လောကတစ်သောင်း နတ်ဘုရား - Chapter - 33 နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ မင်းသမီး ဖုန်းဖန်ဖေး
- Home
- လောကတစ်သောင်း နတ်ဘုရား
- Chapter - 33 နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ မင်းသမီး ဖုန်းဖန်ဖေး
Chapter – 33 နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ မင်းသမီး ဖုန်းဖန်ဖေး
“ချန်ဖုန်း နင်အသေဆိုးနဲ့ သေရမယ်”
မီတာ ရာဂဏန်း အကွာရှိ တိုင်မူရှောင်းဟွာ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲသွားသည်။ ကျယ်လောင်စွာ ကြိမ်းဝါး လိုက်ပြီးနောက် မြစ်ကို ဖြတ်ကျော်ရန်သာ ကြိုးစားလိုက်လေသည်။ ယခုတွင် ချန်ဖုန်းနှင့် ပတ်သက်၍ သူမ လုပ်နိုင်သည့် အရာ မရှိတော့ချေ။ ထို့အတွက်ကြောင့်မို့ ချန်ဖုန်းအား ထုတ်ပယ်ရန် မြစ်ကို ဦးစွာ ဖြတ်ကျော်နိုင်အောင် ကြိုးစားလိုက်သည်။
ထိုနည်းဖြင့် တိုင်မူမိသားစု နှစ်ယောက်အတွက် လက်စားပြန်ချေ ပေးနိုင်လိမ့်မည်။
ခါးသီးခြင်း မြစ်ထဲတွင်တော့ ချန်ဖုန်းက သူ၏ ရေခဲစွမ်းအားများကို ရုပ်သိမ်း လိုက်သည်တွင် ရေခဲတောင်များမှာ ကွယ်ပျောက် သွားသည်။ ထိုအခိုက်အတန့်တွင် ချန်ဖုန်းက ကျိုးပြတ်သွားသော သစ်သား လှေလေးပေါ်ရှိ နဂါးစိမ်း ရုပ်ထု နှစ်ခုအား ရယူရန် ကြိုးစားလိုက်သည်။ သို့သော် ယင်းတို့က ချန်းချင်းရီ၏ လက်ထဲသို့ အလိုအလျောက် ပျံသန်း သွားတော့သည်။
ချန်ဖုန်း ခေါင်းခါယမ်း လိုက်တော့သည်။ ထိုနဂါးစိမ်း ရုပ်ထုများက ရတနာတစ်ခုဟု ခံစားရသော်လည်းပဲ ကံမကောင်းစွာဖြင့် မရယူနိုင်ခဲ့ချေ။
“ချန်ဖုန်း ရှင် အဆင်ပြေရဲ့လား”
ထိုအချိန်တွင် ဝမ်ယုရန်နှင့် အခြားသူများ ရောက်ရှိလာသည်။
“ငါအဆင်ပြေပါတယ်”
ချန်ဖုန်း ပြုံးလိုက်သည်။ သို့သော်လည်းပဲ သူဆက်ပြောတော့မည့် အချိန်၌ အော်ဟစ်သံများကို ကြားဖြတ် ကြားလိုက်ရလေသည်။
“အဲ့တာ မင်းသမီးလေးပဲ … မင်းသမီးလေး နောက်ဆုံးတော့ ထွက်ပေါ်လာပြီ”
“ဟေး ဒီတစ်ကြိမ် ဒီလောက်လှပတဲ့ မိန်းကလေးကို နောက်ဆုံးတော့ မြင်နိုင်ပြီပေါ့”
ကျယ်လောင်စွာ အော်ဟစ်သံများကြောင့် ချန်ဖုန်း ခေါင်းမော့ကာ လှမ်းကြည့် လိုက်သည်။ ရွှေရောင် မြင်းရထားထက်မှ ရွှေရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ဦး ဆင်းသက် လာသည်ကို သူ မြင်လိုက်ရ၏။ ထိုမိန်းကလေး၏ ခြေလှမ်းများ နောက်တွင် ကြာပွင့်များ ကျန်ခဲ့သည့် အလားပင် ကျက်သရေ ရှိလွန်းလှသည်။
သူမက မြင်းရထားထဲမှ ထွက်လာသည်နှင့် မြေပြင်ကိုပင် မထိတော့ချေ။ ယင်းက ကောင်းကင် ၉ ခုမှ ဆင်းသက်လာသော နတ်မိမယ်လေး တစ်ပါးအလား ထင်မြင်ရစေသည်။ သူမက အလွန်အမင်း ကျော်ကြားလှသည့် ယုဟွာ မင်းသမီးလေး ဖြစ်ပေသည်။ ဒီတစ်ကြိမ်တွင် သူမက ခါးသီးခြင်း မြစ်ကို ဖြတ်ကျော်ရန် အဆင်သင့် ဖြစ်နေပုံရသည်။
“ဖုန်းဖန်ဖေး က ဒီလောက်တောင် သန်မာလို့လား”
မင်းသမီးလေးက လူထောင်သောင်းချီ၏ အာရုံကို ဖမ်းစားနိုင်သည့် အတွက်ကြောင့် ဝမ်မိသားစု မှ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
“ဘယ်သူသိမှာလဲ … သူက အပြင်ပိုင်းသာ လှပြီး အတွင်းထဲမှ ဘာမှမရှိတဲ့ အရာတစ်ခုလိုပဲ ကြည့်ရုံနဲ့တင် အသုံးမကျဘူးလို့ ထင်နိုင်တယ်”
ဝမ်ယုရန် တွန့်ဆုတ် နေပြီးနောက် အနည်းငယ် မကျေမနပ်သည့် ဟန်ဖြင့် ရေရွတ် လိုက်သည်။
“ဒီလိုတော့ ပြောလို့မရဘူး ဖုန်းဖန်ဖေး က ထူးခြားတယ်လို့ ငါခံစားနေရတယ်”
ချန်ဖုန်း ဝင်ပြောလိုက်သည်။
“ဟန့်”
ဝမ်ယုရန် နှာခေါင်း ရှုံ့လိုက်သည်။
“ငါတို့အခု မြစ်ကို ဖြတ်ကျော်တော့မယ် ဘာမှ လုပ်စရာ မရှိတော့မှတော့ မကြာခင် ပြန်တွေ့ကြတာပေါ့”
ဝမ်ယုရန်မှ သူမ၏ စကားသံ ဆုံးသည်နှင့် မြစ်ကို ဖြတ်ကူးရန် ပြင်ဆင်လိုက်သည်။
ဖုန်းဖန်ဖေး၏ မြစ်ကို ဖြတ်ကူးပုံမှ အခြားသူများနှင့် ကွာခြားလှသည်။ အခြားသူများက မြစ်ကို ဖြတ်ကူးသည်မှာ သူတို့၏ သစ်သားလှေ သို့မဟုတ် သူတို့၏ သိုင်းဝိညာဉ်ကို အားကိုးကြသည်။ သို့သော် သူတို့ မည်မျှပင် ရွေးချယ်မှုတို့ ရှိပါစေ မြစ်ရေနှင့် မထိမတွေ့ဘဲနဲ့တော့ မလုပ်နိုင်ကြချေ။ သို့သော် ဖုန်းဖန်ဖေး သည်တော့ ခြွင်းချက်ဖြစ်သည်။
ဖုန်းဖန်ဖေး အရှေ့သို့ တက်လှမ်းသည်နှင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက လေပေါ်သို့ ပျံတက်သွားသည်။ ခါးသီးခြင်း မြစ်ပေါ်သို့ ပျံတက်သွားပြီး မမြင်နိုင်သည့် လှေကား တစ်ခုအပေါ် ရပ်နေသည့် အလား ထင်ရသည်။
ဖုန်းဖန်ဖေးက လျှို့ဝှက် ပညာရပ် တစ်ခုကို အသုံးပြုကာ ပျံသန်း နိုင်သော်လည်းပဲ ခါးသီးခြင်းမြစ်နှင့် များစွာသည့် အကွာအဝေးတော့ မခြားနိုင်ပေ။
ဖုန်းဖန်ဖေးက လေထဲ ပျံဝဲလျက် မြစ်ကို ဖြတ်သန်းရာတွင် ခါးသီးခြင်းမြစ်က အာရုံ ခံမိလိုက်သည့်အလား လှိုင်းလုံးတို့ ဒေါသတကြီး ထိုးတက်လာသည်။ ချန်ဖုန်း အဝေးမှ လှမ်းကြည့် လိုက်သည်တွင် ခါးသီးခြင်းမြစ်မှာ ကြီးမားသည့် လှိုင်းလုံးကြီးကို လက်ဝါးကြီးအသွင် အသုံးချလျက် ဖုန်းဖန်ဖေးအား ဆွဲနှစ်ရန် ကြိုးစားသည်။ ခါးသီးခြင်းမြစ် တစ်လျှောက် ထွက်ပေါ်လာသည့် လှိုင်းလုံးများမှာ မီတာ ၁၀၀ မျှပင် ကြီးမားလွန်းလှပေသည်။
“ဝုန်း”
လှိုင်းလုံးကြီးများ ထိုးတက်လာသည်က ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ နေရာ တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ ဖုန်းဖန်ဖေး၏ အနီးနားတွင် ရှိသော ပါရမီရှင်များသည်တော့ ထိုလှိုင်းလုံးများ၏ ဖိအားများအား မခံနိုင်တော့ဘဲ ရေအောက်သို့ နစ်မြုပ်ခြင်း ခံလိုက်ရတော့သည်။
ယင်းက မည်သို့မှ မထင်မှတ်ထားသည့် ဖြစ်ရပ်ပင် ဖြစ်၏။
ဖုန်းဖန်ဖေး၏ အနီးနားတွင်ရှိသည့် မည်သူမဆို သူမ၏ သက်ရောက်မှုကို ခံလိုက်ရကာ စမ်းသပ်ခြင်းမှ ထုတ်ပယ် ခံလိုက်ရတော့သည်။ သူမ အနားတွင် ရှိနေခြင်းက အခြား သူများအတွက် ကပ်ဘေးတစ်ခု ဖြစ်နေသည့် အလားပင်။
မိနစ်ပိုင်းလေး အတွင်း လူ ၃၀ ကျော်မှာ ထုတ်ပယ်ခြင်း ခံလိုက်ရတော့သည်။
“အင်း နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်ရဲ့ မင်းသမီးလေးလို့ တကယ်ကို ခေါ်ထိုက်တယ် သူမရဲ့ အရှိန်အဝါကိုက အခြားသူတွေ မလိုက်နိုင်တဲ့ အရာတစ်ခုလိုပဲ”
“အမှန်ပဲ မင်းသမီး ပေါ်လာတာနဲ့ အခြားသူတွေလည်း လုံးဝ ကွဲပြားသွားတယ်”
“ဟား ဟား မင်းသမီးလေးရဲ့ ဘေးမှာရှိတဲ့ ကံမကောင်းတဲ့ ကောင်တွေကို ကြည့်စမ်းပါဦး”
“ဟုတ်တယ် သူတို့အားလုံးက မင်းသမီးလေးရဲ့ ဂုဏ်ကျက်သရေ အောက်မှာ ထုတ်ပယ် ခံလိုက်ရတဲ့အတွက် ဂုဏ်ယူသင့်တယ်”
ပရိသတ်၏ စကားကို ကြားသည်တွင် ချန်ဖုန်း မျက်မှောင်ကြုတ် လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းဖန်ဖေးက သူတို့ထံသို့ ဦးတည် လာနေသည်ကို ခံစား ရလိုက်သောကြောင့် ဖြစ်သည်။
“တစ်ခုခု မှားနေပြီ ဖုန်းဖန်ဖေးက ငါတို့နဲ့ အတူတူ မြစ်ကို ဖြတ်ကျော်ဖို့ ရွေးချယ် လိုက်တာလား တိုက်ဆိုင်နေတာများလား”
ချန်ဖုန်း မျက်မှောင်ကြုတ် နေမိသည်။
“ငါတို့ လမ်းဖယ် လိုက်ကြရအောင် မဟုတ်ရင် အဲ့ဒီလှိုင်းလုံးတွေရဲ့ သက်ရောက်ခြင်း ခံရလိမ့်မယ်”
သူတို့ ဖုန်းဖန်ဖေးကို မကျေနပ်သော်လည်းပဲ ထိုကဲ့သို့ အကြံပြုချက်ကြောင့် ဝမ်ယုရန်နှင့် အခြားသူများမှာ သူမနှင့် မီတာ ရာဂဏန်း အကွာသို့ ဆုတ်ခွာလိုက်သည်။ သို့သော် ရည်ရွယ်ချက် ရှိသည်လော မရှိသည်လောတော့ မသိပေ။ ဖုန်းဖန်ဖေးမှာ ချန်ဖုန်းသွားသည့် တစ်လျှောက်သို့ လိုက်လာခဲ့သည်။
“ဒါ တိုက်ဆိုင်တာပဲလား”
ချန်ဖုန်း မျက်နှာ ပျက်သွားသည်။
“ဟန့် တိုက်ဆိုင်တာ မဟုတ်မှာ ငါစိုးရိမ်မိတယ် ဒါက ရည်ရွယ်ချက် ရှိရှိလုပ်နေတာပဲ”
ဝမ်ယုရန်၏ မျက်နှာထက်တွင် မကျေနပ်မှုများ ထွက်လာခဲ့ကာ
“ငါတို့ အခြားနေရာ သွားသင့်လား”
“မလိုတော့ဘူး အရမ်း နောက်ကျသွားပြီ”
ချန်ဖန်း လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ ဖုန်းဖန်ဖေးက လေဟာနယ်ထက် လျှောက်လှမ်းရင်း မြစ်ကို ဖြတ်ကျော်လာသည့် အတွက်ကြောင့်မို့ သူမ၏ အလျင်က အလွန် မြန်ဆန်လွန်းလှသည်။ မျက်စိ တစ်မှိတ်အတွင်း ချန်ဖုန်းအား လိုက်မီရန် နီးကပ်လာခဲ့သည်။
“ငါတို့ မရှောင်နိုင်မှတော့ မလိုတော့ဘူး ဖုန်းဖန်ဖေးကိုပဲ စောင့်လိုက်ကြတာပေါ့”
ချန်ဖုန်း သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ပြောလိုက်သည်။
“အားလုံး ငါတို့ လှေတွေကို အတူ စုစည်းလိုက်ကြရအောင်”
ချန်ဖုန်း၏ စကားကြောင့် ဝမ်ယုရန်နှင့် အခြားသူများ ကြောင်အ သွားသော်လည်းပဲ သူ့အား ယုံကြည်ရန် ပုံအပ်လိုက်သည်။ ချန်ဖုန်း စကား ဆုံးသည်နှင့် သူတို့၏ လှေများက နီးစပ်သွားတော့သည်။ ထို့နောက်တွင်တော့ ထူးခြားသည့် အသံများအား ကြားလိုက်ရသည်။
ချန်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ အရိုးထိတိုင်း အေးစက်သည့် စွမ်းအားတို့ ထွက်ပေါ်လာခဲ့ကာ ဝမ်ယုရန်နှင့် အခြားသူတို့၏ လှေကို ဖုံးလွှမ်းသွားပြီး ကြီးမားသည့် ရေခဲတောင်တစ်ခု ဖြစ်တည် သွားစေသည်။ ချန်ဖုန်းက သူတို့၏ လှေကို ၁၀ မီတာ အကွာသို့ ပျံ့နှံ့စေပြီး ကြီးမားသည့် ရေခဲတောင်ကြီး တစ်ခုအသွင် ဖြစ်တည်စေလိုက်၏။
ထိုအခိုက်အတန့်တွင် ဒေါသတကြီး ပြေးဝင်လာသည့် လှိုင်းလုံးများကို တောင့်ခံရန် ကြိုးစား လိုက်လေသည်။ ထိုအချိန်တွင် ဖုန်းဖန်ဖေးလည်း ထိုနေရာနှင့် နီးစပ်လာသည်။ လှိုင်းလုံးများက မီတာ ၇၀၊ ၈၀ အထိ မြင့်မားကာ ထိုလှိုင်းလုံးများအား နစ်မြုပ်သွားသည့် မည်သည့် လှေမဆို တစ်စစီ ကျိုးပျက် သွားမည်မှာ သေချာလှပေသည်။ သို့သော်လည်း ချန်ဖုန်းမှာ သူတို့၏ လှေများကို ရေခဲတောင်အသွင် ပြောင်းလဲလိုက်သည်။
ရေခဲတုံးမှာ ရေပေါ်တွင် ပေါ်နိုင်သည့် အတွက်ကြောင့်မို့ လှိုင်းလုံးကြီးများ၏ ဒဏ်ကို ကြံ့ကြံ့ခံသွားခဲ့သည်။ ရလဒ် အနေဖြင့် သူတို့မှာ ထိုကြောက်မက်ဖွယ် ကောင်းသည့် လှိုင်းလုံးများအား ဖြတ်ကျော် သွားနိုင်ခဲ့လေသည်။
“သူ ကာကွယ် နိုင်လိုက်တယ်လား၊ ချန်ဖုန်းက မင်းသမီး ဖန်ဖေးရဲ့ သက်ရောက်မှုကို တောင့်ခံနိုင်လိုက်တယ်”
“အံ့အားသင့်စရာပဲ တကယ် အံ့ဩဖို့ ကောင်းတယ် ချန်ဖုန်းက တကယ့် ပါရမီရှင် တစ်ယောက်လို့ သက်မှတ်နိုင်ပင်မဲ့ ဒီလို နည်းလမ်းမျိုးကို ချက်ချင်း စဉ်းစားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး သူက တကယ် ဉာဏ်ကြီးရှင် တစ်ယောက်ပဲ”
ခါးသီးခြင်း မြစ်အတွင်း ဖြစ်ပျက်နေသည့် အရာများအား ကြည့်ကာ ကြည့်ရှုနေသူ အားလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ ချန်းချင်းရီနှင့် တိုင်မူတျန်ခီပင် ဆွံ့အ တုန်လှုပ် သွားမိသည်။ အထူးသဖြင့် မင်းသမီး ဖုန်းဖန်ဖေးက ချန်ဖုန်းဆီသို့ ဦးတည် သွားနေသည်အား မြင်ကာ ဘယ်လိုနည်းနဲ့ မဆို ကျောင်းတော်၏ စမ်းသပ်ခြင်းမှ ထုတ်ပယ် ခံရမည်ဟု တွေးထားခဲ့သည်။
သို့သော် ချန်ဖုန်းက ထိုကဲ့သို့ နည်းလမ်းဖြင့် ကျော်ဖြတ် သွားနိုင်မည်ဟု မထင်ထားခဲ့ချေ။ တိုင်မူတျန်ခီ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့သည်။
“ဟမ့် သူ တကယ်ကို ရှောင်နိုင်သွားတာပဲ”
ခါးသီးခြင်းမြစ် အထက်တွင် ရှိသည့် ဖုန်းဖန်ဖေးမှာ လူသန်းပေါင်း ထောင်သောင်းချီက သူတို့အား အာရုံစိုက် လာသည်အား သိလိုက်သည်တွင် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“အားလုံးက နင့်ကို အာရုံစိုက်နေမှတော့ ရည်ရွယ်ချက် ရှိရှိ လုပ်လို့မရတော့ဘူး… ဒါကြောင့်မို့ နင့်ကို လွှတ်ပေးလိုက်မယ်။ နောက်အခါကျရင် ကျားအသည်း စားထားရင်တောင်မှ ငါ့အစ်ကို အိမ်ရှေ့စံ မင်းသားကို အပြစ်မလုပ်ဖို့ ပြောချင်တယ်”
ဖုန်းဖန်ဖေး ရေရွတ်လိုက်ကာ မြစ်အား ဖြတ်ကျော်ရန် အတွက် သူတို့ကို ကျော်ဖြတ် သွားလိုက်သည်။ ချန်ဖုန်းနှင့် အခြား သူများသည်တော့ မင်းသမီး ဖုန်းဖန်ဖေး ထွက်သည့် အခါမှ အအေး စွမ်းအားများကို ရုပ်သိမ်းလိုက်သည်။
“ဒီ ဖုန်းဖန်ဖေးက တော်တော် လွန်နေပြီ”
ဝမ်မိသားစု ပါရမီရှင်တစ်ယောက်မှ ပြောလိုက်သည်။
“သူမက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာပဲ ဒါပင်မဲ့ ငါ သူမကို အပြစ်မပြုဖူးပါဘူး”
ဝမ်ယုရန်မှာ မကျေနပ်ချေ။
“ဖုန်းဖန်ဖေး ဘာလို့ ငါတို့ကို ပစ်မှတ်ထားနေတာ ငါသိတယ်”
ချန်ဖုန်း အနည်းငယ် တွေးကာ မေးလိုက်သည်။
“ဘာကြောင့်လဲ”
“လွန်ခဲ့တဲ့ ၃ လက သူရဲ့အစ်ကို အိမ်ရှေ့စံ မင်းသားက ငါတို့ ချန်မိသားစုကို လူလွှတ်လိုက်ပြီး ငါ့အစ်မကို သူ့ရဲ့အစေခံအဖြစ် အလုပ်ကျွေးပြုဖို့ တောင်းဆိုလာတယ်”
ချန်ဖုန်း ဆက်ပြောသည်။
“ဒီကိစ္စက ငါ့ကြောင့် ပျက်စီး သွားရတာပဲ … ငါထင်တာတော့ ဖုန်းဖန်ဖေးက ဒီအကြောင်းပြချက်ကြောင့် ငါတို့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်”
“နင့်ရဲ့ အစ်မကို သူ့အစ်ကိုရဲ့ အစေခံအဖြစ် လာတောင်းဆိုတယ် ဟုတ်လား။ ဖုန်းဖန်ဖေးက ဒီထက်ပိုပြီး အကြောင်းအကျိုး မဆီလျှော် နိုင်တော့ဘူးလား”
“ဒါက အမျိုးမြတ်တွေရဲ့ မကောင်းတဲ့ စိတ်ထားတစ်ခုပဲ”
ချန်ဖုန်း ခေါင်းခါယမ်းလိုက်သည်။
“သူတို့က မောက်မာလွန်းတယ်”
သူတို့ စကားဝိုင်းထဲ မည်သည့် စိတ်ဝင်စားမှုမှ မရှိတော့သည့် အတွက် စကား ဖြတ်လိုက်ကာ ခါးသီးခြင်းမြစ်ကို ဖြတ်ကျော်ရန် နောက်တစ်ကြိမ် ကြိုးစားလိုက်ကြသည်။
ယခင်က ဖုန်းဖန်ဖေး၏ အနှောင့်အယှက်ပေးမှုမှာ ချန်ဖုန်း၏ မြစ်ကို ဖြတ်ကျော်ရန်အတွက် နှောင့်နှေးသွားစေသည်။
သို့သော် ဝမ်ယုရန်၏ သိုင်းဝိညာဉ်မှာ ထူးခြားလှသည်။ ယင်းက ကြေးမုံသိုင်းဝိညာဉ် ဖြစ်ပေသည်။
ကြေးမုံ သိုင်းဝိညာဉ်မှာ တစ်ဖက်ရှိ ဒေါသတကြီး ပြေးတက်လာသော လှိုင်းလုံးများကို တန်ပြန်နိုင်စွမ်း ရှိပေသည်။ ထို့အတွက် ဝမ်ယုရန်မှာ သူမ၏ ကြေးမုံ သိုင်းဝိညာဉ်ကို ထုတ်ယူကာ ချန်ဖုန်းနှင့် အခြားသူတို့၏ လှေအမြန်နှုန်းကို နှစ်ဆမျှထိ တိုးမြှင့်သွားစေ၏။ ရလဒ် အနေဖြင့် ချန်းဖုန်းက တိုင်မူရှောင်းဟွာထက် ၇ မိနစ်၊ ၈ မိနစ် စောလျင်စွာဖြင့် ခါးသီးခြင်းမြစ်ကို ဖြတ်ကျော် သွားနိုင်ခဲ့သည်။
***