ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 10
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀ – ရုတ်ချည်း ပြောင်းလဲမှု
လက်မောင်းအရွယ်လုံးပတ်ရှိသောနွယ်ပင်များသည် ကောင်းကင်ပြင်မှ တွဲလျားကျနေပြီး နှင်းမြူများကြောင့် မြင်ကွင်းမှာမသဲကွဲလှ။
ထုထည်ကြီးမားပြီး အလေးချိန်စီးသော ဂြိုဟ်တုတစ်လုံးသည် နွယ်များနှင့်ငြိပြီး ရထားပေါ်သို့ ကျနေသည်ပင်။ သို့သော် ယခုတော့ ပတ်ဝန်းကျင်တစ်ခုလုံးသည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ချူဖုန်းတို့ရှေ့မှမြင်ကွင်းသည် အလွန်အံ့သြစရာကောင်းလှသည်။ သူတို့ရှေ့တွင်ရှိနေသော ဂြိဟ်တုသည် အမှန်စင်စစ် ကမ္ဘာကိုလှည့်ပတ်ရင်း အာကာသထဲတွင်ရှိနေရမည့် အရာတစ်ခုပင်။ ဤဂြိုလ်တုသည် ဤကမ္ဘာပေါ်ကို မည်ကဲ့သို့ပြုတ်ကျလာပါသနည်း…
ချူဖုန်းနှင့် ကျိုးချွမ်သည် မရည်ရွယ်ဘဲ ကောင်းကင်ပေါ်သို့ထပ်ကြည့်မိကြပြီး ကျောရိုးတစ်လျှောက်စိမ့်အေးလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကောင်းကင်တွင် မည်သည့်အရာများရှိနေသနည်း။
” ဒီနွယ်တွေက ကောင်းကင်ပေါ်ကနေကျလာတာလို့တော့ လာမပြောနဲ့နော် ” ကျိုးချွမ်သည် မျက်နှာပျက်နေပြီး အသံလည်း ခပ်အက်အက်ဖြစ်နေ၏။
သူသည် သူမြင်နေရသောအရာကို ယုံကြည်လက်ခံရန် ခဲယဥ်းနေသည်။
ချူဖုန်းက ဘာမှမပြော။ ရှေ့သို့သာဆက်လျှောက်သွားပြီး ပိုပြီးနီးနီးကပ်ကပ်မြင်ရရန် နွယ်များကိုတွန်းဖယ်လိုက်သည်။ သူက သူတို့မြင်ရသောအရာမှာ ဂြိုဟ်တုဟုတ်မဟုတ် အတုပြုလိုခြင်းဖြစ်သည်။
” တကယ်ပဲ ဘာတွေဖြစ်နေတာလဲ ” ကျိုးချွမ်နားမလည်နိုင်ဖြစ်နေသည်။
ချူဖုန်းသည် အတွေးကမ္ဘာထဲတွင် နစ်မြောနေသည်။ ပြင်ပကမ္ဘာတွင်မည်သည်များဖြစ်ပျက်နေကြောင်း သူမသိ။ သူသိသည်မှာ သူတို့အားလုံး ဤနေရာမှအမြန်ဆုံးထွက်သွားသင့်ကြောင်းပင်။
” ချူဖုန်း မင်း ဘာလုပ်နေတာလဲ ” ကျိုးချွမ် ချူဖုန်းကို ကြည့်လိုက်သောအခါ ချူဖုန်း နွယ်များကိုတွယ်တက်နေသည်ကို တွေ့လိုက်ရသည်။
” ငါ ကောင်းကင်ပေါ်တက်သွားမလို့ ” ချူဖုန်း ပြန်ဖြေလိုက်သည်။
” မင်းမှာ နောက်ပြောင်ချင်စိတ်ရှိနေသေးတာလား .. ငါ ကြောက်လွန်းလို့ သေးတောင် ထွက်ကျတော့မယ်..” ဖက်တီးကျိုးသည် အများအားဖြင့် ပြုံးရွှင်နေတတ်သူတစ်ဦးဖြစ်ပြီး သူတော်စင်တစ်ဦးကဲ့သို့ဟန်ပင်မျိုးရှိသည်။ သို့သော် ယခုမူ သူ့မျက်နှာသည် စိုးရိမ်ကြောင့်ကြမှုအပြည့်ဖြစ်နေသည်။
သူ မကြာသေးမီက တွေ့ကြုံလိုက်ရသော အပြောင်းအလဲများစွာက သူ့ကိုဆတ်ဆတ်ထိမခံတတ်သည့်သူတစ်ဦးဖြစ်သွားစေသည်။
” ငါ့ကိုတင်ပေးဦး .. ငါ အပေါ်တက်ပြီးကြည့်မလို့ ” ချူဖုန်း သူ့ရည်ရွယ်ချက်ကို ကျိုးချွမ်အား ပြောပြလိုက်သည်။
” မလုပ်နဲ့ အန္တရာယ်များလွန်းတယ်.. ဒါက ဘာကြောင့်မှန်းမသိ ကောင်းကင်ပေါ်ကနေ ပြုတ်ကျနေတဲ့ ဂြိုလ်တုကြီးပဲ .. မင်း ကောင်းကင်ဘုံကိုးသွားလည်ချင်နေတာ ငါသိတယ် ဒါပေမဲ့ ကောင်းကင်ဘုံကိုသွားတဲ့လမ်းကြောင်းဆိုတာမရှိဘူးလို့ ငါပြောရဲတယ်” ကျိုးချွမ်က ကန့်ကွတ်လိုက်သည်။ သူ ချူဖုန်း၏လုံခြုံရေးကို စိတ်ပူသည်။
” စိတ်မပူပါနဲ့.. ငါအရမ်းအမြင့်ကြီးထိမသွားပါဘူး.. အဲဒီမှာ ဘာရှိနေလဲဆိုတာ ဒီတိုင်းကြည့်ချင်ရုံလေးပဲ .. ငါ့ကိုယ်ငါ ဂရုစိုက်လိုက်မယ် ” ချူဖုန်းသည် သူ၏ကြံ့ခိုင်တောင့်တင်းသောကိုယ်လုံးကိုယ်ပေါက်ဖြင့် ၆ မီတာအမြင့်ကို တခဏအတွင်းတက်လိုက်သည်။
ထိုအမြင့်သို့ရောက်သည်နှင့် သူသည် နှင်းမြူများကြား ပျောက်ကွယ်သွားသည်။ အလွန်ထူထပ်သိပ်သည်းလှသော မြူခိုးများကြောင့် မြေပြင်မှလူများ သူ့ကိုမမြင်ရတော့။
” ဟေ့လူ အဆင်ပြေရဲ့လား ” ကျိုးချွမ်က အောက်ဘက်မှ အော်မေးလိုက်သည်။
” အဆင်ပြေတယ် ” ချူဖုန်းက ပြန်ဖြေလိုက်သည်။ သူသည် မရပ်သေးဘဲ အပေါ်ဘက်သို့ဆက်တက်သွားလေသည်။
” နွယ်တွေကပိုပြီးတောင်တုတ်လာသေးတယ်.. ဒီနွယ်တွေ ဒီလိုဒေါင်လိုက်တွဲကျနေတာကိုကြည့်ပြီးပြောရရင် သူတို့တွေက ဘေးဘက်ကတောင်တွေပေါ်ကနေမဟုတ်ဘဲနဲ့ အထက်ကောင်းကင်ပြင်ကနေပြီး ကျလာတာနဲ့ တူနေတယ် ” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်ကို မယုံနိုင်လောက်အောင်ပဲ .. တစ်ညတည်းနဲ့ ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာတာလဲ..”
ထို့နောက် သူ သတင်းတစ်ပုဒ်ကို ရုတ်တရက် သတိရသွားသည်။ ထိုသတင်းသည် လွန်ကဲစွာကြီးထွားနေသောသစ်ပင်များသည် အာကာသထဲ၌ပင် ရောက်ရှိနေပြီး ထိုသစ်ပင်များသည် ကမ္ဘာပေါ်မှမျိုးစိတ်များပင်မဟုတ်ဟူသည့် သတင်းဖြစ်သည်။ ထိုသတင်းက ချူဖုန်းအား အတွေးပွားစေသည်။
ချူဖုန်းသည် တော်သင့်ရုံသာစွန့်စားရန်ဆုံးဖြတ်ပြီး နွယ်ပင်မှတစ်ဆင့် အောက်သို့ပြန်ဆင်းလာခဲ့သည်။
” ငါတို့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားသင့်တယ်.. ဒီနေရာမှာ ဒီထက်ပိုပြီးကြာကြာဆက်မနေသင့်တော့ဘူးထင်တယ်.. ဒီမှာ ရပ်နေရုံနဲ့ကို ငါကျောချမ်းလာပြီ ” ကျိုးချွမ် ပြောလာသည်။
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ ရထားက ဤနေရာတွင် ကျောက်ချထားသလိုရပ်နေပြီး ဖုန်းများကလည်းဆက်သွယ်၍မရသဖြင့် ဤနေရာမှထွက်သွားနိုင်မည့်နည်းလမ်းကို သူတို့ကိုယ်တိုင်ရှာကြရပေတော့မည်။
ဤနေရာတွင် မလှုပ်မယှက်နေကာ ထိတ်လန့်ဖွယ်ကောင်းပြီးထူးဆန်းသောကိစ္စရပ်များနှင့် ရင်ဆိုင်ကြုံတွေ့မည်ကို စောင့်ဆိုင်းနေခြင်းသည် မိုက်မဲမှုသာဖြစ်သည်။
” ဘုရားရေ အဲ့တာဘာကြီးလဲ ” ရုတ်တရ် အံ့သြတကြီး အော်သံတစ်သံထွက်ပေါ်လာသည်။
ကြံ့ခိုင်သန်စွမ်းသောလူငယ်အနည်းငယ်လည်း ရထားပေါ်သို့တက်လာကြကာ ဂြိုဟ်တုကိုတွေ့ပြီးနောက် အံ့အားသင့်သွားကြသည်။
သူတို့သည် သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အံ့အားသင့်ပြီး ကြက်သေသေသွားကြလေ၏။
ခဏကြာပြီးနောက် ဤသတင်းသည် ခရီးသည်များကြားတွင် လျင်မြန်စွာပျံ့နှံ့သွားပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြသည်။ လူတိုင်းစိုးရိမ်ထိတ်လန့်သွားကြပြီး စိတ်အေးအေးမထားနိုင်ကြတော့ပေ။ ခရီးသည်များသည် ဆူဆူညံညံပြောဆိုကြရင်း ငိုကြွေးကြရင်းဖြင့် ရထားထဲမှထွက်လာကြသည်။
” ဒီနေရာမှာ မူမမှန်တဲ့ကိစ္စတွေလွယ်လွယ်ကူကူဖြစ်နိုင်တယ် ” ကျိုးချွမ်သည်လည်း အတော်စိုးရိမ်နေလေပြီ။
ဦးဆောင်ညွှန်ကြားမည့်သူမရှိသဖြင့် အခြေအနေကဖရိုဖရဲဖြစ်လာသည်။ သို့သော် ဤသို့သောအချိန်မျိုးတွင် မည်သူက ဦးဆောင်ပြီး တာဝန်ယူနိုင်မည်နည်း… ထူပူနေသောရထားဝန်ထမ်းများသည်ပင် ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။
” ဟိုအလောင်းနဲ့ပတ်သက်ပြီး ဘာထပ်သိရသေးလဲ ” ချူဖုန်း မေးလိုက်သည်။
” ဘာရှာတွေ့ဦးမှာလဲ.. သူကသေနေတာကြာလှပြီ.. အဲ့လူက ရှေးခေတ်ကလူလုံးဝမဖြစ်နိုင်ဘူးလို့ တခြားလူတွေပြောနေတာ ကြားခဲ့တယ်.. သူ့ကိုယ်ပေါ်မှာ ဖုန်းတစ်လုံးရှိတယ်တဲ့ ” ကျိုးချွမ် ပြန်ဖြေလိုက်သည်။
” တကယ်လား.. ” ချူဖုန်း အံ့အားသင့်သွားရ၏။ သူသည် ထိုအလောင်းကို ယခင်ကစစ်ဆေးကြည့်ခဲ့ပြီဖြစ်ပြီး ထိုလူ၏အဝတ်အစားများသည် ရှေးကျသည့်အသွင်အပြင်ရှိရုံသာမက ရှေးခေတ်ကဆွဲဆောင်မှုမျိုးကိုပါ အမှန်တကယ်ပိုင်ဆိုင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
” အရမ်းမတွေးနဲ့တော့.. မြန်မြန် သွားကြစို့ ” ကျိုးချွမ် သူ့ကိုတိုက်တွန်းလိုက်သည်။ ကျိုးချွမ်သည် ဤနေရာတွင် တစ်စက္ကန့်မှထပ်မနေချင်တော့။
အခြားသူများသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုသူများသည်လည်း ဤနေရာမှထွက်သွားလိုကြောင်း သိသာလှ၏။
ချူဖုန်းသည် သူ့လက်ထဲမှ အနက်ရောင်ဓားမြှောင်အကြောင်း စဥ်းစားနေသည်။ ထိုဓားမြှောင်သည် အလျား ၃၀ စင်တီမီတာခန့်သာ ရှိသော်လည်း သူသိထားသမျှသတ္တုများထက် ပို၍သိပ်သည်းလေးလံ နေသည်။ ထိုအရာက သူ့ကိုသံသယဝင်စေသည်ပင်။
” အဲဒီလူရဲ့ဖုန်းက ဘယ်မှာလဲ..သူ ဘယ်သူနဲ့ဆက်သွယ်ခဲ့လဲဆိုတာ ငါသိချင်တယ်… “
သို့သော် ကံမကောင်းစွာဖြင့် ထိုသူ၏ဖုန်းသည် ရုတ်ရုတ်သဲသဲဖြစ်နေသည့် လူများအကြားတွင် ပျောက်ဆုံးသွားသည်မှာ ကြာနေပြီဖြစ်၍ ချူဖုန်း၏ဆန္ဒများမပြည့်ခဲ့ပေ။
” သွားကြစို့ ”
သူတို့ နှောင့်နှေးမနေတော့ဘဲ ဤနေရာမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
လူအုပ်စုအချို့သည် ထိုနေရာမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ထွက်လာကြပြီး လမ်းတစ်လျှောက် အချင်းချင်းအဖော်ပြုကာ အနီးဆုံးမြို့ဆီသို့ ဦးတည်သွားကြလေသည်။
ချူဖုန်းနှင့်ကျိုးချွမ်သည် ရထားလမ်းတစ်လျှောက် လျှောက်လာခဲ့ကြသည်။ ကျိုးချွမ်သည် ဤလမ်းခရီးကို အကြိမ်ကြိမ်အသွားအပြန်လုပ်ဖူးသောကြောင့် ဤလမ်းကြောင်းနှင့် အလွန်ရင်းနှီးနေပြီးဖြစ်၏။ သူ့ပြောစကားအရ တောင်များကိုကျော်လွန်ပြီး ၂ ကီလိုမီတာကျော်ကျော်ဆက်သွားပါက မြို့ငယ်လေးတစ်ခုရှိသည်ဟု သိရသည်။
” ဘယ်ကောင်က ဒီလိုလုပ်တာလဲ.. ရထားရပ်သွားတာ ဘာမှအံ့သြစရာမရှိတော့ဘူး.. ငါလခွမ်း.. ” ကျိုးချွမ်သည် ဒေါသတကြီး အော်ဟစ်လိုည်။
သူတို့သည် ရထားလမ်းတစ်လျှောက် ကီလိုမီတာအနည်းငယ်လျှောက်လာပြီးနောက် ရထားလမ်းတစ်ခု ပြတ်တောက်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်ပင်။ ရထားသာဆက်မောင်းလာလျှင် သေချာပေါက်ဒုက္ခရောက်ပေလိမ့်မည်။
” ခဏနေဦး .. တစ်ခုခုတော့ မှားနေပြီ.. ”
ထိုနေရာမှ ခပ်လှမ်းလှမ်းတွင် နောက်ထပ်ပြတ်တောက်နေသည့် ရထားလမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ တစ်ယောက်ယောက် တမင်သက်သက်လုပ်ထားခြင်းမဟုတ်။ အဲဒါဆိုဘာလို့ ဒီလိုဖြစ်နေတာလဲ..
” တွေ့လား.. အဲဒါက ထူးဆန်းမနေဘူးလား.. ”
ကျိုးချွမ်က အနားကပ်ကြည့်လိုက်သည်။
ထူးဆန်းသည့် အားတစ်ခုကြောင့် ကမ္ဘာမြေကြီး ကျယ်ပြန့်လာပြီး ထိုရထားလမ်းကြောင်း ပြတ်တောက်သွားသလို ဖြစ်နေသည်ပင်။
ချူဖုန်းတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ ကမ္ဘာကြီးက ဘယ်လိုလုပ် ကျယ်လာနိုင်မည်နည်း
” ငလျင်ကြောင့်ဖြစ်မယ်ထင်တယ် ” ကျိုးချွမ် ပြောလိုက်သည်။
သို့သော် မကြာသေးမီက ငလျင်လှုပ်သွားခြင်းကို သူတို့မခံစားမိခဲ့။ ထို့ကြောင့် ငလျင်ကြောင့်လည်း မဖြစ်နိုင်တော့။
သူတို့နှစ်ဦးသည် ခေါင်းရှုပ်သွားကြပြီး ခန္ဓကိုယ်ထဲမှ သွေးများပင် အေးခဲသွားသယောင် ခံစားလိုက်ရသည်။
သူတို့ရှေ့ဆက်သွားပြီး မကြာမီပင် မြေကြီးများကျယ်ပြန့်လာမှု၏သက်သေဖြစ်သော ရထားသံလမ်းများကွဲအက်သံကို သူတို့ကိုယ်တိုင်ကြားလိုက်ရသည်။
ကျိုးချွမ်အံ့အားသင့်သွားပြီး မည်သည့်စကားမှ ထွက်မလာတော့ပေ။
” သောက်ရမ်းယုံကြည်စရာ မကောင်းလိုက်တာ ” သူ့နှုတ်မှ လွတ်ခနဲထွက်လာသည်။
” မြန်မြန် သွားကြစို့.. ဒီနေရာကမတည်ငြိမ်တော့ဘူး .. ငါတို့ အခု ပြေးမှရတော့မယ် ” ချူဖုန်း ခြေလှမ်းအရှိန်မြှင့်လိုက်သည်။
ဖက်တီးကျိုးသည် ဝသော်လည်း သက်လုံအလွန်ကောင်း လှသည်ပင်။ သူသည် ဟောဟဲလိုက်နေသော်လည်း နားရအောင်ဟု တစ်ခါမှ မပြော။
” အာ လမ်းမရှိတော့ဘူးလား ”
ရထားလမ်း၏ရှေ့တွင် တောင်ကြီးတစ်လုံးရှိနေပြီး လမ်းပိတ်ထားသည်။
အံ့သြစရာအကောင်းဆုံးအပိုင်းမှာ ရှေ့မှ လမ်းကြောင်းများသည် ဤတောင်အောက်မှ ထွက်လာသည်ဟု ထင်ရခြင်းပင်။ ရထားသံလမ်းများပျောက်ကွယ်နေသော်လည်း မြေကြီးများကိုတူးကြည့်မည်ဆိုပါက ထိုရထားလမ်းများ၏တစ်စိတ်တစ်ပိုင်းကို တွေ့နိုင်ပေသေးသည်။
ကျိုးချွမ်ကို မဆိုထားနှင့် ချူဖုန်းသည်ပင် အလွန်မှင်သက်အံ့သြနေလေပြီ။ ဤသည်မှာ မည်သို့သောအခြေအနေမျိုးဖြစ်သနည်.. ဤဒေသတွင် တောင်တစ်လုံးက ရုတ်တရက် မည်သို့ရောက်လာသနည်း…
” ရှေ့မှာ မြို့တစ်မြို့ရှိတယ်ဆိုတာ သေချာလား ” ချူဖုန်းက မေးလိုက်၏။
” လုံးဝသေချာတယ် ” ကျိုးချွမ်က ပြန်ဖြေလိုက်သည်။ သူသည် ဤတောင်ကို ယခင်က မမြင်ဖူးကြောင်းကိုလည်း ကျိန်ပြောလိုက်သည်။ ထိုတောင်သည် ယခုမှပေါ်လာပြီး ဤနေရာသို့ရောက်လာခြင်းဖြစ်ဟန်တူသည်။
” ငါတို့မှာ အဲ့တောင်ပေါ်ကို တက်တာအပြင် တခြားရွေးချယ်စရာသိပ်မရှိဘူး.. ငါတို့တွေ ဘာမှန်းညာမှန်းမသိတဲ့ကမ္ဘာတစ်ခုကို ရောက်နေသလားလို့တောင် ငါ သံသယဝင်နေပြီ ” ကျိုးချွမ် ပြောလိုက်၏။
” ဒီတောင်ပေါ်ကိုမတက်နဲ့တော့ .. ပတ်သွားရအောင် .. အရမ်းဝေးတာမှမဟုတ်တာ ” ချူဖုန်း ကျိုးချွမ်ကို တားလိုက်သည်။
ကျိုးချွမ်က အခွင့်အရေးကိုလက်မလွှတ်ချင်။ သူသည် ဤတောင်ကြီးမည်သည့်နေရာမှ ရောက်လာကြောင်းကို အတော်စူးစမ်းချင်နေသည်။ ဤတောင်သည် လေထဲတွင် မည်သို့ပေါ်လာသနည်း။
” ဝေါင်း… ”
ကျယ်လောင်သောဟိန်းဟောက်သံကြီးက တောင်ပေါ်ရှိသစ်တောများကိုပင် လှုပ်ယမ်းသွားစေသည်။ သာမန်မဟုတ်သော ဤဧရာမတောင်ကြီးပေါ်တွင် ကြောက်မက်ဖွယ်သားရဲများရှိနေကြောင်း သိသာလှ၏။
” ဘယ်လိုဖြစ်နိုင်မှာလဲ.. ကြောက်စရာကောင်းလိုက်တဲ့ဟိန်းသံကြီး.. ငါသိထာားသလောက်ကတော့ ဒီပတ်ဝန်းကျင်မှာ အဲ့လိုသားရိုင်းကောင်ကြီးတွေ မရှိဘူး.. ဒီအကောင်က ဘယ်ကနေရောက်လာကြတာလဲ ” ကျိုးချွမ်သည် ကြောက်လန့်မှုကြောင့်တုန်နေသည်။
သူ၏ တောင်ပေါ်သို့တက်မည့်အတွေးလည်း ထိုဟိန်းသံကြောင့် အဆုံးသတ်သွားပြီး ချူဖုန်းအကြံအတိုင်း တောင်၏အစွန်အဖျားမှ ကွေ့ပတ်သွားလိုက်ကြသည်။
ထိုသို့သွားနေစဥ်အတောအတွင်း ကြောက်မက်ဖွယ်ဟိန်းသံများကို ကြားနေရဆဲပင်။ ထို့နောက် တစ်ယောက်ယောက်၏ အာခေါင်ခြစ်အော်သံကို ကြားလိုက်ရသည်။
” ဟိုမှာ တောင်ပေါ်တက်နေတဲ့လူတွေ ” ကျိုးချွမ်၏မျက်နှာသည် ဖြူဖျော့သွားသည်။ ကံကောင်းထောက်မ၍တောင်ပေါ်သို့ မတက်မိခြင်းပင်။
နောက်ဆုံးတွင် ချူဖုန်းတို့ ၂ ယောက်သည် တောင်၏တခြားတစ်ဖက်သို့ အောင်အောင်မြင်မြင်ရောက်သွားကြပြီး ကျိုးချွမ်ပြောသည့်မြို့သို့ရောက်ရန် ဦးတည်၍ ရထားလမ်းတစ်လျှောက်ဆက်လျှောက်လာခဲ့ကြသည်။
တချိန်တည်းမှာပင် ကမ္ဘာကြီးကျယ်ပြန့်လာသကဲ့သို့ လမ်းတစ်လျှောက် ရထားလမ်းများအကြားမှ အကွာအဝေးကလည်း ပိုပိုပြီးကျယ်လာသောကြောင့် သူတို့ပို၍စိုးရိမ်ပူပန်လာကြသည်။
မူလက ၁၀ မိုင်သာရှိသည့်ခရီးသည် ယခုတော့ မိုင်နှစ်ဆယ် ရှိနေသလို ခံစားလိုက်ရသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့ မြို့ငယ်လေးသို့ ဘေးကင်းလုံခြုံစွာရောက်လာကြလေပြီ။
ထိုအချိန်တွင် မြူခိုးမြူငွေ့များပျောက်သွားပြီဖြစ်သော်လည်း နေရောင်ခြည်ကတစ်စုံတစ်ခုနှင့် တားဆီးခံထားရသကဲ့သို့ဖြစ်နေပြီး မြေပြင်သို့ရောက်မလာသေးချေ။
” ဟိုမှာ တော်တော်ကြီးတဲ့နွယ်တွေပဲ ” အပေါ်မှတွဲလျားကျနေသော မရေမတွက်နိုင်သည့် နွယ်ပင်များကိုမြင်လိုက်ရသဖြင့် ချူဖုန်း၏အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားသည်။ ထိုနွယ်များသည် အလွန်တုတ်ခိုင်ပြီး စိမ်းစိုသန်စွမ်းသောအရွက်များလည်း ပါရှိသည်။
ထိုနွယ်များက ကောင်းကင်မှတွဲလျားကျနေပြီး နေရောင်ကိုတားဆီးထားခြင်းဖြစ်၏။
ထိုနွယ်များသည် ကမ္ဘာပေါ်ရှိနွယ်ပင်များကဲ့သို့ ရှင်သန်ကြီးထွားနေခြင်းမဟုတ်ပေ။ ဆန်းကြယ်မှုတစ်ခုကဲ့သို့ပင် ထိုနွယ်များက ကောင်းကင်ပေါ်တွင် သဘာဝအလျောက်ပေါက်ရောက်ရှင်သန်နေခြင်းဖြစ်သည်ဟုပင် ထင်ရသည်။
ဧရာမနွယ်ကြီးတစ်ခုက ကောင်းကင်ပြင်ကို ပိတ်ဆို့ထားပြီး ထိုဒေသတစ်ခုလုံးကို လွှမ်းမိုးထားသည်။
မြို့ငယ်လေးမှလူများသည်လည်း မြူများပျောက်ကွယ်သွားပြီးနောက် ထိုမြင်ကွင်းကို မြင်လိုက်ကြရပြီး ဆောက်တည်ရာမရကြောက်ရွံ့သွားကြလေ၏။
” ပြေး.. ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ် ” ကျိုးချွမ် အော်လိုက်သည်။
အမှန်တကယ်တွင် လူများသည် အစောကတည်းကပင် စပြေးနေကြပြီဖြစ်သည်။ ကားတစ်စီးပြီးတစ်စီး လူများကို သယ်ဆောင်ကာ မြို့မှထွက်ပြေးသွားကြသည်။
” ငါတို့ကားတစ်စီးစီးနဲ့ လမ်းကြုံလိုက်သွားမှ ရတော့မယ်.. ဒီအချိန်မှာ ထွက်မသွားနိုင်ရင် ငါတို့ ဒီနေရာမှာတကယ်သေလိမ့်မယ် ” ချူဖုန်းက ဆက်ပြောလိုက်သည်။
” လမ်းကြုံတားမယ်ဟုတ်လား.. အခုက လမ်းကြုံတားစီးရမယ့်အချိန်မဟုတ်တော့ဘူး .. ကားကို အပိုင်စီးရမယ့်အချိန်ရောက်နေပြီ ” ကျိုးချွမ် အော်ဟစ်လိုက်သည်။
သို့သော် နောက်ဆုံးတွင် သူတို့သည် ကားတစ်စီးနှင့်ချိတ်ဆက်နိုင်ခဲ့သည်။ သက်လတ်ပိုင်းအရွယ်ဦးလေးကြီးတစ်ဦးက သူတို့ ၂ ဦးကိုပါ ခေါ်သွားပေးခဲ့သည်။
မြူများပျောက်သွားပြီးနောက် ဖုန်းလိုင်းများလည်း ပြန်ဖမ်းမိလာသည်။ သူတို့သည် ယခု ပြင်ပကမ္ဘာမှလူများနှင့် ဆက်သွယ်နိုင်ပြီဖြစ်သည်။
ချူဖုန်းသည် အံ့အားသင့်ဖွယ်သတင်းရှိမရှိစစ်ဆေးကြည့်ရန် ဖုန်းကို အမြန်ဖွင့်လိုက်သည်။
” စုန့်တောင်၊ ဝမ်ဝူတောင်နဲ့ လော့ဖူရှန်းတောင်နဲ့ တစ်ခြားနာမည်ကြီးတဲ့တောင်တွေအကုန်လုံးမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ် .. ကျောက်တုံးကျောက်ဆောင်တွေကတောင်မှ ခရမ်းရောင်အလင်းတွေ ထွက်လာတယ်တဲ့” သတင်းများကိုတွေ့ပြီးနောက် ဖက်တီးကျိုးက ကျယ်လောင်စွာအာမေဍိတ်ပြုလိုက်သည်။
တစ်ညထဲမှာပင် ထူးခြားဆန်းကြယ်သောဖြစ်ရပ်များစွာ ဖြစ်ပွားသွားလေသည်။
” ခဏ .. ဘာ .. ဒီမှာကြည့်လိုက် .. လူတစ်ယောက်က သာမန်အပင်ငယ်လေးကနေ ငွေရောင်အသီးတစ်လုံးသီးနေတာကို တွေ့ခဲ့တယ်တဲ့.. အဲ့အသီးကိုစားလိုက်ပြီးတော့ သူ့မှာအတောင်တစ်စုံပေါက်လာတယ်တဲ့” ကျိုးချွမ် မှင်သက်သွားသည်။
” ကမ္ဘာတစ်ခုလုံး ကြောက်စရာရုတ်ချည်းပြောင်းလဲမှုတွေနဲ့ တွေ့ကြုံနေရပြီ ” ဤသည်မှာ ထိုသတင်းများအားလုံးကို ဖတ်ပြီးနောက် ချုဖုန်း ခံစားလိုက်ရသည့် ခံစားချက်ပင်။
အပိုင်း ၁၀ ပြီး၏။