လောကတစ်သောင်း နတ်ဘုရား - Chapter - 39 ကြီးမားသည့် အလားအလာ
Chapter – 39 ကြီးမားသည့် အလားအလာ
လီရှိဂျီ တက်ပြီးနောက် ဝတ်ရုံသားရဲ လူငယ်လေးက နောက်မှ ချက်ချင်း လိုက်တက်လာသည်။ သူက လီရှိဂျီနှင့် ယှဉ်ပြိုင်လိုသည့် သဘောတွင် ရှိ၏။
လှေကားထစ်–
ထိုအချိန်တွင် ထိပ်တန်း ပညာရှင်များ ဖန်တီးထားသော လှေကားထစ်ပေါ်က ‘ဖိအား’ ဟူသည်မှာလည်း သူတို့အပေါ် လုံးလုံး သက်ရောက်မှု မရှိသည့်အတိုင်း ဖြစ်၍ နေသည်။ သူတို့နှစ်ဦးက စာအုပ်တောင်တန်း၏ ပထမအဆင့် လှေကားထစ်ကို မြန်မြန်ဆန်ဆန်ပဲ ကျော်ဖြတ် သွားကြပြီး ဒုတိယအဆင့်ကို ဦးတည်နေကြပြီ။
ထိုအခိုက်တွင် ကောင်းကင် တက်လှမ်းခြင်း မင်းဆက်၏ မင်းသမီးလေးက ခေါင်းမော့ပြီး ချန်ဖုန်းကို ရုတ်တရက်ကြီး စိုက်ကြည့်၏။ ပြီးနောက် သူမ၏ တစ်ကိုယ်လုံး ဖျတ်ဖျတ်ခါလျက် စာအုပ်တောင်တန်းပေါ် ပျံတက် သွားတော့လေသည်။
အနှိုင်းမဲ့ ပါရမီရှင်သုံးဦးတို့ တိုက်ခိုက်နေကြစဉ် အခြား ပြိုင်ပွဲဝင်များကလည်း စတင် တက်လှမ်းရန် တွေးတောနေကြပြီ။ သူတို့က စာအုပ်တောင်တန်း လှေကားထစ်များပေါ် စူးစမ်း ရှာဖွေလိုဟန် စတက်ကြတော့သည်။
လူအုပ်ကြားရှိ ဂူမောင်နှမတို့က အတူရှိနေကြပြီး ချန်ဖုန်းကို အကြံကြီးသော မျက်လုံးများနှင့် အေးတိအေးစက် စိုက်ကြည့် နေကြသည်။ သူတို့ ဘာတွေ စီစဉ်နေကြသည်ကိုတော့ဖြင့် မည်သူမှ မသိနိုင်ချေ။
သို့သော် ချန်ဖုန်းက ပထမ လှေကားထစ်ကို တက်ခဲ့စဉ်တည်းက လှုပ်ပင် မလှုပ်ပေ။ ထိုအကြောင်းကြောင့် ဂူကိုင်ကော တစ်ယောက် အံ့တကြိတ်ကြိတ်ဖြင့် မုန်းတီးနေကာ အကူအညီ မဲ့နေသော ခံစားမှု တစ်မျိုးက သူ့ရင်ထဲမှ လှိုက်တက်လာသည်။
“အစ်ကိုကြီး… တောင်ပေါ်တက်ဖို့က ပိုပြီး အရေးကြီးပါတယ်… လျှို့ဝှက်နဂါး ကျောင်းတော်က ကျွန်မတို့ အနာဂတ်နဲ့လည်း ပတ်သက် နေတယ်… ချန်ဖုန်းကတော့ သူနဲ့ နောက်မှ စာရင်းရှင်းလည်း နောက်မကျသေးပါဘူး..” နောက်ဆုံးတွင် ဂူချင်ချန်းက သူ့အား လှုပ်နှိုးလိုက်ရသည်။
“ဒါဆိုလည်း ကောင်းပြီ… ဒီတစ်ခါတော့ ချန်ဖုန်းကို လွှတ်ပေးလိုက်တာပေါ့ .. သူကံကောင်းသွားတယ်ပဲ မှတ်ယူလိုက်တယ်…”
ဂူကိုင်ကောက သိပ်တော့ မကျေနပ်ပေ။ သူက ချန်ဖုန်းအား သင်ခန်းစာတစ်ခု အမှန်အကန်ပေး၍ လှုပ်၍မရအောင် လုပ်ပစ်ချင်သည်။
ထို့သို့ဖြင့် ကျိန်ဆဲလိုက်ပြီး ဂူကိုင်ကောနှင့် ဂူချင်ချန်းတို့လည်း စာအုပ်တောင်တန်းပေါ် စတက်ကြတော့သည်။
“ဒီလှေကားထစ်တွေပေါ် တက်ဖို့ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေက အားလုံး ကွဲပြားကြတယ်.. ပထမလှေကားထစ်ကို လကြယ်ကျောက်တုံးတွေနဲ့ ဖန်တီးထားတာပဲ .. အဆင်ပြေလိုက်တာကွာ…”
ချန်ဖုန်းတစ်ယောက် လှေကားထစ်ပေါ် ခြေချလိုက်သည်နှင့် လျှို့ဝှက် နဂါးကျောင်းတော်၏ ပေါများ၍ ခန့်ညားထည်ဝါသော အနေအထားကြောင့် တအံ့တသြ ဖြစ်နေရသည်။
လေထုထဲ နေရာတကာတွင် ရှိနေသော ဖိအား တစ်ခုသည် ချန်ဖုန်းအပေါ် အရပ်မျက်နှာ အဘက်ဘက်မှ ဆင်းသက် လာခဲ့သည်။ သူ့အား ကြမ်းပြင်ပေါ် ဖိတွန်းထားချင်သည့် အားတစ်မျိုး ဖြစ်လေသည်။ ထို’စွမ်းအား’သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက ထုတ်လွှင့်ထားခြင်း ဖြစ်သည်။
ထိုအချိန်၌ပင် မမြင်နိုင်သော ဖိအားအောက် သူ့သွေးကြောထဲရှိ ဒြပ်စင်စွမ်းအင် ရေစီးချောင်းက ပိုမို အားကောင်းလာကြောင်း ချန်ဖုန်းလည်း မှင်တက်အံ့သြစွာ ရှာဖွေတွေ့ ရှိခဲ့သည်။
သေမျိုးအဆင့်မှ မြေကမ္ဘာကျင့်ကြံသူ အဆင့်ကို တက်ရောက် သွားသော်လည်း ချန်ဖုန်း၏ သိုင်းအဆင့် အခြေခံက တည်ငြိမ်မှု မရှိသေးပေ။ သို့သော် ယခုအခါတွင် စာအုပ်တောင်တန်းမှ ဖိအားနှင့် သူ့ဒြပ်စင်စွမ်းအင်ကို အားဖြည့်နိုင်သဖြင့် သူ့ကျင့်ကြံရေးကို စဉ်ဆက်မပြတ် အားကောင်းအောင်၊ တိုးတက်အောင် ပြုလုပ်နိုင် တော့သည်။
စာအုပ်တောင်တန်း၏ ကောင်းကျိုးပြုပုံကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်တွင် ချန်ဖုန်းလည်း ဘဝင်ခိုက် နေတော့၏။ ဤအဆင့်သည် သူ့အတွက် အထူးသီးသန့် စီစဉ်ပေးထားသော စမ်းသပ်မှု တစ်ခုနှယ် ဖြစ်၍နေသည်။
ချက်ချင်းပင် ချန်ဖုန်းက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စာအုပ်တောင်တန်း၏ မမြင်ရသော ဖိအားကို ချေးငှား ယူလိုက်သည်။ ထို့နောက် သူ့ဒြပ်စင် စွမ်းအင်ကို အားဖြည့် လိုက်၏။
“ချန်ဖုန်း ဘာတွေ လုပ်နေတာလဲ … သူဒီတိုင်း လျှောက်ပတ် သွားနေတာလား..”
“ဟုတ်တာပဲ .. သူက နောက်ဆုံးပဲ .. သူလမ်းပတ် လျှောက်နေတာ ကြာလှနေပြီ.. လှေကားထစ် အနည်းငယ်ပဲ လျှောက်ရသေးတယ်.. “
“ကောလာဟလတွေ အရတော့ လျှို့ဝှက်နဂါး ကျောင်းတော်ရဲ့ တတိယ စာမေးပွဲမှာ တောင်တက်ခိုင်းတာက လူတစ်ယောက်ရဲ့ ပါရမီ၊ အရည်အချင်းတွေကို စစ်ဆေးတာတဲ့ .. ကြည့်ရတာ ချန်ဖုန်းအတွက် ဒီတောင်ပေါ်တက်ဖို့ တော်တော်လေး ခက်ခဲနေလို့ ဖြစ်ရမယ်…”
“သူက မြင်းနက် တစ်ကောင်လို့ ကျုပ်အရင်က ထင်ခဲ့တာ.. ဒါပေမယ့် နောက်ဆုံးအဆင့် ရောက်မှ သူ့မူလပုံစံကို ထုတ်ပြမယ်လို့ ဘယ်ထင်ပါ့မလဲ .. အခုတော့ သူသေပြီ.. ဂူကိုင်ကော သူ့ကို လုံးဝ အလွတ်ပေးတော့မှာ မဟုတ်ဘူး..”
တောင်တက်လမ်း အလယ်ကို ရောက်နေကြပြီး ဖြစ်သော ပြိုင်ပွဲဝင်များသည် တစ်ချိန်က သူတို့ မော့ကြည့်ခဲ့ရသော ချန်ဖုန်း တစ်ယောက် ယခု နောက်ဆုံး နေရာတွင် ရောက်နေကြောင်း နားလည်သွားကြသည်။
“စီနီယာ အစ်ကိုကြီး …. ချန်ဖုန်းက သူ့မူလပုံစံကို ဖော်ထုတ်ပြလိုက်တာပဲ … “အခြားတစ်ဖက်ရှိ တိုင်မူတျန်ခီကလည်း သူ့ဒေါသများကို ဖွင့်ထုတ်နေခဲ့သည်။
“ဘာကို ဖော်ထုတ်တာ..”
ချန်းချင်းရီက ယုံကြည်မှု ရှိရှိ ပြန်ပြောလေ၏။
“ချန်ဖုန်းရဲ့ သိုင်းဝိညာဉ်က အအေးဒြပ်စင် စွမ်းအား ရှိတာ မင်းသတိမထားမိဘူးလား.. ပြီးတော့ စာအုပ်တောင်တန်းရဲ့ ပထမအဆင့် လှေကားထစ်တွေကို လကြယ်ကျောက်တုံးနဲ့ ဖောက်လုပ်ထားတာလေ.. ဒါကြောင့် ချန်ဖုန်း ဒီလို လုပ်နေတာက ဒြပ်စင် စွမ်းအင်တွေကို သူစုပ်ယူ နေတာပေါ့ကွ..”
“စီနီယာအစ်ကိုကြီး … ဒါဆို ချန်ဖုန်းက သူ့ကိုယ်ပိုင် ကျင့်ကြံရေးကို အားဖြည့်ချင်လို့ စာအုပ် တောင်တန်းပေါ်က လကြယ် ကျောက်တုံးဆီက စွမ်းအားတွေကို စုပ်ယူနေတာပေါ့ ..”
“အမှန်ပဲ … ချန်ဖုန်း.. အဲဒီကောင်လေးကတော့ တကယ်ပါပဲ ..” ချန်းချင်းရီက ခေါင်းတခါ ခါဖြင့် ရယ်မောလိုက်သည်။
“ဟမ့် .. အဲ့ကောင်လေးလို အခြေအနေပေါ် လိုက်ပြီး အခွင့်ကောင်း ယူတတ်တဲ့ ရရင်ရသလို အခွင့်အရေး ရှာတတ်တဲ့ ကောင်မျိုးက အနာဂတ်မှာတော့ အောင်မြင်ဖို့ သိပ်မလွယ်ပါဘူး…”
ဤတစ်ခေါက်တွင် တိုင်မူတျန်ခီ တစ်ယောက် ချန်ဖုန်းအား ပုတ်ခတ်ရန် အခွင့်အရေး ရပြီဖြစ်သဖြင့် ချက်ချင်း ဝေဖန်တိုက်ခိုက်တော့သည်။
“ဂျူနီယာညီလေး တိုင်မူ… ကျုပ်အထင်တော့ ချန်ဖုန်း ဦးနှောက်က တော်တော် အလုပ်လုပ်တယ်.. သူ့အနာဂတ် အောင်မြင်မှုတွေကလည်း အတိုင်းအဆ မရှိလောက်ဘူး…”
ချန်းချင်းရီက ပြန်ချေပသည်။ “ပြီးတော့လည်း ကျုပ်တို့ လျှို့ဝှက်နဂါး ကျောင်းတော်မှာ စာအုပ် တောင်တန်းပေါ်မှာ ရှိတဲ့ ကျောက်တုံး စွမ်းအားတွေကို မစုပ်ယူရဘူးလို့ ကျောင်းသားတွေ အပေါ် ကန့်သတ်ထားတာ မရှိပါဘူး.. ချန်ဖုန်းက ဘာအမှားမှ မလုပ်ထားပါဘူး..”
“စီနီယာ အစ်ကိုကြီး …” တိုင်မူတျန်ခီမှာ ဒေါသ ထွက်လွန်းသဖြင့် သွားများပင် ယားယံ နေတော့သည်။
သို့သော် ချန်ဖုန်း၏ အမှား မရှိပေ။ ထိုအကြောင်းကြောင့် သူ့မှာ ပြောစရာစကား ရှိမနေသဖြင့် အသက်ရှူရသည်ကပင် အခက်အခဲ ဖြစ်လာ၏။
ထိုအချိန်တွင် စာအုပ်တောင်တန်း၏ ပထမအဆင့်ပေါ်က ချန်ဖုန်းက လမ်းလျှောက်သည်ကို ရပ်ပစ်လိုက်ပြီး လှေကားထစ်များပေါ် ထိုင်ချကာ လကြယ်စွမ်းအင်များ ကို အားရပါးရ စုပ်ယူ ပစ်သည်။
နောက်နာရီဝက်ခန့် ကြာပြီးသော် အဆင့်တက်ပြီးပြီးချင်း ချန်ဖုန်း၏ ကျင့်ကြံရေးက တည်ငြိမ် လာခဲ့သည်။
ထိုမျှမက နေရာတကာ တည်ရှိနေသော ဖိအားများအောက် ချန်ဖုန်း၏ ကျင့်ကြံရေးက နောက်ထပ် အဆင့်တစ်ခု တက်ရန် သေးသေးလေး အစပျိုးသွားသည်။ ယင်းသို့ အချိန်တိုလေး အတွင်းတွင် မြေကမ္ဘာ အဆင့်၏ အစောပိုင်း အဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
၎င်းက လဝက်ခန့် တံခါးပိတ် ကျင့်ကြံသည်ထက် အများကြီး ပိုကောင်းနေသည်။
ထိုအချိန်ရောက်မှ ချန်ဖုန်းက သူ့အာရုံတို့ကို စာအုပ်တောင်တန်း တောင်ထိပ်ပေါ် ပြောင်းရွေ့ လိုက်လေသည်။
ကျောင်းတော်၏ ဒုတိယအဆင့်ကို အောင်မြင်ခဲ့ပြီးသော ပြိုင်ပွဲဝင်များ အားလုံး တောင်ထိပ်ကို ရောက်ရှိနေကြသည်။ ထို့အပြင် သူတို့၏ အမြင့်များက အားလုံး ချန်ဖုန်း၏ အထက်တွင် ရှိနေသည်။
အထူးသဖြင့် ဖုန်းဖန်ဖေးနှင့် လီရှိဂျီတို့ ထိပ်တန်း ပါရမီရှင် သုံးဦးမှာ တောင်တန်း၏ အပိုင်းခြောက်ကို ရောက်နေကြပြီ။
တောင်တန်းကို အပိုင်းကိုးပိုင်း ခွဲခြား သတ်မှတ်ထားပြီး အပိုင်း တစ်ပိုင်းစီသည် ယခင် အပိုင်းထက် ပိုမို ခက်ခဲ၍သွားသည်။ သိုင်းဝိညာဉ် အလယ်အလတ် အဆင့်ခြောက် နှိုးထပြီးသည့် ပါရမီရှင်တစ်ဦး ဖြစ်လျှင်ပင် တောင်တန်း အပိုင်းခြောက်ထိ တက်လှမ်းနိုင်ခြင်းက သိပ်မဆိုးလှဟု ပြော၍ရနေသည်။
သို့သော် ဖုန်းဖန်ဖေးတို့က အပိုင်းခြောက်ကို ရောက်ရှိနေကြပြီး ရပ်တန့်သေးမည့် ပုံမရှိချေ။
ဖုန်းဖန်ဖေးတို့ အဖွဲ့အပြင် ဂူမောင်နှမကလည်း မျက်စိကို ဖမ်းစားထားကြသည်။ သူတို့က စာအုပ်တောင်တန်း၏ အပိုင်းလေးကို အပြေး နှင်နေကြသည်။
သို့သော် ထိုဂူမောင်နှမသည် မျက်စိ ကျိန်းလောက်စေသော်လည်း အပြစ်အနာအဆာ တစ်ခုတော့ ရှိနေသေးသည်။ အဝါရောင် ပုံရိပ်တစ်ခုက သူတို့ရှေ့တွင် ပေါ်လာကာ သူတို့ဆီတွင် ရှိနေသော လူအများ၏ အာရုံ တစ်ဝက်ကျော်ကျော်ခန့်ကို ဆွဲယူသွား လေသည်။
ထိုအဝါရောင်ပုံရိပ်က လူငယ်လေးတစ်ဦး ဖြစ်သည်။
လူငယ်လေးက တစ်ချိန်လုံး တိတ်ဆိတ်နေပြီး ပြီးခဲ့သည့် စမ်းသပ်မှု နှစ်ခုလုံး၌ မထင်မရှား နေထိုင်ခဲ့သည်။ ယခုစမ်းသပ်မှုမှ ရုတ်တရက်ကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် စင်စစ်အားဖြင့် ပါရမီရှင် သုံးဦးပြီးနောက် ဒုတိယအဆင့်တွင် ရှိသည်။
“ဟားဟား.. စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ… ဂူကိုင်ကောကို ဒီအဝါရောင် လူငယ်လေးက ဖိနှိပ်ထားတယ်…”
ချန်ဖုန်းက အဝါရောင် လူငယ်လေးကို ခပ်ဝေးဝေးမှ ကြည့်နေပြီး တစ်စုံတစ်ခုကို အတွေးရလိုက်သည်။
“ဟုတ်သားပဲ … ဒီလူငယ်လေးကို စုမူပိုင်လို့ ခေါ်တာ… သူ့ကို ကျုပ်မှတ်မိတာ သူက ထိပ်တန်း ပါရမီရှင် စုလင်းရဲ့ ညီလေးပဲ ..”
ချန်ဖုန်း၏ အတိတ်ဘဝတွင် လျှို့ဝှက်နဂါး ကျောင်းတော်၏ စာမေးပွဲ၌ အဆင့်တစ် ရယူခဲ့သော ထိပ်တန်း ပါရမီရှင် တစ်ဦး ရှိခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ သူ့နေရာကို မည်သူမှ လက်လှမ်းမှီခြင်း မရှိခဲ့ပေ။
ထိုလူက အဝါရောင်လူငယ်လေး၏ အစ်ကိုကြီး ၊ စုလင်း ပင် ဖြစ်သည်။
“စုလင်းရဲ့ ညီလေးလား…”
ချန်ဖုန်းက ရင်ထဲမှ တီးတိုးလိုက်၏။
“စုမူပိုင်က သူ့အစ်ကိုကြီး စုလင်းထက် အများကြီး ပိုပြီး စွမ်းအား နည်းသေးတယ် ဆိုပေမယ့် သူ့ကိုလည်း ရှားပါး ပါရမီရှင်တစ်ဦးလို့ ယူဆလို့ ရသေးတယ်..”
ပြောပြီးသည်နှင့် ချန်ဖုန်းက သူ့စွမ်းအားတို့ကို ထုတ်လွှင့်လိုက်ကာ တောင်ပေါ် တက်သွားတော့သည်။
ခြေလှမ်း တစ်လှမ်း ပြီး တစ်လှမ်း ပြီးနောက်တွင်…
ချန်ဖုန်းက နဂါးခြေလှမ်းများနှင့် အသက်တစ်ချက် ရှိုက်စာ အချိန်လေး အတွင်း ကျောက်တုံး ခြေလှမ်း တစ်ဒါဇင်ကျော်ကို ခုန်ပျံတက်သွားခဲ့သည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ် အတွင်း တောင်တန်း၏ ဒုတိယအပိုင်းကို ရောက်ရှိလာခဲ့သည်။
ထင်သည့်အတိုင်းပင် ချန်ဖုန်း၏ ရုတ်တရက် ထိုးတက်လာသော စွမ်းအားများကြောင့် ပရိသတ်များ၏ ရင်သက်ရှုမောဖွယ် အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
***