လောကတစ်သောင်း နတ်ဘုရား - Chapter - 29 ကိုးရိုးကားရား အခြေအနေ
Chapter – 29 ကိုးရိုးကားရား အခြေအနေ
“ဓားသွား သိုင်းဝိညာဉ် … လီရှိကျိ … ”
ရီတည်းခိုဆောင်တွင် ချန်ဖုန်း၊ ဝမ်ယုရန်နှင့် အခြားသူများမှာ လက်ဖက်ရည် သောက်လျက် စကားစမြည် ပြောဆိုနေကြလေသည်။
လီရှိဂျီက မြင်းရထားပေါ်မှ ဆင်းလာသည်ကို မြင်သော် ချန်ဖုန်း၏ မျက်လုံးထောင့်စွန်းများ လှုပ်ရှားသွားသည်။
အဘယ်ကြောင့်ဆိုသော် လီရှိဂျီမှာ သူ၏ ဓားသိုင်းဝိညာဉ်ကို ထုတ်ဖော်ထားခြင်း မရှိပဲ ထိန်းချုပ် ထားသော်လည်း သူ လမ်းလျှောက်လိုက်တိုင်း အေးစက်သည့် ဓားသွား တစ်လက်၏ အရှိန်အဝါ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်ပေသည်။
အထူးသဖြင့်… သူ့ မျက်လုံးများ…. မည်သည့် ခံစားချက်တို့မှ ရှိမနေပေ။ ကြမ်းတမ်းခြင်း၊ ဖိနှိပ်သတ်ဖြတ်လိုခြင်း တို့သာ စိုးမိုးထားပေသည်။
“ဒီကောင်လေးက မရိုးရှင်းဘူး…”
ဝမ်ယုရန်၏ အနောက်ရှိ ဓားသွားကြီး ဝမ်ဝူမှာ ပြောလာသည်။
“ဒီကောင်လေးက ဓားတာအို အတွက် သဘာဝအတိုင်း မွေးဖွားလာတာပဲ… အချိန်ကျရင် ငါ့ကိုတောင် ကျော်လွန်သွားမှာ စိုးမိတယ်…”
ဝမ်ဝူ၏ သုံးသပ်ချက်အား ကြားသော် ချန်ဖုန်း တစ်ယောက် ပိုမို စိတ်ဝင်စား သွားတော့သည်။
“ဒါဆို ဒီနှစ် လျှို့ဝှက်နဂါး ကျောင်းတော်ကို လာကြတဲ့ ပါရမီရှင်တွေက အရင်နှစ်တွေထက် သာလွန်တာပေါ့….” ချန်ဖုန်း တီးခေါက်ကြည့် လိုက်သည်။
“ဟုတ်တယ်… ဒီနှစ်မှာ အပေါ်ယံပဲ ကြည့်မယ်ဆိုရင် ထိပ်ဆုံး ပါရမီရှင် သုံးယောက်ပဲ ရှိတယ် ဆိုပေမဲ့ သိုသိုသိပ်သိပ် နေတဲ့ ထူးခြားတဲ့ လူတွေ ရှိဦးလိမ့်မယ်လို့ ငါ့စိတ်ထဲ ထင်နေမိတယ်…”
ဝမ်ယုရန်လည်း လေးနက်စွာ ဝင်ပြောလာလေသည်။
“အခု လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲ စဖို့ နှစ်ရက်ပဲ လိုတော့တယ်… ဒီနှစ်ရက်အတွင်း နောက်ထပ် ပါရမီရှင်တွေ ရောက်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်…”
ဝမ်ယုရန် ထင်ထားသည့် အတိုင်းပင် နောက်နှစ်ရက် အတွင်း၌ နယ်ပယ် အရပ်ရပ်မှ အသီးသီးသော ပါရမီရှင်များ ရောက်လာကြသည်။
ထိုအထဲမှ ၉၀ ရာခိုင်နှုန်းခန့်မှာ သိုင်းဝိညာဉ် နိုးထပြီးသည့် လူများသာ ဖြစ်သောကြောင့် အဆင့်မနိမ့်ကြပေ။
သူတို့ အများစုက ရီမိသားစု တည်းခိုဆောင်၌ စုဝေးကြသည်ကြောင့် ပိုမို ကျော်ကြား လာတော့သည်။
၉ လပိုင်း ၂၈ ရက်နေ့ လျှို့ဝှက်နဂါး ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲ စတော့မည့် အချိန်၌ လူအုပ်ကြီးမှာ ရီမိသားစု တည်းခိုဆောင် အရှေ့ ရှိနေကြသည်။
များစွာသော ပရိသတ် အပေါင်းတို့မှာ ရီမိသားစု တည်းခိုဆောင်အား တိုးမပေါက်အောင် ပိတ်ထားကြ၏။
ချန်ဖုန်းတို့သာ ကြိုတင်ခန့်မှန်းမိပြီး စောစော မထွက်ခဲ့ပါက လူအုပ်ကြီး၏ ပိတ်ဆို့ခြင်းကို ခံရလောက်ပေသည်။
“နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်ရဲ့ မင်းသမီးလေးက လျှို့ဝှက်နဂါး ကျောင်းတော်ကို သွားနှင့်နေပြီ… မြန်မြန် ငါတို့လည်း သွားကြရအောင် မဟုတ်ရင် မင်းသမီးလေးကို မြင့်ရတော့မှာ မဟုတ်ဘူး…”
“အတူသွားကြရအောင်… အားလုံးက လျှို့ဝှက်နဂါး ကျောင်းတော်မှာ ဆုံကြမှာပဲ… ငါတို့ မြန်မြန်ရောက်နေမှ နေရာရပြီး ပွဲကောင်းကောင်း ကြည့်လို့ ရမှာ…”
မင်းသမီးလေး၏ သတင်း ပျံ့နှံသွားခဲ့မှ သာလျှင် ရီတည်းခိုဆောင်အား ဝန်းရံထားသော ပရိသတ် တစ်ဝက်ခန့်မှာ လျော့ကျ သွားတော့သည်။
“တော်တော်ကို အသည်းအသန်တွေ ဖြစ်နေကြပါလား… ကြည့်ရတာ နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်ရဲ့ မင်းသမီးက တကယ် ကျော်ကြားလိမ့်မယ် ထင်တယ်…”
ရီတည်းခိုဆောင်မှ ထွက်လာပြီးနောက် ချန်ဖုန်း ခေါင်းခါယမ်းကာ ရေရွတ်လိုက်သည်။
“ဟမ့်… မင်းသမီး ဖုန်းဖန်ဖေးက ဘာမှ ထူးခြားတာ မရှိဘူး…သူမလည်း ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ သူပဲ…”
မိန်းကလေး တစ်ယောက် အနေနဲ့ ဝမ်ယုရန်တစ်ယောက် နှာခေါင်းရှုံ ပြောလာသည်။
“ဒါဆိုလည်း လူကို သေချာ တွေ့ကြည့်လိုက်ရင် သိရမှာပဲ…”
လျှို့ဝှက်နဂါး ကျောင်းတော်ကို သွားကြရအောင်…”
ထိုနောက်တွင် ချန်ဖုန်း၊ ဝမ်ယုရန်နှင့် အခြားသော လူတန်းကြီးမှာ လျှို့ဝှက်နဂါး ကျောင်းတော်သို့ ဦးတည်လိုက်ကြသည်။
နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ နံပါတ်တစ် ကျောင်းတော် တစ်ခု ဖြစ်သည်နှင့် အညီ လျှို့ဝှက်နဂါး ကျောင်းတော်က နဂါးတောင်တန်း၏ တစ်ဖက်စွန်းတွင် တည်ရှိပြီး နဂါးမြို့တော်နှင့် သုံးဆယ် ကီလိုမီတာ ခန့်သာ ကွာဝေးသည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ချန်ဖုန်းတို့သည် လျှို့ဝှက်နဂါး ကျောင်းတော်၏ နယ်နိမိတ်ထဲသို့ ရောက်လာကြသည်။ တောင်ထိပ်ထက်ရှိ လျှို့ဝှက်နဂါး ကျောင်းတော်၏ ထူးခြားသည့် အရှိန်အဝါကို အဝေးမှနေ၍ အားလုံး ခံစားမိလိုက်၏။
ကြီးမားသည့် တောင်ထိပ် ကိုးလုံးထက်တွင် များစွာသော အဆောက်အဦများ ရှိကြပြီး ထိုနေရာ၏ အနောက်တွင်လည်း ထူးခြားသည့် အဆောက်အဦကြီး နှစ်ခု ရှိသည်။
“ဒါက လျှို့ဝှက်နဂါး ကျောင်းတော်လား…”
ကြီးမားသည့် တောင်ထိပ်များအား မြင်သည်တွင် ဝမ်ယုရန် ဖျော့တော့စွာ မေးလိုက်သည်။
“အမှန်ပဲ… ဒါက လျှို့ဝှက်နဂါး ကျောင်းတော်လေ…” ဓားသွားကြီး ဝမ်ဝူ ရှင်းပြလာခဲ့သည်။
“ဒါပေမဲ့ လျှို့ဝှက်နဂါး ကျောင်းတော်ကို ဝင်ဖို့က မလွယ်ကူဘူး..”
“မင်းတို့ အားလုံး မြင်ပြီးပြီ ထင်တယ်…လျှို့ဝှက်နဂါး ကျောင်းတော်က မိုးထိအောင် မြင့်မားတဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိတာ… ဘေးဖက်တွေမှာ အဆုံးမဲ့တဲ့ ချောက်နက်ကြီးတွေ ရှိသလို ခါးသီးခြင်းမြစ်ဆိုတဲ့ ကျောင်းတော်ကို ဝန်းရံထားတဲ့ မြစ်ကြီး တစ်စင်းလည်း ရှိတယ်…”
“ဒါကြောင့် မင်းတို့သာ လျှို့ဝှက်နဂါး ကျောင်းတော်ကို ဝင်ချင်တယ်ဆိုရင် အရင်ဆုံး ခါးသီးခြင်း မြစ်ကို ကျော်ဖြတ်ရမယ်… ပြီးတော့ တစ္ဆေချောက်နက်နဲ့ အရမ်းကြီးတဲ့ တောင်တန်းတစ်ခု ဖြစ်တဲ့ စာအုပ်တောင်ကို တက်ရမယ်…”
ဝမ်ဝူ၏ စကားကို ကြားသည်တွင် ချန်ဖုန်း နားလည်သွားပုံ ရသည်။
“ဒါဆို ဒါတွေက လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ စမ်းသပ်မှု သုံးခုပေါ့…”
“မင်း ဒီလို ထင်နိုင်ပါတယ်…ဒီ စမ်းသပ်မှု သုံးခုက လျှို့ဝှက်နဂါး ကျောင်းတော် သေသေချာချာ ဖန်တီးထားတာပဲ…”
ဝမ်ဝူ ဆက်ပြောလာသည်။
“ကျောင်းသား တစ်ယောက်က ဒီစမ်းသပ်မှုတွေကို မဖြတ်ကျော်နိုင်ခဲ့ရင် သူ့ဘာသာ ဘယ်လောက်ပဲ ပါရမီရှိရှိ လျှို့ဝှက်နဂါးကျောင်းတော်က လက်ခံရိုး ထုံးစံ မရှိဘူး….”
ချန်ဖုန်း ခေါင်းညိတ် လိုက်သည်။ လျှို့ဝှက်နဂါး ကျောင်းတော်၏ ဝင်ပေါက်ကို မဖြတ်နိုင်မှဖြင့် အထဲ မည်သို့ ဝင်ရောက်ရန် ထိုက်တန်မည်နည်း။
ထိုကြောင့်လည်း စမ်းသပ်မှုသုံးခု၌ လေးနက်သည့် အဓိပ္ပါယ်များ ရှိနေရခြင်း ဖြစ်သည်။
ဝမ်ဝူနှင့် စကားစမြည် ပြောနေစဉ် အတွင်း ချန်ဖုန်းမှာ လျှို့ဝှက်နဂါး ကျောင်းတော်၏ ဝင်ပေါက်ဆီသို့ ရောက်ရှိလာလေသည်။
ဒီတစ်ကြိမ်တွင် အဝါရောင်မြစ် အရှေ့၌ လူများနှင့် ပြည့်နှက်နေလျက် ရှိသည်။ သူတို့ အားလုံးမှာ နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ နေရာ အရပ်ရပ်မှ ပါရမီရှင်များ ဖြစ်ကြပြီး မင်းဆက်၏ အပြင်ဘက် နယ်မြေများမှာ လူအချို့ပင် ပါဝင်သည်။
ရှီး…
ရုတ်တရက် လေခွင်းသံ နှင့်အတူ တောင်တစ်ဖက်မှ ပုံရိပ်နှစ်ခုမှာ သူတို့ထံ ပျံသန်း လာလေသည်။
ထို နှစ်ယောက်ထဲမှ တစ်ယောက်မှာ ချန်ဖုန်းအား ဖိတ်ခေါ်ခဲ့သော မိုးပြာရောင်ဝတ်ရုံနှင့် စာအုပ် တစ်အုပ် ကိုင်ဆောင်ထားသည့် ချန်ချင်းရီပင် ဖြစ်သည်။
ချန်ချင်းရီ၏ အနောက်တွင် သန့်ပြန့်သည့် ဝတ်စုံ၊ ထူးခြားသည့် မျက်နှာထားနှင့် ခြေသုံးချောင်း ရွှေကျီးအား စီးနင်းလာသည့် တိုင်မူမိသားစု၏ နံပါတ်တစ် ပါရမီရှင် တိုင်မူတျန်ခီ ဖြစ်လေသည်။
တိုင်မူတျန်ခီ၏ တက်ကြွနေသည့် အမူအရာအား မြင်လိုက်မိသည်တွင် ချန်ဖုန်း မျက်မှောင်ကြုတ် မိလိုက်သည်။
လက်ရှိ တိုင်မူတျန်ခီ၏ အခြေအနေမှာ လွန်ခဲ့သည့် သုံးလက ပုံနှင့် လုံးလုံး မတူတော့ချေ။ သူ၏ ကျင့်ကြံခြင်း အဆင့်ပင် မြင့်မားလာပုံ ရပြီး သိုင်းကောင်းကင် အထွတ်အထိပ် အဆင့်သို့ပင် ရောက်နေလေသည်။
ချန်ဖုန်း၏ စိတ်ထဲ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ တစ်ခု မွေးဖွားလာသည်။
တစ်ဆက်တည်း သူ့ ညာဘက် မျက်လုံးမှာ ရုတ်တရက် ဆတ်ခနဲ နာကျင်သွားပြီး တိုင်မူတျန်ခီ၏ ခန္ဓာကိုယ် အတွင်း၌ အသစ် မွေးဖွားပြီးသော အားကောင်းသည့် စွမ်းအား တစ်မျိုးအား မြင်လိုက်မိသည်။
သူ ခန့်မှန်းသည်က မမှားလျှင် ယင်းမှာ တိုင်မူတျန်ခီ၏ ဒုတိယ သိုင်းဝိညာဉ် ဖြစ်ရပေမည်။
“ဒီတိုင်မူတျန်ခီက အဆိုးရွားဆုံး အခက်အခဲကို ဖြတ်ကျော်ပြီး လူသစ်စိတ်သစ်နဲ့ ပြန်ရောက်လာခဲ့ပုံပဲ… ပြီးတော့ ငါ့ကိုလည်း ဖိအားပေးချင်နေပုံ ရတယ်…”
ချန်ဖုန်း သူ့နှလုံးသားထဲ၌ ရေရွတ်လိုက်လေသည်။
“ဒါပေမဲ့ မင်း ဘယ်လိုပဲ ပြန်ထနိုင် ထနိုင် ငါ ထပ်ပြီး ရိုက်ချပစ်မယ်… ဒီတစ်ကြိမ် မင်း ဘယ်လိုမှ ပြန်မတုံ့ပြန်နိုင်စေရဘူး…”
ချန်ဖုန်း၏ အေးစက်သည့် အကြည့်အား ခံစားလိုက်ရသည့် အလား ကောင်းကင်ထက်ရှိ တိုင်မူတျန်ခီသည်လည်း ပြန်ကြည့်လာခဲ့သည်။
ချန်ဖုန်းအား မြင်လိုက်သည်တွင် တစ်ချက် တုန်ယင်သွားပြီး လူတိုင်းအား ကြောက်ရွံ့ သွားစေနိုင်သည့် သတ်ဖြတ်လိုခြင်း အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။
သို့သော် လက်ရှိတွင် သူက လျှို့ဝှက်နဂါး ကျောင်းတော်အား ကိုယ်စားပြု ထားသည်ကြောင့် ချန်ဖုန်းအား အပိုင်းပိုင်းအစစ လုပ်ပစ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ရသည်။ လက်ရှိ အခြေအနေ အရ သူ့ထံ ရွေးချယ်စရာ မရှိပေ။
“ဟမ့်… စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ…” ချန်ဖုန်း နှာမှုတ်လိုက်သည်။
“ချန်ဖုန်း … တိုင်မူတျန်ခီက မင်းကို ပစ်မှတ်ထားမှာပဲ… မင်းအနေနဲ့ ပြင်ဆင်ထားသင့်တယ်…” ချန်ဖုန်း စိတ်ထဲ၌ နလန်ချန်းရှန် ပြောလာသည်။
“ကျနော် နားလည်ပါတယ်… ဒါပေမဲ့ အားလုံးရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံး အောက်မှာ တိုင်မူတျန်ခီ ဘာမှ လုပ်နိုင်သေးမှာ မဟုတ်တဲ့အတွက် ကျနော် မကြောက်ဘူး…”
ထိုသို့ ပြောပြီးနောက်တွင် ချန်ဖုန်း ရုတ်တရက် ပြောလာခဲ့သည်။
“အိုး ဟုတ်သားပဲ… ဦးလေးနာလန် ခုနက ကျနော့်ရဲ့ ညာဘက် မျက်လုံးက တစ်ခုခု ပြောင်းလဲ သွားသလိုပဲ… အားလုံးကို ထွင်းဖောက် မြင်လိုက်တယ်လို့တောင် ခံစားနေမိတယ်… ဒါ ဘာဖြစ်တာလဲ…”
“ချန်ဖုန်း… မင်းရဲ့ ညာဘက် မျက်လုံးက ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံးနဲ့ ပေါင်းစပ် သွားတာပဲ… ခုနက စွမ်းအားက ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံးရဲ့ အားနည်းတဲ့ စွမ်းအား တစ်ခုပဲ ရှိသေးတယ်…”
“ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံး ဟုတ်လား…” ချန်ဖုန်း နားမလည်မိချေ။
“မင်းမှာ ဖန်ဆင်းခြင်းအဆင့် ပညာရှင် တစ်ယောက်ရဲ့ ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံး ရှိနေတယ်လို့ သိထားနိုင်တယ်…”
နလန်ချန်းရှန် ပြောလာသည်။ “ဖန်ဆင်းခြင်း အဆင့် ပညာရှင် တစ်ယောက် ဘယ်လောက် စွမ်းအားကြီးမလဲ ဆိုတာ ထားလိုက်ဦး… ဒါက မျက်လုံး တစ်ဖက်တည်း ဆိုပေမဲ့ အဆုံးမဲ့တဲ့ အသုံးဝင်မှုတွေ ရှိနေတယ်…”
“မင်းသာ ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံးကို မင်းရဲ့ ညာမျက်လုံးနဲ့ ပြီးပြည့်စုံအောင် ပေါင်းစည်း နိုင်မယ်ဆိုရင် အဆုံးမရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်…”
“ဖန်ဆင်းခြင်း နတ်ဘုရားမျက်လုံး ၊ ဖန်ဆင်းခြင်း အဆင့် …”
နလန်ချန်းရှန်၏ ရှင်းပြချက်အား ကြားသည်တွင် ချန်ဖုန်း သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ချန်ဖုန်းသည် မိုးကြိုးဒေါသ ကြာပန်းကို ဖောက်ခွဲခဲ့ချိန်က ထူးခြားသည့် အဖြစ်အပျက် တစ်ခု ဖြစ်သွားဟန် ရသည်။
ထိုအချိန်က မျက်လုံးတစ်လုံးမှာ ချန်ဖုန်း၏ ညာမျက်လုံးထဲ နစ်ဝင်သွားလေသည်။
ထိုစဉ်တုန်းက ချန်ဖုန်းသည် ယင်းမှာ ပုံရိပ်ယောင် တစ်ခုဟု ထင်ခဲ့သော်လည်း ယခုမှု ဖန်ဆင်းခြင်း နတ်ဘုရား မျက်လုံး ဖြစ်နေပုံ ရပေသည်။
ထိုအထဲမှ ၉၀ ရာခိုင်နှုန်းခန့်မှာ နာလန်ချန်ရှန်း၏ စွမ်းအား အကြွင်းအကျန် ဖြစ်လေသည်။
ချန်ဖုန်း တွေးနေစဉ် အတွင်း သူတို့နှစ်ယောက်မှာ မြစ်ဝါမြစ် အရှေ့သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။
***