လောကတစ်သောင်း နတ်ဘုရား - Chapter - 21 တရားလွန်သည်
Chapter – 21 တရားလွန်သည်
တိန်….
ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရား မင်းဆက်ကြီး တစ်ခုလုံးသည် ထိုသတင်းထွက် လာသည့် အချိန်မှစကာ သတင်း၏ အခြေအမြစ်ကို စုံစမ်းစစ်ဆေးခြင်းပင် မရှိကြဘဲ ကြွက်ကြွက်ညံ နေကြသည်။ အင်အားစုကြီး အမျိုးမျိုးကလည်း ၎င်းတို့၏ အကြီးအကဲ အသီးသီးကို လျှို့ဝှက်နဂါး တိုင်းပြည်ဆီ စေလွှတ်နေကြသည်။
ကောင်းကင်ကြယ်တာရာ မြို့နှင့် အနီးစပ်ဆုံး ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းဖြစ်သည့် လျှို့ဝှက်နဂါး တိုင်းပြည် ၊ နဂါးချောက်နက် တိုင်းပြည် နှင့် ရေနက်တိုင်းပြည် တို့က သတင်းကို အရင်ဆုံး ရရှိပေသည်။
ထိုသို့ဖြင့် သတင်းပျံ့ပြီးပြီးချင်း နေ့တစ်ဝက်ခန့် အကြာတွင် အင်အားစုကြီး သုံးခု၏ ကိုယ်စားလှယ်များ မြို့တော်ကို ရောက်လာကြတော့သည်။
မြို့တော်ရှိ ချန်အိမ်တော်တွင် လက်ထပ်ပွဲ ဖျက်သိမ်းသည်က နေ့တစ်ဝက်ပင် ရှိသေးသဖြင့် မိသားစုဝင်များလည်း ယခုမှ စိတ်ခံစားချက်များ တည်ငြိမ်ကာစ ဖြစ်သည်။ စံအိမ်တော် သခင်ကြီး ချန်ဝူထျန်း၏ အမိန့်အောက် သူတို့၏ အိမ်မြေကို ပြန်လည်ပြုပြင် တည်ဆောက်လျက် ရှိသည်။
ထိုအချိန်တွင် အနောက်အရပ်မှ တောက်ပ ထွန်းလင်းနေသော နေဝင်ချိန်အောက်မှ အနက်ရောင် မြစ်ကြီးတစ်စင်း ရုတ်တရက် လှိုက်တက် လာခဲ့သည်။ သိပ်မကြာခင်တွင် မြစ်ကြီးသည် အနက်ရောင် ခပ်ဝဝ ဝတ်ရုံတစ်ထည် ဖြစ်၍သွားသည်။
ထိုအချိန်၌ပင် အရှေ့တောင်အရပ်မှ သွေးစွန်းနေသော သံကြိုးထူထူကြီး ခုနစ်ခု ၊ ရှစ်ခုကလည်း ကြမ်းကြုတ် ရက်စက်လှသည့် မိစ္ဆာကြီးတစ်ကောင်သဖွယ် ချီတက်လာသည်။
ထို့နောက် အရှေ့အရပ်မှ ကျယ်လောင်၍ ရှင်းလင်းသော ပညာရှိတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ နောက်ခဏမျှ ကြာပြီးနောက် ငယ်ရွယ်ခန့်ညားသော အပြာရောင် ဝတ်ရုံနှင့် လူငယ်ပညာရှိလေး တစ်ဦး ရောက်လာခဲ့သည်။
၎င်းတို့သုံးဦး ပေါ်လာသည့် အချိန်တွင် မြောက်အရပ်မှ ရေနဂါး ရှစ်ကောင်က သူတို့၏ လှည်းကို ဆွဲ၍ ဒုန်းစိုင်းပြေးလာသည်။
ထိုလှည်းတစ်စင်းလုံးကို ရွှေသားအတိဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ လှည်းသည် ရွှေလှည်းကြီး သက်သက်သာ မဟုတ်ဘဲ ရွှေပလက်ဖောင်း တစ်ခုလည်း ဖြစ်၏။ ထိုပလက်ဖောင်းပေါ်တွင် စာရွက်အပိုင်းအစ တစ်ခု ရှိနေသည်။ စာရွက်ပေါ်တွင် စာလုံးများ ရေးသားထားသည့် မျဉ်းတစ်ကြောင်း ရှိနေသေးကာ စာရွက်က လေနှင့်အတူ ကခုန် နေသည်။
ဂါး….
နဂါးအော်သံများ ထွက်လာသည်။ ထို့နောက် ရွှေလှည်းကြီးက မိုးပေါ်သို့ ထိုးတက်သွားပြီး ကောင်းကင်ကြယ်တာရာ မြို့တော်၏ ကောင်းကင်ပေါ် ရောက်ရှိသွား ခဲ့သည်။
ဤသို့သော တိုက်ပွဲတစ်ခုကို မြို့သူမြို့သားများ ဘယ်အချိန်က မြင်ဖူးခဲ့ပါသနည်း။ မြို့တော်၏ ရှိသမျှ လူများအားလုံးလည်း ရွှေလှည်းကြီးကို အထိတ်တလန့် မော့ကြည့်နေ ကြသည်။
“ချန်မိသားစု ဘယ်မှာလဲ …”
မိုးပေါ်တွင် ရွှေလှည်းကြီး၏ အရှေ့၌ ပိုးထည်များ ဝတ်ဆင်ထားသော လူငယ် တစ်ဦး ထိုင်နေသည်။ သူ့နောက်ကျောတွင် ဓါးတစ်လက်ကိုလည်း သယ်ဆောင်ထား၏။
“ကျုပ်က ယုဝမ်တုန် ဓါးအကြီးအကဲပဲ … ကျုပ်ဟာ အရှင်မင်းသားရဲ့ အမိန့်ကို သယ်ဆောင် လာခဲ့တာဖြစ်တယ်… အိမ်ရှေ့စံမင်းသားရဲ့ အမိန့်တော်ကို ချန်မိသားစုရဲ့ ခေါင်းဆောင် လာရောက်နာခံပါ …”
ထိုအခါ ဤလူငယ်လေးသည် ကောင်းကင် တက်လှမ်းခြင်း နတ်ဘုရား မင်းဆက်၊ အိမ်ရှေ့စံ မင်းသား၏ ဓါးအကြီးအကဲ ဖြစ်နေသည်။ ဤမျှ သူ အထက်စီး ဆန်နေသည်မှာလည်း အထူးအဆန်း မဟုတ်တော့ပေ။
သို့သော် ထိုလူ၏ သဘောထားက တော်တော်လေး မောက်မာ၍ နေသည်။ သူက ချန်မိသားစုကို လောကဝတ် ယဉ်ကျေးမှုများ ထားမနေသည့်အပြင် သူ့အစေခံများ အတိုင်း သဘောထား နေသေးသည်။ လူငယ်လေးသည် ချန်မိသားစုက သူ့အတွက် အဆင့်နိမ့်သည်နှင့် ခံစားနေရခြင်း ဖြစ်သည်။
“ယုဝမ်တုန်… ဒါဆို ယုဝမ်မိသားစုရဲ့ နောက်မျိုးဆက် အငယ်တွေထဲက တစ်ယောက် ဖြစ်မယ်… သူက လက်ရှိ အိမ်ရှေ့စံမင်းသားနဲ့ တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာပဲ …”
မြို့တော်၏ အနောက်အရပ်မှ အနက်ရောင် ဝတ်ရုံနှင့် အသက်ကြီးကြီး လူဝကြီးက ပြောလိုက်သည်။
“အိမ်ရှေ့စံမင်းသားရဲ့ ဖိတ်ကြားချက်က သိပ်ကို မြန်လွန်းနေတယ်… သူက ကောင်းကင်ကြယ်တာရာ မြို့တော်နဲ့ အဝေးကြီးကို ရောက်နေတာတောင် မြို့တော်ထဲက သတင်းတွေကို ဒီလို မြန်မြန်ဆန်ဆန် ရနေနိုင်တယ်…”
သွေးသံကြိုးများနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ရေရွတ်လိုက်သည်။
“အိမ်ရှေ့စံက ကျုပ်တို့ လျှို့ဝှက်နဂါး ကျောင်းမှာ မကြာသေးခင်ကမှ လာရောက် ကျင့်ကြံနေတာပဲ … ဒါကြောင့် အခုလို မြန်မြန် ရောက်လာနိုင်တာပေါ့ …”
မိုးပြာရောင် အဝတ်အစား များကို ဝတ်ဆင်ထားကာ စာအုပ်တစ်အုပ်ကို လက်ထဲ ကိုင်ထားသော ပညာရှိလေးက ရှင်းပြလိုက်သည်။
“အိမ်ရှေ့စံရဲ့ လူတွေက တော်တော်လေး မြန်နေတယ်.. ဒါပေမယ့် သူ့အပြုအမူတွေကတော့ အထက်စီး ဆန်ဆန်ပါပဲ … အားလုံးကို သူ့အစေခံတွေလို ဆက်ဆံနေပြီး သူ့လူတွေ ဖြစ်အောင် သွတ်သွင်းနေတာ… မျက်လုံးထဲ မတင်မကျ ဖြစ်စေတာတော့ အမှန်ပဲ …”
အနက်ရောင် ဝတ်စုံနှင့် ခပ်ဝဝ လူအိုကြီးက ရယ်မောလိုက်ပြီး “ကျုပ်တို့ သုံးယောက် ခဏလောက် စောင့်လိုက်ရလို့ ဘာမှမဖြစ်ပါဘူး… ယုဝမ်ဆိုတဲ့ကောင် သူ့တို့ကို စော်ကားမယ့်အထိ စောင့်လိုက်တာပေါ့ … ပြီးမှပဲ ကျုပ်တို့ ဝင်တော့မယ်…”
“အချိန်ကျလာရင် ကိုးပါးနတ်ခန္ဓာ ပိုင်ရှင်ရဲ့ နှစ်သက်မှုကို ဘယ်သူ အပိုင်ရမလဲ ကျုပ်တို့ သိရမှာပါ … ဒါပြီးရင်တော့ သူ့ကို ကျုပ်တို့ရဲ့ တပည့်အဖြစ် ခေါ်လိုက်တာပေါ့ …”
“ကျုပ်တော့ သဘောတူတယ်…” သွေးသံကြိုးများနှင့် လူကြီးက ပြောလိုက်သည်။
“ယုဝမ်တုန်ကို ပြဿနာ သိပ်ရှာခိုင်းလို့ မဖြစ်ဘူးလို့တော့ ကျုပ်ထင်နေတုန်းပဲ” ဝတ်ရုံပြာနှင့် လူငယ်လေးက မငြင်းဆန်သော်လည်း ချန်မိသားစုကို ဝင်ရောက်စွက်ဖက် လိုခြင်း မရှိပေ။
စင်စစ်ဖြင့် သူတို့သုံးဦးသည် ရေနက်နန်းတော်၊ နဂါးရေကန် စံအိမ်နှင့် လျှို့ဝှက်နဂါး ကျောင်းတော်တို့၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
သူတို့အားလုံးက ကိုးပါးနတ်ခန္ဓာ ချန်ရှင်းရွဲ့ကြောင့် ဤနေရာကို ရောက်လာကြခြင်း ဖြစ်သည်။
ချန်ဖုန်းကလည်း အနယ်နယ် အရပ်ရပ်မှ ပညာရှင်များ ရောက်လာခြင်း အတွက် အချိန်အကြာကြီး တိတ်ဆိတ်စွာ မိမိကိုယ်ကို ပြင်ဆင် ထားခဲ့ပေသည်။
သို့သော် ထိုပညာရှင်များက ယင်းမျှ မြန်မြန်ဆန်ဆန်နှင့် ဝုန်းဒိုင်းကြဲ ရောက်လာကြမည်ဟု တစ်ခါမှ မထင်ထားမိခြင်းသာ ဖြစ်သည်။ ထိုကြောင့် ချန်ဖုန်းမှာ သတိ အနေအထား ဖြစ်နေရသည်။
အထူးသဖြင့် မြောက်အရပ်မှ ရောက်လာသော အိမ်ရှေ့စံ၏အဖွဲ့ ဖြစ်သည်။ သူတို့၏ အပြုအမူက အတော် ပိုင်စိုးပိုင်နင်း ဖြစ်၍နေသည်။ ယခုရောက်လာသော အဖွဲ့ကို လူကိုယ်တိုင် မတွေ့ရသေးသော်လည်း ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်ကြောင်းတော့ ချန်ဖုန်းအလိုလို ခံစားမိသည်။
ထင်သည့် အတိုင်းပင် ချန်ဖုန်းက အတွေးထဲ နှစ်မျောနေစဉ် အိမ်ရှေ့စံအဖွဲ့မှ ဓါးအကြီးအကဲက သူ့ကိုယ်သူ့ ကမ္ဘာ့ခေါင်းဆောင်ကြီး တစ်ဦးအတိုင်း အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။
“အိမ်ရှေ့စံတပ်ဖွဲ့က လူတစ်ယောက် ရောက်လာတာ.. ဒါကတော့ နည်းနည်းများလွန်း မနေဘူးလား…”
ချန်ဖုန်းက ရင်ထဲ တီးတိုးရေရွတ် လိုက်မိသည်။ “လောကကြီးရဲ့ အရာအားလုံးကို သူပိုင်တယ်များ ထင်နေလား… ကောင်းကင်တက်လှမ်းခြင်း တော်ဝင်မိသားစု ဟုတ်လား.. သူတို့ကိုယ် သူတို့ သိပ်ဟုတ်နေပြီလို့ ထင်နေကြတာပဲ…”
ကောင်းကင်တက်လှမ်းခြင်း တော်ဝင်မိသားစုသည် ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရား မင်းဆက်၏ အုပ်စိုးသူများ ဖြစ်ကြသော်လည်း စွမ်းအား အကြီးဆုံးတော့ မဟုတ်ပေ။
ကောင်းကင် တက်လှမ်းခြင်း နတ်ဘုရား မင်းဆက်တွင် ထိပ်တန်းဂိုဏ်းကြီးများ မြောက်မြားစွာနှင့် ကြီးကျယ်သော ကလန်များ ရှိနေသည်။
အိမ်ရှေ့စံက ဤတစ်ခေါက် ယုဝမ်တုန်ကို လွှတ်လိုက်သည်ကလည်း ချန်မိသားစုနှင့် ချစ်ကြည်ရေး ရယူလို၍ ဖြစ်သည်။ သို့သော် ယုဝမ်တုန်က ပိုင်စိုးပိုင်နင်းဖြင့် အိမ်ရှေ့စံ အပေါ် ချန်ဖုန်းတို့၏ အထင်ကြီးမှုများကို လျော့ကျစေခဲ့သည်။
ချန်မိသားစုက မကျေမလည် ဖြစ်ကြသော်လည်း သူတို့မိသားစုသည် အားနည်းလွန်းသဖြင့် မကျေနပ်မှုများကို ဖော်ပြလိုက်၍ မဖြစ်ပေ။ ထိုသို့ဖြင့် တိတ်ဆိတ်စွာ ကြိတ်မှိတ် သည်းခံနေရတော့သည်။
ယင်းက လုံလောက်သည့် ခွန်အား မရှိလျှင် ပေးရသည့် တန်ကြေးသာ ဖြစ်သည်။
ဤအခြေအနေသည် ချန်ဖုန်းအတွက် နာကျင်စေသော ဓါးသွား တစ်လက် ဖြစ်သည်။ သူ၏ မိမိကိုယ်ကို တန်ဖိုးထားမှု အပေါ် ဓါးထက်ထက်ဖြင့် ထိုးစိုက်လိုက်သည့် အတိုင်းပင်။ ယင်းက ချန်ဖုန်း၏ သန်မာချင်သည့် စိတ်ဆန္ဒအား ထိန်းကွပ်၍ မရနိုင်အောင် ဖြစ်စေခဲ့သည်။
“ဖုန်းအာ… အဲဒီအိမ်ရှေ့စံ အဖွဲ့ရဲ့ အပြုအမူတွေကို မင်း ကြည့်နေစရာ မလိုပါဘူးကွာ…”
ထိုအချိန်တွင် ချန်ဖုန်း၏ စိတ်ထဲမှ နာလန်ချန်ရှန်းက ရုတ်တရက် ပြောလာသည်။
“မင်းအစ်မကြီး … ချန်ရှင်းရွဲ့ဟာ ထိပ်တန်းဂိုဏ်းကြီးတွေ အားလုံး လိုချင်နေကြတဲ့ ကိုးပါးနတ်ခန္ဓာ ပိုင်ရှင်ပဲ … အခုချိန်ထိဆိုရင် မြို့တော်အပြင်မှာ ထိပ်တန်း ပညာရှင် သုံးယောက်လောက် အနည်းဆုံး ရောက်နေကြပြီဆိုတာကို ကျုပ်အာမခံရဲတယ်…”
“ကျုပ်ခန့်မှန်းတာဟာ မမှားရင် အဲဒီလူတွေက ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းက ကိုယ်စားလှယ်တွေပဲ …”
“အဲဒီသုံးယောက် ဒီကို ရောက်နေပြီဆိုတော့ အိမ်ရှေ့စံ အဖွဲ့ထဲက တစ်ယောက်ယောက်ကို ထိခိုက်အောင် မင်းလုပ်လိုက်ရင်တောင် သူတို့ သုံးယောက်က ချန်မိသားစုရဲ့ အမွှေးလေးကိုတောင် အထိခံကြမှာ မဟုတ်ဘူး…”
“ဒါပေါ့ … အနေအထားကတော့ အနာဂတ်မှာ အိမ်ရှေ့စံက မင်းကို ခက်ခဲအောင် လုပ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး…”
“ခင်ဗျား ပြောနေတာက ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ရှေ့စံကို တွန်းလှန်ဖို့လား..” နာလန်ချန်ရှန်း၏ အကြုံပြုချက်ကို ကြားလိုက်ပြီးနောက် ချန်ဖုန်းက ခေါင်းညိတ်ပြ လိုက်သည်။
“ဒီနည်းလမ်း တစ်ခုပဲ ရှိတယ်…”
ထို့နောက် ချန်ဖုန်းက “အိုး… ဟုတ်သားပဲ .. ခင်ဗျားကို ကျုပ်သိလာတာ လဝက်လောက်တောင် ရှိနေပြီ.. ခင်ဗျားက အသက်ဘယ်လောက် ရှိပြီလဲ … ပြီးတော့ ခင်ဗျားကို ကျုပ်ဘယ်လို ခေါ်ရမလဲ ….”
“ငါ့ကိုလား ….” အကြီးအကဲ၏ အသံက တစ်အောင့်မျှ တိတ်ဆိတ်သွားပြီး “ငါလည်း အသက်ဘယ်လောက် ရှင်နေခဲ့မှန်း မသိတော့ဘူး.. ဒါပေမယ့် … ငါ့ကို ဦးလေး နာလန်လို့ပဲ ခေါ်လိုက်ပါ….”
“ဦးလေး နာလန်လား…”
ချန်ဖုန်းက တစ်ကိုယ်တည်း ရေရွတ် လိုက်သည်။ ထို့နောက် ချန်ဝူထျန်း နောက်မှ လိုက်ကာ ချန်မိသားစု ခြံဝင်းအပြင်ဘက်ကို ထွက်လာခဲ့၏။
“ဒီလူအိုကြီး… ချန်ဝူထျန်းက နှုတ်ဆက်ပါတယ်…”
လေပေါ် ပျံသန်းနေသော ယုဝမ်တုန်ကို ခြံဝင်းအပြင် ထွက်၍ ချန်ဝူထျန်းက ဦးညွတ်လိုက်သည်။
“ချန်ဝူထျန်း… ခင်ဗျားက ချန်မိသားစုရဲ့ သခင်လား”
နောက်ကျောထက် ဓါးရှည်ကို လွယ်ထားသော ယုဝမ်တုန်က လှမ်းမေးသည်။
“ကျုပ်ပါပဲ …”
“ကောင်းပြီ.. ဒါဆို ဒူးထောက်ပြီး အမိန့်တော်ကို နာခံပါ…”
ဒူးထောက်ကာ အမိန့်တော်ကို နာခံရမည်။ ထိုစကားက ချန်ဖုန်း၏ ရင်ထဲမှ မီးတောက်များကို အရှိန်ပြင်းပြင်း လောင်မြိုက် သွားစေသည်။
မိုးမြေကုန်းမြေကြီးသည် အမျိုးမျိုးသော ကျင့်ကြံခြင်း အတတ်များနှင့် ဖွဲ့စည်းတည်ဆောက် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သိုင်းကျင့်ကြံခြင်းအား အားလုံး လေ့ကျင့်ထားကြသည်။ သူတို့အားလုံး၌ အသီးသီးသော မာန်မာန ကိုယ်စီ ရှိတတ်ကြသည်။
ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရား မင်းဆက်ကို တည်ထောင်သည့် အချိန်မှစကာ ဧကရာဇ်၏ တော်ဝင် အမိန့်တော်ကိုပင် ဒူးထောက်ကာ နာခံဖို့ တိုက်တွန်းလေ့ မရှိကြပေ။
သို့သော် ဤယုဝမ်တုန်သည် လက်ရှိ အိမ်ရှေ့စံက သူ့အား ပေးထားသော စာရွက် တစ်ရွက်နှင့် ချန်မိသားစု၏ အရှင်သခင် ချန်ဝူထျန်းကို ဒူးထောက် ခိုင်းနေခဲ့သည်။ ၎င်းသည် အတော်ကြီး လွန်သွားခဲ့ပြီ ရိုးရှင်းစွာ နားလည်နိုင်ပေသည်။
***