လောကတစ်သောင်း နတ်ဘုရား - Chapter - 34 ထက်ရှတဲ့ တန်ပြန်တိုက်ခိုက်မှု
Chapter – 34 ထက်ရှတဲ့ တန်ပြန်တိုက်ခိုက်မှု
“သူနိုင်သွားတာလား သူ ဒီလိုပုံစံမျိုးနဲ့ နိုင်သွားတာပဲလား”
“ချန်ဖုန်းက ကောင်းကင်ကိုတောင် အန်တုတော့မှာလား”
“ဒီတစ်ကြိမ် ပွဲကြီးပွဲကောင်း ကြည့်ရဖို့ ငါမျှော်လင့်နေပြီ”
ချန်ဖုန်းမှာ မြစ်ကို အောင်အောင်မြင်မြင် ဖြတ်ကျော် နိုင်သွားသည့် အတွက်ကြောင့်မို့ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
မြစ်ကို မဖြတ်ကျော်ခင် ချန်ဖုန်းနှင့် တိုင်မူရှောင်းဟွာတို့မှာ လောင်းကစား ပြုလုပ်ထားပြီး ဖြစ်သည်။ ရှုံးနိမ့်သူ အနေဖြင့် ကျောင်းတော်၏ စမ်းသပ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ထုတ်ပယ်ခံရမည် ဖြစ်သည်။
“ဒီကောင်လေးရဲ့ ကံတရားက တကယ်ကို ကောင်းတာပဲ”
ချန်ဖုန်းအား ကြည့်ရင်း ဖုန်းဖန်ဖေး ရေရွတ်လိုက်သည်။
“ဖန်ဖေး… အဲ့ ချန်ဖုန်းဆိုတဲ့ ကောင်က မင်းကို ဒေါသ ထွက်စေလို့လား”
လီမိသားစု၏ သားတော် လီရှိဂျီမှာ အရှေ့သို့ ခြေတစ်လှမ်း တိုးကာ ညင်သာစွာ မေးလာခဲ့သည်။
“ဘာမှမဟုတ်ပါဘူး သူက စိတ်ရှုပ်စရာ ကောင်းတဲ့ လူတစ်ယောက်ပဲ”
ဖုန်းဖန်ဖေးမှာ စကားများများစားစား ပြောရန် အစီအစဉ် မရှိချေ။
“ဒါဆို ဒီလိုပေါ့”
လီရှိဂျီ တွေးတောဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။ အချိန်မှာ တစ်စနှင့်တစ်စ ကုန်ဆုံးလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်း ၃ ရက်မှာ ကုန်လွန်သွားခဲ့ပြီး ဖြစ်၏။
၃ ရက်ပြီးနောက်တွင် လျှို့ဝှက်နဂါး ကျောင်းတော်၏ စမ်းသပ်ခြင်းမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲ ဝင်ဖြေသူ ၃၀၀ ကျော်ထဲတွင် ၁၉၈ ယောက်သာ ဖြတ်ကျော် နိုင်ခဲ့သည်။ တခြား တစ်နည်းဖြင့် ဆိုလျှင် ထို ၁၉၈ ယောက်သာလျှင် လျှို့ဝှက်နဂါး ကျောင်းတော်၏ ဒုတိယမြောက် ဝင်ခွင့် စာမေးပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ရှိသည်ဟု ဆိုနိုင်သည်။
ချန်ဖုန်း၊ ဝမ်ယုရန်၊ တိုင်မူရှောင်းဟွာတို့မှာ သူတို့ထဲတွင် အထင်ကြီးစရာ ကောင်းလှပေသည်။
တိုင်မူရှောင်းဟွာ၏ မျက်လုံးထဲတွင် ဒေါသတရားနှင့် စိတ်ပျက်မှုတို့ ပြည့်နှက်နေသည်။ ချန်ဖုန်းနှင့် အခြားသူများမှာ ဖုန်းဖန်ဖေးကြောင့် ဝင်ခွင့် စာမေးပွဲမှ ထုတ်ပယ် ခံရမည်ဟု တွေးထားသော်လည်းပဲ ထိုကောင်က သူမထက်ပို၍ မြစ်ကို စောလွန်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
ထိုအတွက်ကြောင့်မို့ ချန်ဖုန်းနှင့် သူမတို့ကြားရှိ လောင်းကစားတွင် ရှုံးနိမ့်သွားပြီ ဖြစ်ကာ ဝင်ခွင့်စာမေးပွဲမှ ထုတ်ပယ်ခံ ရတော့မည် ဖြစ်သည်။ ယခုတွင် တိုင်မူရှောင်းဟွာမှာ ချန်ဖုန်းအား အနည်းငယ် မုန်းတီးရုံ မျှသာမက စိတ်ထဲ စိုးရွံ့နေမိသည်။ သူသာ ထို လောင်းကစားလေးကြောင့် လျှို့ဝှက်နဂါး ကျောင်းတော်၏ ဝင်ခွင့်ကို ဆုံးရှုံးလိုက်ရမည် ဆိုပါက တစ်ဘဝလုံး နောင်တ ရနေပေတော့မည်။
“အားလုံးပဲ…. မင်းတို့တွေ လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲ ပထမအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပြီ အခု ဒုတိယအဆင့်ဖြစ်တဲ့ တစ္ဆေတောင်ကြားကို သွားကြမယ်”
ပထမဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့သည့် သူများကို ကြည့်ကာ ချန်းချင်းရီ ပြောလာခဲ့သည်။
“စီနီယာ အစ်ကိုချန်း ခဏလောက် စောင့်ပါဦး။ ဒုတိယ စမ်းသပ်ပွဲ မစခင် မသမာတဲ့သူ အနည်းငယ်ကို ဖယ်ရှားချင်ပါတယ်”
ထိုအချိန်တွင် တိုင်မူတျန်ခီက ကြားဖြတ် ဝင်ပြောလာသည်။
“မသမာတဲ့ သူတွေကို ဖယ်ထုတ်မယ် ဟုတ်လား”
ချန်းချင်းရီ ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“အဲ့တာ ချန်ဖုန်း၊ ဝမ်ယုရန်၊ ဝမ်ကျန်းတို့ပဲ ဖြစ်ပါတယ်”
တိုင်မူတန်ခီ၏ စကားကို ကြားသည်တွင် ချန်ဖုန်း မျက်နှာ တည်သွားသည်။
“ဟန့်… ငါတောင်မှ မင်းကို လာမရှာရသေးဘူး မင်းက ထွက်လာပြီလား”
ချန်ဖုန်းမှာ တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ပြောလာလေသည်။
“တိုင်မူတျန်ခီ…. မင်း အစားကို ကုန်အောင်စား စကားကိုတော့ လက်လွတ်စပယ် မပြောနဲ့၊ မင်းက ကျောင်းတော်ရဲ့ ကျောင်းသားသစ် စုဆောင်းခြင်းကို ရည်ရွယ်ချက် ရှိရှိ ဝင်ပြီး နှောင့်ယှက်နေတာလား”
ချန်ဖုန်း ထိုသို့ ပြောပြီးနောက်တွင် ချန်းချင်းရီအား ကြည့်လိုက်သည်။
“ကျောင်းသားသစ် စုဆောင်းခြင်းက ကျောင်းတော်ရဲ့ ရည်ရွယ်ချက် တစ်ခုပဲ၊ ဒီကြားထဲမှာ ဝင်ရောက် နှောင့်ယှက်သူတွေ ပေါ်လာတာက ပြဿနာ မရှိလောက်ဘူးလား”
“ဂျူနီယာ ညီလေး တိုင်မူ မင်းရဲ့ စကားတွေအတွက် သက်သေရှိလား”
ထိုအချိန်တွင် ချန်းချင်းရီလည်း တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိထား မိလိုက်ကာ တိုင်မူတျန်ခီအား မကျေနပ်စွာ ကြည့်လာခဲ့သည်။ သူ တိုင်မူတျန်ခီအား သတိ ပေးခဲ့သော်လည်းပဲ ယခုမှာ ချန်ဖုန်းအား ကျောင်းတော်၏ ဝင်ခွင့် စာမေးပွဲမှ ဖယ်ရှားရန် အခွင့်အရေး တစ်ခု ဖြစ်သည့် အတွက်ကြောင့်မို့ တိုင်မူတျန်ခီမှာ ထိုအခွင့်အရေးကို အသုံးချကာ ဝင်ရောက် စွက်ဖက်လာခြင်း ဖြစ်သည်။
တိုင်မူတျန်ခီမှာ ခေါင်းမာစွာဖြင့် ပြောလာခဲ့သည်။
“စီနီယာ အစ်ကိုချန်း ကျုပ်တို့ ကျောင်းတော်ရဲ့ ပထမဆုံး စမ်းသပ်မှု ဖြစ်တဲ့ ခါးသီးခြင်းမြစ်ကို ဖြတ်ကျော်ရမှာက ကျောင်းသားတွေရဲ့ စိတ်စွမ်းအား နဲ့ အခက်အခဲကို တောင့်ခံနိုင်ဖို့ စမ်းသပ်တာပဲ။ ဒီ နှစ်ထောင်ပေါင်း များစွာ အတွင်းမှာ လူတိုင်းက သူတိုင်းက ကိုယ့်အားကိုယ် ကိုးပြီး ဖြတ်ကျော် နိုင်ခဲ့တယ်။ ဒါပင်မဲ့ ဒီ ချန်ဖုန်း၊ ဝမ်ယုရန်နဲ့ အခြား နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကူညီပြီး မြစ်ကို ဖြတ်ကျော်ခဲ့တာပဲ … ဒီလေးယောက်လုံးက အရည်အချင်း မပြည့်မီတဲ့ အတွက်ကြောင့်မို့ သူတို့ကို ဉပမာထားပြီး ဖယ်ထုတ် သင့်ပါတယ်”
တိုင်မူတန်ခီ၏ စကားလုံးတိုင်းက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
အထူးသဖြင့် ဝင်ခွင့်စာမေးပွဲ ကျရှုံးသွားသူများက အားပေးဟန်ဖြင့် အော်ဟစ် ပြောဆိုလာကြသည်။ သိထားရသည်မှာ သူတို့၏ ကျင့်ကြံရေး အဆင့်များက ချန်ဖုန်းထက် မြင့်သော်လည်းပဲ သူတို့က ထုတ်ပယ် ခံလိုက်ရသည်။ ယင်းက သူတို့အတွက် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုကို ဖြစ်ပေါ်စေခဲ့၏။
ထို့အတွက်ကြောင့်မို့ ချန်ဖုန်းသာ ထုတ်ပယ် ခံလိုက်ရပါက သူတို့လည်း အဖြစ်အပျက်များကို ကြည့်ကာ ပျော်နိုင်မည်ဖြစ်သည်။
လူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲ စကားလုံးများကို နားထောင်နေပြီး ချန်းချင်းရီ တစ်ယောက် တိတ်ဆိတ် နေခဲ့သည်။
သို့သော်လည်းပဲ ချန်ဖုန်းမှာ အေးစက်စက် ရယ်မောလိုက်ကာ မေးလာလေသည်။
“အားလုံးပဲ ကျုပ်မေးပါရစေ။ လျှို့ဝှက်နဂါး ကျောင်းတော်က ဝင်ခွင့်စာမေးပွဲ ပထမအဆင့်ကို ကျောင်းသားတွေ တစ်ယောက်နှင့် တစ်ယောက် ကူညီပြီး မဖြတ်ကျော်ရဘူးလို့ ပြောခဲ့သလား။ အားလုံးပဲ ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့မယ်ဆိုရင် ကျုပ် ချန်ဖုန်း ဝင်ခွင့် စာမေးပွဲကနေ ဖယ်ရှားခံဖို့ ဆန္ဒရှိပါတယ်”
ချန်ဖုန်း ထိုသို့ ပြောလိုက်သည်တွင် လူအုပ်ကြီးမှာ ရုတ်ခြည်း ရုတ်ရုတ်သဲသဲ စကားသံများ ထွက်ပေါ်လာခဲ့သည်။ ဟုတ်ပေသည် ယင်းက လျှို့ဝှက်နဂါး ကျောင်းတော်၏ မရေးထားသော စည်းမျဉ်းများလည်း အပါအဝင်ဖြစ်ကာ မည်သို့မှလည်းပဲ အချင်းချင်း ကူညီပြီး စာမေးပွဲကို မဖြတ်ကျော်ခဲ့ကြပေ။ သို့သော်လည်းပဲ နှစ်ထောင်သောင်း များစွာ ကြာပြီးနောက် လူတိုင်းမှာ ထိုစည်းမျဉ်း ရှိသည် မရှိသည်ကို စိတ်ထဲ မထားတော့ပေ။ ထို့ကြောင့်ပင်မို့ စာမေးပွဲကို ဖြတ်ကျော်ရန် ကိုယ့်အားကို ကိုးပြီး ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြပေသည်။
“လျှို့ဝှက်နဂါး ကျောင်းတော်က ဒီလို စည်းမျဉ်းမျိုးတော့ မရှိခဲ့ဘူး။ ပြီးတော့ ဒီနှစ်ပိုင်း အတွင်းမှာ ဝင်ရောက် ဖြေဆိုခဲ့တဲ့ ကျောင်းသားတွေကလည်းပဲ တစ်ယောက်နဲ့ တစ်ယောက် မကူညီဘဲ ကိုယ့်အားကို ကိုးပြီး ဖြတ်ကျော်ခဲ့ကြတယ်”
ချန်းချင်းရီ ခေါင်းညိတ် လိုက်သည်။
“စီနီယာ အစ်ကိုချန်း ဒါက ကျောင်းတော်ရဲ့ ရေးသားထားတဲ့ စည်းမျဉ်းတွေ မဟုတ်ပေမဲ့ အားလုံး လက်ခံထားတဲ့ အချက်တစ်ခုပဲ၊ ကျောင်းတော်က ကျောင်းသားတွေ အချင်းချင်း ကူညီပြီး စာမေးပွဲကို မသမာတဲ့ နည်းနဲ့ ဖြတ်ကျော်စေချင်တာလား”
တိုင်မူတျန်ခီ မကျေနပ်စွာ ပြောလာခဲ့သည်။ ဟုတ်ပေသည်။
လျှို့ဝှက်နဂါး ကျောင်းတော်သည်လည်း ကျောင်းသားများ အချင်းချင်း ကူညီပြီး ထိုကဲ့သို့ အောင်သွားမည်ကို မလိုလားချေ။ ယင်းက ဟာကွက် တစ်ခုသာ ဖြစ်ပြီး ချန်ဖုန်းမှာ ထိုဟာကွက်အား ဆုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောခဲ့သည့် အတွက်မို့ လျှို့ဝှက်နဂါး ကျောင်းတော်သာလျှင် တာဝန်ယူ တာဝန်ခံရပေမည်။
သို့သော် လျှို့ဝှက်နဂါး ကျောင်းတော်ကို အပြစ် တင်နိုင်မည်လော။
“ဒါက ကျုပ်တို့ လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ ချိုယွင်းချက် တစ်ခုပဲ။ ဒီနေ့က စပြီး ဒီ စည်းမျဉ်းကို ချိုးဖောက်ခဲ့ရင် ချက်ချင်း စမ်းသပ်မှုကနေ ထုတ်ပယ်ခံရမယ်”
“ချန်ဖုန်းနဲ့ အခြား ၃ ယောက်ကတော့ ဒီဟာကွက်ကို တွေ့ရှိပြီး စာမေးပွဲကိုလည်း အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပြီးပြီ ဒါကြောင့်မို့ သူတို့ကို အပြစ် မပေးတော့ဘူး”
ချန်းချင်းရီ၏ ဆုံးဖြတ်ချက်ကို ကြားသည်တွင် ချန်ဖုန်းနှင့် အခြားသူများ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။ တိုင်မူရှောင်းဟွာနှင့် အခြားသူများသည်တော့ ဒေါသ ထွက်သွားသည်။ အထူးသဖြင့် တိုင်မူတျန်ခီဖြစ်၏။ သူက အလိုမကျစွာ ပြောလာခဲ့သည်။
“စီနီယာ အစ်ကိုချန်း…. ချန်ဖုန်းနဲ့ အခြား ၃ ယောက်ကို ဒီစမ်းသပ်ပွဲက ထုတ်ပယ်ဖို့ အတွက် ကျုပ်ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ စီနီယာ အနေနဲ့ ကျောင်းတော်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဦးစားပေး အနေနဲ့ တွေးတောဖို့ မျှော်လင့်တယ်”
“လုံလောက်ပြီ ငါဘာလုပ်ရမလဲ ဆိုတာကို ငါသိတယ်။ ဒီ ဂျူနီယာ ညီလေးက ကျောင်းတော်ရဲ့ လူသစ်တွေကို ဖိအားပေးပြီး ထုတ်ပယ် ခံရအောင် ကြိုးစားနေမယ်ဆိုရင် မင်းအရင်ဆုံး ထွက်သွားနိုင်ပြီ”
ချန်းချင်းရီ၏ ဆုံးဖြတ်ချက်ကို ကြားသည်တွင် တိုင်မူတျန်ခီ အနေဖြင့် ဒီတစ်ကြိမ် ချန်ဖုန်းကို ဆန့်ကျင်ရန် ဘယ်လိုမှ မလုပ်နိုင်တော့ကြောင်း နားလည် သွားတော့သည်။
သို့သော် တိုင်မူတျန်ခီ လက်လျော့ လိုက်သော်လည်းပဲ ချန်ဖုန်းသည်တော့ သူ၏ ပြောစကားများ မဆုံးသေးချေ။ ထို့ကြောင့်ပင်မို့ ချန်းချင်းရီ၏ စကားသံ ဆုံးသည်နှင့် ချန်ဖုန်းမှာ ကျယ်လောင်စွာ ပြောလာခဲ့သည်။
“စီနီယာ အစ်ကိုချန်း… ကျုပ်နဲ့ တိုင်မူရှောင်းဟွာတို့က မြစ်ကို မဖြတ်ကျော်ခင် အလောင်းအစား ပြုထားခဲ့တယ် အခုကျုပ် နိုင်သွားပြီ ဆိုတော့ စီနီယာ အစ်ကိုချန်း အနေနဲ့ တရားမျှတမှုကို ဆုပ်ကိုင်ပြီး တိုင်မူရှောင်းဟွာကို ဒီ စမ်းသပ်ပွဲက ထုတ်ပယ်ဖို့ မျှော်လင့်ပါတယ်”
“ဟင်..”
ချန်ဖုန်း၏ စကားလုံးများက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လူတိုင်းမှာ ချန်ဖုန်း၏ ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွား၏။ ယခုနက တိုင်မူတန်ခီမှာ အခွင့်အရေးများကို အသုံးချကာ ချန်ဖုန်းနှင့် အခြားသူများကို ပထမ စမ်းသပ်ခြင်းမှ ထုတ်ပယ် ခံရအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။
သို့သော် တိုင်မူတျန်ခီ ရှုံးနိမ့်သွားနောက် ချန်ဖုန်းမှာ ချက်ချင်း လက်စား ချေလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယင်းက သူတို့ အားလုံး၏ အမြင်တွင် ချန်ဖုန်းမှာ ရဲရင့်ပြီး အကြောက်တရား ကင်းမဲ့သည်ဟု ထင်မြင်သွားစေသည်။
“ချန်ဖုန်းက တကယ် အံ့အားသင့်စရာ ကောင်းတဲ့သူ တစ်ယောက်ပဲ။ သူက လျှို့ဝှက်နဂါး ကျောင်းတော်ကိုတောင် မဝင်ရသေးဘူး ကျောင်းတော်ရဲ့ စီနီယာကို အပြစ်ပြုရဲနေပြီ၊ သူ ကောင်းကင်ကိုများ အန်တုတော့မှာလား”
“ဟား ဟား… တိုင်မူတျန်ခီနှင့် ချန်ဖုန်းတို့က တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနေတာ ကြာခဲ့ပြီ၊ သူတို့က ဒီလို အခွင့်အရေးကို ရယူပြီး အသာစီး ရဖို့ ကြိုးစားနေကြတာပဲ။ ဒါတောင်မှ ချန်ဖုန်းက တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်။ သတ်ဖြတ်တဲ့ နေရာမှာလည်း ဆုံးဖြတ်ချက် ရှိရှိ ပြတ်သားနိုင်သေးတယ်… သူက အနာဂတ်မှာ တိုင်မူတျန်ခီရဲ့ အကြီးမားဆုံး ရန်သူတစ်ယောက် ဖြစ်လာမှာ စိုးမိတယ်…”
***