ငါ မင်းဆီ လာနေတယ် .. ငါ့ကို မြို့ပြင်မှာလာတွေ့ .. ငါမင်းကို ပျော်ဖို့ကောင်းတဲ့နေရာ ခေါ်သွားမယ်..” ချူဖုန်း ကျိုးချွမ်ကို ဖုန်းဆက်လိုက်သည်။
“ဘုရားမလို့ တော်သေးတယ် .. အခုတစ်လော ငါ ဘယ်လောက်တောင် ခက်ခဲပင်ပန်းနေရလဲသိလား .. မင်းက အရေးကြုံရင်ပေါ်လာတဲ့ သူငယ်ချင်းမျိုးပဲ .. မြန်မြန်လာခဲ့ .. မင်းတစ်ယောက်တည်းအတွက် ငါ ညစာပါတီ လုပ်ပေးမယ် … ငါတို့ စိတ်ကြိုက် စားသောက်ပြီးရင် ညဘက် ရေပူစမ်းသွားကြမယ်… မင်း ကောင်မလေးတွေနဲ့ ဆော့ချင်ရင်လည်း ဒီမှာ အများကြီးရှိတယ်..” ကျိုးချွမ်မှာ အတော်လေး စိတ်လှုပ်ရှားနေလေသည်။
မင်းရဲ့ ညစ်ပတ်တဲ့အတွေးတွေ တော်လိုက်တော့ .. ငါ မင်းကို ပိုကောင်းတဲ့နေရာတစ်ခု ခေါ်သွားရင်ရော .. အဲဒီနေရာမှာ မင်းပြောတာတွေထက် ပို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဟာတွေ ရှိတယ် .. သူတို့တွေက မင်းကို ကြက်သီးထပြီး တုန်လှုပ်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါအာမခံတယ်..” ချူဖုန်း ပြောလိုက်သည်။
“ဘာ … ငါဘာလို့ အဲဒီလိုနေရာမျိုးကို တစ်ခါမှ မကြားဖူးတာလဲ .. အထင်မလွှဲနဲ့ .. ပျော်ပါးဖို့ကို ငါလုံးဝသဘောတူတယ် .. ဒါပေမဲ့ မွေးကတည်းက ဒီမှာနေလာတဲ့လူတစ်ယောက်ဖြစ်ပြီးတော့ ငါက ဘာလို့ အဲဒီလိုနေရာကို ရှာမတွေ့ခဲ့တာလဲ..” ကျိုးချွမ် သံသယဖြင့် ပြောလိုက်သည်။
“မင်း ခဏနေရင်တွေ့လိမ့်မယ် .. ငါ့ကို စောင့်နေ..” ချူဖုန်း ရယ်မောလိုက်သည်။
“ကောင်းပြီလေ .. ငါ မင်းကို လာကြိုလိုက်မယ်..” ကျိုးချွမ်မှာ အတော်လေး စိတ်ဝင်စားနေသည်။
မြို့ပြင်တွင်..
မြို့ငယ်၏ အကွေ့လမ်းမှ ငွေရောင်ဆလွန်းကားတစ်စီးသည် အရှိန်ဖြင့် ထွက်လာသည်။ ကျိုးချွမ် လောနေသည်။ ချူဖုန်းကို မြင်သည်နှင့် ကားဘရိတ်အုပ်လိုက်ပြီး ကားမောင်းသူဘက်မှ တံခါးကို ကန်ဖွင့်ကာ ကားပေါ်မှ အလျင်အမြန် ဆင်းသွားလေသည်။
“အိုးမိုင်းဂေါ့ ဟဲ့ကောင်၊ ငါ မင်းကို ဘယ်လောက်တွေ့ချင်နေမှန်း မင်းသိမှာမဟုတ်ဘူး” ကျိုးချွမ်သည် အလွန်တက်ကြွနေပြီး တစ်စက္ကန့်မျှမတုန့်ဆိုင်းပဲ သူ့ကို ဝမ်းသာအားရဖက်လိုက်သည်။
ချူဖုန်းသည် ကြောင်တောင်တောင်ဖြစ်သွားရသည်။ ဒါက အရင်က သူသိတဲ့ကျိုးချွမ်ရော ဟုတ်ရဲ့လား..
ယခု သူသည် ပိန်သွယ်သွယ်လေး ဖြစ်သွားလေပြီ။ ပါးဖောင်းဖောင်းနှင့် ဗိုက်ပူများကို မတွေ့ရတော့။
ပို၍ မျက်စိဖမ်းစားနိုင်သည်မှာ အလွန်အမင်းနောက်သို့လှန်တင်ထားသည့် ဆံပင်ပင်ဖြစ်သည်။ ဆံပင်တစ်ချောင်းစီကို အနောက်သို့လှန်တင်ထားသောကြောင့် ဂေါ်ပြားပုံစံ ဆံပင်တုနှင့် တူနေသည်။
သို့သော်လည်း ထို ဆံပင်များအောက်တွင် ဖွက်ထားသည့် ဦးချိုတစ်စုံကို သူမြင်နေရသေးသည်။
သူ့မိဘများသူ့ကို လမ်းသရဲနှင့်တူသည်ဟု ပြောသည်မှာ မထူးဆန်းတော့။ လမ်းသရဲနှင့်မတူလျှင် ဘာနှင့်တူမည်နည်း..
ကျိုးချွမ် မျက်နှာပေါ်ရှိ စိတ်ဒုက္ခရောက်နေသည့် အမူအရာကို ချူဖုန်း သတိထားမိလိုက်သည်။ ယခု ပိန်သွယ်သွယ်လူသားသည် သူ့ဆံပင်ထူကြီးကို သပ်ကာ စိတ်ပျက်စွာ ညည်းတွားနေလေသည်။ ထုတ်ပြရန် မသင့်တော်သည့် ဤဦးချိုတစ်စုံက သူ့ကို အတော်လေး ထိခိုက်နေစေပြီဖြစ်သည်။
“အကောင်းမြင်စမ်းပါ .. အနည်းဆုံးတော့ မင်း အများကြီး ပိန်သွားပြီလေ..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
သူ၏ဆယ်ကျော်သက်အရွယ်မှစ၍ ကျိုးချွမ်သည် အမြဲတမ်း ဗိုက်ရွှဲနေပြီး မျက်နှာလည်း ပြည့်ဖောင်းနေသည်။ သူ့နားရွက်များမှာလည်း အလွန်ကြီးမားလှသောကြောင့် သူပြုံးလိုက်လျှင် အမိတ္တီဗုဒ္ဓဘုရားနှင့် အလွန်တူသည်ပင်။
“နွားနတ်ဆိုးကော ဘယ်မှာလဲ” ကျိုးကွမ်မေးလိုက်သည်။ “အိုး.. ဒါနဲ့ ငါ ဒီနေ့ ငါ့ရဲ့ ဝမ်းကွဲ၂ယောက်ကိုလည်း ခေါ်လာသေးတယ်.. ငါတို့သွားမယ့်နေရာက ဘယ်လောက်ပျော်ဖို့ကောင်းပြီး မိုက်လဲဆိုတာ ကြားသွားပြီးတော့ လိုက်ခဲ့မယ်ဆိုပြီး အတင်းပူဆာနေလို့”
မထင်မှတ်ထားသော သတင်းကို ကြားလိုက်ရ၍ ချူဖုန်း မျက်မှောင်ကြုတ်သွားရသည်။
ယခုတလော ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုမှာ သူ့ကို အတော်လေး ဒုက္ခပေးနေသည်။ သူ ကျိုးချွမ်ကို သူ့ပြဿနာထဲ ဆွဲမထည့်ချင်သောကြောင့် သူ့ကို မည်သူမှ မတွေ့နိုင်သည့် မြို့ပြင်၌တွေ့ရန် ခေါ်လိုက်ခြင်းပင်။ သို့သော် ယခုတော့ ထိုဝမ်းကွဲနှစ်ယောက်ကို သူတို့ယခုလုပ်မည့်ကိစ္စအကြောင်း ပါးစပ်ပိတ်ထားဖို့ တောင်းဆိုးရန်သာ ရှိတော့သည်။
“နွားနတ်ဆိုး..” ကျိုးချွမ် နောက်ဆုံးတော့ နွားဝါလေးကို တွေ့သွားလေပြီ။
နွားပေါက်လေးသည် အဝေးရှိ အပြာရောင်ကျောက်တုံးကြီးပေါ်၌ လူတစ်ယောက်ကဲ့သို့ ခြေချိတ်ထိုင်နေခြင်းပင်။ သူ့ရှေ့ခြေထောက်ခွာထဲ၌ အသီးရိုင်းတစ်လုံး ရှိနေပြီး နွားပေါက်လေးသည် ထိုအသီးကို မြိန်ရေရှက်ရေ စားသုံးနေသည်။
ကျိုးချွမ် သူ့နာမည်ခေါ်သည်ကို ကြားလိုက်သည်နှင့် နွားပေါက်လေး ဖြည်းညှင်းစွာ လျှောက်လာသည်။ သူသည် ရှေ့ခြေကို မြှောက်ထားပြီး နောက်ခြေဖြင့်သာ လျှောက်လာခြင်းပင်။
“ဘာကြီးလဲ..”
ကားထဲမှ ဆင်းလာသည့် လူငယ်လေးနှစ်ဦးမှာ ထိတ်လန့်တကြားပင် အော်ဟစ်လာကြလေသည်။ သူတို့သည် တစ္ဆေသရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ မျက်နှာကြီး ဖြူဖျော့လာကြသည်။ ထို့နောက် သူတို့ ကားထဲ ပြန်ဝင်သွားလိုက်ကြပြီး ထွက်ပြေးရန် အဆင်သင့်လုပ်ထားလိုက်သည်။
“မင်းတို့က ဘာတွေ လန့်နေတာလဲ .. ဒီလာခဲ့..”
ကျိုးချွမ် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူတို့ကို ခေါ်လိုက်ပြီးနွားပေါက်လေးနှင့် မိတ်ဆက်ပေးလိုက်သည်။ “မင်းတို့တွေ ငါတို့မြို့က သန္ဓေပြောင်းတဲ့လူတွေကို မတွေ့ဖူးတာလည်း မဟုတ်ပဲနဲ့ .. ငါတောင်မှ ငါ့ခေါင်းပေါ်မှာ ဒီအသုံးမကျတဲ့ဦးချိုတစ်စုံ ရှိနေတာ .. ဒီနွားပေါက်လည်း သန္ဓေပြောင်းလူတစ်ယောက်ပဲ .. ဒါပေမဲ့ သူက သန္ဓေပြောင်းတဲ့ဖြစ်စဉ်မှာ ကျဆုံးသွားတဲ့ အရှုံးသမား တစ်ယောက် .. အဲဒါကြောင့်မို့လို့ သူက နွားနဲ့လုံးဝတူနေတာ…”
“ဪ .. အဲဒီလိုကိုး..” လူငယ်နှစ်ဦးမှာ သံသယရှိသေးပုံပင်။
နွားဝါလေး၏ နှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်လာသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ့ဒေါသကို ထိန်းလိုက်နိုင်ပြီး သူ့ရှေ့ခြေထောက်တစ်ဖက်နှင့် ဦးချိုကိုဖုံးအုပ်ထားသည့် ဆံပင်များကို ဖယ်ပစ်လိုက်လေသည်။ ထိုဦးချိုကို ဘယ်ပြန်ညာပြန်ကြည့်ပြီးနောက် ဗိုက်နှိပ်ကာ ရယ်နေလေတော့သည်။
ကျိုးချွမ် ရှက်ကာ ဒေါသထွက်လာရသည်။ “ဘာတွေများ ရယ်စရာကောင်းနေလို့လဲ .. ဟမ် .. ဒါက ငါ့ခေါင်းပေါ်မှာ ထွက်လာတဲ့ ရိုးရိုးဦးချိုနှစ်ခုပဲ .. ဘာပဲဖြစ်ဖြစ် ငါက မင်းထက်တော့သာသေးတယ်..”
နွားဝါ မြေကြီးပေါ်၌ စာလုံးအချို့ ချရေးလိုက်သည်။ “မပြီးပြည့်စုံတဲ့ နွားခေါင်းလူသားပုံစံ” ပြီးနောက် သူ ကျိုးချွမ်ကို လက်ညှိုးထိုးလိုက်သည်။
“ဖင်ခံလိုက်လေ… ငါ့ကို နွားခေါင်းလူသားလို့ ခေါ်စရာလား.. ငါ မင်းကို သတ်ပစ်မယ် ခွေးမသား..” ကျိုးချွမ် ဒေါသထွက်လာသည်။ သူသည် ခန္ဓာကိုယ်ဖြင့် နွားပေါက်ပေါ်တက်ဖိလိုက်ကာ နွားပေါက်ကို သင်ခန်းစာပေးရန် လုပ်လိုက်သည်။
ချူဖုန်း ပြောစရာစကားမရှိတော့။ ကြည့်ရတာ သူတို့၂ယောက်သည် တစ်ယောက်ကို တစ်ယောက် အပုပ်ချပြောဆိုရန်အတွက် မွေးဖွားလာခြင်းဖြစ်ရမည်။ သူတို့တွေ့တိုင်း ရန်ဖြစ်သည်မှာ ကုမရသောရောဂါပင်ဖြစ်လိမ့်မည်။
“ငါ့ကို မပြောခင် အိမ်ပြန်ပြီး နွားခေါင်းလူသားက ဘာလဲဆိုတာ ရှာကြည့်လိုက်.. လူကိုလေးစားတတ်ဖို့ လေ့လာစမ်းပါဟ” သူတို့၂ယောက်ကို လူချင်းခွဲပြီးသော်လည်း ကျိုးချွမ် ပူညံပူညံလုပ်နေတုန်းပင်။
ချက်ချင်းဆိုသလိုပင် နွားဝါသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ သူ့ရှေ့ခြေထောက်များဖြင့် ဖုန်းမျက်နှာပြင်ကို နှိပ်ကာ ထိုအသုံးအနှုန်းကို အင်တာနက်ပေါ်တွင် အမြန်ရှာဖွေလိုက်သည်။ ထို့နောက် သူ့နွားမျက်နှာပေါ်ရှိ အပြုံးမှာ ပိုတောက်ပလာလေသည်။
ဤမြင်ကွင်းကို မြင်သည်နှင့် ကျိုးချွမ် ထိတ်လန့်သွားရသည်။ နွားပေါက်၏ ဖုန်းစွဲလမ်းမှုအကြောင်းကို သူသိထားသည်။ ဤနွားပေါက်လေးကြောင့် ယခုတလော လူများစွာ နှောက်ယှက်ခံနေရသည်ပင်။ သို့သော် နွားပေါက်လေး ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးနေသည့်မြင်ကွင်းအား မြင်လိုက်ရသည့်အချိန် သူ ငေးကြောင်သွားရသည်။
“ဘယ်လို သတ္တဝါမျိုးလဲ..” ကျိုးချွမ် အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင်တော့ ကျိုးချွမ် သူ၏ တစ်ဝမ်းကွဲနှစ်ယောက်ကို မြို့ထဲသို့ ပြန်ပို့လိုက်ပြီး သူတစ်ယောက်တည်း ချူဖုန်းနှင့် တောင်ထဲ လိုက်သွားလိုက်သည်။
“နေပါဦး .. မင်းက ဘာလို့တောင်တွေဘက်ကို လျှောက်နေတာလဲ .. မင်း ပြောတဲ့ ပျော်စရာကောင်းတဲ့နေရာက ဘယ်နေရာလဲ..” ကျိုးချွမ် သံသယဝင်လာသည်။
“လမ်းကမှန်တယ် .. ငါတို့ရောက်တော့မယ်..”
“ကောင်းတယ် .. ဒါနဲ့ ငါတို့ တကယ် ပျော်စရာကောင်းမှာလား..” ကျိုးချွမ်သည် အတော်လေး မျှော်လင့်နေပုံပင်။
“အေးဆေးပေါ့ .. ငါ့ကို ယုံထားလိုက်စမ်းပါ .. ဒါက စိတ်လှုပ်ရှားတာထက် ပိုတဲ့အဆင့်ထိ ရောက်လိမ့်မယ်လို့ ငါအာမခံတယ် .. စိတ်ချထားလိုက်..” ချူဖုန်း အရှေ့မှ ဦးဆောင်သွားလိုက်သည်။
“အိုး ဟုတ်သားပဲ .. ငါလည်း အရင်က ဒီအကြောင်း ကြားဖူးတယ် .. တိုင်ဟန်းတောင်အတွင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဆောက်ထားတဲ့ အိမ်ယာတွေနဲ့ ဘုရားကျောင်းတွေ ရှိတယ်လို့ ပြောကြတယ် .. ငါတို့ တကယ် အဲဒီနေရာကို သွားနေတာလား .. အရမ်းမိုက်မှာပဲ .. ငါကြားတာ အဲဒီနေရာမှာ မိန်းကလေးတွေနဲ့ စိတ်ကြိုက် ပျော်ပါးသောက်စားပြီး ဘာကိုမှ တွေးစရာမလိုတဲ့ ဘဝမျိုး နေနိုင်တယ်တဲ့.. ဒါက လူတွေပြောကြတဲ့ ‘ရောမမီးလောင်နေစဥ် တယောထိုး’ တာမလား.. ဒါပေမဲ့ အခုအပြင်လောကကြီးက ဗြောင်းဆန်နေတာကို သူတို့အခုထိ ဖွင့်ပါ့ဦးမလား”
“လာပြန်ပြီ.. စိတ်ချစမ်းပါ.. အခုထိ ဖွင့်သေးတယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
“ကောင်းတယ်.. ကောင်မလေးတွေရဲ့ ဆွဲဆောင်မှုတွေကို အနီးကပ်ပျော်ပါးလို့ရမယ့် ပျော်ရွှင်စရာအတွေ့အကြုံက ငါလိုချင်နေတဲ့ဟာပဲ.. အိုး ပျော်ရွှင်ဖွယ်မြေရေ ငါလာပြီကွယ်..”
အပိုင်း ၃၃ ပြီး၏။