နတ်ဘုရား မုခ်ဝ - Chapter - 579 အလွန် နက်ရှိုင်းတဲ့ ကြောက်မက်ဖွယ် အင်အား
ချန်းဝူရဲ့ အမိန့်ကြောင့် နဂါးတပ်ဖွဲ့တွေ ကို ပိတ်ဆို့ဖို့ ၀တ်ရုံနက်တွေ ချက်ခြင်း လှုပ်ရှားကြတယ်။ တစ်ချိန်တည်းမှာပဲ တောင်ပိုင်းတပ်တွေက အရှင်ရှဲ့လော့ဆီကို ပြေးဝင်သွားတဲ့ အတွက် မြို့စောင့်တပ် တွေ အသက်ရှူချောင် သွားတယ်။ သူတို့တွေ မြားတွေကို နောက်တစ်ခေါက် ပြစ်ဖို့ ပြင်ကြပြန်တယ်။ လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။ တောင်ပိုင်း စစ်တပ်ကြီးရဲ့ နေရာပြောင်းမှုက မြို့စောင့်တပ်တွေကို ပြန်ပြီင်္းတော့ လှုပ်ရှားလာစေပြီ။ ဒီ အခွင့်အရေးကို သူ လက်လွှတ်ခံလို့ မဟုတ်ဘူး။
“ ခေါင်းနှစ်လုံး ဗျူဟာ စမယ်။ ဒိုင်းသမားတွေ အရှေ့တက် မြားသမားတွေ နောက်ဆုတ်။” လင်းရှင်းကြွယ် အော်ဟစ်ရင်း အမိန့် ချတယ်။
“ အ မိန့် တော် အတိုင်းပါ။” မြို့စောင့်တပ်တွေ ချက်ခြင်း လှုပ်ရှားတော့တယ်။ တစ်ချိန်တည်းမှာပဲ ခုခံ စစ်ပုံစံကနေ။ ခံစစ် တိုက်စစ် နှစ်မျိုးတွဲ ပုံစံကို ပြောင်းသွားတယ်။
“ ပြစ်။”
နောက်ထပ် အမိန့်သံ တစ်ခု ထွက်လာခဲ့တယ်။ မြို့စောင့်တပ်တွေ အရင်တစ်ခေါက်က လိုပဲ တိုက်ခိုက် ကြတယ်။ ဒီတစ်ကြိမ်မှာတော့ ဧကရာဇ် လင်းမုပိုင်ကို တိုက်ခိုက်ရုံတင် မကဘူး။ သူတို့ နောက်က တောင်ပိုင်း စစ်တပ်ကိုပါ တိုက်ခိုက်တာ။
“သတ်ကြ…”
“ သတ်ကြ…”
နဂါး တပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေ မြို့စောင့်တပ်ကို တိုက်ခိုက်ကြပြန်တယ်။ တောင်ပိုင်း စစ်တပ်နဲ့ သူတို့ ပူပေါင်းတယ်။
“ တန်းစီ။”
“ တိုက်ခိုက်။”
တောင်ပိုင်းဒေသ နယ်မြေမှူးတွေ အမိန့်ချရင်း အော်ဟစ်ကြတယ်။ မြို့စောင့်တပ်တွေရဲ့ မြားကို သူတို့ ခုခံ ထားခဲ့တယ်။ စစ်မြေပြင်က နောက်တကြိမ် မီးတောက်လောင် ပြန်ပြီ။ ရန်ရွှယ်နဲ့ ရှန်းယွီကတော့ အရှင် ရှဲ့လော့ ပျောက်ကွယ်သွားတာကြောင့် လန့်သွားကြတယ်။ ဒါပေမယ့် သူတို့ ချက်ခြင်း ပြန်တိုက်ခိုက် ကြပြန်တယ်။ ဒါပေမယ့် အကွာအဝေးကတော့ ဒီတစ်ခေါက်မှ ပိုဝေးနေတယ်။
“ အရှက်မရှိတဲ့ ကောင်စုတ် မြန်မြန်ထ။” ဖန်ကျန်းရှီရဲ့ မလှုပ် မယှက် ခန္ဒာကိုယ်ကို ပင်းယန် လှုပ်နှိုးနေခဲ့တယ်။ အရှင် ရှဲ့လော့ကို ကြည့်ရင်း သူမ မျက်ဝန်းထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်လာတယ်။ ဖန်ကျန်းရှီကို သူမ တွန်းထုတ်ချင်တယ်။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်က အရမ်းကို လေးလွန်းတယ်။ မျက်လုံးတွေက လုံးဝ ပိတ်ထားပြီးတော့ သတိလစ်နေသလိုပဲ။ နောက်ပြီးတော့ မျက်နှာတစ်ခုလုံး သွေးရောင်လေးတောင် မလွှမ်းပဲ ဖြူဖျော့နေတယ်။ တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်နေခဲ့တယ်။ -ျီးပဲ။ သူ့ကိုသူ ကာကွယ်နိုင်တယ်လို့ ပြောခဲ့တဲ့ အချိန်တုန်းက တကယ် ရူးနေလို့ ပြောမိတာ။
“ သူက ဒီလောက်တောင် အားနည်းတယ်လား။” ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကင်းမဲ့နေတဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း အရှင် ရှဲ့လော့ ပြောတယ်။ ဒါပေမယ့် သူ့ ညာလက်ကို ပင့်မြှောက်လိုက်တဲ့ အချိန် ထူးဆန်းတဲ့ အစိမ်းရောင် အလင်းတန်းက ည ကောင်းကင်မှာ တောက်ပလာခဲ့တယ်။ “ဒါဆိုရင်လည်း သေပေရော့။”
“ သေရမယ်။ … မဖြစ်ဘူး။” ပင်းယန်က လှည့်စား ခံရသလို ခံစားနေရပေမယ့် သူမချက်ခြင်း ထတယ်။ ဖန်ကျန်းရှီရဲ့ ကိုယ်ကို ဖက်ထားရင်း ကာကွယ်ပေးတယ်။ ဘာကြောင့် ဒီလို လုပ်မိလဲ ကိုယ်တိုင်တောင် မသိ။ ဖန်ကျန်းရှီက သတိလစ်နေတုန်းလေ။ ဒါကြောင့် ထွက်ပြေးတာက သူမ ဖြစ်ရမှာ။ နောက်ပြီးတော့ အရှင်ရှဲ့လော့ရဲ့ ပြစ်မှတ်က သူမ မဟုတ်ဘူး။ အခုတော့…. ဖန်ကျန်းရှီကို သူမ ဖက်ထားမိ တုန်းပဲ ဘာကြောင့်လဲ ဆိုတော့ ဒီတိုက်ပွဲ ကြီး အဆုံးသတ်ဖို့ ဖန်ကျန်းရှီ ကို လိုအပ်တယ်လို့ သူမ ထင်နေတာ ကြောင့်ပဲ။
“ အမ်… ကြည့်ရတာ ငါ နောက်တစ်ယောက်ကို သတ်ရတော့မယ့် ပုံပဲ။” ဖန်ကျန်းရှီကို ဖက်ပြီးတော့ ကာထားတဲ့ ပင်းယန်ကို ကြည့်ရင်း အရှင် ရှဲ့လော့ လန့်သွားတယ်။ ဒါပေမယ့် သူ အေးစက်စက် ပြုံးနေခဲ့တယ်။ သူ့ရဲ့ လက်ထဲက အလင်းတန်းက တဖြည်းဖြည်း ပို တောက်ပလာခဲ့တယ်။
“ ငါ့ သမီး ပင်းယန်ကို မထိနဲ့။။” ဧကရာဇ် လင်းမုပိုင် နောက်ထပ် တောင့်မခံနိုင်တော့ဘူး။ နဂါးတပ်ဖွဲ့ရဲ့ အကာအကွယ် စက်ဝိုင်းကနေ ချက်ခြင်း ပြေးထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ တောက်ပတဲ့ ရွှေရောင် အလင်းတန်းနဲ့ အတူ နဂါးကြီးလဲ လေထုထဲမှာ ပေါ်လာတယ်။ အနီရောင် အလင်းတန်းတွေ နဂါးမျက်လုံး ကနေ ထွက်ပေါ်လာတယ်။ နဂါးစိမ်း မျက်လုံး…။ ဧကရာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံး ပေါ်လာချိန်မှာပဲ ချန်ဖေးဟွားလည်း လှုပ်ရှားတယ်။ ည ကောင်းကင် အောက်မှာ ရွှေရောင် မြူနှင်းတွေ ထွက်ပေါ်လာတယ်။
“ ပင်းယန် … ပြေး…” ချန်ဖေးဟွား အော်ဟစ်တယ်။ သူမ တစ်ကိုယ်လုံး ရွှေရောင် မြူနှင်းထဲမှာ ပျောက်ကွယ်သွားတယ်။
ဧကရာဇ် လင်းမုပိုင် ထက် သူမရဲ့ လှုပ်ရှားမှုက အရင်ရှေ့ရောက်တယ်။ အရှင် ရှဲ့လော့ ကတော့ သူမ ခေါင်းပေါ်က ရွှေရောင်တိမ်တွေကို လျစ်လျူရှုထားတယ်။ တခြားသူတွေကို အာရုံစိုက်ဖို့ စိတ်ကူး ရှိပုံ မပေါ်လူး။ သူ့ရဲ့ တစ်ခုတည်းသော အလုပ် က ဖန်ကျန်းရှီကို သတ်ဖို့ နဲ့ သူ့ အလုပ်ကို နှောက်ယှက်တဲ့ သူတွေကို သတ်ဖို့။ အရမ်းကို ရိုးရှင်းတယ်။ ဒါကြောင့် ရွှေရောင် မြူနှင်းတွေနဲ့ ဧကရာဇ် လင်းမုပိုင်ကို လျစ်လျူရှုထားခဲ့တယ်။ ပင်းယန်ရဲ့ နောက်ကျောက်ို ရိုက်ချတယ်။
“မဖြစ်ဘူး…” ရွှေရောင် မြူနှင်းထဲကနေ အသံ ထွက်လာတယ်။ မျက်လုံး တစ်ခုလုံး ရွှေရောင် တောက်နေတဲ့ အရိပ်တစ်ခု ပေါ်လာခဲ့တယ်။ သူမ နောက်မှာ အနက်ရောင် အရိပ်စီးကြောင်းကြီး ကျန်နေခဲ့တယ်။ ချန်ဖေးဟွားက ဧကရာဇ် လင်းမုပိုင် ထက် အများကြီး မြန်ဆန်တယ်။ သူမရဲ့ ရွှေရောင်မြူနှင်းတွေ က အရှိန်ကို ပို မြန်ဆန်စေတယ်။ အရှင် ရှဲ့လော့ က ပင်းယန်ကို ရိုက်ချလိုက်တဲ့ အချိန်။ ချန်ဖေးဟွားက အရှင်ရှဲ့လော့ ရဲ့ နံကြားကို လက်သီးနဲ့ ထိုးလိုက်တယ်။
“ အမ်… ကိုယ့်ကိုယ်ကို အထင်ကြီးလိုက်တာ.“ အရှင်ရှဲ့လော့ရဲ့ လက်ဝါးက ပင်းယန်နဲ့ စင်တီ မီတာ နည်းနည်းပဲ ကွာတော့တယ်။ သူ့ကို ထိုးတဲ့ လက်သီးကို မြင်လိုက်ချိန်မှာတော့ အေးစက်စက် ရေရွတ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ မျက်လုံးထဲက အစိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး ချန်ဖေးဟွားရဲ့ လက်သီးနဲ့ တိုက်မိတော့တယ်။
ချန်ဖေးဟွား သူမ လမ်းမှာ တင် ရပါသွားတယ်။ လေထဲမှာ ဖမ်းချုပ်ခံလိုက်ရတဲ့ အတိုင်းပဲ။ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ သူမ ကိုယ်ကို ၀န်းရံထားတဲ့ ရွှေရောင် မြူနှင်းတွေ ပြိုကွဲသွားခဲ့တယ်။ ဒါတွေ အားလုံးက မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တာ။ ချန်ဖေးဟွား အရှင်ရှဲ့လော့ ရှေ့ ရောက်သွားတဲ့ အချိန်ကနေ သူမ လွှင့်ထွက်သွားတဲ့ အချိန် အထိ မျက်တောင် တစ်ခတ်စာတောင် မကြာခဲ့ဘူး။
“ ဟန်…” အရှင် ရှဲ့လော့ ပင့်သက်ချလိုက်တယ် ။ ချန်ဖေးဟွားကို အာရုံမစိုက်တော့ဘူး။ ပင်းယန် နဲ့ ဖန်ကျန်းရှီကိုသာ အာရုံစိုက်ပြန်စိုက်တယ်။ သူ့ လက်ဝါးကို အသင့်ပြင်ရင်း နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်ပြန်တယ်။ ဒီအချိန်မှာပဲ ရွှေနဂါး ခန္ဒာနဲ့ ဧကရာဇ် လင်းမုပိုင်က အရှင်ရှဲ့လော့ ခေါင်းပေါ်ကို ရောက်လာခဲ့တယ်။
“ဟွားအာ…” လွင့်ထွက်သွားတဲ့ ချန်းဖေးဟွားကို သူ ဖမ်းဆွဲရင်း အရှင်ရှဲ့လော့ကို တိုက်ခိုက်တယ်။ ထူးဆ န်းတဲ့ မျက်လုံး နီနေတွေက အရှင်ရှဲ့လော့ပေါ်ကို မီးမောင်းတစ်ခုလို ထိုးကျလာခဲ့တယ်။
“သွားသေလိုက်…” ထူးဆန်းတဲ့ အနီရောင် အလင်းတန်းနဲ့ ရွှေနဂါးကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ စွမ်းအားကြီး နတ်ဆိုး ဘုရင် တစ်ယောက် အနေနဲ့ သူ့ အလုပ်ကို ခနခန ၀င်ဝင် ရှုပ်ခံနေရတော့ ဒေါသ မထွက်ပဲ နေမလား။ နောက်ပြီးတော့ ဧကရာဇ် လင်းမုပိုင်တစ်ယောက်တည်းကို သူ ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ရန်ရွှယ်နဲ့ ရှန်းယွီကလည်း သူ့ဆီကို ပြေးဝင်လာနေတယ်။
တစ်ယောက်က ကြီးမြတ်သောရှမင်းဆက် ရဲ့ လက်ရှိ ဧကရာဇ်။ နောက်တစ်ယောက်က ရန်မိသားစုရဲ့ ဆက်ခံသူ အနောက်ပိုင်းလျန် ထီးနန်းရဲ့ အမွေခံ။ နောက်ဆုံးတစ်ယောက်ကတော့ တောင်ပိုင်းဒေသရဲ့ လက်ရှိ ဧကရီ။ နောက်တနည်း ပြောရရင်။ သူတို့ သုံးယောက်လုံး က သူတို့ နယ်မြေတွေမှာ ထိပ်သီးတွေပဲ။ အရှင် ရှဲ့လော့ ကို သူတို့ အင်အား ပေါင်းပြီးတော့ တိုက်ခိုက်နေကြတာ။ သွေးနီရောင် အလင်းတန်း က အရှင် ရှဲ့လော့ ရဲ့ လည်ပင်းကို ဓားတစ်ချောင်းလို လာစိုက်တယ်။ အေးစက်စက် လှိုင်း နှစ်ခုလည်း ထွက်ပေါ်လာခဲ့တယ်။
ဒီ အလင်းတန်းတွေ အားလုံး စုဝေးချိန်မှာ အရှင်ရှဲ့လော့ရဲ့ ကိုယ်ကနေ အစိမ်းရင့်ရောင် အလင်း မဏ္ဍိုင်ကြီး တစ်ခု ကောင်းကင်ကို ထိုးတက်သွားတယ်။ မြေပြင်ကနေ ကောင်းကင်ထိ အလင်း အလျင်နဲ့ကို တက်သွားခဲ့တာ။ ဒီ အလင်းတန်း ပေါ်လာတာနဲ့ လူတိုင်း အမြင်ကွယ်စေတဲ့ မန္တန်ကို အသုံးခံ လိုက်ရသလိုပဲ အမြင်အာရုံ ခေတ္တ ပျောက်ဆုံးသွားတယ်။ အဲ့ဒီ့နောက် သူတို့ ခန္ဒာကိုယ်တွေ ချန်ဖေးဟွားလိုပဲ လွင့်ထွက်သွားခဲ့တယ်။
“ ဒုန်း…”
“ ၀ုန်း…”
ဧကရာဇ် လင်းမုပိုင်က ချန်ဖေးဟွားနဲ့ အတူ မြေပြင်ပေါ်ကို လိမ့်သွားတယ်။ ရန်ရွှယ်နဲ့ ရှန်းယွီကတော့ တောင်ပိုင်း စစ်တပ်ဆီကို လွင့်ထွက်သွားတယ်။
“အရှင် ဧကရီ အဆင် ပြေရဲ့လား”
“သခင်လေး ရန်၊”
“ မြန်မြန် ဒဏ်ရာတွေကို ကု”
တောင်ပိုင်း စစ်သည်တော်တွေ ရန်ရွှယ်နဲ့ ရှန်းယွီ လွင့်ထွက်လာတာကြောင့် သေ ကုန်ကြတဲ့ စစ်သည်တော်တွေကို လျစ်လျူရှုထားတယ်။ သူတို့တွေကို မြန်မြန်ကုသဖို့ ပြင်တယ်။ နယ်မြေမှူး တစ်ချို့ ဆေးနှလုံးကို ထုတ်ပြီးတော့ တစ်ယောက် တစ်လုံးဆီ တိုက်ခိုက်တယ်။
သိပ် မနီးမဝေးနေရာမှာတော့ နဂါးတပ်ဖွဲ့က ဧကရာဇ် လင်းမုပိုင် နဲ့ ချန်ဖေးဟွားကို ၀န်းရံ ကာကွယ်ထားတယ်။ ၀တ်ရုံနက်တွေကို သူတို့ အနိုင်ယူခဲ့ပြီ။
“ မြန်မြန်… အရှင် မင်းမြတ်ကို ကယ်ရမယ်။”
“ အမိန့်တော် အတိုင်းပါ။”
စိတ်လှုပ်ရှားတဲ့ အသံတွေ လူအုပ်ထဲက ထွက်ပေါ်လာတယ်။ တိုက်ခိုက်နေတဲ့ မြို့စောင့်တပ်တွေလည်း ဒီ မြင်ကွင်းကြောင့် လန့်နေကြတယ်။ အစိမ်းရောင် အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ် အရှင် ရှဲ့လော့ အလင်းတန်းရဲ့ အလယ်တည့်တည့်မှာ ရှိနေတာ။ သူ့ မျက်လုံးတွေက လုံးဝကို စိမ်းနေခဲ့တယ်။ နဖူးပေါ်က ဂျိုတွေရဲ့ ရွှေရောင် အလင်းတန်းကလည်း ပို တောက်ပလာခဲ့တယ်။
“နတ်ဆိုးဘုရင်။”
“ဒါက နတ်ဆိုး ဘုရင်ရဲ့ တကယ့် စွမ်းအားလား။”
“ အရမ်းကို အင်အားကြီးတာပဲ။ ငါတို့ နိုင်ကော နိုင်နိုင်ပါ့မလား။”
တော်ဝင်နန်းစောင့်တပ်တွေ ကျောရိုးထဲက စိမ့်ချမ်းလာတယ်။ ဒါက အဆင့် မြင့် တိုက်ပွဲကြီးပဲ။ သူတို့ နဲ့ ကွာခြားတယ်။ ကွာခြားချက်က မြင့်လွန်းတယ်။ သူ့ရဲ့ အရှိန်နဲ့ အင်အားတွေကို ဘယ်သူမှ မရှင်နိုင်ဘူး။ အဇူရာ တာအိုနဲ့ ရှန်းယွီရဲ့ အနီးကပ်တိုက်ကွက်။ ဧက၇ာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံးတွေတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး။
“ ငါ့ကို ဂရုမစိုက်နဲ့။ မြန်မြန် ပင်းယန်ကို ကယ်”ဧကရာဇ် လင်းမုပိုင် နဂါးတပ်ဖွဲ့တွေကို တွန်းထုတ်ရင်း နောက်တစ်ကြိမ် မတ်တပ်ထရပ်ပြန်တယ်။ သူ့ ခန္ဒာကိုယ်က တုန်ယင်နေတယ်။ မျက်နှာတစ်ခုလုံး ခရမ်းေ၇ာင် ပြောင်းနေခဲ့ပြီ။ အဲ့ဒီ့နောက်။
“ဝေါ့…” သွေးတွေ ပါးစပ်ကနေ စီးကျလာခဲ့တယ်။
“အရှင် မင်းမြတ်။”
“ မြန်မြန် အရှင်မင်းမြတ်နဲ့ ကြင်ယာတော် ဟွားဖေးကို ခေါ်သွား။”
သတိလစ်နေတဲ့ ချန်ဖေးဟွားနဲ့ ပြာနှမ်းနေတဲ့ ဧကရာဇ်လင်းမုပိုင်ကို ကြည့်ရင်း နဂါးတပ်ဖွဲ့တွေ လှုပ်ရှားကြတယ်။ ဒီ နှစ်ယောက်ကို သယ်ရင်း ဆုတ်ခွာဖို့ ကြိုးစားကြတယ်။
“ မင်းတို့ လွတ်မယ် ထင်နေတာလား။” ချန်းဝူ လှောင်ပြုံးပြုံးလိုက်တယ်။ အရှင်ရှဲ့လော့နဲ့ သဘော တူညီချက် လုပ်တာ ဖန်ကျန်းရှီ တစ်ယောက်ကို သတ်ဖို့ပဲ အခုတော့။…. ဧကရာဇ်လင်းမုပိုင်ကော ချန်ဖေးဟွားပါ ဒဏ်ရာရနေပြီ။
သူ့ရဲ့ မူလ အစီအစဉ်ကိုတင် ပြီးမြောက်တာ မကဘူး ။ပင်းယန်ကိုပါ အပိုကြေးအဖြစ် ရအုန်းမယ်။ တောင်ပိုင်းစစ်တပ်တွေကိုလည်း ဆုတ်ခွာစေတယ်။ ရန်ရွှယ်နဲ့ ပင်းယန်ကိုပါ ဒဏ်ရာရစေလိုက်သေးတယ်။ ခဲ တစ်လုံးနဲ့ ငှက်လေးကောင်ကို ပြစ်လိုက်တာပဲ။ အောင်မြင်မှုက အထွတ် အထိပ်ကို ရောက်နေပြီ။ ဧက၇ာဇ် လင်းမုပိုင်ကို ဘာကြောင့် အသက်ရှင်လျက် ထားရမှာလဲ။ ဧကရာဇ် လင်းမုပိုင် သေတာနဲ့ ဒီတိုက်ပွဲကို သူ နိုင်ပြီလေ။
နှစ်ထောင်ချီ တည်တံ့လာတဲ့ ကြီးမြတ်သော ရှနိုင်ငံတော်ကြီး။ နောက်ဆုံးတော့ မြောက်ပိုင်း လူရိုင်း နိုင်ငံ လက်ထဲ ရောက်ရတော့မယ်။ ချန်းဝူရဲ့ မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာတယ်။ နဂါးတပ်ဖွဲ့ဆီ ကို သူ ချက်ခြင်း ပြေးဝင်တယ်။ ရောင်စုံလမ်း ကြောင်း ခြောက်ခုက သူ့ လက်ထဲမှာ တောက်ပလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျန်ရစ်တဲ့ သားရဲကောင် နှစ်ကောင် အော်သံ ထွက်ပေါ်လာတယ်။ အမြင့်ဆုံးအရှိန်နဲ့ သူတို့ ပြေးလာကြတယ်။
အရှင် ရှဲ့လော့လည်း နောက်တစ်ကြိမ် လက်မြှောက်လိုက်တယ်။ ဒီ အစိမ်းရောင် အလင်း မဏ္ဍိုင်ထဲမှာ ရပ်နေသရွေ့ သူ့ကို ဘယ်သူမှ မထိခိုက်နိုင်ဘူး။ လက်တစ်ဖက်ကို လှုပ်ရှားပြီးတာနဲ့ အလုပ်ပြီးပြီ။ အရာအားလုံးလည်း ပြီးဆုံးသွားလိမ့်မယ်။
“သေ…” သူ့ စကားကို ဆုံးအောင် မပြောရသေးခင်မှာပဲ အရှင် ရှဲ့လော့ရဲ့ လက် က ရပ်တန့်သွားတယ်။ သူ့ ရဲ့ ပျော်ရွှင်နေတဲ့ အမူအယာကနေ မယုံကြည်နိုင်တဲ့ အမူအယာကို ပြောင်းလဲနေတယ်။ ဘာကြောင့်လဲ ဆိုတော့ မြေပြင်ပေါ်မှာ သတိ လစ်နေတဲ့ ဖန်ကျန်းရှီလည်း ပျောက်ကွယ်သွားပြီ။ ပင်းယန်လည်း မရှိတော့ဘူး။ နှစ်ယောက်လုံး အစအနတောင် မကျန်ပဲ ပျောက်သွားတာ။ သူတို့ ရှိနေခဲ့တဲ့ နေရာမှာ ကျောက်စိမ်းဖြူ ဗူပြားလေး တစ်ခုပဲ ရှိနေခဲ့တယ်။ သူတို့ လွတ်သွားပြီလား။
အရှင် ရှဲ့လော့ ရဲ့ မျက်နှာတစ်ခုလုံး တောင့်တင်းသွားတယ်။ သူ့လို မြင့်မြတ်တဲ့ နတ်ဆိုး ဘုရင်က နှောက်ယှက်ခံရတာ သုံးခါတောင် ရှိနေပြီ။ အခုတော့ ပါးစပ်နားရောက်နေတဲ့ အစာလည်း ပျောက်သွားခဲ့ပြီ။ သူ ဒေါသ မထွက်ပဲ နေမလား။ အရှင် ရှဲ့လော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဘေးပတ်လည်ကို ကြည့်တယ်။ ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းက မြူနှင်းတွေလို တောက်ပလာတယ်။
“ထွက်ပြေးတာလား။ ဘယ်ကို မင်း ပြေး…” အရှင်ရှဲ့လော့ ဒေါသထွက်နေတာ မြင်သာတယ်။ ဒါပေမယ့် သူ စကားကို ဆုံးအောင် မပြောပြန်ဘူး။ ဒါတင်မက သူ့ရဲ့ ဒေါသ ထွက်နေတဲ့ ပုံစံက ပြောင်းလဲသွားပြီးတော့ နောက်ကို ခုန်ဆုတ်လိုက်တယ်။ အန္တရာယ် အငွေ့အသက်ကို ခံစားမိတဲ့ အတိုင်း သူ ချက်ခြင်း လှုပ်ရှားတာ။ ဒီအချိ်န်မှာပဲ အလင်းတန်း တစ်ခုက အရှင်ရှဲ့လော့ရဲ့ မူလ နေရာကို ကျရောက်လာခဲ့တယ်။ အစိမ်းရောင် အလင်တန်းကြီးထဲကနေ ထွက်ပေါ်လာပြီးတော့ မြေပြင်ပေါ်ကို ကျရောက်တယ်။
“ ၀ုန်း…” မိုးကြိုး ပြစ်သံကြီး ပေါ်ထွက်လာတယ်။
ဒီ အချိန်မှာပဲ မြေပြင်တစ်ခုလုံး။ တော်ဝင် နန်းတော်ကြီး တစ်ခုလုံး ငလျင်လှုပ်သလို ယိမ်းထိုး လှုပ်ခတ်တော့တယ်။ တောက်ပတဲ့ လအလင်းရောင်တောင် ပျောက်ကွယ်သွားတော့တယ်။ ကြောက်မက်ဖွယ် အင်အားလှိုင်းကြီးတွေ လေထဲမှာ ပေါ်လာတယ်။ မြေမှုန်တွေ ဖုန်မှုန့်တွေ လေထဲကို လွင့်ထွက်လာခဲ့တယ်။ ရုတ်တရက်။ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု မြေပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။ ဒီ မည်းနက်နေတဲ့ တွင်းကြီးက ဘယ်လောက်တောင် နက်ရှိုင်းမလဲ ဘယ်သူမှ မသိနိုင်ဘူး။