ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 55
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၅ – ငွေတောင်ပံ
အာရုံခံနိုင်စွမ်းအားနည်းသော အခြားသန္ဓေပြောင်းသူများပင်လျှင် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေဟန်ဖြင့် နေရာတစ်နေရာသို့ ကြည့်နေကြသည်။ မြေကြီး၏တုန်ခါမှုမှာ ခပ်လှမ်းလှမ်းရှိ တောင်တစ်တောင်မှ အစပြုလာခြင်းပင်။
လူတစ်ဦး၏ခန္ဓာကိုယ်သည် အသွင်ပြောင်းသွားသည်နှင့် သူတို့၏အာရုံခံနိုင်စွမ်းမှာ ယခင်ကထက် ပို၍ တိုးတက်လာသည်။
မြွေဖြူတောင်အတွင်းနက်ပိုင်းမှာ ရုတ်တရက်ပင် တိတ်ဆိတ်သွားကာ ဘာဖြစ်လာမည်ကို အားလုံး စိတ်ဝင်တစား စောင့်ဆိုင်းနေကြလေသည်။
ရုတ်တရက် လူတိုင်း သွေးနံ့ရလိုက်ကြသည်။ ထိုသွေးနံ့သည် အနံ့မပြင်းလှသော်လည်း သွေးအစစ်၏အနံ့ဖြစ်ပြီး ခပ်ဝေးဝေးရှိ တောင်တစ်လုံးဆီမှ ထွက်ပေါ်လာခြင်းပင်။ ထိုသွေးနံ့သည် လူသွေးနံ့မဟုတ်ဘဲ သားရဲတစ်ကောင်၏သွေးနံ့သာ ဖြစ်သည်။
“သတိထားကြ… သားရဲတစ်ကောင်လာနေပြီ ” လူအုပ်ထဲမှ လူတစ်ယောက်က အခြားသူများကို သတိပေးလိုက်သည်။
လူသားများကြား သန္ဓေပြောင်းခြင်းကို လူအများ စိတ်ဝင်စားခဲ့ကြသော်လည်း သန္ဓေပြောင်းသားရဲများကိုတော့ မြင်ရခဲလှသည်။
သန္ဓေပြောင်းသားရဲ မည်မျှရှိနေသည်ကို မည်သူမှ မသိကြ။ အဘယ်ကြောင့်ဆိုသော် သားရဲအများစုမှာ သူတို့ဂူများထဲ၌ အိပ်စက်နေကြပြီး လူသားရေဒါကွယ်ရာ၌ ရောက်နေကြသောကြောင့် သူတို့တည်ရှိမှုကို မေ့လုနီးပါး ဖြစ်နေလေပြီ။
“ခွပ်..”
ရုတ်တရက် တောင်ကုန်းတစ်ခုမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် တောင်စောင်းနေရာတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး တောင်ပေါ်မှ ကျောက်တုံးများလိမ့်ဆင်းလာသည်။
ထို့နောက် နောက်ထပ်တုန်ခါသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး တောင်နံရံလည်း အက်ကွဲသွားကာ ကျောက်တုံးကျောက်ခဲများ တောင်ပေါ်မှ လိမ့်ဆင်းလာသည်။ ထိုကျောက်ခဲများကျလာသည့် လမ်းကြောင်း၌ ရှိနေသည့် ရှေးဟောင်းသစ်ပင်များမှာ အပိုင်းပိုင်းပြတ်သွားကြလေသည်။
ထိုမြေပြိုသည့်နေရာမှ အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် အက်ကွဲကြောင်းမှ ဦးချိုတစ်ခုပါသည့် ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။
ဤသည်မှာ တကယ်ကို သားရဲကြီးပင်။ ဤသားရဲကြီး၏အရွယ်အစား ကြီးမားလှပြီး တစ်ကိုယ်လုံးကို ကြေးရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
“ဒါက ဘာအကောင်ကြီးလဲ..”
ထိုသားရဲပေါ်ထွက်လာမှုကြောင့် လူအုပ်အတွင်း၌ အုတ်အော်သောင်းနင်းဖြစ်သွားကာ လူအားလုံး နောက်သို့အမြန်ဆုတ်သွားကြသည်။ ထိုသားရဲထံမှ ချဥ်စုတ်စုတ်အနံ့ထွက်နေသည့်အပြင် ၎င်း၏ပါးစပ်ကို ဟလိုက်သည်နှင့် ပါးစပ်အတွင်းမှ အခိုးအငွေ့များနှင့် မီးတောက်များထွက်လာလေသည်။ ထိုမီးတောက်မီးလျှံများနှင့် အခိုးအငွေ့များထံမှ ဆာလဖာနံ့စူးစူးထွက်နေပြီး ထိုအငွေ့နှင့်ထိတွေ့မိသမျှအားလုံးကို လောင်ကျွမ်းပြာကျသွားနိုင်သည်ပင်။
ဝုန်း..
နောက်ဆုံးတွင်တော့ ထိုသားရဲကို ရှင်းရှင်းလင်းလင်းမြင်ရလေပြီ။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်မှာ ကြေးဝါရောင်တောက်ပနေသည်ပင်။
တစ်ချိန်တည်းမှာပင် ဤသားရဲထံမှ ညှီစို့စို့အနံ့များ စူးရှစွာထွက်နေလေသည်။ ဤအနံ့သည် နှစ်ပေါင်းများစွာအမဲလိုက်ပြီးနောက် ၎င်းကိုယ်ပေါ်တွင် စွန်းထင်းနေခဲ့သော သားကောင်များ၏သွေးနံ့ပင်။
ဤသားရဲသည် မိကျောင်းပုံသဏ္ဍာန်ရှိပြီး အနည်းဆုံး ၁၃ မီတာ မြင့်သည်ပင်။ ၎င်း၏ခန္ဓာကိုယ်ကို ထူထဲသောအကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ဦးခေါင်းပေါ်တွင် ချိုတစ်ချောင်းရှိနေသည်။ ထိုချိုဖြင့်တောင်အောက်မှ ဖောက်ထွက်လာခြင်းပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤသားရဲ မည်မျှခွန်အားကြီးမားကြောင်း သိနိုင်ပေသည်။ ၎င်း၏ဦးချိုမှာ တောင့်တင်းခိုင်မာပြီး ခန္ဓာကိုယ်၏ခွန်အားဗလသည်လည်း ပြိုင်ဖက်ကင်းပင် ဖြစ်သည်။
“အဲဒါ မိကျောင်းမဟုတ်ဘူး… သင်းခွေချပ်တစ်ကောင်ပဲ” လူအုပ်ထဲမှ လူတစ်ဦး တီးတိုးပြောလိုက်သည်။
ထိုသူ၏စကားကြောင့် ဤသတ္တဝါ၏အသွင်သဏ္ဍာန်သည် လူအများကိုစိတ်အနှောင့်အယှက်ပေးတတ်သော ဖွတ်ပုတက်များနှင့်တူနေကြောင်း လူအများသတိထားမိသွားကြသည်။ သို့ရာတွင် ၎င်း၏ကြီးမားလှသောအရွယ်အစားကြောင့် ၎င်း၏မျိုးတူသတ္တဝါများနှင့် မတူသလိုထင်ရသည်။
သားရဲကြီး၏မျက်လုံးများမှာ အေးစက်နေပြီး လူအုပ်ကြီးကို အေးစက်စွာသာ ကြည့်နေသည်။ သူသည် လူအုပ်ကြီးကို မြင်လိုက်ရသော်လည်း သူ ထိတ်လန့်သွားပုံမပေါ်။ ဤသားရဲကြီးတွင် အကြောက်တရားမရှိကြောင်း သိသာလှသည်။
စိတ်ကြီးဝင်နေသောသားရဲကြီး၏ နောက်မှအပေါက်တစ်ခုကို လူများသတိပြုမိသွားသည်။ ထိုအပေါက်ကြီးသည် အရွယ်အစားအလွန်ကြီးမားပြီး အာကာသအတွင်း၌သာ တွေ့ရနိုင်သော တွင်းနက်ကြီးတစ်ခုနှင့်ပင် တူနေသည်။ ထိုအပေါက်ကြီးသည် မည်မျှနက်ကြောင်း သို့တည်းမဟုတ် မည်သည့်နေရာသို့ဦးတည်နေကြောင်း မည်သူမှမသိကြ။
“ဒီကောင်ကြီးကို သင်းခွေချပ်လို့ ခေါ်လို့လည်း မရပြန်ဘူး.. လူတွေပြောကြတာက တကယ်မှန်နေတာပဲ ” တစ်စုံတစ်ဦးက သက်ပြင်းချရင်းပြောသည်။
လူများသည် ဤသားရဲကြီးနှင့်ဝေးရာသို့ စတင်ထွက်ပြေးလာကြသည်။ ဤသားရဲကြီး၏အရွယ်အစားကြောင့် သူတို့ စိတ်မသက်မသာ ခံစားလာရသည်ပင်။
သားရဲကြီးလှုပ်ရှားလာသည်နှင့် လူများ၏အမူအရာ ပြောင်းလဲလာကြသည်။
ထိုသားရဲကောင်ကြီးသည် ၎င်း၏ကြီးမားလေးလံသောလက်သည်းများကို ဝှေ့ယမ်းရင်းရှေ့သို့လျှောက်လာသည်။ သူ ခြေလှမ်းလိုက်တိုင်း အနီးရှိကျောက်တုံးကြီးများနှင့် သစ်ပင်များအားလုံး ကျိုးကြေသွားကြလေ၏။ မည်သည့်အရာမှ ထိုသားရဲကို မရပ်တန့်စေနိုင်။
ခွပ်..
အနည်းဆုံး ဂျင်တစ်ထောင်လေးသည့် ကျောက်တုံးကြီးအား ထိုသားရဲ ဖိနင်းကြိတ်ခြေပစ်လိုက်သည်ကို သူတို့ ကြည့်နေရသည်။
သားရဲကြီး၏ ပန်းတိုင်မှာ ရိုးရှင်းသည်။ သူသည် အသီးသီးနေသည့် သစ်ပင်ထံသို့ သွားနေခြင်းပင်။ သူသည် ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်နေလေသည်။
“မဖြစ်ဘူး .. ငါတို့သူ့ကို တားရမယ်..” လူအုပ်ထဲမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။
သန္ဓေပြောင်းလူတစ်ထောင်ကျော် ဤနေရာ၌ စုဝေးနေခြင်းမှာ ရည်ရွယ်ချက်တစ်ခုတည်းကြောင့်သာ။ သူတို့ ဘာမှမလုပ်ရသေးခင် သားရဲတစ်ကောင်ပေါ်လာပြီး သူတို့လိုချင်နေသည့်အသီးအား ယူသွားမည်ကို သူတို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း..
“ဒိုင်း ဒိုင်း ဒိုင်း …”
ထိုတစ်ခဏတွင် စက်သေနတ်သံများထွက်ပေါ်လာ၏။ ဤသည်မှာ ဒိမ်ဒီမှ ထစ်ခနဲရှိပစ်ချင်ခတ်ချင်နေသော စစ်သားများ၏လက်ချက်ပင်ဖြစ်သည်။ သေနတ်သည် သားရဲကြီးကို ချိန်ပစ်နေခြင်းဖြစ်သော်လည်း ကျည်ဆံနှင့်သားရဲကြီး၏ ချပ်ဝတ်တန်ဆာ ထိသွားသည့်အသံမှာ သန္ဓေပြောင်းလူအချို့ကို ထိတ်လန့်သွားစေခဲ့သည်။
ဒီသေနတ်တွေနဲ့ သူတို့ကိုပစ်ရင် ဘယ်လိုလုပ်မလဲ .. သူတို့ ပြန်တုံ့ပြန်ဖို့ အချိန်တောင် ရလိုက်ပါ့မလား .. သူတို့ ဒီသေနတ်ကို တောင့်ခံနိုင်ပါ့မလား..
“ဂလောက် ဂလောက် ဂလောက်…”
သားရဲထံသို့ ကျည်ဆံမိုးများ ရွာသွန်းလာသည်နှင့် မီးပွားများ လွင့်ထွက်လာသည်။ ကျည်ဆံများမှာ သံနံရံနှင့် ထိမိသွားသကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။
တကယ်တမ်းတွင် သားရဲကြီး၏ သံချပ်ကာသည် လူလုပ် သံနံရံထက်ပင် ပိုခိုင်ခံ့သေးသည်ပင်။ ကျည်ဆံမိုးမှာ သားရဲကြီး၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာပင်မထင်။
ကျည်ဆံများကို ခံနိုင်ရည်ရှိခြင်းမှာ သန္ဓေပြောင်းသက်ရှိများအားလုံး လိုချင်လွန်းလှသောကြောင့် အိပ်မက်ပင်မက်ရသည့် စွမ်းရည်ဖြစ်သည်။ သို့သော် ယခုတော့ ဤကဲ့သို့သော စွမ်းရည်မျိုးကို သားရဲတစ်ကောင် ပိုင်ဆိုင်နေသည်။
“ဂါး..”
သားရဲကြီး ဒေါသထွက်လာကာ အော်ဟိန်းလာသည်။ ထို့နောက် ထိုသားရဲသည် မည်သူမှစိတ်ကူးကြည့်၍ပင် မရနိုင်လောက်သောအရှိန်မျိုးဖြင့် လေထဲသို့ ရုတ်တရက်ခုန်တက်လိုက်လေသည်။ သူ၏လှုပ်ရှားမှုများမှာ ကြေးဝါရောင်လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။
“အား..”
စက်သေနတ်ဖြင့် ပစ်နေသည့် စစ်သားများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသော်လည်း မည်သူမှ သားရဲကြီး၏သေမင်းလက်ထဲမှ မလွတ်မြောက်နိုင်ခဲ့။
မျက်စိရှေ့ရှိမြင်ကွင်းမှာ ရုတ်တရက်ပင် အနိဠာရုံမြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သားရဲကြီးသည် စစ်သားများအားလုံးကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားပြီး အရိုးတခြားအသားတခြားဖြစ်အောင် ဖျစ်ညှစ်ပစ်လိုက်လေ။ ထိုစစ်သည်များ၏ စူးစူးဝါးဝါးအော်ဟစ်သံများလည်း တိတ်ဆိတ်သွားလေပြီ။
သားရဲကြီးသည် လူအုပ်ကြီးကို အေးစက်စွာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ့ပစ်မှတ်ထံသို့ ဦးတည်သွားလိုက်သည်။ စစ်သည်များကိုသတ်ဖြတ်လိုက်ခြင်းက ၎င်း၏စွမ်းအားကြီးမားပုံကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ပင်။ ထိုသို့ ရက်စက်စွာသတ်ဖြတ်လိုက်ခြင်းသည် လူအုပ်ထဲမှ အခြားသောလူများအပေါ်တွင်လည်း သက်ရောက်သွားသည်ပင်။
သူက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေတာလဲ..
သူသည် လေထဲသို့ ခုန်တက်လိုက်ကာ လျှပ်စီးတစ်စင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်ပင်။
သူ၏လျင်မြန်မှုမှာ သူ့ခန္ဓာကိုယ်နှင့်ပင် မလိုက်။
“သားရဲကိုသတ်…”
ဒိမ်ဒီမှလူတစ်ဦး အမိန့်ပေးလိုက်သည်။ သူ၏လေသံမှာ အတော်လေး အေးစက်နေသည်။ သားရဲကြီးကြောင့် သူ၏စစ်သည်အုပ်စုတစ်စုနှင့် အဖိုးတန်လက်နက်များကို ဆုံးရှုံးခဲ့ရသောကြောင့် ဤလူကို ဒေါသူပုန်ထနေသည်ပင်။
“ဝုန်း..”
တောင်ထိပ်တစ်ခုပေါ်တွင် လောင်ချာကိုင်ထားသည့်စစ်သားတစ်ဦး ရှိနေသည်။ သူ သားရဲကောင်ကြီးထံသို့ ဒုံးကျည်ဖြင့် ပစ်လိုက်သည်နှင့် နားကွဲလောက်သည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။
ထိုဒုံးကျည်သည် သူ၏ပစ်မှတ်ကို ထိမှန်သွားပြီး မိုးချုန်းသံကဲ့သို့ သော အသံမျိုးထွက်ပေါ်လာသည်။
“သွားသေလိုက်တော့..” တောင်ထိပ်ပေါ်မှ ဒုံးကျည်ပစ်လိုက်သည့် လူ အော်ဟစ်လိုက်ကာ သားရဲကြီး၏အခြေအနေကို စောင့်ကြည့်နေလေသည်။
သားရဲကြီးရှိနေသည့်နေရာ၌ မီးခိုးနှင့် ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ သားရဲကြီးလည်း အနောက်ယိုင်ကာ လဲကျသွားသည်။
သားရဲကြီး၏ အရေပြား၌ ထိခိုက်ဒဏ်ရာအချို့ရသွားသည့်ပုံပင်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးမှ သွေးများစီးကျလာပြီး အကြေးခွံအချို့လည်း ကွာကျနေသည်။ သို့သော် သူ့ခြေလက်များကတော့ အကောင်းအတိုင်း ရှိနေဆဲပင်။
သားရဲကြီးသည် မြေပြင်ထက်၌ လူးလိမ့်လိုက်ပြီးနောက် ရုတ်တရက် ထလာသည်။ သူ့မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ သူ ခေါင်းမော့ကာ အော်ဟစ်လိုက်ပြီးနောက် သူ့မျက်လုံးများ နီရဲလာလေသည်။
ဝုန်း..
သားရဲကြီးသည် သန္ဓေပြောင်းလူများ စုဝေးနေသည့် တောင်ကြားသို့ ဦးတည်ပြေးလာနေခြင်းပင်။ လက်ရှိအနေအထားမှာ သာမန်အသိဉာဏ်မဲ့သော သာမန်သတ်ဖြတ်မှု မဟုတ်တော့ဘဲ လူအစုလိုက်အပြုံလိုက် သွေးချောင်းစီးမည့်တိုက်ပွဲတစ်ခုအသွင် ဖြစ်သွားလေပြီ။
သားရဲကြီးသည် လက်နက်ကိုင်စစ်သားများကို ပစ်မှတ်ထားနေရာမှ အခြားသန္ဓေပြောင်းသူများထံသို့ အာရုံပြောင်းသွားသည်။ တိုက်ပွဲတွင် သားရဲကြီးမှာ ပြိုင်ဖက်မရှိ အရေးသာနေဆဲပင်။ သူ တစ်ချက်ခုန်လိုက်တိုင်း အတော်ဝေးဝေးသို့ ရောက်သွားပြီး သူ ရောက်သွားသည့်နေရာတိုင်း သွေးချင်းချင်းနီရဲသွားသည်။
“အား…”
သန္ဓေပြောင်းသူများ ကြောက်လန့်တကြားအော်ဟစ်နေကြသည်။ သူတို့ သားရဲကောင်ကြီးကို မယှဥ်နိုင်ကြ။
သန္ဓေပြောင်းသူတစ်ဦး၏ ခန္ဓာကိုယ်သည် ရုတ်တရက်ပင် သစ်ခေါက်များဖုံးလွှမ်းနေသည့် ရှေးဟောင်းသစ်ပင်တစ်ပင် ဖြစ်သွားလေသည်။ ထိုသစ်ပင်ကြီးသည် ကြီးမားတုတ်ခိုင်ကာ သစ်ပင်မှထွက်နေသည့် အကိုင်းအခက်များစွာလည်း ရှိနေသည်။
ဤသည်မှာ ထူးဆန်းသည့်စွမ်းအားတစ်မျိုးပင်။
အပင်ကြီးသည် သားရဲကြီး၏အရွယ်အစားနီးပါး မြင့်မားလာသည်။ လူသားသစ်ပင်သည် သူ၏သစ်ကိုင်းကို မြေကြီးထဲသို့ ထိုးဖောက်လိုက်ပြီး မြေကြီးနှင့်ကျောက်တုံးများကို အက်ကွဲစေလိုက်သည်။
ဝုန်း..
သူသည် တစ်ချက်တည်းဖြင့် သူ့စွမ်းအားကို ပြသလိုက်သည်။
သို့သော် သူသည် သားရဲကြီး၏ ချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်သေး။
သားရဲကြီးသည် လေထဲခုန်တက်လိုက်ကာ လက်နှင့်တူသည့် သစ်ကိုင်းကြီးကို စုတ်ဖြဲပစ်လိုက်သည်။ ထိုဒဏ်ရာမှ သွေးများ ပန်းထွက်လာပြီး သွေးချင်းချင်းနီရဲသွားသည်။
ဂါး..
သားရဲကြီးသည် သွေးလွှမ်းနေသည့် ပါးစပ်ကိုဟကာ ထိုသစ်ပင်လူသားကို အလယ်မှ ထက်ပိုင်းချိုးပစ်လိုက်လေ၏။
“အား..”
ထိုသန္ဓေပြောင်းလူ သွေးပျက်စွာ အော်ဟစ်လိုက်သည်။ ထိုလူ၏ဗိုက်ထဲမှ အူများထွက်ကျလာပြီးနောက် ထိုလူ မျက်ဖြူလှန်ကာ သေဆုံးသွားလေသည်။
“အဲဒါ ဘာကြီးလဲ..”
“ဘုရားရေ .. တစ်ခြားသားရဲလည်း လာနေပြီ..”
ထိုတွင်းပေါက်ကြီးထဲမှ အခြားသားရဲတစ်ကောင် တွားသွားထွက်လာသည်ကို အားလုံး မြင်လိုက်ရသည်။ ဤအကောင်လည်း ပထမတစ်ကောင်နှင့်တူသည့် သင်းခွေချပ်ပင်။ ဤနှစ်ယောက်မှာ အထီးနှင့်အမ အတွဲပင်။
ဒုတိယသားရဲမှာ ပို၍ပင် ကြောက်စရာကောင်းနေသည်။ သူသည် ပထမသားရဲနားသို့ လျှောက်လာပြီးနောက် တောင်ထိပ်ပေါ်သို့ တက်သွားကာ စစ်သားတစ်ယောက်စီတိုင်းကို ရက်စက်စွာ သတ်ဖြတ်ပစ်လေသည်။
ထို့နောက် ဒုတိယသားရဲသည် ကောင်းကင်သို့မော့ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအော်သံကြောင့် ပထမသားရဲကို တိုက်ခိုက်နေသည့် သန္ဓေပြောင်းလူများမှာ သူတို့နားကိုပိတ်လိုက်ရသည်။ ထိုအသံတွင် ကြောက်စရာကောင်းလှသည့် စွမ်းအားရှိနေသည်ပင်။
ဖုန်း..
ထို့နောက် ထိုသားရဲသည် တောင်ထိပ်ပေါ်မှ ခုန်ဆင်းလာလေသည်။ သူ ခုန်ဆင်းလိုက်သည်နှင့် သန္ဓေပြောင်းလူ ၁၀ ဦး ချက်ချင်းပင် သွေးပုံအဖြစ် ပြောင်းလဲသွားသည်။
သားရဲနှစ်ကောင်လုံးတွင် မထိုးဖောက်နိုင်သည့် ချပ်ဝတ်တန်ဆာရှိနေပြီး မည်သည့်လက်နက်ကိုမှ သူတို့မကြောက်ကြ။ ထို့နောက် ထိုသားရဲနှစ်ကောင်သည် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားကာ အသီးသီးနေသည့် အပင်ထံသို့ ဦးတည်သွားလေသည်။
သူတို့သွားနေသည့်လမ်း၌ သန္ဓေပြောင်းလူ ၈၀ ခန့်ရှိသော်လည်း တစ်ယောက်မှ အသက်မရှင်ခဲ့။ အားလုံးမှာ လူပုံမကျန်တော့အောင် ပျက်စီးသွားကြရသည်။
ကံကောင်းစွာဖြင့် အသက်ရှင်နေသည့်သူများမှာ ထိုသားရဲများ အပင်ထံသို့ ချဉ်းကပ်သွားသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရသည်။ အသီးသည် လူကြီးတစ်ဦး၏ လက်သီးအရွယ်အစားရှိပြီး ခရမ်းရောင်တောက်ပနေကာ ချိုအီမွှေးပျံ့သော ရနံ့သင်းပျံ့နေသည်။
ငါတို့ အသီးကို ဒီသားရဲကိုပေးလိုက်ရတော့မှာလား.. လူအုပ်ကြီး အံ့အားသင့်သွားရသည်။
“ထွက်သွားကြစမ်း..”
လူအုပ်ကြီး စိတ်ဓာတ်ကျလာသည့်အချိန်တွင် ငွေရောင်လျှပ်စီးအသွင်နှင့် လူတစ်ဦး မြင်ကွင်းထဲ ရောက်လာသည်။ ၎င်းဆီမှထွက်နေသောအလင်းရောင်သည် မျက်စိစူးလောက်အောင်ပင် တောက်ပနေပြီး ကောင်းကင်တစ်ခွင်လုံးကိုပင် လင်းထိန်သွားစေသည်။
သူ့အသံသည် သိပ်မကျယ်သော်လည်း စူးရှလှ၏။ သားရဲကောင်များပင် အနည်းငယ် ထိတ်လန့်သွားကြလေသည်။
“ငွေတောင်ပံ..”
လူများစွာမှာ သူတို့သူရဲကောင်းနာမည်ကို မအော်ပဲ မနေနိုင်တော့။ အားလုံး စိတ်အားတက်ကြွလာကြသည်။
ဤသည်မှာ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းသည့် လူငယ်တစ်ဦးပင်။ သူ့ခန္ဓာကိုယ်မှ ငွေရောင်အလင်းတန်းများ ထုတ်လွှတ်နေသောကြောင့် သူသည် နတ်ဘုရားတစ်ပါးနှင့်ပင် တူနေသေးသည်။
“ဂါး..”
မြေပြင်ပေါ်မှ သားရဲများသည် အော်ဟစ်နေပြီးနောက် လေထဲသို့ ခုန်တက်သွားကြလေသည်။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ တိမ်တိုက်များကိုပင် ထိုးဖောက်သွားလေ၏။ သူသည် လက်သည်းချွန်များကို ထုတ်လိုက်ပြီး သွေးစွန်းနေသောပါးစပ်ကြီးကိုဟကာ ကောင်းကင်ပြင်တွင် ရပ်နေသော လူငယ်ဆီသို့ ဦးတည်သွားလေ၏။
မျက်စိတစ်မှိတ်အတွင်းမှဦပင် သားရဲကြီးသည် ကြေးရောင်လျှပ်စီးကြောင်းကဲ့သို့ ကောင်းကင်ကို ထိုးဖောက်သွားလေ၏။ မြေပြင်မှ ကြည့်နေသည့်သူများမှာ ထိတ်လန့်တကြားပင် အော်ဟစ်လိုက်သည်။
သို့သော် လူငယ်လေးလည်း လျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲ၌ ပျောက်ကွယ်သွားပြီး သားရဲကြီး၏ ခံတွင်းဝကို ရှောင်ထွက်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုလူငယ်လေး စတင်တန်ပြန်တိုက်ခိုက်လာသည်။ သူ့ကျောနောက်ဘက်ရှိ အတောင်ပံကို ဖြန့်ကျက်လိုက်သည်နှင့် တောက်ပသည့်အလင်းတန်းများ ပေါက်ကွဲထွက်လာလေသည်။
ထို့နောက် သူ သားရဲထံသို့ ထိုးဆင်းလာကာ သားရဲ၏ခါးနှင့် ဝမ်းဗိုက်ထံသို့ ဦးစွာ ထိုးနှက်လိုက်သည်။
မျက်စိကျိန်းလောက်အောင်တောက်ပနေသော ငွေရောင်အလင်းတန်းများသည် စူးစူးရှရှတောက်ပနေသောကြယ်ကြီးတစ်လုံးအဖြစ် ပေါက်ကွဲသွားသည်။ စိတ်ဝင်တစားကြည့်နေကြသော မြေပေါ်မှလူအုပ်ကြီးပင် မျက်စိစူးသွားသဖြင့် ဘာကိုမှမမြင်ရတော့။ နောက်ထပ်နေတစ်စင်း ထပ်မံထွက်ပေါ်လာသည်နှင့်ပင် တူနေသေးသည်။ သို့သော် ဤနေက ထူးထူးခြားခြား ငွေရောင်ဖြစ်နေသည်ပင်။ ဤနေသည် မူလနေမင်းကြီးထက် ပို၍လင်းလက်တောက်ပနေသလိုပင်။
ဖူး…
သားရဲကြီး၏ ခန္ဓာကိုယ်မှ ထွက်လာသည့်သွေးများ နေရာအနှံ့လွင့်စင်သွားကာ ကောင်းကင်ထက်မှ သွေးမိုး ရွာချလာသည်။
သားရဲကောင်ကြီသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ငိုကြွေးလိုက်ပြီးနောက် ကိုယ်နှစ်ပိုင်းပြတ်သွားကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။
သားရဲကောင်ကြီး၏ရှုံးနိမ့်မှုကို မြင်လိုက်ရပြီး ထိုသားရဲကြီး၏ ခန္ဓာကိုယ်မှ ပူနွေးနွေးသွေးစက်များ ၎င်းတို့ပေါ်သို့ကျလာသဖြင့် မြေပေါ်မှ လူအားလုံး ကြက်သေသေသွားကြရသည်။
စွမ်းအားကြီးလက်နက်များကိုပင် မဖြုံသောသားရဲကောင်ကြီးသည် ယခုမူ ၎င်းကိုအနိုင်ယူနိုင်သူနှင့် တွေ့သွားလေပြီ။ သားရဲကောင်ကြီးသည် ခါးနေရာမှ ထက်ပိုင်းကျိုးကာ ကောင်းကင်ထက်မှ ပြုတ်ကျလာလေသည်။
အချို့လူများက သားရဲကောင်ကြီး၏သေဆုံးမှုဖြစ်စဥ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြၕသည်ပင်။ ကောင်းကင်ထက်မှ လူငယ်လေး သားရဲကောင်ကြီးထံသို့ ပြေးဝင်သွားသည့်အခါ သူ၏အတောင်ပံများသည် ရုတ်တရက်အရွယ်အစားကြီးမားလာပြီး ပို၍တောက်ပလာသည်။ ထိုတောင်ပံများက ပုဆိန် သို့မဟုတ် ဓားသွားတစ်လက်နှင့်တူနေပြီး သားရဲကောင်ကြီး၏ခါးကို ထက်ခြမ်းပိုင်းပစ်လိုက်ခြင်းပင်။
လူငယ်လေးမှာ လေထဲ၌ရပ်နေဆဲပင်။
“ငွေတောင်ပံ..”
တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် သူ့နာမည်ကို ဟစ်ကြွေးသည့်အသံများ ထွက်ပေါ်လာသည်။ မြေပြင်ပေါ်မှ လူများသည် ထိုလူကို ခေါင်းညွတ်အရိုအသေပေးလိုက်ကြလေ၏။ ဤလူမှာ သူတို့၏ ကယ်တင်ရှင်သူရဲကောင်းကြီးပင်ဖြစ်သည်။
“သူက ထိပ်တန်းသူရဲကောင်းဆိုတဲ့နာမည်နဲ့ တကယ်ထိုက်တန်တယ်… သူ့စွမ်းအားက ပြိုင်ဖက်ကင်းပဲ.. သူ့စွမ်းအားကို ဖော်ပြနိုင်မယ့်စကားတောင်မရှိတော့ဘူး..” လူအုပ်ထဲမှ လူတစ်ယောက်က လေးစားအားကျစွာဖြင့် ချီးမွမ်းနေလေသည်။
အထူးသဖြင့် သန္ဓေပြောင်းအမျိုးသမီးအချို့သည် ငွေတောင်ပံကိုမြင်လိုက်ရုံမျှဖြင့်ပင် စိတ်လှုပ်ရှားစွာဖြင့် သူ၏နာမည်ကို အော်ဟစ်နေကြလေတော့သည်။
‘နိုင်ငံ့အလှဘုရင်မ တင်းစီထုန်’ပင် ငွေတောင်ပံကို မျက်တောင်မခတ်စတမ်းငေးကြည့်နေလေ၏။ သူမ၏မျက်လုံးများသည် မနာလိုဝန်တိုမှုနှင့် အချစ်စိတ်များဖြင့် အရောင်လဲ့နေသည်ပင်။
“တင်းစီထုန် .. ငါ့ရဲ့နတ်ဘုရားမလေး .. ဒီကိုကြည့်ပါဦး .. ကျွန်တော်ဒီမှာ..” ကျိုးချွမ်မှာ အရှက်တစ်စက်ကလေးမှ မရှိ။ ကြောက်မက်ဖွယ်တိုက်ပွဲကြီးပြီးဆုံးသွားပြီးနောက် ကျိုးချွမ်သည် တောင်ထိပ်ပေါ်တွင်ရပ်ကာ သူ၏အိပ်မက်ထဲမှ ချစ်သူလေး တင်းစီထုန် ကို အရှက်မဲ့သောစကားများပြောနေလေသည်။
တင်းစီထုန်သည်လည်း သန္ဓေပြောင်းသူတစ်ဦးဖြစ်၍ နားပါးသည်ပင်။
အမျိုးသားတစ်ဦး၏ ရမ်းရမ်းကားကားအော်ပြောနေသံကိုကြားသဖြင့် သူမ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် တောင်ထိပ်တစ်ခုပေါ်၌ ရပ်နေသည့် ‘နွားခေါင်းနှင့်လူ’ သုံးဦးကို တွေ့လိုက်ရသည်။ အစပိုင်းတွင် အံ့ဩသွားသော်လည်း သူမ၏မျက်နှာကို လက်ဖြင့်ကွယ်ကာ တခစ်ခစ်ရယ်နေလေသည်။ သူမ တောက်ပစွာပင် ပြုံးနေသည်ပင်။
တင်းစီထုန်၏တုံ့ပြန်မှုများ ကျိုးချွမ်ကို တက်ကြွသွားစေသည်ပင်။ သူသည် ခုန်ပေါက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေလေ၏။
ကျိုးချွမ်၏ အီစီကလီအပြုအမူများကို နွားပေါက်လေး မကျေမနပ်ဖြစ်သွားရသည်။ သူသည် ဒေါသထွက်သွားသောကြောင့် ကျိုးချွမ်ကို ကန်ကျောက်လုနီးပါးပင် ဖြစ်သွားသည်။
ချူဖုန်းကတော့ သူ့ဘေးပတ်လည်၌ ဖြစ်ပျက်နေသည်များကို သတိမထားမိ။ သူ့စိတ်ထဲ ငွေတောင်ပံ၏ခွန်အားကိုသာ တွက်ချက်နေလိုက်သည်။
သူ၏စွမ်းအားမှာ တကယ်ကြောက်စရာကောင်းလှသည်။ သူ့အတောင်ပံသည် တင့်ကားကဲ့သို့သော မကောင်းဆိုးဝါးကိုပင် နှစ်ပိုင်းဖြတ်ပစ်နိုင်သည်။ “အဲဒီအတောင်ပံတွေက ဘယ်လောက်တောင် ထက်တာလဲ..” ချူဖုန်း မေးခွန်းထုတ်လိုက်သည်။
အပိုင်း ၅၅ ပြီး၏။