နတ်ဘုရား မုခ်ဝ - Chapter - 584 နန်းတော်ကို ဖျက်စီးနေတယ်
အရှင်လီချင်းရဲ့ အမူအယာက တောင့်တင်းသွားတယ်။ ဒါပေမယ့် ချန်းဝူကတော့ ဖန်ကျန်းရှီ သေရှင်ဂိတ်တံခါးကို ရွက်ပြီး ပြေးနေတာ မြင်တော့ ဒေါသက ငယ်ထိပ်ရောက်နေခဲ့ပြီ။ သူ ထွက်ပြေးတယ်ပေါ့။ ဟုတ်တယ်၊ တကယ်ပဲ ထွက်ပြေးတာ။ သေရှင်ဂိတ်ကို သယ်သွားတာကကော ရည်ရွယ်ချက် ရှိရှိ လုပ်တာလား။ သူ့ အသက်သူ ကယ်ချင်ရင် သေရှင်ဂိတ်ကို ထားခဲ့ရမှာ မဟုတ်ဘူးလား။ ချန်းဝူ အသေအချာ မပြောနိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီသာ သေရှင်ဂိတ်ကို နန်းပြင် ယူသွားခဲ့ရင် ဖြစ်လာမယ့် ရလဒ်ကတွေကို သူ ကောင်းကောင်း သိတယ်။
“ငါ့ရဲ့ သေရှင်ဂိတ်ကို ပြန်ပေး။”
“ဘာတွေ ပြောနေတာလဲ။ မင်းပြောတာ မှားနေပြီ။ အဲ့တာ ငါ့ရဲ့ သေရှင်ဂိတ်။” ဖန်ကျန်းရှီ တစ်ချက် လေးတောင် လှည့်မကြည့်ဘူး။ နန်းတော်ဂိတ်ကိုသာ အရှိန်ပြင်းပြင်း နဲ့ ပြေးသွားတော့တယ်။ စကားပုံ တစ်ခုရှိတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုက သူ့ရဲ့ ရဲရင့်မှု ပေါ်မှာ မူတည်တယ်။
သူ လုလာပြီးတဲ့ ပစ္စည်းတစ်ခုကို ဘာလို့များ ပြန်ပေးရမှာလဲ။ သူက ရူးနေလို့လား။ ဒါပေါ့။ သူ့အသက်ကို အရှင်လီချင်း အတွက် ဘာလို့ စတေး ရမှာလဲ။ ကြီးမြတ်သောရှ နိုင်ငံတော် နဲ့ ဧကရာဇ်တို့ ပင်းယန်တို့ကို ပဲ သိတဲ့ အဖိုးကြီးကို ဘာလို့ ကယ်ရမှာလဲ။ ဖန်ကျန်းရှီ အတွက်တော့ လုလာတဲ့ ပစ္စည်းကို ပြန်ပေးဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။
“၀ုန်း …”
သေရှင် ဂိတ်တံခါးက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ မြို့စောင့်တပ်တွေ ချက်ခြင်း လမ်းဖယ်ပေး ကြတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သေရှင်ဂိတ်ကို ရေလွှာလျှောစီး ဘုတ်ပြား တစ်ခုလို သုံးပြီးတော့ မြို့စောင့်တပ်တွေ ကြားကနေ ဖြတ်သွားတယ်။ သူ့ နောက်မှာ အနက်ရောင် အရိပ် စီးကြောင်းကြီး ပေါ်လာခဲ့တယ်။
ဖန်ကျန်းရှီ ထွက်သွားတာကို မြင်တော့ ချန်းဝူ အော်တားချင်တယ်။ ဖန်ကျန်းရှီကို လိုက်ဖမ်းဖို့ အရှင် ရှဲ့လော့ကို ပြောချင်တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ က ဧကရာဇ် လင်းမုပိုင် နဲ့ နီးကပ်နေပြီ။ ဒါကြောင့် ချန်းဝူ တွေဝေ သွားခဲ့တယ်။ ဒါပေမယ့် အရှင် ရှဲ့လော့ကတော့ မတွေဝေဘူး။ သူ့ ပုခုံးကို ခါချလိုက်တယ်။ အလင်း လှိုင်းတွေ ထွက်ပေါ်လာပြီးတော့ သူ့ ပုခုံးပေါ်က လက်လည်း ပြုတ်ကျသွားတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ကို ပြေးလိုက်တော့တယ်။ ရူးချင်စရာ အလင်းတန်း အရှိန်နှုန်းနဲ့။
အရှင်လီချင်းက နောက်တစ်လှမ်း ပြန်ဆုတ်တယ်။ ဧကရာဇ် လင်းမုပိုင် အနားကို ကပ်လာတယ်။ သူ့ အမူ အယာက တည်ငြိမ် နေပြီးတော့ မျက်မှောင်ကြုတ် ထားခဲ့တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ နောက် ကိုတော့ သူ လိုက်မသွား ခဲ့ဘူး။ အရှင် ရှဲ့လော့ ပြန်လှည့်မလား သူ မသေချာဘူးလေ။
“ ဦးရီးတော်။ ဒီက အခြေအနေကို တူတော် ကိုင်တွယ် နိုင်ပါတယ်။ နန်းတော်ဂိတ်ကိုပဲ သွားပေးပါ။” ဖန်ကျန်းရှီ နောက်ကို လိုက်သွားတဲ့ အရှင်ရှဲ့လော့ကို ကြည့်ရင်း ဧကရာဇ် လင်းမုပိုင် ပြောတယ်။ ဧကရာဇ် လင်းမုပိုင် ပြင်းပြင်း ထန်ထန် ချောင်းဆိုးရင်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့တယ်။
ဧကရာဇ် လင်းမုပိုင် ပြောတာ ကြားတော့ အရှင်လီချင်းရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ အဝေးကို ပြေးထွက် သွားတဲ့ အရှင် လီချင်း၊ ချန်းဝူ နဲ့ မြို့စောင့်တပ် တွေ ၀န်းရံထားတဲ့ လင်းရှင်းကြွယ်ကို သူ ကြည့်နေတယ်။ အံကြိတ်ရင်း သူ နောက်ထပ် မတွေဝေတော့ဘူး။
“အရှင်မင်းမြတ် ကို ဒီနေရာ အပ်လိုက်ပြီ။” စကား ပြောပြီးပြီးချင်း အရှင်လီချင်း ချက်ခြင်း ပြေးလိုက်တော့တယ်။
အရာ အားလုံးက အရေးပေါ် အခြေအနေ ဖြစ်နေပြီ။ ဖန်ကျန်းရှီ သေရှင် ဂိတ်ကို ယူပြီးတော့ ထွက်ပြေးတာ နန်းတော် ကပ်ဆိုက်တာကို ကယ်တင်ပေးတာပဲ။ ဧကရာဇ် ရဲ့ လုံခြုံရေးက ထိပ်တန်း ကိစ္စပဲ။ အကယ်၍ သေရှင် ဂိတ်တံခါးသာ မသမာသူ လက်ထဲ ရောက်သွားခဲ့ရင်။ နောက်ဆက်တွဲ တွေက မတွေးဝံ့ စရာပဲ။ သက်တန့်ရောင် အလင်းတန်းတွေ နောက် တကြိမ် တောက်ပလာပြန်ပြီ။ အရှင်လီချင်း အရှင် ရှဲ့လော့နဲ့ ဖန်ကျန်းရှီတို့ ထွက်သွားကြပြီ။ အရှင်ရှဲ့လော့ရဲ့ နောက်မှာ လူနှစ်ယောက် ကပ်လိုက် နေတယ်။ ရန်ရွှယ်နဲ့ ရှန်းယွီ။ သူတို့ရဲ့ အရှိန်နှုန်းက အရှင်ရှဲ့လော့လိုပဲ မြန်ဆန်တယ်။
“အဖိုး ပင်းယန်ကိုပါ ခေါ်သွားပေး။” ပင်းယန် လှမ်းအော်တယ်။ အရှင်လီချင်း မျက်လုံးက တနေရာကို ရောက်သွားတယ်။ လက်ဝါးကို သူ ရွေ့လျားတယ်။ သက်တန့်ရောင် အလင်းတန်းတွေက ပင်းယန်ကို ရစ်ပတ်ပြီး ဆွဲယူတယ်။ အရှင်လီချင်း အနားကို သူမ ရောက်သွားတယ်။ ဧကရာဇ် လင်းမုပိုင် အတွက်တော့ ပင်းယန် နန်းတော်ထဲမှာ ရှိနေတာ သူ့အတွက် ထိခိုက်မှု ပိုများနိုင်တယ်။ အရှင်လီချင်းလည်း ဒါကို ကောင်းကောင်း သိတယ်။ ဒါကြောင့် ပင်းယန်ကို သူခေါ်သွားတာ ဧကရာဇ် လင်းမုပိုင် အတွက်လည်း စိုးရိမ်စရာ လျော့စေတာပေါ့။
“သူတို့ အားလုံး ထွက်ပြေးပြီလား။” အရှင်လီချင်းက ပင်းယန်ကို ခေါ်သွားတာ မြင်တော့ ချန်းဝူ အံ့သြသွားတယ်။ နဂါးတပ်ဖွဲ့ ၀န်းရံထားတဲ့ ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွား၊ ဆက်လက် တိုက်ခိုက်နေတဲ့ တောင်ပိုင်းတပ်တွေ နဲ့ မြို့စောင့်တပ်တွေကို သူကြည့်တယ်။
နန်းတော်ထဲမှာ သူဆက်နေသင့်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဘာအတွက်လဲ။ ဧကရာဇ် လင်းမုပိုင်ကို သတ်ဖို့လား။ အရှင်ရှဲ့လော့လည်း မရှိ။ သေရှင်ဂိတ်လည်း မရှိပဲနဲ့ ဧကရာဇ်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူ ဒီ အတိုင်း လက်မလျှော့ နိုင်ဘူးလေ။ သေတဲ့ထိ တိုက်ခိုက်ရမယ်။ ချန်းဝူ တစ်ချက် ကြည့်ပြီးနောက် တိုက်ပွဲကို သူပါ ၀င်တိုက်တော့တယ်။
…
ည အမှောင်ထုထဲမှာ ခရမ်းရောင် ၀တ်ရုံရှင် တစ်ယောက်က နန်းတော် တံတိုင်းကို ခုန်တက်လာတယ်။ နန်းတော်ထဲကို လျှပ်စီး လက်သလို အရှိန်မျိုးနဲ့ ၀င်လာတယ်။ နတ်ဆိုး ကျောင်းတော်က အရှင်ချီဟို့။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ဒီလို ခိုးဝင်တာမျိုး လုပ်ခဲတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တော်ဝင် နန်းစောင့်တပ်တွေကို မဖြတ်ချင်တာကြောင့် သူ ဒီလို ၀င်လာခဲ့တာ။ ညီလာခံ ခန်းမနားကို ရောက်တော့ သူ တုံ့ခနဲ ရပ်သွားတယ်။ သူ သိထားခဲ့တဲ့ တော်ဝင် ညီလာခံ ခန်းမကြီး ပျောက်နေတယ်လေ။
“ညီလာခံ ခန်းမကြီး ဘယ်ရောက်သွားပြီလဲ။” ချီဟို့ မျက်လုံး ပြူးသွားတယ်။ ထိတ်လန့် တကြား အော်သံ ထွက်လာတယ်။ “ညီလာခံ ခန်းမကြီး ဖျက်ဆီး ခံလိုက်ရတာလား။” အတွေးနဲ့တင် သူ တုန်ယင်သွားတယ်။
“မင်း ဘယ်သူလဲ။”ချီဟို့ ရပ်နေတဲ့ လမ်းကနေ ခပ်ဝေးဝေးမှာ အရိပ်ကြီး တစ်ခုကို လှမ်းမြင်နေရတယ်။ အတော့်ကို ကြီးမားတဲ့ အရိပ်တစ်ခုပဲ။ လရောင်အောက်မှာ လှုပ်ရှားနေတာ။ မယုံနိုင်လောက်အောင် မြန်တဲ့ အရှိန်နဲ့ ရွေ့လျား နေတယ်။ အဲ့တာ သားရဲကောင်လား။ တွေးရင်းနဲ့ သူ အာရုံစိုက်ပြီး အနီးကပ် ပြေးကြည့်တယ်။ အထိတ်တလန့် နဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ ညီလာခံ ခန်းမ ပျောက်သွားတာထက် ပို အံ့သြစရာ ကောင်းနေတယ်လေ။
“ဖန်ကျန်းရှီလား။” ချီဟို့ ပါးစပ် အကျယ်ကြီးကို ပွင့်ဟနေပြီ။ သူ တစ်ခါမှ မမျှော်လင့် ထားတဲ့ နာမည်ကို ပြောမိနေပြီ။ သူ့ စွမ်းအားတွေ မဆုံးရှုံးသေးဘူးလား။ ဘာလို့ ဒီလောက် မြန်မြန် ပြေးနိုင်နေတာလဲ။ နောက်ပြီးတော့ သူ့ ခေါင်းပေါ် မြှောက်လာတဲ့ ကြေးစိမ်းတံခါးကြီးက ဘယ်လောက်တောင် လေးလိုက်မလဲ။ သူ ဘယ်လိုတောင် မနိုင်တာလဲ။ နေစမ်းပါအုန်း။ ဒီကြေးတံခါးကြီးက မြင်ရတာ ရင်းနှီးနေသလိုပဲ။
ချီဟို့ မျက်လုံး ပြူးနေရင်း စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ၀င်လာခဲ့တယ်။ သူ ဘယ်လိုပဲ တွေးတွေး ဒီနေရာမှာ ဘာတွေ ဖြစ်သွားလဲ တွေးမရဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ ဆီကို ပြေးလာနေတာ။ ချီဟို့ကို မြင်တော့ သူ အတော်လေး ပျော်သွားတဲ့ ပုံစံပဲ။ သူ့ ဆုတောင်းသံကို မိုးကောင်းကင်က ကြားပြီးတော့ ကယ်တင်ရှင် လွှတ်ပေးလိုက် တဲ့ ပုံစံနဲ့။
“ အရှင် ကျွန်တော့်ကို ကယ်ပါအုန်း။ နောက်က နတ်ဆိုးကို တားပေးပါ။” ဖန်ကျန်းရှီ ချက်ခြင်း လှမ်းအော်တယ်။
“နတ်ဆိုးလား။ ဘယ်က နတ်ဆိုးလဲ။ မင်း အစွမ်းတွေ မပျောက်သေးဘူးလား။ ဘယ်လိုများ ဒီလောက် မြန်မြန် ပြေးနိုင်မှာလဲ။ ငါ့ကို ဒီ တစ်လျှောက်လုံး မင်း ဖုံးကွယ် ထားတယ်ပေါ့။” ချီဟို့ ဆက်တိုက် မေးမြန်းတော့တယ်။
“အရှင် လွယ်လွယ်လေး အနိုင်ယူလို့ ရတဲ့ နတ်ဆိုး လေးပါ။ ကျွန်တော်တော့ မနိုင်ဘူး။ နောက်မှ ရှင်းပြ ပေးပါမယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပါအုန်း။” ဒါပေါ့ ။ ဒီလို ကိစ္စကို ဖန်ကျန်းရှီ မရှင်းပြ နိုင်ဘူးလေ။ ဒါကြောင့် သူ အရင်ဆုံး တောင်းဆိုတယ်။
“နတ်ဆိုးလေးလား။” ချီဟို့ တစ်ခဏတွေဝေ သွားတယ်။ အဲ့ဒီ့နောက် သူ ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ပြန်မှတ်မိတယ်။ ဧကရာဇ်ကို ကယ်တင်ရမှာ။ နောက်ပြီးတော့ နတ်ဆိုးဆိုတာ ကြီးကြီး ငယ်ငယ် သတ်မှဖြစ်မယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ စွမ်းအားတွေကို ဖုံးကွယ် ထားတာကလည်း နောက်မှ ဆွေးနွေးလို့ ရတယ်။ “ကောင်းပြီ ငါ့ လက်ထဲ အပ်လိုက်တော့။”
“ ကျေးဇူးတင်ပါတယ်။ အရှင်” ဖန်ကျန်းရှီ သွားဖြီးပြတယ်။ ချီဟို့ကို ဖြတ်ပြေးသွားပြီးတော့ နန်းတော် တံခါးဆီ ပြေးတယ်။ တစ်ချက်လေးတောင် မရပ်တန့်ဘူး။ အဲ့ဒီ့နောက် ချီဟို့ လည်း ညီလာခံ ခန်းမကို ဆက်သွားတယ်။ ဒါပေမယ့် သူဝေးဝေးတောင် မသွားနိုင်ဘူး။ ဖန်ကျန်းရှီ ဖြတ်သွားတဲ့ အချိန် သူ့ အမြင်အာရုံ ထဲမှာ လူတစ်ယောက်ကို တွေ့ရတာ ကြောင့်ပဲ။ လရောင်အောက်မှာ ဒီလူက အလင်းလို အရှိန်နဲ့ ရွေ့လျားနေတယ်။
ကျောင်းတော်သား တစ်ယောက်လို ၀တ်ရုံဖြူ ၀တ်ထားပြီးတော့ ခါးမှာ သားရဲကောင် ပုံစံ ကျောက်စိမ်းပြားကို ချိတ်ဆွဲထားတယ်။ အသားအရေက ဖြူဖျော့နေပြီးတော့ တော်ဝင် ဆန်ဆန် ချောမောတယ်။ ပိုပြီး အရေးကြီးတာ သူ့ မျက်လုံးတွေက ဆိုးယုတ်တဲ့ ပုံစံနဲ့ တောက်ပနေတာပဲ။ အစိမ်းရင့်ရောင် အလင်းတန်းတွေက မျက်လုံးထဲမှာ ပြည့်နှက်နေတယ်။ နဖူးက အမာရွတ် ပုံစံ မျက်လုံးက ဖြည်းဖြည်းချင်း မျက်တောင် ခတ်နေခဲ့တယ်။ အထင်ရှားဆုံး သွင်ပြင်ကတော့ ခေါင်းပေါ်က ဂျို နှစ်ချောင်းပဲ လရောင်အောက်မှာ ရွှေရောင် တောက်နေခဲ့တယ်။
“လူလား။” ချီဟို့ လမ်းမှာ ရပ်တန့်သွားတ်ယ်။ ဒါပေမယ့် ဒီလူရဲ့ အရှိန်နှုန်းကို မြင်တော့ သူ အော်မိပြန်တယ်။ “ငလူးပဲ။ ဒါက ဘယ်လိုလုပ် နတ်ဆိုး အသေးလေး ဖြစ်ရမှာလဲ။”
ဖန်ကျန်းရှီ သူ့ကို တပတ်ရိုက်သွားတာကို နားလည်သွားခဲ့တယ်။ ဆွဲလှဲပြီးတော့ မျက်နှာကို လက်သီးနဲ့ ထိုးခံ လိုက်ရသလိုပဲ။ ဖန်ကျန်းရှီ သူ့ကို အစွမ်းပျောက်ပြီလို့ လိမ်ထားတာကို သည်းခံနိုင်တယ်။ ဒါပေမယ့် နတ်ဆိုး ဘုရင်ကို ဘယ်လိုများ နတ်ဆိုး သေးသေးလေးလို့ ပြောနိုင်တာလဲ။”
“ဖန်ကျန်းရှီ မင်း ရပ်စမ်း။” ဖန်ကျန်းရှီကို ချီဟို့ လှမ်းအော်တယ်။ သူ့ စိတ်ထဲမှာ ဧကရာဇ်ကို ကယ်ရမယ်ဆိုတာ နားလည် နေတာကြောင့် ဖန်ကျန်းရှီလို ထွက်ပြေးလို့ မရဘူး။
“အရှင် လုပ်နိုင်တာကို ကျွန်တော် ယုံကြည်တယ်။ ဒါက နတ်ဆိုး ဘုရင်လေး တစ်ယောက်ပဲ လေ။” ဖန်ကျန်းရှီ ပြေးရင်းနဲ့ ပြန်ဖြေတယ်။ ချီဟို့ကတော့ ပြောစရာ စကားမဲ့နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ကိုင်ထားတဲ့ ကြေးစိမ်းတံခါးကြီးကို ကြည့်ရင်း သူ့ စိတ်ထဲ စကားလုံး တစ်ခု ၀င်လာတယ်။ သေရှင်ဂိတ်တံခါး။ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဒါပေါ့ အရင်တုန်းက သေရှင် ဂိတ်တံခါးကို သူ မြင်ဖူးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ဒီလို မြှောက်ထားမယ်လို့ မထင်ထားမိဘူး။ ဒါတောင် ဖန်ကျန်းရှီက ဒီ လောက်မြန်မြန် ပြေးနိုင်သေးတယ်။
ဒီကောင်က သေရှင် တာအိုကို တတ်ထားတာလား။ ဒါက ပိုတောင် မဖြစ်နိုင်သေးတယ်။ သေရှင် တာအိုက မြောက်ပိုင်း လူရိုင်း တိုင်းပြည် တော်ဝင် မိသားစုရဲ့ အထူး တာအိုလေ။ ဖန်ကျန်းရှီက ဘယ်လိုများ ဆရာ ကျအောင် တတ်မြောက်နိုင်မှာလဲ။ သူ ပို တွေးလေလေ။ ပိုပြီးတော့ စိတ်ရှုပ်လာလေပဲ။ အဲ့ဒီ့နောက် သူပြေးတော့တယ်။
နတ်ဆိုးဘုရင် လာနေတော့ သူလည်း ဘာမှ မလုပ်နိုင် ဘူးလေ။ ဖန်ကျန်းရှီ ကိုင်ထားတာ တကယ့် သေရှင် ဂိတ်တံခါး ဖြစ်နေမယ်ဆိုရင် သဲလွန်စတော့ နည်းနည်း ရလာပြီ။ အကယ်၍ ဖန်ကျန်းရှီ လက်ထဲမျာ ကိုင်ထားတဲ့ သေရှင် ဂိတ်ကိုသာ နတ်ဆိုးဘုရင် လိုက်နေတာ ဖြစ်ရင်။ သေရှင်ဂိတ်ကို ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ ဒီ အကြောင်းရင်းကြောင့် ချီဟို့လည်း ဘာကိုမှ ဂရု မစိုက်ပဲ ပြေးလိုက်တော့တယ်။
“ဟေး ဖန်ကျန်းရှီ ရပ်စမ်း။ မင်းကိုင်ထားတာ မြောက်ပိုင်း လူရိုင်း တိုင်းပြည်က သေရှင်ဂိတ်လား။” ချီဟို့ ဖန်ကျန်းရှီ ဆီ ပြေးလာရင်း အော်တယ်။
“အိုး အရှင် ဒီ ပစ္စည်း အကြောင်းကို သိတာလား။ ဒါပေမယ့် အခုတော့ ဒီ သေရှင် ဂိတ်တံခါးက ကျွန်တော့် အပိုင် ဖြစ်နေပြီ။” ဖန်ကျန်းရှီ လှမ်းပြောတယ်။
“မင်းရဲ့ သေရှင် ဂိတ်တဲ့လား။ အရှက်မရှိလိုက်တာ။” ချီဟို့ လှမ်းအော်တယ်။ သူ တကယ် အံ့သြနေခဲ့တယ်။ တကယ်ပဲ သေရှင် ဂိတ်တံခါး ဖြစ်မယ်ဆိုရင်။ ဘာတွေ ဖြစ်နေတာလဲ။ နန်းတော်ထဲမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ။ ချီဟို့ အသံက တဖြည်းဖြည်း နီးလာတာကို သတိထားမိတာကြောင့် ဖန်ကျန်းရှီ နားလည်သွားတယ်။
“-ျီးပဲ။ ဟိုက နတ်ဆိုးလေးကို သွားတိုက်လေ။ ဘာလို့ ငါ့နောက် လိုက်နေတာလဲ။”
“ ဒီဖေ– မင်းမေ့ နတ်ဆိုးလေး။ ငါ့ကို ငတုံးများ မှတ်နေတာလား။ အဲ့တာ နတ်ဆိုးဘုရင် ဆိုတာ အသိသာကြီး။” ချီဟို့ လှမ်းအော်တယ်။
“ ဒါပေမယ့် ခင်ဗျားက နတ်ဆိုး ကျောင်းတော် အရှင်လေ။ နတ်ဆိုးဘုရင်လေး တစ်ကောင်ကိုတောင် မနိုင်ဘူးလား။” ဖန်ကျန်းရှီ ဆက်ပြေးရင်း ပြောတယ်။
“ငါ သူ့ကို မနိုင်ဘူး။” ချီဟို့ ဒါမျိုး ပြောရမှာ မရှက်ခဲ့။ အဲ့ဒီ့နောက် သူ ဆက်ပြောတယ်။ “နန်းတော်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ အရှင်မင်းမြတ်ကော ဘယ်လို အခြေအနေ ရှိလဲ။”
“ မေးတာကောင်းတယ်။ ငွေသား တစ်သိန်း ပေးရင်း ဖြေမယ်။” ဖန်ကျန်းရှီ မျှော်လင့်တကြီးနဲ့ ပြောတယ်။
“မင်းက ဒီ အချိန်မှာတောင် ငွေကို အာရုံရောက် သေးတယ်လား။ ငါ ကတိမတည်မှာ မကြောက်ဘူးလား။”
“အိုး တကယ်တော့ မကြောက်ပါဘူး။ နတ်ဆိုးကျောင်းတော် သခင်က နန်းတော်ထဲကို ၀င်ပြီး ဧကရာဇ်ကို ကယ်ဖို့ လာတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကို တွေ့တော့ လန့်ပြီး ထွက်ပြေးသွားတယ်။ ဒီလို ပုံပြင်မျိုး စားသောက်ဆိုင်တွေမှာ ပြောကြရင် လူတွေ စိတ်ဝင်စားမယ် ထင်လား။”
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။” ချီဟို့ လန့်သွားတယ်။ အံကြိတ်ရင်း ပြန်ဖြေတယ်။ “ကောင်းပြီ။ ငွေသားတစ်သိန်း ပေးမယ်။”
“ညီလာခံ ခန်းမ ဖျက်ဆီးခံလိုက်ရပြီ။ ဧကရာဇ်က အသက်ရှင်နေသေးတယ်။”
“ပြီးတော့ကော။”
“ဒါအကုန်ပဲ။”
“…”
ချီဟို့ ငွေသား တစ်သိန်းကို အလကား ဖြုန်းတီးမိသလို ခံစားနေရတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဧကရာဇ် လင်းမုပိုင် အန္တရာယ် ကင်းတာ သိရတော့ စိတ်သက်သာရသွားတယ်။
“ဟေး၊ ငါ့ကို စောင့်အုန်း။”
“အရှင် ရူးနေတာလား။ နောက်ဆုံး ကျန်တဲ့သူက အရင်ဆုံး ဒုက္ခခံရမှာလေ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ နန်းတော်ဂိတ်ကို အရှိန်ပြင်းပြင်း ဆက်ပြေးနေခဲ့တယ်။
“…” ချီဟို့ ပြောစရာ စကားမဲ့နေတယ်။
ဒီအချိန်မှာပဲ သူတို့ ဆီ ပြေးဝင်လာပြီး ဖန်ကျန်းရှီကို လှံတွေနဲ့ ချိန်ထားတဲ့ မြို့စောင့်တပ်တွေကို သူတွေ့လိုက်ရတယ်။ ဖန်ကျန်းရှီကို မြင်တဲ့ အချိန် ချီဟို့ ဖြစ်သွားခဲ့သလို သူတို့လည်း အံ့သြ ကြောင်အ နေရတယ်။ ဒါပေမယ့် မေးခွန်းတွေက အရေး မကြီးဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ လက်ထဲက သေရှင် ဂိတ်ကြီး ပြုတ်ကျလာတာ ကြောင့်ပဲ။
“၀ုန်း” နားကန်းမတတ် အသံကြီး ထွက်ပေါ်လာတယ်။ ကျောက်တုံးလေးတွေ မြေပြင်ပေါ်ကို ပျံတက်လာတယ်။ ကျောက်တုံးကြီးတွေ ကတော့ အက်ကွဲကုန်တယ်။ သေရှင်ဂိတ်က ဖန်ကျန်းရှီ ရဲ့ ခြေထောက်အောက်ကို ရောက်သွားတယ်။ မြို့စောင့်တပ်တွေ ကြောက်လန့် တကြား နောက်ဆုတ်သွားတယ်။ သေရှင် တံခါး ပြုတ်ကျသွားတဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက ရူးစရာ ကောင်းလောက်အောင် မြင့်တဲ့ အမြင့်ကို ခုန်ပြီး နန်းတော် တံတိုင်းပေါ် ရောက်သွားတယ် ။
“ဒီ ခွေးကောင်။” ချီဟို့ အော်ဆဲ မိတော့တယ်။