လောကတစ်သောင်း နတ်ဘုရား - Chapter - 11 ကြယ်ကိုးစင်း ခရမ်းရေခဲ
Chapter – 11 ကြယ်ကိုးစင်း ခရမ်းရေခဲ
“ဘာလဲ… မင်း ပြောလို့မရဘူးလား… ” ရှီကျွမ်းကျိ အေးစက်စွာ မေးလာခဲ့သည်။
“ဒီလိုပါ…”
ချန်ဖုန်း သက်ပြင်းတစ်ရှိုက် ရှူသွင်းကာ ဖြစ်ပျက်သမျှ အရာအားလုံးအား အချိန်တိုအတွင်း မချွင်းမကျန် ရှင်းပြလိုက်လေသည်။
ထို့နောက်တွင်တော့ ရှီကျွမ်းကျိ၏ ဆုံးဖြတ်ချက်အား စိတ်ရှုပ်ထွေးစွာ စောင့်နေလိုက်သည်။
ရှီကျွမ်းကျိ အချိန်တစ်ခုကြာ တိတ်ဆိတ် သွားပြီးနောက် ပြောလာ၏။
“မင်းရဲ့ တောင်းဆိုမှုကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်း တစ်ခုတော့ ရှိတယ်…”
“ဘာနည်းလမ်းလဲ…” ချန်ဖုန်း အံအားသင့်သွားသည်။
“တိုင်မူမိသားစု အကြောင်းဆိုရင် ငါ နည်းနည်းတော့ သိထားတယ်…သူတို့ရဲ့ ကလန်ထဲမှာ ပညာရှင်တွေ ရှိပေမယ့်် အားကောင်းတဲ့ ကျင့်ကြံသူကတော့ အရမ်းနည်းတယ်…အမြင့်ဆုံးဆိုရင် တာအိုကွဲပြားခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ရှိတယ်….”
ရှီကျွမ်းကျိ၏ စကားပြောဟန်က သွက်လက်လာပုံ ရကာ…
“ဒါပေမဲ့ အဲ့ဒီ တာအိုကွဲပြားခြင်း အဆင့် ကျင့်ကြံသူကလည်း အသက်အရွယ် ကြီးရင့်လွန်းပြီး အကျဘက်ကို ရောက်နေတာမို့ နောက်အဆင့် ထပ်တက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး…”
“ဒါကြောင့် မင်းတို့ ချန်မိသားစုသာ ငါ ရှီကျွမ်းကျိရဲ့ ကာကွယ်မှု အောက်မှာ ရှိတယ်ဆိုတာ သူတို့ သိရင် ဘာမှလုပ်ရဲမှာ မဟုတ်ဘူး…”
“ငါ ရှောင်လွဲ ပြောနေတာလို့ မင်း ထင်ကောင်းထင်လိမ့်မယ်… ကောင်းပြီလေ အမှားအယွင်း မရှိစေဖို့ အတွက် ငါ့ညီမကို မင်းနဲ့အတူ ထည့်ပေးလိုက်မယ်… ငါ့ ညီမလေး ခေါင်းပေါ်က ဆံနွယ်တစ်ချောင်း ထိရဲတဲ့သူ ရှိရင် ငါ ရှီကျွမ်းကျိ သူတို့ တစ်မိသားစုလုံး သတ်ပစ်ပြီး အရိုးတွေကို ပြာချပစ်လိုက်မယ်…”
“ခင်ဗျား ညီမကို ကျုပ်နဲ့ ထည့်ပေးလိုက်မယ် ဟုတ်လား…” ချန်ဖုန်း အနည်းငယ် အံအားသင့် သွားသည်။
ရှီကျွမ်းကျိ သူ့အနောက်ရှိ အစိမ်းရောင် တောအုပ်လေးထံ လက်ဝှေ့ယမ်း လိုက်သည်။ မကြာခင်တွင် ဂါဝန်အရှည်လေး ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး လျှောက်လှမ်း ထွက်လာလေသည်။
ထို မိန်းကလေးက အသက် ၁၇ ၁၈ ခန့်ရှိပြီး အရပ်လည်း ၁.၇ မီတာခန့် ရှည်ကာ ပိန်ပါးလှပသည့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်။ ချောမောသည့် မျက်နှာအသွင် ရှိပြီး သူမ၏ အကြည့်များက တောက်ပနေကာ မည်သူမှ သွားမထိရဲဟူသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
“ဒါက ငါ့ ညီမလေး မိန်ချင်းဟွာ ”
“စပါးအုံး” “ချင်းဟွာ ” ထို စကား၏ အဓိပ္ပါယ်ကို သိလိုက်သည်တွင် ချန်ဖုန်း တစ်ယောက် ချွေးပြန်သွားတော့သည်။
ထို နာမည်ကိုက ထူးဆန်းလွန်းနေသည်။ ဒါ့အပြင် သူတို့၏ မျိုးရိုးနာမည်က အစစ်အမှန် အသွင်အပြင်ကိုလည်း ဖော်ပြထားသေးသည်။
မိန်ချင်းဟွာ … ထို နာမည်အရ သူ့အရှေ့ရှိ ပိန်သွယ်လှပသော မိန်းကလေးမှာ စပါးအုံးမြွေ တစ်ကောင် ဖြစ်ကြောင်း သူ တပ်အပ် ပြောနိုင်ပေသည်။
ထိုစဉ် ချန်ဖုန်း၏ အတွေးကို သိနေသည့် အလား နလန်ချန်းရှန် ပြောလာသည်။
“ဒီ ချင်းဟွာ ဆိုတဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်က တစ်ခုခုတော့ တစ်ခုခုပဲ … ဒီ အဘိုးကြီး ခန့်မှန်းတာ မမှားရင် သူမက ရှေးဟောင်း ကောင်းကင်ဝါးမျို စပါးအုံးမြွေရဲ့ မျိုးဆက်သွေး ပိုင်ဆိုင်ထားတာပဲ…”
“ရှေးဟောင်း ကောင်းကင်ဝါးမျို စပါးအုံးမြွေ ဟုတ်လား… အရမ်းသန်မာလို့လား….” ချန်ဖုန်း ဘာမှ မသိထားပေ။
“မိစ္ဆာသားရဲတွေမှာ အမျိုးအစား အများကြီး ရှိကြတယ်… သူတို့ရဲ့ မျိုးဆက်သွေး အရ စွမ်းအား ကွာခြားကြသေးတယ်… ဒီမိန်းကလေး ချင်းဟွာကို မင်းတို့ လူတွေ အဆင့်နဲ့ နှိုင်းယှဉ်ပြမယ်ဆိုရင် သူမက အဆင့်မြင့် အဆင့် ၉ သိုင်းဝိညာဉ် ရှိတဲ့ သူ နဲ့ အတူတူပဲ….”
နာလန်ရှန်းချန်၏ ရှင်းပြချက်ကို ကြားသည်တွင် ချန်ဖုန်း တစ်ယောက် ဝမ်းသာသွားတော့သည်။
မည်သို့ဖြစ်စေ အချိန်တန်သည် နှင့်အမျှ သိုင်းဝိညာဉ် ဆိုသည်မှာ အရေးပါလာခဲ့သည် မဟုတ်လော။
သူ ယခင် ဘဝတွင် တိုင်မူတျန်ခီက အဆင့် ရှစ် သိုင်းဝိညာဉ်အား နိုးထနိုင်ခဲ့ပြီး အရာအားလုံး ဖြစ်စေခဲ့သည်။
သို့သော် ယခု မိန်ချင်းဟွာ ၏ မျိုးဆက်သွေး စွမ်းအားက ထို့ထက်ပို၍ သာလွန်နေသည့် အတွက် တုန်လှုပ်စရာပင် ကောင်းလှပေသည်။
ယင်းက တိုင်မူတျန်ခီ ဆိုသည့် ပါရမီရှင် အမည်ခံအား ဟိုးအဝေးကြီးတွင် ချန်ထားရစ်နိုင်လောက်မည်။
“မင်း နာမည်က ချန်ဖုန်း ဟုတ်တယ်မလား… ဒီနေ့က စပြီး ငါ့ ညီမကို မင်းလက်ထဲ အပ်ထားလိုက်မယ်…”
ရှီကျွမ်းကျိက ချန်ဖုန်းအား စိုက်ကြည့်ကာ အေးစက်စက် ပြောလာသည်။
“ဒီအချိန်ကစပြီး မင်းအနောက်ကို ငါ့ ညီမ လိုက်လာလိမ့်မယ်… သူ ဘာပဲ ပြောပြော ဘာပဲလိုလို အားလုံးကို စိတ်ကျေနပ်အောင် မင်း လုပ်ပေးရလိမ့်မယ်…”
“ပြီးတော့ ငါ့ ညီမက နတ်ဘုရား တက်လှမ်းခြင်း မင်းဆက် အကြောင်း စိတ်ဝင်စားတယ်…မင်း ကလန်က ကိစ္စတွေ အားလုံး ပြီးရင် ကျင့်ကြံဖို့ အတွက် ငါ့ ညီမကို လျှို့ဝှက်နဂါး ကျောင်းတော်ဆီ မင်း လိုက်ပို့ပေးရမယ်…”
ရှီကျွမ်းကျိ ပြောပြီးသည်နှင့် ချန်ဖုန်း၏ လက်ထဲမှ မြွေအကြေးခွံလေးအား ယူလိုက်ကာ ကြောက်မက်ဖွယ် ကောင်းလှသော ဓားချီများကို အထဲသို့ သွင်းထည့် ပေးလိုက်သည်။
“ဒီ မြွေအကြေးခွံထဲကို တာအိုကွဲပြားခြင်း အထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ဓားချီ ငါ ထည့်ပေးထားလိုက်တယ်… အချိန်ကျလာရင် ဒါဟာ မင်း အသက်ကို ကာကွယ်နိုင်မှာပါ…”
ရှီကျွမ်းကျိက ထို မြွေအကြေးခွံလေးအား ချန်ဖုန်းထံ ပစ်ပေးလိုက်ရင်း အမိန့်ပေးကာ ထွက်ခွာ သွားတော့သည်။
“မင်း ရဲ့ ပြဿနာက ဖြေရှင်းပြီးပြီ… မင်း အခု သွားလို့ရပြီ…”
ထိုသို့ ပြောပြီးသည်နှင့် မိန်ချင်းဟွာအား တစ်ချက် ကြည့်ကာ ရှီကျွမ်းကျိသည် နေရာ၌ပင် ပျောက်ကွယ် သွားတော့သည်။
ချန်ဖုန်းသည်တော့ ရှီကျွမ်းကျိ ပြောခဲ့သည့် စကားများအား ပြန်လည် သုံးသပ်နေမိသည်၊
“တစ်ခုခုတော့ မှားနေသလိုပဲ…”
ချန်ဖုန်း တစ်ယောက် ပြန်တွေးနေမိသည်။
“ငါက ရှီကျွမ်းကျိကို အကူအညီ လာတောင်းတာ မဟုတ်လား… ဘာလို့ ငါကပဲ ရှီကျွမ်းကျိကို အကူအညီ ပြန်ပေးနေရတဲ့ သဘော ဖြစ်နေရတာလဲ… ချင်းမိန်ဟွာကို ဂရုစိုက်ပြီး လျှို့ဝှက်နဂါး ကျောင်းတော်ကိုတောင် ခေါ်သွားပေးရဦးမယ်…”
“ချန်ဖုန်း ကျေနပ်လိုက်ပါ… အခြားသူတွေဆို ရှီကျွမ်းကျိကို ကူညီချင်ရင်တောင် အခွင့်အရေး မရှိကြဘူး…”
နာလန်ရှန်းချန် ဆက်ပြောလာခဲ့သည်။
“သူ့လို အားကောင်းတဲ့ ပညာရှင် တစ်ယောက်က မင်းလုပ်ပေးခဲ့တာကို အမှတ်ရမှာပါ… အနာဂတ်မှာ သူက မင်းရဲ့ အကြီးမားဆုံး ရိတ်သိမ်းမှု တစ်ခု ဖြစ်လာလိမ့်မယ်…”
“စီနီယာ… လျှို့ဝှက်နဂါး ကျောင်းတော်ဆိုတာက မိုးမြေတိုက်ကြီးရဲ့ အကျော်ကြားဆုံး ကျင့်ကြံရေး နယ်မြေတစ်ခုလေ… လူတိုင်း ဝင်ချင်တိုင်း ဝင်လို့ ရတဲ့ နေရာမှ မဟုတ်တာ…”
ချန်ဖုန်း မျက်မှောင်ကြုတ် နေမိသည်။
“ခြေထောက်ဆိုတာ ရှိမှတော့ သွားစရာ လမ်းကြောင်းလည်း အလိုလို ပေါ်လာလိမ့်မယ်… အရင်ဆုံး မင်းရဲ့ အခက်အခဲကိုသာ ဖြေရှင်းဖို့ စဉ်းစားစမ်းပါ…”
မိန်ချင်းဟွာအား လျှို့ဝှက်နဂါး ကျောင်းတော်ကို မည်သို့ ပို့ပေးရမည်နည်းအား စဉ်းစားနေခြင်းက စောလွန်းလှပေသည်။ ယခုက မလိုအပ်သေးပေ။
သူ့ အတွေးများအား ရှင်းထုတ် လိုက်ပြီးနောက် ချန်ဖုန်းတစ်ယောက် မိန်ချင်းဟွာ အား ကြည့်လိုက်သည်။
“မင်းမှာ ပြင်ဆင်စရာတွေ ရှိသေးလား… ဒီလိုမှ မဟုတ်ရင် ငါတို့ တောင်အောက် ဆင်းကြရအောင်…”
မိန်ချင်းဟွာ မည်သည့် စကားတစ်လုံးမှ မဆိုသော်လည်း ခေါင်းသာ ခါယမ်းပြသည်။
ထို အခြင်းအရာအား မြင်သော် ချန်ဖုန်းလည်း ထပ်မပြောတော့ပဲ အပြန်လမ်းအား ဦးဆောင် လိုက်တော့သည်။
ချန်ဖုန်းက စကား များရသည်ကို မကြိုက်နှစ်သက်သူ ဖြစ်လျှင် မိန်ချင်းဟွာက ထိုထက် ပိုဆိုးသည်။ သူတို့ နှစ်ဦး လမ်းတစ်လျှောက် တိတ်ဆိတ်စွာဖြင့်သာ ခရီးဆက်နေလိုက်၏။
လျှို့ဝှက်နဂါး တောင်တန်း မှ ဆင်းလာပြီးနောက် တောအုပ်ငယ် တစ်ခု ရောက်သည်တွင် ချန်ဖုန်းက ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်လေသည်။
“ကြည့်ရတာ အရှေ့မှာ တစ်ခုခု ရှိနေပုံပဲ… အားကောင်းတဲ့ ရေခဲ အရှိန်အဝါ တစ်ခုကို ငါ ခံစားနေရတယ်…” ချန်ဖုန်း ရေရွတ်လိုက်လေသည်။
“ဟုတ်တယ်… ငါလည်း ခံစားရတယ်… ကြည့်ရတာ လကြယ်ရဲ့ အရှိန်အဝါ ဖြစ်မယ်…” နလန်ချန်းရှန် သဘောတူစွာ ပြောသည်။
“သွားကြည့်ရအောင် … ကျနော်တို့ ကံကောင်းပြီး တစ်ခုခု တွေ့ချင်တွေ့လောက်မှာ…”
ချန်ဖုန်း ဆယ်မိနစ်ခန့် တွေးနေပြီးနောက် ရေစီးသံ ကြားသည့် နေရာအား ဦးတည် လိုက်လေသည်။
ချန်ဖုန်း ထိုနေရာသို့ ရောက်သည်တွင် အမြင့်ပေ ရာချီမှ စီးကျနေသော ရေတံခွန် တစ်ခုအား မြင်တွေ့လိုက်ရသည်။
ထို ရေတံခွန် ရေကန်လေး၏ အလယ်တွင် နက်ပြာရောင် ပုံဆောင်ခဲလေး တစ်ခု ရှိနေလေသည်။ လကြယ်၏ အရှိန်အဝါက ထိုပုံဆောင်ခဲမှ တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ထွက်ပေါ်နေခြင်း ဖြစ်၏။
“ကြယ်ကိုးစင်း ခရမ်းရေခဲလား… ဒီလောက်ကြီးတဲ့ ကြယ်ကိုးစင်း ရေခဲကြီးလား…”
ထို ရေခဲသလင်းကျောက်အား မြင်လိုက်သည်တွင် ချန်ဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး ထိုနေရာသို့ ခြေကုန်သုတ်တော့သည်။
အပြာရောင် သလင်းကျောက်ပေါ်သို့ သူ ရောက်ရှိသွားသည်နှင့် လကြယ်၏ အရှိန်အဝါက ချန်ဖုန်းအား တင်းကြပ်စွာ ရစ်ပတ် လာခဲ့သည်။
ထို သိပ်သည်းလှသည့် စွမ်းအားများက ချန်ဖုန်း၏ ကောင်းကင်အေးခဲခြင်း ပညာရပ်ကို အလိုအလျောက် လှည့်ပတ်စေကာ အေးခဲစွမ်းအားများကို စုပ်ယူစေသည်။ တစ်ဆက်တည်း ချန်ဖုန်း၏ ကျင့်ကြံခြင်း အဆင့်သည်လည်း တိုးတက်လာလေသည်။
မိန်းမောနေရင်းမှာပင် ချန်ဖုန်း ခြေချိတ်ထိုင်လိုက်ကာ ကျင့်ကြံခြင်းထဲ၌ နစ်မြော သွားတော့သည်။
….
ချန်ဖုန်း ကောင်းကင်အေးခဲခြင်း ပညာရပ်ကို ကျင့်ကြံနေသည့် အချိန်၌ ချန်မိသားစုမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။
လွန်ခဲ့သည့် သုံးရက်က မဟာအကြီးအကဲ ချန်ဝမ်ထျန်းတို့ အဖွဲ့သည် တိုင်မူတျန်ခီအား ချန်မိသားစုမှ ထွက်သွားရန် ပြစ်ဒဏ် ပေးခဲ့ပြီးနောက် ကြားထဲမှ “တရားခံ ” ချန်ဖုန်းလည်း ပျောက်နေခဲ့သည်။
ထိုအချိန်က ချန်ဖုန်းသည် အပြစ်ပေးခံရမည်ကို ကြောက်လန့်သဖြင့် ပုန်းအောင်းနေခြင်းသာ ဖြစ်ရမည်ဟု ချန်ဝူထျန်းနှင့် အခြားသူများ အားလုံး တွေးထားခဲ့လေသည်။
သို့သော် သုံးရက်သုံးည ကြာပြီးသည့်တိုင် ချန်ဖုန်း၏ အရိပ်အရောင်အား မတွေ့ရသေးချေ။
ထိုကြောင့်ပေမို့ ချန်ဝူထျန်း၊ ချန်ရှင်းဟီနှင့် ချန်ရှင်းရွဲ့တို့မှာ စောင့်ဆိုင်းနေမှုကို သည်းမခံနိုင်တော့ချေ။ ချန်ဖုန်းအား မရရအောင် ရှာဖွေရန် ရုတ်ခြည်း အမိန့်ပေးလာလေ၏။
***