နတ်ဘုရား မုခ်ဝ - Chapter - 549 အပြောင်းအလဲ
မီးတောက် လှိုင်းတွေရဲ့ အလယ်ဗဟိုချက်မှာတော့။ မြားတွေက လေဟုန်ခွင်းပြီး စုဝေးရောက်ရှိလာတယ်။ မြင်ကွင်းတစ်ခုလုံးက တစ်ခုလုံးက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်။
…
အရှေ့နန်းတော်ရဲ့ ဧည့်ဆောင် ဂိတ်တံခါးမှာ။ ပင်းယန် ရန်ရွှယ် နန်ကုန်းမုနဲ့ ၀မ်တပေါင်းတို့ ခပ်ဝေးဝေးက တောက်ပမှုကို ငေးကြည့်နေကြတယ်။ ဘာတွေ ဖြစ်နေလဲ သူတို့ ခန့်မှန်းကြတယ်။
“ကြည့်ရတာ သခင်လေး ဖန် ၀န်းရံခံလိုက်ရတဲ့ ပုံပဲ။” ၀မ်တပေါင်း ချွေးစေးတွေ ထွက်လာတယ်။ စာကြည့်ခန်းမှာ ဘာတွေ ဖြစ်နေမှန်း သူမသိဘူး။ ဒါပေမယ့် သေချာတာကတော့ ကိစ္စကောင်း မဟုတ်။ လှုပ်ရှားမှုတွေ အများကြီး ဖြစ်နေတယ်။ မီးစလောင်တဲ့ အချိန်ကနေ အခုချိန်ထိ ၁၅ မိနစ်လောက် ရှိနေပြီ။ ဒီအချိန် အတွင်းမှာ မီးတောက်ကြီးက ကောင်းကင်ထိကို ထိုးတက်နေတာ။ ရန်မြို့တော် တစ်ခုလုံးကို လှုပ်ခတ်သွားစေမှာပဲ။
“ကြည့်ရတာ သူ တကယ်ပဲ ၀န်းရံခံလိုက်ရတဲ့ ပုံပဲ။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း ပြောတယ်။ ခပ်ဝေးဝေးက မီးအလင်းရောင်ကို သူ စိုက်ကြည့်နေတယ်။
“ အခု ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ သခင်လေး ဖန်ကို ကယ်သင့်လား။” ၀မ်တပေါင်း ပြန်မေးတယ်။
“ သူသာ တကယ်ပဲ ၀န်းရံ ခံလိုက်ရရင်။ ငါတို့ မသွားသင့်ဘူး။ ” နန်ကုန်းမု ခေါင်းခါတယ်။ အခု အခြေအနေက သူ့စိတ်ထဲမှာ တွေးထားတာ ထက်တောင် ပိုကြီးမားနေသေးတယ်။
နောက်ပြီးတော့ ပို အရေးကြီးတာ အဖမ်းခံရတဲ့ သူက ဖန်ကျန်းရှီ ဖြစ်နေတယ်။ ဒါ့အပြင် အိမ်ရှေ့စံရဲ့ စာကြည့်ခန်း ကို မီးရှို့လို့ အဖမ်းခံရတာ။ ဒါကို ဘယ်လိုများ ကယ်တင်လို့ရမှာလဲ။ အကယ်၍ ပင်းယန် အဖမ်းခံရတာသာ ဖြစ်ခဲ့ပြီးတော့ စာကြည့်ခန်းသာ မီးမလောင်ခဲ့ရင်။ သူမရဲ့ ကလေးဆန်တဲ့ အပြုအမူကြောင့် ခွင့်လွှတ်ပေးခံရမှာ အသေအချာပဲ။ ဒါပေမယ့် အခုတော့ ဘယ်လို ကယ်တင်ရမလဲ။
“ ကျွန်တော်တို့ သူ့ကို မကယ်ဘူးလား။ ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။” ၀မ်တပေါင်း ပြောတယ်။ မျက်လုံးပြူးနဲ့ သူ ကြည့်နေတယ်။
“ အရင်ဆုံး ထွက်ကြရအောင်။” ပင်းယန် ပြောတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေ က ရုတ်တရက် တည်ငြိမ်သွားတယ်။ သူမ မသောက်စားထားတဲ့ အတိုင်းပဲ။
“ ထွက်ကြမယ်တဲ့လား။ ” ၀မ်တပေါင်း တောင့်တင်းသွားတယ်။
“ ဟုတ်တယ်။ ဒီကိစ္စက ဖြစ်နေပြီ။ လူတွေ အပြေး အလွှား ရောက်လာကြတော့မှာ။ ဒါကြောင့် ငါတို့ နေလို့ မဖြစ်ဘူး။ ဒီနေရာကနေ ထွက်ကြရအောင်။ အဖြေကိုတော့ ဖြည်းဖြည်းချင်း တွေးကြတာပေါ့။ ရန်ရွှယ် နင်ကော ဘယ်လိုထင်လဲ။” ပင်းယန် မျှော်လင့်ချက် အပြည့်နဲ့ ပြောတယ်။
“ ကောင်းပြီ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ ၀မ်တပေါင်းကတော့ အံ့သြသွားတယ်။ သူ့ စိတ်ထင် ရန်ရွှယ်က ပင်းယန်ကို တားမယ်လို့ ။ ဒါပေမယ့် ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ ဒါကြောင့် သူလည်း နောက်ထပ် မပြောတော့ဘူး။
“ ဒါဆိုလည်း သွားရအောင်။” ၀မ်တပေါင်း ဘေးဘီဝဲယာကို ကြည့်ရင်း အပြစ်မကင်း ဖြစ်နေတယ်။ ဒီလို တွေ ဖြစ်လာမယ်လို့ သူ မထင်ထားမိဘူး။ အိမ်ရှေ့စံ ရဲ့ စာကြည့်ခန်းကို မီးရှို့တာက အရိုက်ခံရတာလောက်နဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ အကယ်၍ သူသာ အပြစ်ပေးခံရရင်။ သူ့ အဖေလည်း ဒီအမှုနဲ့ ဆက်နွယ်သွားမှာပဲ။
“ကောင်းတယ်။” နန်ကုန်းမုလည်း နောက်ထပ် ဘာမှ မပြောတော့ဘူး။ ဒီ အဖွဲ့ကို ဧည့်ဆောင်ကနေ ထွက်သွားဖို့ သူ ဦးဆောင်တယ်။ သူ့ရဲ့ အေးစက်စက် အမူအယာက သတိ ကြီးကြီးထားနေတာ ပေါ်လွင်လွန်းတယ်။ ပင်းယန်။ ရန်ရွှယ် နဲ့ ၀မ်တပေါင်းတို့ နောက်ကနေ မြန်မြန် လိုက်သွားတယ်။
…
ပင်းယန် ခန့်မှန်း ထားတဲ့ အတိုင်းပဲ။ ရန်မြို့တော်က အတော့်ကို ရှုပ်ထွေးနေတယ်။ ညနက်သန်းခေါင် ဖြစ်နေပင်မယ့်။ အရှေ့နန်းတော်ရဲ့ လှုပ်ရှားမှု က သူတို့ကို လန့်နိုးစေတယ်။ မြို့တော် ထဲက ပြတင်းပေါက်တွေ အများကြီး ပွင့်လာခဲ့တယ်။ ရဲရဲနီနေတဲ့ မီးတောက်နဲ့ တောက်ပတဲ အဖြူရောင် အလင်းတန်းကို သူတို့ ကြည့်နေတယ်။ လူတိုင်း ထိတ်လန့်နေကြတာ။
“ အရှေ့နန်းတော်က မီးလောင်နေတာလား။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်ပြီးတော့ အဲဒီ့နေရာက ကြည့်ရတာ …”
“ မိုးနတ်မင်းရေ။ ဘာတွေ ဖြစ်နေတာလဲ။”
ရန်မြို့တော် တစ်ခုလုံး စကားပြောသံ တွေ ဆူညံလာခဲ့တယ်။ ဘယ်သူမှ သူတို့ မျက်လုံးကို မယုံနိုင်။ အရှေ့နန်းတော်က မီးလောင် နေတယ်တဲ့လား။ နောက်ပြီးတော့ စာကြည့်ခန်း နေရာမှာ။ ဒါက မဖြစ်နိုင်တာပဲ။ တော်ဝင် အမတ်မင်းတွေလည်း ထကြည့်နေကြတယ်။
“ငါ့ကို အရှေ့ပိုင်း နန်းတော်ဆီ ခေါ်သွား။ အခုသွားမယ်။” ”
“ အမိန့်တော် အတိုင်းပါ။”
အိမ်တော် အသီးသီးက အမတ်မင်းတွေ သူတို့ အိမ်တော်မှာ အော်ဟစ်နေကြတယ်။ အိမ်တော်တွေကနေ ထွက်လာတယ်။ တစ်ချို့က လှည်းတွေ နဲ့ ထွက်လာတယ်။ တစ်ချို့က မြင်းတွေနဲ့ ထွက်လာသလို။ တစ်ချို့ကတော့ လမ်းလျှောက်လာကြတယ်။ ဒါပေမယ့် အားလုံး အရှေ့ပိုင်းနန်းတော်ကို ဦးတည်နေတယ်။
သွမ့်အရှင်ရဲ့ အိမ်တော် မှာတော့။ အစောင့် တစ်ယောက်က လင်းရှင်းကြွယ်ရဲ့ ရှေ့မှာ ရပ်နေတယ်။ သူ့ လက်ထဲမှာ စာတစ်ေ စာင်ရှိနေတယ်။ စာလုံးနည်းနည်းပဲ ပါတဲ့ စာတစ်စောင်။ ဒါပေမယ့် လင်းရှင်းကြွယ် ကို ထိတ်လန့်သွားစေတယ်။
“ အကို သုံးရဲ့ စာကြည့်ခန်းက မီးလောင် နေတယ်။ နောက်ပြီးတော့ မီးရှို့တဲ့ လူက အခုထိ ထွက်မသွားသေးဘူး ။ ဘယ်သူကများ ဒီလောက်ထိ အတင့်ရဲရတာလဲ။ မင်း သေချာလို့လား။ ” လင်းရှင်းကြွယ် အစောင့်ကို အံ့သြတကြီးနဲ့ မေးတယ်။
“ အတိအကျပါပဲ။ ဒီလူ က ခန်းမဆောင်တစ်ခုကို မီးရှို့တယ်။ အဲဒီ့နောက် ခန်းမဆောင် မီးလောင်တာကို အိမ်ရှေ့စံ သွားကြည့်နေတဲ့ အချိန်။ စာကြည့်ခန်းကို မီးထပ်ရှို့တာပါ။” အစောင့် ပြန်ဖြေတယ်။
“ စိတ်ဝင်စားစရာ ကောင်းတာပဲ။ မြင်းတစ်ကောင် ပြင်ထားလိုက်။ တတိယ အကိုကို ငါသွားတွေ့မယ်။” လင်းရှင်းကြွယ် ပြုံးနေခဲ့တယ် ။ ဂုဏ်ထူး ဘွဲ့ထူးခံ အိမ်ရှေ့စံ တစ်ယောက်ရဲ့ စာကြည့်ခန်းက မီးလောင်သွားပြီ။ ဒီလို ရှားပါး အခွင့်အရေး မျိုးကို မျက်မြင်တွေ့ဖို့ ခဲယဉ်းတယ်။
“ အမိန့်တော် အတိုင်းပါ။” အစောင့် ချက်ခြင်း ပြန်ဖြေတယ်။
…
အမတ်မင်းတွေ အိမ်ရှေ့စံ အိမ်တော်ကို ချဉ်းကပ်လာတယ်။ မီးတောက်လှိုင်းတွေ ငြိမ်ကျသွားခဲ့ပြီ။ မြားတွေလည်း ရပ်တန့်သွားခဲ့ပြီ။ ကြီးမားတဲ့ ဖိအားတစ်ခု က ဒူးထောက်နေတဲ့ ၀တ်ကောင်းစားလှဝတ် ဧည့်သည်တော်တွေနဲ့ မြေမျက်နှာပြင်ကြားမှာ ပေါ်လာခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ ရဲ့ ၀တ်ရုံတွေ တစ်စစီ ဖြစ်သွားခဲ့ပြီ။ မြားတွေက သူတို့ ၀တ်ရုံတွေကို ဖောက်ထွက်သွားတဲ့ အပြင် တကိုယ်လုံးကို ဒဏ်ရာတွေ ပြည့်နှက်သွားစေခဲ့တယ်။
ဆံပင်တွေလည်း ရှုပ်ပွနေတယ်။ သူတို့ရဲ့ ခြေလက်တွေ နောက်ကျောတွေ အကုန်လုံး သွေးတွေ ချင်းချင်း နီနေခဲ့တယ်။ မြင်ရတာ ၀မ်းနည်းစရာ မြင်ကွင်းပဲ။ သူတို့ရဲ့ မျက်နှာတွေက ကြောက်စရာကောင်းအောင် လေးနက်တည်ငြိမ်နေကြတယ်။
ဘာကြောင့်လဲဆိုတော့ မျက်နှာဖုံးစွပ်လူက သူတို့ နားမှာ လက်နောက်ပြစ်ရင်း ရပ်နေတာကြောင့်ပဲ။ သူ့ အကျီက နည်းနည်းလေးတောင် ရှုပ်ပွ မသွားဘူး။ ဘာသံမှ မကြားရအောင်ကို တိတ်ဆိတ်နေတယ်။
လူတိုင်းက မျက်နှာဖုံးစွပ်လူကို စိုက်ကြည့်နေတယ်။ ဘယ်သူမှ မလှုပ်ရှားကြ။ အစောင့် စစ်သည်တော်တွေ လေးကြိုးတွေကို မဆွဲထားကြတော့ဘူး။ ဧည့်သည်တော် သုံးယောက် ရှုံးနိမ့်သွားတာ သိသာနေပြီလေ။ သုံးယောက် တစ်ယောက် ဖြစ်နေတာတောင်။ သူတို့တွေ အပြတ်အသတ် ရှုံးသွားကြတယ်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ။”
” ဒီလူက တကယ်ပဲ ဘယ်သူများလဲ။ ဘာကြောင့် ဒီလောက်တောင် အင်အားကြီးနေရတာလဲ။ ”
“ သူတို့ သုံးယောက်လုံးက ပြန်လည် မွေးဖွားမှု အဆင့်တွေ။ ဒါတောင် သုံးယောက် ပေါင်းတိုက်ပြီးတော့ ရှုံးနိမ့်သေးတယ်။ ဒါတောင် မျက်နှာဖုံးစွပ်လူက အကျီစလေးတောင် မပြဲဘူး။” ဒီရလဒ်ကို ဘယ်သူမှ မယုံနိုင်။
“ တကယ့်ကို မဖြစ်နိုင်လိုက်တာ။ ရန်မြို့တော်ထဲမှာ ဒီလို လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ နောက်ပြီးတော့ သူတို့ထဲမှာ ရာထူး မမြင့်တဲ့သူ ရှိလား။” လင်းထျန်းရုံ တွေဝေသွားတယ်။
မြားတွေပြစ်ဖို့ အမိန့်ပေးလိုက်ချိန်တည်းက။ မျက်နှာဖုံးစွပ်လူ ကို ဧည့်သည်တော် သုံးယောက် မယှဉ်နိုင်မှန်း သိတယ်။ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက် ရှုံးနိမ့်သွားပြီ။ လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့ လက်သီးတောင် ဖြူဆုပ်နေပြီ။
မျက်နှာဖုံးစွပ် လူရဲ့ မျက်လုံး ပေါ်နေတဲ့ နေရာကို သူ စူးစိုက်ကြည့်တယ်။ အသားအရေအရ အသက်မကြီးသေးဘူးမှန်း သေချာတယ်။ ပြန်လည်မွေးဖွားမှု အဆင့် လူသုံးယောက်ကို အနိုင်တိုက်နိုင်တဲ့ သူက မအိုသေးဘူးတဲ့လား။
ဧကရာဇ်ကိုလည်း ထည့်တွက်လို့ရမယ်။ ဒါပေမယ့် ဧကရာဇ်က ဘာကြောင့်များ သူ့ စာကြည့်ခန်းကို မီးရှို့ရမှာလဲ။ မဖြစ်နိုင်တာပဲ။ ဒါဆိုရင် နောက်တစ်ယောက်က အရှင်လီချင်း။ သူကတော့ အိုမင်းလွန်းနေပြီ။ ဒါကြောင့် ထည့်မတွက်ဘူး။
ရှင်းယွမ်ကောင်းကော။ မဖြစ်နိုင်ဘူး။ ရှင်းယွမ်ကောင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက်ကို အနိုင်တိုက်နိုင်ရင်တောင်။ ဒီလောက်လွယ်လွယ်ကူကူ အဆုံးသတ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ အခု မျက်နှာဖုံးစွပ်လူရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက ကြောက်စရာ ကောင်းလောက်အောင်ကို ထူးခြားတယ်။
ဒါက ဟွားဖေးများ ဖြစ်နိုင်မလား။ သူမရဲ့ အရည်အချင်းနဲ့ ဆိုရင်။ ဒီလူသုံးယောက်ကို အေးဆေး အနိုင်ယူတာ ဖြစ်နိုင်တယ် ။ ဒါပေမယ့် ဟွားဖေးက ဘာလို့ ဒီလို လုပ်ရမှာလဲ။ နောက်ပြီးတော့ အခု လူက ယောကျာ်းကြီးလေ။ သူမက ယောကျာ်းလေးဟန်ဆောင်လာတာလား။ မဟုတ်ဘူး။ ဘယ်သူ ဖြစ်နိုင်မလဲ။ ချီဟို့ လား ။ မဖြစ်နိုင်ဘူး။ နာမည်တွေ တစ်ခုပြီး တစ်ခု သူ့ ခေါင်းထဲပေါ်လာတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ သူတွေချည်း။
“ တကယ်ပဲ သူလား။” လင်းထျန်းရုံရဲ့ အတွေးထဲ လူတစ်ယောက် ပေါ်လာတယ်။ အဲ့ဒီ့လူက အရမ်းကို ငယ်ရွယ်လွန်းပေမယ့် ကြောက်စရာကောင်းလောက်အောင်ကို အင်အားကြီးတယ်။ ဒါ့အပြင် သူက ကြီးမြတ်သောရှမင်းဆက်က မဟုတ်။ မဖြစ်နိုင်ဘူး။ သူလည်း လုပ်လောက်မှာ မဟုတ်ဘူး။ လင်းထျန်းရုံ တွေးနေတဲ့ အချိန်မှာပဲ ။ မျက်နှာဖုံးစွပ်လူ လှုပ်ရှားတော့တယ်။ သူ့ လက်တွေ ကို နောက်ပြစ်ထားတယ်။ ဧည့်သည်တော် သုံးယောက်နားကို လျှောက်လာတယ်။
“မင်းက ဘယ်သူလဲ။”
“ အရှေ့နန်းတော်ကို ဘာကြောင့် ရှုပ်ထွေးအောင် လုပ်တာလဲ။”
“ မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ။”
ဧည့်သည်တော် သုံးယောက် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတယ်။ သူတို့ မျက်နှာတွေ ဖြူဖျော့နေခဲ့ပြီ။
“ ငါ ဘာလုပ်ဖို့ ကြိုးစားနေလဲ ဟုတ်လား။ တကယ်တော့ ဘာမှ မလုပ်ပါဘူး။ အရှင့်သား ကောင်းကောင်း အိပ်ပျော် နေလား မြင်ချင်လို့ပါ။” မျက်နှာဖုံးစွပ်လူ လေးလေး နက်နက်ပြောတယ်။
“ ကောင်းကောင်း အိပ်ပျော်နေလား။” ဧည့်သည်တော် သုံးယောက် ရုတ်တရက် ကြောင်သွားတယ်။ ဒါပေမယ့် သူတို့ ချက်ခြင်း နောက်ဆုတ်တော့တယ်။
“ မင်း ထပ် ကပ်မလာနဲ့။”
“ ငါ ဒီမှာ သေရရင် တောင်။ မင်းကို အရှင့်သားနား အကပ်မခံဘူး။”
“ ငါတို့ မသေသရွေ့ ဖြတ်သန်းဖို့ မစဉ်းစားနဲ့။”
ဧည့်သည်တော် သုံးယောက်က နီးကပ်လာတဲ့ မျက်နှာဖုံးစွပ်လူကို ကြည့်နေတယ်။ သူတို့ အမူအယာတွေ ပြောင်းကုန်ပြီ။ နှုတ်ခမ်းကို ကိုက်ထားရင်း နောက်ထပ် နောက်မဆုတ်ဝံ့တော့ဘူး။ သူ့ ရှေ့တည့်တည့်မှာသာ ပိတ်ရပ်နေခဲ့တာ။
လင်းထျန်းရုံကတော့ ထိတ်လန့်နေပြီ။ ကိစ္စတွေ စဖြစ်လာတည်းက ။ ဒီလူကို သတ်ဖို့ပဲ သူတွေးခဲ့တာ။ သူ အသတ်ခံရမှာကို မတွေးမိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူနေနေတာ အရှေ့နန်းတော်လေ။ ရန်မြို့တော်မှာ အစောင့် အကြပ်အများဆုံးနေရာ။ အတော်ဆုံး အစောင့် တွေ အကောင်းဆုံး လက်နက်တွေ ရှိတယ်။
ပြန်လည်မွေးဖွား မှု အဆင့် သုံးယောက် နဲ့ သဘာဝလွန် အထွဋ်အထိပ် အဆင့်တစ်ယောက်ကလည်း လုံခြုံရေး တာဝန်ယူထားသေးတယ်။ သူက ဘယ်လိုများ အန္တရာယ်ရောက်နိုင်မှာလဲ။ ဒါပေမယ့် အခုတော့ လင်းထျန်းရုံက နောက်ဆုတ်နေရပြီ။ မျက်နှာဖုံးစွပ်လူကို သူကြည့်တယ် ။ သူ့ရဲ့ ခေါင်းထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက အကယ်၍ မျက်နှာဖုံး စွပ်လူသာ တိုက်ခိုက်ရင်။ ဘယ်လို တုံ့ပြန်ရမလဲ။
“အရှင်မင်း သားကို ကာကွယ်ကြ။”
“မြန်မြန်။ သူ့ကို ကာကွယ်ကြ။ အနားကပ် မခံနဲ့။”
လင်းထျန်းရုံနောက်က အစောင့်တွေ ချက်ခြင်း သတိဝင်လာတယ်။ သူတို့ အားလုံး ချက်ခြင်း လှုပ်ရှားကြတယ် ။ ဒါက လင်းထျန်းရုံကို ဒေါသထွက်စေတယ်။ သူ့နန်းတော် စောင့်တွေက အုံလိုက် စုဝေးပြီးတော့ အကာအကွယ် ပုံဖော်ကြတယ်။
ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ အိမ်ရှေ့စံ မင်းသားက သူ့ အိမ်တော်မှာ သူ့ အစောင့်တွေ ၀န်းရံ ကာကွယ်တာကို ခံနေရတယ်။ ဒီ စကားတွေသာ အပြင်ထွက်သွားရင်။ သူ့ မျက်နှာကို ဘယ်သွားထားရတော့မှာလဲ ။ ဒီလို ဖြစ်နေတာတောင်မှ အစောင့်တွေကို သူ မတားမြစ်နိုင်ဘူး။
“ အရှင့်သား။ ထွက်ခွာပါတော့။ ကျွန်တော်မျိုး အစွမ်းကုန် တားဆီးထားပါမယ်။” အစောင့်က သစ္စာ အပြည့်နဲ့ လျှောက်တင်တယ်။ ဒါပေမယ့် လင်းထျန်းရုံရဲ့ မျက်နှာက မှောင် မည်း နေစမြဲ။ အစောင့်ကို သူ ကန်ထုတ်ပြစ်ချင်တာ အရမ်းပဲ။ သို့ပေမယ့် မလုပ်။ အစောင့်ရဲ့ လက်ကိုသာ တစ်ချက် ဆုပ်လိုက်တယ်။ အခြေအနေက ကသုတ်ကရက် ဖြစ်လွန်းတယ်။
မျက်နှာဖုံးစွပ်လူ လှုပ်ရှားတည်းက အခြေအနေလည်း ပြောင်းသွားပြီ။ အိမ်ရှေ့စံက ၀န်းရံခံထားပြီး လူတိုင်းက အန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတယ်။ ရုတ်တရက်။ အသံကျယ်ကြီး တစ်သံ အဝေးကနေ ထွက်လာတော့တယ်။
“ ဧကရာဇ် ကြွချီလာပြီ။”
“ဧကရာဇ် ကြွချီ လာပြီ။”
“…..”
လင်းထျန်းရုံ တုန်ယင်သွားတယ်။ သူ နောက်ဘက်ကို လှည့်ကြည့်တယ်။ အရောင်စုံဝတ်ထားတဲ့ အမတ်မင်းတွေ။ တောက်ပတဲ့ သံချပ်ကာတွေနဲ့ စစ်သူကြီးတွေ ရွှေရောင်သံချပ်ကာနဲ့ တော်ဝင် အစောင့်တပ်တွေ အကုန်လုံး ပါတဲ့ လူအုပ်ကြီးကို သူ တန်းမြင်တယ်။
အရှေ့ဆုံးမှာ ဦးဆောင်လာတဲ့ သူကတော့ ဧကရာဇ် လင်းမုပိုင်။ သူ့ရဲ့ ရွှေရောင် ၀တ်ရုံက ညအချိန်မှာတောင် တောက်ပနေတယ်။ တင်းမာနေတဲ့ မျက်နှာက လူတိုင်းကို တုန်ယင်သွားစေတယ်။
ဧကရာဇ်ရဲ့ နောက်မှာတော့ ငွေရောင်ဝတ်ရုံနဲ့။ သွမ့်အရှင် လင်းရှင်းကြွယ်။ သူကတော့ ဧကရာဇ်နဲ့ မတူ။ လှောင်ပြုံးပြုံးနေခဲ့တယ်။
“ညီတော် ခြောက်က တကယ့်ကို အချိန်ကိုက် ရောက်လာတာပဲ။ ” လင်းထျန်းရုံ ပုခုံးတွန့်ရင်း ပြောတယ်။
ဒါပေါ့ လင်းရှင်းကြွယ် ဒီကို ဘာကြောင့်ရောက်လာမှန်း သူသိတယ်လေ။ ဒါပေမယ့် သူ့နန်းတော်စောင့်တွေက သူ့ကို နောက်တွန်းပို့နေတဲ့ အချိန် အိမ်ရှေ့စံ တစ်ပါးရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါကို ဘယ်ထိန်းထားနိုင်မလဲ။