လောကတစ်သောင်း နတ်ဘုရား - Chapter - 23 သတင်းစကား ပျံ့နှံစေခြင်း
Chapter – 23 သတင်းစကား ပျံ့နှံစေခြင်း
ယုဝမ်တုန် ထွက်သွားသည်နှင့် မြင်ကွင်း တစ်ခုလုံး နေသားတကျ ချက်ချင်း ဖြစ်သွားခဲ့သည်။
ချန်ဝူထျန်း၏ အကူအညီနှင့် အနက်ရောင် ဝတ်ရုံနက် သုံးဦးနှင့် လူအိုကြီးတို့၏ ကိစ္စများကို စီစဉ်ဖြေရှင်းပြီးနောက် ချန်ဖုန်းသည် တျန်ရွှန် ကုန်သည် အဖွဲ့အစည်း၏ ဂိုဏ်းအခွဲ တစ်ခုဆီ ချက်ချင်း ထွက်သွားတော့သည်။
လရိပ်နတ်ဘုရား ခန်းမနှင့် ဆက်သွယ်ချင်ပါက တျန်ရွှန် ကုန်သည် အဖွဲ့အစည်း မှတစ်ဆင့် လမ်းကြောင်းခင်းမှ ရမည်။
တျန်ရွှန် ကုန်သည်အဖွဲ့အစည်းဆီ ချန်ဖုန်း ရောက်သွားသည်နှင့် သူနှင့်အတူ အလုပ်လုပ် ဖူးသော သက်လတ်ပိုင်း အရွယ်လူကြီးက ပြုံး၍ ရောက်လာသည်။
“သခင်လေးချန်၊ ဂုဏ်ပြုပါတယ်…”
ချန်ဖုန်းက ရယ်မောလိုက်ပြီး …
“သူဌေးဝမ်ကတော့ မြှောက်ပြောနေပါပြီ … ကျုပ်လာတာ သူဌေးဝမ်ကို အကူအညီ တောင်းဦးမလို့ပဲ…”
ထိုသက်လတ်ပိုင်း အရွယ်လူကြီးကို ဝမ်ရှင်းဟု ခေါ်သည်။ ချန်ဖုန်း၏ စကားကို ကြားလိုက်သောအခါ နောက်ထပ် အလုပ်သစ်တစ်ခု ပေါ်လာကြောင်း ချက်ချင်း နားလည် သွားသဖြင့် သူ့မျက်နှာထက်က အပြုံးက ပိုမို တောက်ပ လာတော့သည်။
“သခင်လေး ချန်ကို ကူညီခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ…”
ဝမ်ရှင်းက ဦးဆောင်ပြီး ချန်ဖုန်းတို့ လျှို့ဝှက်ခန်းဆီ လာခဲ့ကြသည်။ ရောက်သော် ချန်ဖုန်းက တဲ့တိုးသာ ပြောလိုက်သည်။
“သူဌေးဝမ်၊ တျန်ရွှန် ကုန်သည် အဖွဲ့အစည်း အနေနဲ့ ရှန်ရှဲ့နတ်ဘုရား မင်းဆက်၊ မြူခိုးနတ်ဘုရား နန်းတော်တို့နဲ့ အဆက်အသွယ် လုပ်ပေး နိုင်မလား… ကျုပ်မှာ အဲဒီကို သတင်းပို့စရာ အချို့ရှိလို့ …”
“လရိပ်နတ်ဘုရား နန်းတော်နဲ့ မြူခိုးဂိုဏ်းလား.”ဝမ်ရှင်းက ခဏမျှ တုံ့ဆိုင်းနေသည်။
“အဲဒီဂိုဏ်းကြီး နှစ်ခုလုံးက ထိပ်တန်း မကောင်းဆိုးဝါးကြီးတွေပဲ .. သခင်လေးချန် ပို့ချင်တာ ဘယ်လို သတင်းမျိုးများလဲ .. အရမ်း နက်ရှိုင်းလွန်းရင် ကျုပ်တို့လည်း မတတ်နိုင်မှာ စိုးရိမ်မိပါတယ်…”
တျန်ရွှန် ကုန်သည် အဖွဲ့အစည်းသည် အနယ်နယ် အရပ်ရပ်ကို ဖြန့်ကျက်ထားသည့် ထိပ်တန်း အဖွဲ့အစည်းကြီး တစ်ခု ဖြစ်သော်လည်း လရိပ်နန်းတော်တို့ကိုဖြင့် အလွန် ကြောက်လန့်ကြပြီး မထိလေးစား မပြုရဲကြပေ။
“ကျုပ်သတင်းက အန္တရာယ် မရှိရုံတင် မကဘူး.. အဲဒီ ဂိုဏ်းကြီးတွေ အတွက် အတော်လေး ဝမ်းသာစရာ ကောင်းတဲ့ သတင်းဗျ…” ချန်ဖုန်းက ရှင်းပြရသည်။
“အိုး.. ဒါဆိုရင်တော့ သခင်လေးရဲ့ သတင်းကို ကျုပ်တို့ သေချာပေါက် ပို့ပေးပါ့မယ်…”
နှစ်ဦးသဘောတူညီမှု ရယူပြီးနောက် ချန်ဖုန်းက သူ့တောင်းဆိုချက်ကို ထုတ်ပြောပြသည်။ ဝမ်ရှင်းကလည်း ချက်ချင်း သဘောတူလိုက်၏။
တိုင်ပင်ညှိနှိုင်းမှုပြီးနောက် နောက်တစ်ဆင့်က ငွေရေးကြေးရေး ဖြစ်သည်။
ကောင်းကင်ကြယ်တာရာ မြို့တော်နှင့် လရိပ်နတ်ဘုရား နန်းတော်သည် အနည်းဆုံး ကီလိုမီတာ တစ်သောင်း ကျော်ကျော် ဝေးလေသည်။ ထိုအခါ ကုန်ကျစရိတ်ကလည်း အတော်လေး များသွားသည်။
သို့သော် ချန်ဖုန်းက လကြယ်ကျောက်တုံးကို ထုတ်ပေး လိုက်သည်နှင့် အားလုံး ပြေလည်သွားခဲ့သည်။
တျန်ရွှန် ကုန်သည် အဖွဲ့အစည်းမှ ထွက်လာပြီး ချန်ဖုန်းက ချန်မိသားစုဆီ တန်းပြန် လာခဲ့သည်။ သူ့တွင် စောင့်ရန် လုပ်စရာ တစ်ခုသာ ရှိတော့သည်။
ချန်မိသားစုဆီ ပြန်လာခဲ့ပြီး ချန်ဖုန်းက ကျန်သည့် ကိစ္စများကို ပြင်ဆင်နေလျက် ရှိသည်။ ရေနက် နန်းတော်၏ ကိုယ်စားလှယ်၊ အနက်ရောင် ဝတ်ရုံနှင့် လူဝကြီးတို့က မျက်နှာထက် အပြုံးကြီးကြီး ချိတ်ဆွဲ၍ ရောက်လာကြသည်။
“မိတ်ဆွေလေး ချန်ဖုန်း၊ တျန်ရွှန် ကုန်သည် အဖွဲ့အစည်းက ပြန်လာတာလား..”
ဝတ်ရုံနက်၏ စကားကြောင့် တစ်ဖက်လူက အကြံကြီးကြီး စဉ်းလဲနေကြောင်း ချန်ဖုန်း ကောင်းစွာ သိလိုက်သည်။ သူ့အစီအစဉ်များကို သူက သိရှိပြီး ဖြစ်နေ၏။
“ဟားဟား… ကျုပ်ဆီက ဘာသိချင်တာလဲဗျ…”
“မိတ်ဆွေလေး ချန်ဖုန်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလူအိုကြီးက မင်းလုပ်နေတဲ့ ကိစ္စတွေကို အပြည့်အဝ ထောက်ခံပါတယ်… ကျုပ်ကလည်း မင်းရဲ့အစ်မကြီးကို သူနဲ့ သင့်တော် ကိုက်ညီတဲ့ ဂိုဏ်းတစ်ခု ရှာတွေ့သွားဖို့ မျှော်လင့်ပါတယ်ဗျာ…” ဝတ်ရုံနက်က ရင်ထဲက စကားကို ပြောနေသည်။
“ဒါဆိုရင်.. ဒါဆိုရင် ခင်ဗျားတို့ ခရီးက အလကား ဖြစ်မသွားဘူးလား..”
“ဟားဟား.. အလကားတော့ မဖြစ်ပါဘူး.. မိတ်ဆွေလေးက ငါတို့ ရေနက်နန်းတော်ထဲ ဝင်ရောက်ချင်နေသရွေ့ ဒီလူအိုကြီးရဲ့ ခရီးက အလကား မဖြစ်ပါဘူး…”
ဝတ်ရုံနက်က အပြုံးဖြင့် “မိတ်ဆွေလေး.. မင်းက အဆင့်မြင့် အဆင့်ခုနစ် သိုင်းဝိညာဉ် နိုးထ ပြီးသွားပြီ မလား.. မင်းရဲ့ အရည်အချင်းတွေကလည်း မင်းအစ်မထက် မနိမ့်လှပါဘူး… ပြီးတော့ မင်းအစ်မနဲ့ ယှဉ်ရင် မင်းက ရေနက်နန်းတော်နဲ့ ပိုပြီးတော့ သင့်တော်ပါတယ်..”
“ဒီတော့ ဒီလိုကိုး…” ဝတ်ရုံနက်က သူ၏ အမွေဆက်ခံထားသော အရည်အချင်းကို ရိပ်မိ သွားကြောင်း ချက်ချင်း နားလည်သွားသည်။ သို့သော်လည်း ၎င်းကို ထုတ်မပြောလိုက်ပေ။
ယခုထိ သူက ချန်ဖုန်းကို တိတ်တဆိတ် တစ်ယောက်တည်း လာရှာခြင်း ဖြစ်သဖြင့် ရှေ့တစ်လှမ်း ရောက်နေခဲ့ပြီ။
ဝတ်ရုံနက်သည် ရင့်ကျက်၍ အတွေ့အကြုံ များသော်လည်း နဂါးကန် စံအိမ်တော်မှ လူများကလည်း ခပ်တုံးတုံးများ မဟုတ်ကြပေ။
ဝတ်ရုံနက်က ချန်ဖုန်းကို ရရှိသွားတော့မည့် အချိန်တွင် အိပ်ခန်း၏ အပြင်ဘက်မှ အသံကျယ်ကျယ် တစ်ခု ထွက်လာသည်။
“အနက်ရောင် ဝတုတ်၊ ခင်ဗျားက ဘယ်လို အခွင့်အရေး ယူလိုက်ရမလဲတော့ ကောင်းကောင်း သိတာပဲ … ကျုပ်သာ အာရုံမစိုက်မိရင် ခင်ဗျားက ဒီမှာ ကပ်နေပြီး လူကို ဆွဲခေါ်သွားတော့မှာ…”
ထိုအသံနောက်တွင် နဂါးကန် စံအိမ်တော်မှ သက်လတ်ပိုင်း အရွယ် လူတစ်ယောက် ရောက်လာသည်။
“ချန်ဖုန်း… အဲဒီ အနက်ရောင် ဖက်တီးကောင်ရဲ့ ပေါက်ပန်းလေးဆယ်တွေကို နားထောင်မနေနဲ့ … မင်းရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သိုင်းဝိညာဉ် အဆင့်နဲ့ ဆိုရင် နဂါးကန် စံအိမ်တော်ထဲ ဝင်ဖို့ကသာ အသင့်တော်ဆုံးပဲ .. ငါတို့ နဂါးကန် စံအိမ်တော်ထဲ ဝင်ရောက်ဖို့ မင်းသဘောတူ လိုက်တာနဲ့ ငါကိုယ်တိုင် မင်းကို သင်ပေးမှာ..”
“အားလုံးပဲ .. ကျုပ် တပည့်နဲ့အတူ ယှဉ်ပြိုင်ချင်ရင်တော့ ကျုပ်ကို လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ ခေါင်းဆောင်အဖြစ် ထည့်သွင်း စဉ်းစားပေးပေါ့ …”
တံခါးအပြင်တွင် မိုးပြာရောင် ဝတ်ရုံနှင့် ပညာရှိလေးက စာအုပ်တစ်အုပ် ကိုင်ကာ အေးအေးလူလူ လမ်းလျှောက် ဝင်လာသည်။
“ချန်ဖုန်း၊ မင်းကို ငါဘာမှ ကတိမပေးနိုင်ဘူး… ဒါပေမယ့် မင်းရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ငါခံစားလို့ ရတယ်.. မင်းရဲ့ အားထုတ်မှုနဲ့ဆို လိုချင်တာအားလုံး ရအောင် ယူလို့ရတယ်..”
“ပါရမီရှင်တွေ ကြားက ရုန်းကန်ရမှုတွေပေါ့ .. ငါတို့ လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ ပန်းတိုင်က မင်းအပေါ် မှီတည်နေတယ်.. ဒါကြောင့် ချန်ဖုန်း… မင်းအတွက် အကောင်းဆုံးက ငါတို့ ကျောင်းတော်ထဲ ဝင်ရောက်တာပဲ …”
ထိုပညာရှိ၏ စကားများကြောင့် ဝတ်ရုံနက် လူဝကြီးနှင့် သွေးသံမဏိ လူကြီးတို့၏ မျက်နှာက အတော် အရုပ်ဆိုးသွားကြသည်။
“ချန်းချင်းရီ၊ မင်းလောဘ ကြီးလွန်း မနေဘူးလား.. ကိုးပါးခန္ဓာ ပိုင်ရှင်နဲ့ ပတ်သက်ပြီး မင်းနဲ့ ကျုပ်တို့ မတိုက်ခိုက်တော့ဘူး.. ဒါပေမယ့် မင်းက အခု အဆင့်မြင့် အဆင့်ခုနစ် သိုင်းဝိညာဉ် ပိုင်ရှင်ထိပါ လာပြီး နှောင့်ယှက်နေတယ်…”
“ခင်ဗျားတို့ နှစ်ယောက်…. ကျုပ်က အကြံပေးရုံ သက်သက်ပဲ .. ဘယ်လို ရွေးချယ် မလဲဆိုတာကတော့ ချန်ဖုန်း ဆုံးဖြတ်ချက် အတိုင်းပဲလေ…”
ရုတ်တရက်ကြီး ၎င်းသည် လူများ တိုက်ခိုက်ကြသော ပူပြင်းသည့် နေရာတစ်ခု ဖြစ်လာတော့သည်။ ချန်ဖုန်းကို သက်သောင့်သက်သာ မဖြစ်အောင် လုပ်နေတော့သည်။
သို့သော် အဆုံးထိ ချန်ဖုန်း၏ ဆန္ဒက မြဲမြံ၏။ ချန်ဖုန်းက တစ်အောင့်မျှ စဉ်းစားလိုက်ပြီး “ကျုပ်ကို အမြင့်ကြီး တွေးတောပေးကြတာ စီနီယာသုံးဦးကို ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် အခုတော့ ကျုပ်ကိစ္စကို အာရုံမစိုက်နိုင်သေးပါဘူး.. ကျုပ်အစ်မကြီးအတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့ကိုပဲ မျှော်လင့်ထားပါတယ်.. ပြီးတော့မှာ ကျုပ်အတွက်ကျုပ် စဉ်းစားမှာပါ …”
ချန်ဖုန်း စကားကြောင့် သုံးယောက်လုံး ခေါင်းတဆတ်ဆတ် ညိတ်ပြကြသည်။ သူတို့က ချန်ဖုန်းအပေါ် ပို၍လည်း စိတ်ဝင်စား လာကြလေသည်။
ယခုလို အချိန်မျိုးတွင် ချန်ဖုန်းက သူ့မိသားစု အတွက်ကို စဉ်းစားပေး နေခဲ့သည်။ ဤသို့သော သားမျိုးက မိသားစုတစ်စုတွင် အလွန်တရာ ရှားပါးနေခဲ့၏။
“ဒီလိုဆိုမှတော့လည်း စဉ်းစားပြီး ကျုပ်တို့ကို သုံးရက်အတွင်း အဖြေပြန်ပေးပေါ့ .. ဒီအတောအတွင်း မင်းကို ကျုပ်တို့ မနှောင့်ယှက်တော့ပါဘူး..” ဝတ်ရုံနက်က ပြောပြီး ပြီးချင်း ကျန်သည့် နှစ်ယောက်နှင့် ထွက်သွားကြတော့သည်။
သို့သော် ဝတ်ရုံနက်က ချန်ဖုန်းကို မနှောင့်ယှက်ဘူး ဆိုသော်လည်း ဤရက်များအတွင်း ဘာမှလုပ်စရာ မရှိသဖြင့် ချန်ဖုန်းအား ရေနက်ဂိုဏ်း၏ အရှိန်အဝါကြီးမား၊ တောက်ပ ထွန်းပြောင်ခဲ့သော အောင်မြင်မှုများ အကြောင်း ပြန်ပြောင်း ပြောပြနေခဲ့သည်။
မှန်ပေသည်။ သွေးသံမဏိ သက်လတ်ပိုင်းအရွယ် လူကြီးကလည်း နောက်ကျကျန် မနေခဲ့ချင်ပေ။ နောက်ဆုံး၌ အမြဲတစေ အေးအေးလူလူ နေခဲ့သော မိုးပြာရောင် ဝတ်ရုံနှင့် ပညာရှိပင် စိတ်မထိန်းနိုင်တော့ဘဲ သူတို့အဖွဲ့ထဲ ဝင်ရောက် လာခဲ့သည်။
ထိုအခါ ချန်ဖုန်း၏ နားစည်လေးလည်း အကြီးအကျယ် ဖျက်ဆီး ခံနေရသည်။
ဤသို့ဖြင့်သာ မျက်စိတစ်မှိတ်အတွင်း အချိန်သုံးရက် ကုန်လွန် သွားခဲ့သည်။
ဤသုံးရက် အတွင်းတွင် သိမ်မွေ့မီးတောက် ကောင်တီ၊ ကောင်းကင်ဓါးများ ကောင်တီ၊ လန်ကျိုးနှင့် အစရှိသဖြင့် နောက်ကျမှ သတင်းရခဲ့သော ဂိုဏ်းများ တစ်ဦးပြီး တစ်ဦး အပြေးအလွှား ရောက်လာခဲ့ကြသည်။
ထိုဂိုဏ်းများထဲတွင် လရိပ်နတ်ဘုရား နန်းတော်အကြောင်း သတင်းတော့ တစ်စွန်းတစ်စမှ မရခဲ့ပေ။
တတိယမြောက်နေ့၏ မနက်ခင်းတွင် ရေနက်နန်းတော်၏ ကိုယ်စားလှယ်က ပြဿနာများ မဖြစ်ပေါ်လာစေရန် ချန်ဖုန်းကို ဆုံးဖြတ်ချက်ချရန် စဉ်ဆက်မပြတ် တိုက်တွန်းနေလေ၏။
အကြီးအကဲများ၏ တိုက်တွန်းမှုကို ရင်ဆိုင်ရသဖြင့် ချန်ဖုန်းမှာ ဆင်ခြင်မျိုးစုံ ပြ၍ သူတို့အား ရှောင်ဖယ် နေရတော့သည်။ သို့သော် နေမြင့်လာသည်နှင့် ချန်ဖုန်းမှာ နောက်ထပ် အချိန်ဆွဲနေ၍ မရတော့ပေ။
ထိုအချိန်တွင် ချန်ဖုန်းတစ်ယောက် တျန်ရွှန် ကုန်သည် အဖွဲ့အစည်းက လရိပ်နတ်ဘုရား နန်းတော်နှင့် မြူခိုး ဂိုဏ်းတို့ကို သတင်းများ ပို့ဖြစ်ရဲ့လား သံသယပင် ဖြစ်လာမိသည်။ သတင်းသာ မရောက်ခဲ့ပါက ဤကဲ့သို့ အမြဲတစေ ရှောင်ဖယ်နေခြင်းသည် မိသားစုပေါင်း များစွာ၏ အကြီးအကဲများကို မခန့်လေးစား လုပ်ရာ ကျပေတော့မည်။
ထို့ကြောင့် ချန်ဖုန်းက ခဏမျှ တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက်ကို ကြေညာရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်၌ပင်…
ကောင်းကင်ကြယ်တာရာ မြို့တော်၏ ကောင်းကင်ထက် လခြမ်းပုံသဏ္ဍာန် ဧရာမ လှေကြီး တစ်စင်းက လျှပ်စီးနှယ် ပျံသန်းလာခဲ့သည်။
၎င်းဧရာမလှေကြီး တစ်စင်းလုံးသည် အေးမြ၍ ရှားပါးသည့် ရှေးဟောင်း ကျောက်စိမ်းဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ လသေးသေးလေး တစ်လုံးနှင့် တူနေပြီး တော်တော်လေး အံအားသင့်စရာ ကောင်းလှသည်။
၎င်းလှေကြီးကို မြင်လိုက်ရစဉ် ယခုရှိနေကြသော အကြီးအကဲများက သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ် လိုက်ကြသည်။
လှေကြီး၏ ပိုင်ရှင် ရောက်လာပါက သူတို့သည် ယှဉ်ပြိုင်ရန် နောက်ထပ် အဆင့်မမီတော့ကြောင်း နားလည်နေကြ၍ ဖြစ်၏။ လျှို့ဝှက်နဂါး ကျောင်းတော်၏ မိုးပြာရောင် ဝတ်စုံနှင့် ပညာရှိပင် ခေါင်းတခါခါဖြင့် ခါးသက်သက် ပြုံးနေလေသည်။
အဘယ်ကြောင့်မူ ၎င်းလှေပိုင်ရှင်က အမျိုးသမီးများ လေးစားရသော သိုင်းဝိညာဉ် မြင့်မြတ် နယ်မြေမှ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်နေသည်။
ခဏကြာပြီးနောက် ကောင်းကင်ကြယ်တာရာ မြို့တော်၏ အထက်သို့ လှေကြီး ဆိုက်ရောက် လာသည်။ ချက်ချင်းပင် အမျိုးသမီးတစ်ဦးက ထိုလှေထဲမှ ထွက်လာ၏။
ထိုအမျိုးသမီးသည် နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးအေးလူလူ လမ်းလျှောက် လာနေခြင်း ဖြစ်သည်။ သူမထံမှ သူမတူအောင် အလွန် ထူးခြားသော အာရုံခံစားနိုင်စွမ်း တစ်ခုကို ခံစားနိုင်သည်။ သူမသည် သေမျိုးတစ်ဦး မဟုတ်လေဘဲ လနန်းတော်မှ ဆင်းသက် လာခဲ့သည်ဟုလည်း ထင်မှတ်ရပေသည်။
“လရိပ်နတ်ဘုရား နန်းတော်ရဲ့ တတိယ နန်းဆောင် သခင်မပဲ …”
“လရိပ် နတ်ဘုရား နန်းတော်က ကိုးပါးခန္ဓာပိုင်ရှင် ကိစ္စကို ဒီလောက် အရေးပေးမယ်လို့ ကျုပ်မထင်ထားမိဘူး.. ကြီးမြတ်တဲ့ တတိယ နန်းဆောင် သခင်မ ကိုယ်တိုင် ရောက်လာခဲ့တာ… ကြည့်ရတာ သူရအောင်ယူမယ်လို့ ဆုံးဖြတ်ချက် ချပြီးသွားတဲ့ ပုံပဲ …”
“အမှန်ပဲ … ဒီကိစ္စကို ကိုင်တွယ်ဖို့ နည်းနည်းတော့ ခက်ခဲသွားမှာပဲ …”
အကြီးအကဲများ၏ တိုင်ပင်ဆွေးနွေးပွဲ အောက်ဝယ် အေးစက်၍ သူမတူသော ထိုအမျိုးသမီး ရောက်ရှိလာသည်။ သူမက လူအုပ်ထဲ ရောက်နေသော ချန်ရှင်းရွဲ့ကို တန်းကြည့်လိုက်ပြီး “ငါက ရှန်ရှဲ့ နတ်ဘုရား မင်းဆက်က တတိယ နန်းဆောင် သခင်ပဲ … ငါတို့ လရိပ်နတ်ဘုရား နန်းတော်ထဲ ဝင်ရောက် လိုက်တာနဲ့ မင်းရဲ့ ကိုးပါး နတ်ခန္ဓာဟာ ကိုယ်ပိုင် အလင်းရောင် ထုတ်လွှင့်နိုင်ပါလိမ့်မယ်…”
တတိယ နန်းဆောင် သခင်မ၏ စကားများသည် သူမကို ဤအဖွဲ့၏ ခေါင်းဆောင်ဟု ခံစားရစေ သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ချန်ရှင်းရွဲ့ မှာ သဘောတူ၍ ခေါင်းညိတ် လိုက်ချင်သော ဆန္ဒမျိုး ဖြစ်လာသည်။
ထိုအချိန်၌ လန်ကျိုး၏ ကိုယ်စားလှယ်က စကား ထပြောလေသည်။
“တတိယ နန်းဆောင် အရှင်၊ ဒီ ချန်ရှင်းရွဲ့ဟာ ကောင်းကင်တက်လှမ်းခြင်း မင်းဆက်က ကိုးပါးနတ်ခန္ဓာ ပိုင်ရှင်ပါ… သူ့ကို ဒီလိုမျိုး မျက်နှာပြောင်တိုင်ပြီး လုယူတာက မသင့်တော်ပါဘူး..”
“အမှန်ပဲ .. လရိပ်နတ်ဘုရား ခန်းမက သိုင်းဝိညာဉ် မြင့်မြတ် နယ်မြေ၊ ဆင်မင်းဆက်ကပဲ … ဒီနှစ်တွေအတွင်း ကောင်းကင်တက်ခြင်း မင်းဆက်နဲ့ ခင်ဗျားတို့ အဆက်အဆံ လုပ်စရာ ဘာအကြောင်းမှကို မရှိဘူး…”
နတ်ဘုရား မြင်းစီးသူရဲကောင်း စံအိမ်တော်မှ ကိုယ်စားလှယ်က ဤသို့ ထပြောလိုက်စဉ် ဂိုဏ်းအသီးသီး၏ အခြားအကြီးအကဲများလည်း ဝင်ရောက် နှောင့်ယှက် လာကြသည်။
ထို့ပြင် ချန်ရှင်းရွဲ့က ကောင်းကင်တက်ခြင်း မင်းဆက်၏ ပါရမီရှင် တစ်ပါး ဖြစ်နေသည်။ သူမအား အခြားမင်းဆက်၏ လရိပ်နတ်ဘုရား နန်းတော်က လုယူသွားခြင်းက ရယ်စရာ တစ်ခု ဖြစ်နေခဲ့သည်။
“သဘာဝအတိုင်း မွေးဖွားခဲ့တဲ့ ကိုးပါးနတ်ခန္ဓာ၊ နှစ်တစ်ရာမှာ တစ်ယောက်ပဲ ပေါ်ထွန်းတာ… သူသာ ခင်ဗျား လက်ထဲ ကျရောက်သွားရင် ကောင်းကင်ဘုံရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးရာ ကျနေမှာပေါ့ …”
သူမက ချန်ရှင်းရွဲ့ကို လှည့်ကြည့်ပြီး “ငါက မင်းကိုပဲ မေးနေတာ.. မင်း ငါ့နောက် လိုက်ပြီး လရိပ်နတ်ဘုရား ခန်းမမှာ လေ့ကျင့်ချင်လား…”
“မင်းသာ ဆန္ဒရှိရင် ငါခေါ်သွားမယ်.. ဒီမှာ ဘယ်သူကများ ငါ့ကို တားမြစ်ရဲသလဲ ကြည့်လိုက်ရအောင်…”
လရိပ်နတ်ဘုရား နန်းတော်၊ နန်းဆောင် သခင်မ၏ စကားများသည် အထက်စီးမှ ဖြစ်သော်လည်း ချက်ကျလက်ကျပင်။
ခွန်အားအရဖြင့် သော်လည်းကောင်း၊ ယခုရှိနေသော လူများအားလုံး ပေါင်းလိုက်လျှင်ပင် တတိယ နန်းဆောင် သခင်မကို တိုက်ခိုက်ရန် မဖြစ်နိုင်သေးပေ။
ထိုသို့ဆိုလျှင်ပင် တတိယ နန်းဆောင် သခင်မ၏ စကားကြောင့် ဂိုဏ်းခေါင်းဆောင်များ အားလုံး ဒေါသပေါက်ကွဲကြသည်။
ဘန်း… ဘန်း… ဘန်း…
လျှပ်တစ်ပြက် အတွင်း ထိတ်လန့်ဖွယ် ဒြပ်စင်စွမ်းအားများသည် ရေကြီးသည့်နှယ် မိုးပေါ်ကို လှိုက်တက်လာသည်။ ထို့နောက် ကောင်းကင်ကြီး တစ်ခုပေါ် တိမ်မည်းများ တလိပ်လိပ် တက်လာတော့သည်။
“စီနီယာတို့ … ကျေးဇူးပြုပြီး စိတ်လျော့ကြပါ ခင်ဗျာ…”
ထိုသို့ သေရေးရှင်ရေး ကာလတွင် ချန်ဖုန်းက ရုတ်တရက် မတ်တတ် ထရပ်သည်။
“စီနီယာတို့ အားလုံးက ကျုပ်အစ်မကြီး ချန်ရှင်းရွဲ့ကြောင့် ကျုပ်တို့ ချန်မိသားစုဆီ ရောက်လာကြတာပါ… ဒါကြောင့် သူ့ကို သူကိုယ်တိုင် ရွေးချယ်ခွင့် ဘာကြောင့်များ မပေးရမှာလဲ …”
“အခုချိန်ထိ ကျုပ်အစ်မကြီးက ဆုံးဖြတ်ချက် မချရသေးပါဘူး.. ဒါပေမယ့် စီနီယာတို့က လှုပ်ရှားနေကြပြီ.. ဒါကတော့ နည်းနည်းလေး………”
ချန်ဖုန်း၏ စကားလုံးများက ရေချမ်းအိုးတစ်လုံး ကဲ့သို့ပင်။ အငွေ့တထောင်းထောင်းနှင့် ပတ်ဝန်းကျင်ကို ချက်ချင်း အေးချမ်း သွားစေသည်။
***