ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 6
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆ – ကျောက်သေတ္တာ
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ည၏တိတ်ဆိတ်မှု ပျက်စီးသွားသည်။ ချူဖုန်း၏လက်သည်လည်း ထိုနေရာတွင်ပင် တောင့်တင်းအေးခဲသွားလေသည်။
ဒီကုဗပုံကျောက်တုံးကနေ ဘယ်လိုလုပ် ဒီလိုအသံမျိုး ထွက်လာတာလဲ…
ထို့နောက် ကျောက်တုံးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာလေ၏။
မထင်မှတ်ထားသည့်အရာများဖြစ်လာမည် စိုးသောကြောင့် ချူဖုန်းသည် ထိုကျောက်တုံးကို စားပွဲပေါ်သို့ ချထားလိုက်ပြီး တခဏမျှစူးစမ်းလေ့လာကြည့်နေခဲ့သည်။
သူသည် ယနေ့တစ်နေကုန်ကြုံခဲ့ရသော ထူးခြားဆန်းကြယ်သည့်အရာများကြောင့် အလွန်သတိရှိနေပြီးဖြစ်သည်။
” ကျောက်သေတ္တာတစ်ခုလား ” ချူဖုန်း အံ့အားသင့်သွား၏။
အက်ကွဲကြောင်းသည် ကျောက်တုံးပတ်လည်ရှိပုံရိပ်များအတွင်း၌ မြုပ်နေပြီး ယခု အနည်းငယ်ဆွဲ ပွင့်လာမှသာ မြင်နိုင်ရခြင်းပင်။
ကျောက်တုံးပေါ်မှ ပုံရိပ်များကြောင့် ဤကျောက်တုံးနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားမှုတစ်စုံတစ်ရာကိုမှ မတွေ့ရဘဲ အက်ကွဲရာမရှိသည့် စင်းလုံးချောကိုယ်ထည်တစ်ခုအဖြစ် ထင်မြင်ရခြင်းဖြစ်သည်။
၎င်းသည် ကုဗပုံကျောက်သေတ္တာတစ်လုံးဖြစ်နေမည်ဟု မည်သူကထင်ထားမည်နည်း။ ၎င်းသည် ရိုးရှင်းပြီးမည်သည့်အဆင်တန်ဆာမှမပါသော ၃ လက်မ အရွယ် ကျောက်တုံးတစ်တုံးသာဖြစ်သည်။
ချူဖုန်းသည် ယခု မျှော်လင့်မှုအပြည့်ဖြင့် စောင့်စားနေလေသည်။ ခွန်းလွန်တောင်ခြေမှကောက်ယူလာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဤကျောက်တုံးသည် အပေါ်ယံမြင်ရသကဲ့သို့ သာမန်ကျောက်တုံးမျိုးမဖြစ်နိုင်ချေ။
ချူဖုန်းသည် သူ့ရှေ့တွင် ကြေးဇလုံတစ်လုံးကို အကာအကွယ်အနေဖြင့်ထားလိုက်ပြီး ကျောက်သေတ္တာကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
“ကလစ် ”
အန္တရာယ်တစ်စုံတစ်ရာပေါ်မလာဘဲ ကျောက်သေတ္တာ၏အဖုံးသည် လွယ်လွယ်ကူကူပင် ပွင့်သွားသည်။
ထိုအခါမှသာ ချူဖုန်းလည်း စိတ်သက်သာရာရသွားပြီး ကျောက်သတ္တာ၏အတွင်းပိုင်းကို ဆက်လက်ကြည့်ရှုလိုက်သည်။
ချူဖုန်းသည် စိတ်ထက်သန်စွာမျှော်လင့်လျက်ရှိသည်။ ကျောက်သေတ္တာအတွင်း၌ မည်သို့သောပစ္စည်းမျိုး ရှိနေမည်နည်း..
ကျောက်သေတ္တာအတွင်းရှိနေရာသည် အတော်ကျဥ်းမြောင်းပြီး အပေါ်ယံအချိုင့်မျှသာ ဖြစ်သောကြောင့် မည်သည့်ပစ္စည်းမှ ထည့်၍မရနိုင်လုနီးပါးပင်။ ထို့ကြောင့် အတွင်းဘက်၌ အရောင်လက်နေသောပုလဲလုံးများ၊ အရည်အသွင်းကောင်းသောကျောက်စိမ်းတုံးများ ရှိမနေကြောင်း သိသာလှသည်။
သို့သော် ထိုကျောက်သေတ္တာအတွင်း၌ လုံးဝအလွတ်ဖြစ်နေသည်တော့မဟုတ်။
ကျောက်သေတ္တာအတွင်းတွင် ခြောက်သွေ့ပြီးရှုံ့တွနေသည့် အစေ့ ၃ စေ့ ကသာ နေရာအပြည့်ယူထားပြီး အခြားအရာများမရှိတော့။
ချူဖုန်းသည် အတော်လေးစိတ်အလိုမကျဖြစ်သွား၏။ သူသည် ဤကျောက်သေတ္တာကို ခွန်းလွန်တောင်ခြေမှ ကောက်ယူလာခဲ့ခြင်းဖြစ်၍ ကျောက်သေတ္တာအတွင်း၌ လျှို့ဝှက်ရတနာအချို့ကို ရှာတွေ့ရန် မျှော်လင့်နေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့။
ထိုအစေ့ ၃ စေ့အနက် အစေ့တစ်စေ့သည် မီးသွေးကဲ့သို့ မည်းနက်နေပြီး ခြောက်သွေ့ရှုံ့တွပြီး ပုံပျက်နေပြီဖြစ်သည်။ ၎င်းသည်မူလအသွင်သဏ္ဍာန်ပင်လျှင် မရှိတော့ဘဲ အသက်မဲ့နေသယောင်ယောင်။
အခြားအစေ့တစ်စေ့သည် ကြိတ်ခြေခံထားရသကဲ့သို့ ပြားကပ်နေသော လက်သည်းခွံအရွယ် အညိုရင့်ရောင်အစေ့တစ်စေ့ဖြစ်သည်။
နောက်ဆုံးကျန်နေသော အစေ့သည် မျက်နှာပြင်တစ်ဝိုက်တွင် တွန့်ရာ၊ ရှုံ့ရာများရှိနေသော်လည်း သာမန်အစေ့နှင့် အတော်လေးတူပြီး ပြည့်ပြည့်ဖောင်းဖောင်းရှိသေးသည်။ အနည်းဆုံးတော့ ၎င်းသည် မရှုံ့တွသေး။ အတန်ငယ်ခြောက်သွေ့ပြီး အဝါရောင်သမ်းနေရုံသာဖြစ်သည်။
ချူဖုန်း အံ့အားသင့်သွားရသည်။ ဒါအကုန်ပဲလား .. ဒီအစေ့တွေကလွဲရင် ဘာမှမရှိတော့ဘူးလား.. ဤသည်မှာ သူစိတ်ကူးထားသည်နှင့် လုံးဝတခြားစီပင်။
သူသည် ခွန်းလွန်တောင်ခြေမှကောက်လာခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်ကျောက်သေတ္တာအတွင်းမှ ကောင်းမွန်သောတစ်စုံတစ်ခုကို မျှော်လင့်ထားခဲ့သည်။ သို့သော် ရလဒ်ကမူ သာမန်ဆန်လွန်းလှသည်။
ချူဖုန်းသည် ထိုအစေ့ ၃ စေ့ကို လက်ဖဝါးပေါ်သို့တင်ပြီး ထပ်ခါတလဲလဲ အနီးကပ်လေ့လာကြည့်သော်လည်း မည်သည့်ထူးခြားမှုတစ်စုံတစ်ရာမှ မတွေ့ရချေ။
ဤအရာသည် မြေအောက်၌ အချိန်မည်မျှကြာကြာ မြှုပ်နှံခံခဲ့ရသနည်း။ အတိအကျပြောဆိုရန်ခက်ခဲသော်လည်း ကျောက်သေတ္တာကိုကြည့်ခြင်းဖြင့် ၎င်းသည်အလွန်ရှေးကျသောပစ္စည်းဖြစ်ကြောင်း ထင်ရှားသည်။ သေတ္တာပေါ်မှ ပုံရိပ်များသည်ပင်လျှင် အတော်ဖျော့တော့နေလေပြီ။
ဒါက ရှေးခေတ်က လက်မှုပညာသည်တွေ လုပ်ထားတာလား…
အကယ်၍ ဤအစေ့ ၃ စေ့ သည် အမှန်တကယ်ပင် ရှေးဟောင်းခေတ်မှဖြစ်ပြီး ယနေ့ထိတိုင် မပျက်စီးသေးခြင်းဆိုပါက ၎င်းတို့သည် အလွန်ထူးခြားသွားပေလိမ့်မည်။
မြေအောက်တွင်မြှုပ်နှံထားသော အချို့ရှေးဟောင်းပစ္စည်းများသည် နေအလင်းရောင်နှင့် ထိတွေ့မိလျှင် ချက်ချင်းပျက်စီးသွားနိုင်သည်ပင်။
ချူဖုန်းသည် ထိုအစေ့များကို အကြိမ်ကြိမ်အဖန်ဖန် လေ့လာကြည့်သော်လည်း မည်သည့်အမျိုးအစားများဖြစ်ကြကြောင်း မသိနိုင်ဘဲဖြစ်နေသည်။ သူသည် ထိုအစေ့များကို ယခင်ကတစ်ခါမှမမြင်ဖူးသောကြောင့် ၎င်းတို့၏မူရင်းအပင်ကိုလည်း မခန့်မှန်းနိုင်ခြင်းဖြစ်သည်။
သူ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သော ရတနာပစ္စည်းများအစား ရှုံ့တွနေသည့်အစေ့ ၃ စေ့ကိုသာ စိုက်ကြည့်နေရကြောင်း သတိထားမိသွားသောအခါ ချူဖုန်း မှင်သက်သွားသည်။
” ငါ ဒါကိုစိုက်ဖို့ အခွင့်အရေးရှာပြီးတော့ ဘယ်လိုအပင်မျိုးပေါက်လာမလဲဆိုတာ ကြည့်ရမယ် ”
သို့သော် ဤအစေ့များသည် သက်တမ်းအလွန်ရင့်နေပြီဖြစ်သောကြောင့် အညှောင့်ပေါက်နိုင်ပါဦးမလား ဟု သူစိုးရိမ်မိသည်။ အစေ့ ၂ စေ့ ဆိုလျှင် လုံးဝကို ခြောက်သွေ့ရှုံ့တွနေပြီ ဖြစ်သည်။
” ဒီအစေ့ကနေ အဆိပ်မြက်ပင်ပေါက်မလာသေးသရွေ့ ဝမ်းသာမှာပါ။ တကယ်လို့ ဒီအစေ့တွေကသာ တကယ် အပင်ပေါက်လာမယ်ဆိုရင် ပဲပင်ပဲပေါက်လာပေါက်လာ ဟင်းသီးဟင်းရွက်ပင်ပဲပေါက်လာပေါက်လာ အတော်လေးရှေးကျတဲ့အပင်မျိုးစိတ်ဖြစ်လိမ့်မယ် ”
ချူဖုန်းသည် ထိုသို့စဥ်းစားမိပြီး ပြုံးလိုက်သည်။
တိဗက်ကုန်းပြင်မြင့်ဒေသ၏ ကြယ်ရောင်စုံများနှင့်လှပနေသော ကောင်းကင်ပြင်သည် ကမ္ဘာမြေကြီး၏မျက်နှာပြင်နှင့်ပင် အတော်နီးကပ်နေသည်။ ကြယ်များက အရောင်တလက်လက်နှင့် မှိတ်တုတ်မှိတ်တုတ်တောက်ပနေပြီး လရောင်သည်လည်း ခြောက်သွေ့ကာကျယ်ပြန့်သော ကုန်းမြေပေါ်သို့ ရွာကျနေသည့်မိုးရေနှယ် သန့်စင်ကြည်လင်စွာဖြာကျနေလေသည်။
ညမှာ ပို၍ တိတ်ဆိတ်ငြိမ်သက်လာသည်။
ချူဖုန်းသည် ရံဖန်ရံခါ၌ ခွန်းလွန်တောင်ရှိရာအရပ်ဆီမှ သားရဲတို့၏ဟိန်းဟောက်သံများကို ကြားနေရသည်။ တောင်စဥ်တန်းတစ်လျှောက် ပဲ့တင်ထပ်လာသော အသံများက သူ့ကိုအတွေးရေယဥ်ကြောမှ နိုးထစေခဲ့သည်။
သူတည်းခိုနေသောနေရာသည် တောင်နှင့်အတော်ကွာဝေးသော်လည်း တောရိုင်းသားရဲတို့၏ဟိန်းဟောက်သံများကိုမူ မပီမပြင်ကြားနေရသေးသည်။ ဤသည်မှာ အံ့အားသင့်စရာကောင်းလှသည်ပင်။
ခွန်းလွန်တောင်တွင် တစ်စုံတစ်ရာဖြစ်ပွားနေကြောင်း သိသာနေသော်လည်း ထိုဟိန်းဟောက်သံများသည် အစောင့်အရှောက်ခွေး သို့မဟုတ် နွားသိုးကြီး၏ ဟိန်းဟောက်သံများမဟုတ်ပေ။ ဤသည်မှာ ထိုတောင်ပေါ်၌ အခြားသားရဲများလည်း ရှိသေးသည်ဟု ဆိုလိုခြင်းပင်။
ခွန်းလွန်တောင်စဥ်တန်းသည်လည်း ယမ်းခါနေပုံပေါ်သည်။
ထိုနယ်မြေတစ်ဝိုက်လုံးတွင် တုန်ခါမှုများပို၍ပြင်းထန်လာပြီး
ချူဖုန်းရှိနေသောနေရာတွင်ပင်လျှင် တုန်ခါသံများထွက်ပေါ်လာလေသည်။
သိုးထိန်းအချို့လည်း ထိတ်လန့်တကြားနိုးလာကြပြီး ရိုသေကိုင်းရှိုင်းစွာ ဝတ်ပြုဆုတောင်းနေကြလေသည်။ ထိုသူတို့သည် တောင်ရှိရာဘက်သို့မျက်နှာမူကာ ဒူးထောက်ထိုင်ပြီး အမျိုးအမည်မသိဆုတောင်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည်။
ချူဖုန်းသည်လည်း တဲအတွင်းမှထွက်လာခဲ့လိုက်သည်။
“မင်းနားလည်မှာ မဟုတ်ဘူး .. ဒါက ငါတို့ရိုးရာပဲ .. ဒါပေမဲ့ မနက်ဖြန်မနက်ကျရင်တော့ မင်းထွက်သွားရလိမ့်မယ်” သိုးထိန်တစ်ဦး ပြောလိုက်သည်။
“အဲဒါက မြင့်မြတ်သားရဲများလာား .. သူ နှိုးထလာပြီလား.. ”
တိဗက်ဒဏ္ဍာရီအရဆိုလျှင် ခွန်းလွန်တောင်တန်းပေါ်၌ အိပ်စက်နေသည့် ရှေးဟောင်းသားရဲအချို့ရှိသည်။ အချို့သားရဲများသည် နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်သည်။ သူတို့သည် နတ်ဆိုးများနှင့် မိစ္ဆာဝိညာဉ်များကို ရှင်းလင်းပစ်နိုင်သည်။
ဤစကားများသည် သူ့ကို စည်းရုံးသိမ်းသွင်းနေခြင်းမဟုတ်သော်လည်း သူ ဤစကားများကို အခြေအမြစ်မရှိသည့်စကားအဖြစ် မသတ်မှတ်။
သူကိုယ်တိုင်ပင်လျှင် ခွန်းလွန်တောင်ပေါ်၌ထူးဆန်းသောကိစ္စရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး ထူးခြားသောသားရဲအချို့နှင့်လည်း ကြုံတွေ့ခဲ့ရသည်။
သာဓကတစ်ခုအနေဖြင့် အတောင်ဖြန့်လိုက်လျှင် အလျား ၅ မီတာကျော်ရှိသော ရွှေရောင်ငှက်ကြီးကို ရှေးခတ်ကဆိုလျှင် ဒဏ္ဍာရီလာဧရာမရွှေရောင်ငှက်ကြီးအဖြစ် ယူဆကြလိမ့်မည်ဖြစ်သည်။
၃ မီတာကျော်အလျားရှိသော အနက်ရောင်တိဗက်နွားသိုးကြီး၏ အဆုံးအစမဲ့ခွန်အားကို သစ်နက်များနှင့်ဝံပုလွေများကပင်လျှင် ကြောက်ရွံ့ကြရသည်။ ၎င်း၏ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ကြေးဝါတောင်ကို အနည်းငယ်တုန်ခါစေသည်။ ရှေးခေတ်ကဆိုလျှင် ၎င်းကို နတ်ဆိုးနွားသိုးကြီးတစ်ကောင်အဖြစ် ယုံကြည်ကိုးကွယ်ကြပေလိမ့်မည်။
ရှေးဟောင်းရိုးရာပုံပြင်အများစုကို ချဲ့ကားပြောဆိုကြရင်း ဒဏ္ဍာရီများနှင့် စိတ်ကူးယဥ်ပုံပြင်များ ဖြစ်လာကြခြင်းပင်။ အထူးသဖြင့် အကြောင်းအရာများကို ချဲ့ထွင်ဖော်ပြထားသော ရှေးမှတ်တမ်းအများစုကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်၏။
နောက်ဆုံးတွင် အဝေးရှိတောင်တန်းများဆီမှ သားရဲတို့၏ ဟိန်းဟောက်သံများတိုးတိတ်သွားသောကြောင့် ကျယ်ပြောလှသည့်ကုန်းပြင်မြင့်သည်လည်း ညလယ်ပိုင်းမှစပြီး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကြယ်ရောင်စုံထွန်းလင်းတောက်ပနေသော ကောင်းကင်ပြင်နှင့် ထိစပ်နေသယောင်ထင်ရသည့် တိတ်ဆိတ်ပြီးမြူနှင်းများဝေနေသော ကုန်းမြေပေါ်သို့ ကြည်လင်သန့်စင်သောလရောင်က ဖြာကျနေ၏။
သိုးထိန်းများသည်လည်း ယခုမှပင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။
ချူဖုန်းသည်လည်း သူ၏တဲသို့ပြန်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားလေတော့သည်။
သူသည် နောက်တစ်နေ့တွင် နံနက်စောစောနိုးလာပြီး အိမ်သို့ပြန်ရန် ရထားစီးရမည့် အနောက်ဘက်အရပ်ရှိမြို့ကြီးတစ်မြို့ဆီသို့ ခရီးဆက်ထွက်ခဲ့သည်။
ယဥ်ကျေးမှုလွန်ခေတ်တွင် ခေတ်ဟောင်းကာလ၏ အရှိန်အဝါများမရှိတော့သော်လည်း ခေတ်ဟောင်းကာလနှင့် အကြီးအကျယ်ကွာခြားနေမှုလည်းမရှိ။ အမျိုးမျိုးသောပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းများကြောင့် ခရီးဝေးသွားလည်း အတော်လေးအဆင်ပြေချောမွေ့သည်ဟူ၍ပင် ယူဆနိုင်သည်။
ချူဖုန်းသည် တောထဲသို့ရောက်နေစဥ်အတောအတွင်း အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။ ထို့ကြောင့် သူ မြို့သို့ပြန်ရောက်လာသောအခါတွင် မတူညီကွဲပြားသောကမ္ဘာတစ်ခုသို့ ရောက်ရှိလာသယောင် ခံစားနေရခြင်းဖြစ်၏။
သူသည် ကုန်းပြင်မြင့်များ၊ ကန္တာရများ နှင့် တောင်တန်းများသို့ ခရီးထွက်စဥ်အတွင်း ဖုန်းပိတ်ထားခဲ့သဖြင့် ဖုန်း ပြန်ဖွင့်လိုက်သည်နှင့် မက်ဆေ့များ ဆက်တိုက်ရောက်လာသည်။
သူ့မိဘများက သူ့ကို လမ်းခရီးတွင် ဂရုစိုက်ရန်နှင့် ဘေးကင်းလုံခြုံရေးကိုဦးစားပေးရန် သတိပေးထားသည်။ အတန်းဖော်အချို့က သူပြန်လာမည့်အချိန်ကိုမေးထားပြီး အချို့ဆိုလျှင် သူ့ထံမှပြန်စာကို စောင့်မျှော်နေဆဲဖြစ်သည်။
ရထားစိုက်ရောက်ချိန်အထိ ချူဖုန်း သူတို့ကို တစ်ယောက်ချင်းစာပြန်နေခဲ့သည်။
သူ့ထံတွင် သူဝယ်ယူထားသော အဆာပြေစားစရာများမှ လွဲ၍ အထုပ်အပိုးအနည်းငယ်သာ ပါသည်။ မု့န်အများစုလည်း သူဦးတည်နေသည့်နေရာ ရောက်သည်နှင့် ကုန်သွားလိမ့်မည်ဟု သူထင်သည်။
ချူဖုန်းသည် သူ၏ထိုင်ခုံနေရာကို ရှာတွေ့သွားပြီး ဖုန်းထဲမှ လတ်တလောသတင်းများကို မဖတ်မီ ပစ္စည်းများကိုလုံခြုံစွာနေရာချထားလိုက်သည်။ သူသည် သတင်းများကိုဖတ်ရင်း မြင်တွေ့လိုက်ရသောတစ်စုံတစ်ရာကြောင့် တခဏမျှကြက်သေသေသွားလေသည်။
နိုင်ငံတဝှမ်းမှ ဒေသများသာမက အခြားနိုင်ငံများမှ ဒေသများတွင်ပင်လျှင် မြူခိုးမြူငွေ့များ ထူထဲစွာရစ်ဆိုင်းမှုကို ကြုံတွေ့နေကြရသည်။ အချို့ဒေသများရှိမြူခိုးများသည် အပြာရောင်ဖြစ်ပြီး အချို့က အနီရောင် အချို့က ခရမ်းရောင်ဖြစ်ကြသည်။
အချို့က ထိုမြူခိုးမြူငွေ့များသည် စစ်ပွဲကြီး၏ အကြွင်းအကျန်နျူးကလီးယားရောင်ခြည်တန်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုကြသည်။
သို့သော် ကျွမ်းကျင်ပညာရှင်များကတော့ ထိုမြူခိုးများသည် သဘာဝအလျောက်ဖြစ်လာသော မြူခိုးများဖြစ်ပြီး မည်သည့်ဆိုးကျိုးကိုမှဖြစ်စေမည်မဟုတ်သောကြောင့် စိုးရိမ်စရာမလိုကြောင်းထုတ်ပြန်ကြေညာခဲ့ကာ ကောလာဟလများကို ပယ်ဖျက်ပေးခဲ့သည်။
သို့သော် ပြည်သူလူထုကမူ ၎င်းဖြစ်ရပ်သည် သမိုင်းတွင်မှတ်တမ်းတင်ထားသော ဖြစ်ရပ်များနှင့် ဆင်တူသည့် ပြင်းထန်သော ရုတ်တရက်ပြောင်းလဲမှုတစ်မျိုးဖြစ်လိမ့်မည်ဟု ယူဆနေကြဆဲဖြစ်သည်။
ယဥ်ကျေးမှုလွန်ခေတ်တွင် ထိုသို့သောအဖြစ်အပျက်မျိုးဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်ဖြေရှင်းရန် အားမထုတ်ကြပေ။ ဤသို့သောဖြစ်ရပ်မျိုးသည် အမြဲတစေလျှို့ဝှက်ဆန်းကြယ်စွာ အဆုံးသတ်သွားသည်ချည်းသာဖြစ်၏။
” ဒါကဘာလဲ.. လေထဲမှာအပင်တွေပေါ်လာတယ်ဆိုပါလား.. တော်တော်လေးတော့ထူးဆန်းနေပြီ ”
ရထားထွက်ချိန်တွင် ခပ်ဝဝလူတစ်ယောက်သည် ချူဖုန်းနှင့် သိပ်မဝေးသည့်နေရာတွင် ထိုင်လိုက်သည်။ သူသည် ချူဖုန်းနှင့်သက်တူရွယ်တူဖြစ်ဟန်ပေါ်သည်။ ခန္ဓာကိုယ်သည် သာမန်အနေအထားဖြစ်သော်လည်း ဗိုက်ပူနေသောကြောင့် လူကောင်သေးသည်ဟု ပြောမရပေ။ သူ၏ မျက်နှာသည်ခပ်ဝိုင်းဝိုင်းဖြစ်ပြီး နားရွက်ကြီးကြီး မျက်လုံးကြီးကြီးများရှိကာ ပြုံးလိုက်လျှင် မျက်လုံးများက မျဥ်းတစ်ကြောင်းတည်းဖြစ်သွားသယောင်ထင်ရသည်။
ထိုသူသည် အကောင်းမြင်တတ်ပုံရပြီး မည်သည့်စကားမှပြောမနေသည့်တိုင်အောင် ဖော်ရွေရင်းနှီးတတ်သော ဟန်ပန်အမူအရာပေါ်နေသည်။ သူ၏ပြုံးတုံးတုံးအမူအရာကလည်း ခင်မင်ဖော်ရွေတတ်ကြောင်းကို သက်သေပြနေသယောင်ယောင်။
ချူဖုန်းသည် ပြုံးပြရင်း စကားစရန်ဟန်ပြင်လိုက်သည်။ ထိုသူကလည်း မနှစ်သက်ဟန်မပြချေ။
” ရောင်းရင်းက ဘယ်သွားမှာလဲ ” ခပ်ဝဝလူက ပုံမှန်အတိုင်း ရင်းရင်းနှီးနှီးမိတ်ဆက်လိုက်၏။
” တိုင်ဟန် တောင်ခြေကို သွားမလို့ပါ ” ချူဖုန်းက ပြုံးရင်းဖြေလိုက်သည်။
” ကျွန်တော်တို့ တစ်နေရာတည်းကို သွားနေတာများလား .. ခင်ဗျားက အတိအကျ ဘယ်ကိုသွားမှာလဲ” ထိုသူက ရယ်မောရင်း မေးသည်။
သူတို့နှစ်ဦးသည် သွားမည့်နေရာတူနေသည့်အပြင် မွေးရပ်မြေပင် တူနေကြောင်း သိသွားကြပြီးနောက် သူတို့ ပို၍ရင်းနှီးလာကြသည်။
ထိုသူ၏ နာမည်မှာ ကျိုးချွမ်ဟုခေါ်သည်။ သူ့နာမည်မှာ သူ့ကို ယုံကြည်စိတ်ချစိတ်များ ပို၍ တိုးလာစေသည်။ သူသည် ဤနှစ်မျာားတွင် တရုတ်ပြည်အနောက်ပိုင်းတွင် စာသင်ကြားခဲ့ပြီး ယခု သူ့မိတ်ဆွေဟောင်းများနှင့် မွေးရပ်မြေထံ အလည်အပတ်သွားလိုခြင်းကြောင့် ပြန်လာခြင်းဖြစ်သည်။
ချူဖုန်းသည် ကျိုးချွမ်ပြောနေသော ထူးဆန်းသည့်သတင်းကို စိတ်ပါဝင်စားစွာနားထောင်နေသည်။ ထိုသတင်းသည် မကြာမီရက်များအတွင်း ခနခနကြားနေရသော ထူးဆန်းသောအပင်အချို့ ကောင်းကင်ယံ၌ မည်သို့မည်ပုံလွင့်မျောနေသည် ဟူသော သတင်းပင်ဖြစ်၏။
” အဲ့ဒီအပင်တွေ ဘယ်လိုနည်းနဲ့ လေထဲမှာလွင့်မျောနေသလဲဆိုတာ ကျွန်တော်တော့ နားမလည်ပါဘူးဗျာ ” ဖက်တီးကျိုးက ငြီးတွားပြောဆိုနေသည်။
ချူဖုန်းသည်လည်း သတင်းများကိုတွေ့ပြီးနောက် အတော်လေးခေါင်းစားနေလေသည်။
“မကောင်းတာ ကြီးကြီးမားမားတစ်ခုခု ဖြစ်လာတော့မှာများလား ” ကျိုးချွမ်က လေသံတိုးတိုးနှင့်ပြောသည်။
” ကျွန်တော်ကတော့ အရာအားလုံး အေးအေးချမ်းချမ်းရှိဖို့ပဲ မျှော်လင့်ပါတယ်.. ဒီကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ပိုပိုပြီးနားလည်ရခက်လာတယ် ” ဟု ဘေးနားမှ လူတစ်ယောက်က မှတ်ချက်ပြုသည်။
” ဟုတ်တယ် အေးချမ်းနေရင် အကောင်းဆုံးပဲ.. အဲ့ဒီဖြစ်ရပ်တွေက ကျွန်တော့်ကို စိတ်ပူပန်စေတယ်” အနားမှ ခရီးသည်တစ်ဦး ပြောလိုက်သည်။
ရထားမှာ ချက်ချင်းပင် ဆွေးနွေးသံများဖြင့် ဆူညံသွားလေသည်။
ခရီးထွက်ပြီး ၂ နာရီကြာပြီးနောက် ချူဖုန်းနှင့် ကျိုးချွမ်သည် အလွန်ရင်းနှီးလာကြပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မြို့တစ်ခုတည်းမှာ လာကြခြင်းဖြစ်သောကြောင့် သူတို့ကြားတွင် ဆက်သွယ်မှုတစ်မျိုး ရှိနေသည်ပင်။
“လွန်ခဲ့တဲ့ရက်တုန်းက ကျွန်တော့်အမျိုးတစ်ယောက် ပြောတာကို ကြားခဲ့တယ် .. လောကကြီးက မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတော့မယ့်အကြောင်း တာအိုဘုန်းတော်ကြီးတစ်ယောက်က သူ့ကိုပြောခဲ့တယ်တဲ့ .. ကျွန်တော်ထင်တာတော့ တစ်ခုခု ကြီးကြီးမားမားဖြစ်တော့မယ်ထင်တယ်” ကျူးချွမ်၏အမူအရာမှာ သူ့စကားများကို ပို၍ လေးနက်စေသည်။
” ဘယ်လိုပြောင်းလဲမှုမျိုးလဲ ” ချူဖုန်းက မေးလိုက်သည်။
” ငါတို့နားလည်နိုင်တာထက် ကျော်လွန်နေတဲ့ ပုံမှန်မဟုတ်တာ တစ်ခုခုပေါ့ .. မြူတွေ၊ လေပေါ်ဝဲတဲ့အပင်တွေ .. သူတို့ကြားထဲမှာ တစ်ခုခုဆက်စပ်နေနိုင်တယ် ” ကျိုးချွမ်၏အသံက အတော်တိုးသွားလေသည်။
” ခင်ဗျား အရမ်းကို ချဲ့ကားလွန်းတယ်လို့ ကျုပ်ထင်တယ် “ချိူဖုန်း ရယ်မောရင်းပြောလိုက်သည်။
” ကျုပ် တကယ်ပြောနေတာ.. မယုံမရှိနဲ့ကိုယ့်လူ .. ကျုပ်အမျိုးက အတော်လေးယုံကြည်စိတ်ချရတဲ့သူ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေကို ပြောတတ်တဲ့လူမျိုးမဟုတ်ဘူး.. သူ့ပတ်ဝန်းကျင်က လူတွေက ငါတို့နဲ့ယှဥ်ရင် လုံးဝမတူကွဲပြားတဲ့အဆင့်တစ်ခုက လူတွေချည်းပဲ ” ကျိုးချွမ်က ချူဖုန်းကို ခပ်စိမ်းစိမ်းကြည့်ရင်းပြောလိုက်သည်။
ချူဖုန်းက ပြုံးရင်းခေါင်းခါလိုက်သည်။
ကျိုးချွမ်၏ယုံကြည်ချက်သည် အနည်းငယ်လျော့သွားလေ၏။ ” တကယ်တော့ ငါလည်းသိပ်မယုံပါဘူး။ အဲ့ဒီဘုန်းတော်ကြီးက အနောက်ပိုင်းရဲ့ဒဏ္ဍာရီလာဇာတ်ကောင်တွေက အပင်လိုမျိုးသက်ရှိတွေဖြစ်တယ်လို့ ပြောဖူးတယ် .. အဲဒီလူတွေက လယ်မြေထဲမှ ကျင့်ကြံကြပြီးတော့ အာလူးပင်လိုမျိုး ကြီးထွားလာကြတာလို့ ပြောဖူးတယ် ”
” ဖူး ”
သူတို့ဘေးတွင် ထိုင်နေသောသူသည် ရေသောက်နေချိန်တွင် ထိုစကားကိုကြားလိုက်ရခြင်းဖြစ်သည်။ သူသည် သူ့ပါးစပ်ထဲမှရေများအားလုံးကို ပန်းထုတ်လိုက်ပြီး မရပ်မနားရယ်နေလေတော့သည်။
“ငါလည်း မသိဘူးလေ .. ရှက်စရာကောင်းလိုက်တာ… ” ကျိုးချွမ် အနည်းငယ်ရှက်သွားကာ ခေါင်းငုံ့သွားလေ၏။
အပိုင်း ၆ ပြီး၏။