ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 9
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉ – အနိဋ္ဌာရုံများ
အရုဏ်တက်ချိန်ကျော်လွန်သွားပြီဖြစ်သော်လည်း အမှောင်ထုကကြီးစိုးထားဆဲပင်။ တောင်ပေါ်တောများပေါ်တွင် မြင်ရခဲလှသောနှင်းမြူများ အုံ့ဆိုင်းနေပြီး အရာအားလုံးကိုအဖြူရောင်မြူခိုးများက ဖုံးလွှမ်းထားသောကြောင့် မြင်ကွင်းများသည် မှုန်ဝါးနေလေ၏။
မူလအနေအထားကအတော်လေးတင်းမာနေသည့်ကြားမှ ထိုလူငယ်၏အသံက အားလုံး၏စိုးရိမ်ပူပန်မှုများကို ပိုတိုးသွားစေသည်။
” အား ”
ချူဖုန်းတို့နှင့်အတူလိုက်လာခဲ့သော ခရီးသည်ထဲမှ တစ်ဦးသည် ကြောက်လန့်တကြားအော်ဟစ်ရင်း မတ်မတ်ပင်မရပ်နိုင်တော့ဘဲ မြေပေါ်သို့လဲသွားကြလေသည်။
” မင်း ဘာလို့အော်နေတာလဲ… ငါတို့ကို သေအောင်ခြောက်နေတာလား ” ကျိုးချွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူလည်း အတော်လေး ဆွံ့အနေရသည်ပင်။
” မင်း ဘာကိုမြင်ခဲ့တာလဲ ” ချူဖုန်း မေးလိုက်သည်။ သူနှင့် ကျိုးချွမ်သည် ထိုလူအုပ်၏အရှေ့ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ထူထဲလှသောမြူခိုးမြူငွေ့များကြောင့် အရှေ့သို့မမြင်ရဘဲဖြစ်နေသည်။
” ဂတ် … ဂတ် … ” ထိုလူငယ်၏သွားများသည် တဂတ်ဂတ်ရိုက်နေလေသည်။ သူသည် ခပ်ဝေးဝေးတစ်နေရာရှိ လေထဲသို့ညွှန်ပြနေသော်လည်း အသံထွက်မလာဘဲ နှုတ်ခမ်းလှုပ်ရုံသာလှုပ်နေသည်။ ထို့ပြင် သူသည် ခြေမခိုင်တော့ဘဲ ယိုင်လဲသွားလေသည်။
” ဟိုနားလေးမှာ ဘောလုံးလိုမျိုးအမည်းရောင်အရိပ်ကြီးရှိတယ်.. ကျွန်တော်တွေ့လိုက်တယ် ”
” အဲ့တာဘာကြီးလဲ ”
စောစောက ကြောက်လန့်တကြားအော်ဟစ်နေခဲ့သူ ၂ ဦးသည်လည်း ခေါင်းမော့လာကြသည်။ ယခုအချိန်တွင် သူတို့ ၂ ဦးသည် ကိုယ့်ကိုကိုယ်မထိန်းနိုင်ဘဲ ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာကြပြီး လူအားလုံး ရထားဆီသို့ပြန်ကြရန်တိုက်တွန်းကြလေ၏။
အပြင်၌ဖြစ်ပျက်နေသည်များကို ကြားပြီးနောက် ရထားထဲတွင်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ အချို့အမျိုးသမီးများသည် ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးကြပြီး ရုတ်ရုတ်သဲသဲဖြစ်ကာ ကြောက်စိတ်မွှန်နေကြတော့သည်။
ယခုရောက်နေသောနေရာသည် ယခင်က လူအနည်းငယ်သေဆုံးခဲ့သော စစ်မြေပြင်တစ်ခုဖြစ်ခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်ပွဲသည် လူထောင်ပေါင်းများစွာ၏ အသက်များကို နှုတ်ယူခဲ့သည်ပင်။ ထို့အပြင် ထူထဲသိပ်သည်းသောနှင်းမြူများက ရုတ်တရက်ပေါ်ပေါက်လာပြီး ဖုန်းများကိုပါ အသုံးပြု၍မရတော့သောအခါ လူအများကြောက်လန့်လာကြသည်မှာ မထူးဆန်းလှပေ။
အချို့လူများသည် ခြေဦးတည့်ရာလျှောက်ပြေးရင်း အော်ဟစ်နေကြလေသည်။
” ငါတို့ အဲ့အရိပ်ကို သေချာတောင်မကြည့်ရသေးဘူး… ဘာလို့အားလုံးက အော်နေကြတာလဲ… ဘာကြောက်စရာရှိလို့လဲ ” ကျိုးချွမ် ဟိန်းဟောက်လိုက်သည်။
သူနှင့် ချူဖုန်းသည် လေထဲတွင်လွင့်နေသော မှုန်ဝါးဝါးအမည်းရောင်အရိပ်ဆီသို့ တရွေ့ရွေ့လျှောက်သွားကြသည်။ သို့သော် မြူခိုးများက မြင်ကွင်းကိုကွယ်နေသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရ။
” အား… ”
စောစောကအော်ခဲ့သောလူက ကြောက်လန့်တကြားထပ်အော်ပြန်သည်။ သူသည် အရိပ်ကဲ့သို့သောပုံသဏ္ဍာန်အောက်တွင် ရောက်လုနီးပါးဖြစ်နေသည်။ သူသည် အသိစိတ်လွတ်သွားပြီး ခလုတ်ပါတိုက်ကာ လူအုပ်၏နောက်ဆုံးသို့ အော်ဟစ်ပြေးသွားလေသည်။
” သွေး … သွေးတွေ ငါ သူ့ကိုမြင်လိုက်တယ် ”
အစပိုင်းတွင် သူ့ခြေထောက်များမှာ တောင့်တင်းပြီး လှုပ်ရှားမရဖြစ်နေသည်။ ယခုမူ အလွန်အကျွံကြောက်လန့်မှုကြောင့်ထင် အနည်းငယ်ပြန်၍လှုပ်ရှားနိုင်နေလေပြီ။ သူသည် ထိုအရိပ်နှင့် ဝေးရာသို့ရောက်ရန် ခပ်ဝေးဝေးသို့လှိမ့်ချလိုက်သည်။
” ဘုရားရေ မင်းမျက်နှာပေါ်မှာသွေးတွေ ”
ထိုသူကိုမြင်ပြီးနောက် အခြားခရီးသည် ၂ ဦးသည်လည်း ထိတ်လန့်သွားကြသည်။ ထိုနေရာတစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာ ဖြစ်လာပြီး လူအားလုံးထူပူသွားကြသည်။
” အဲဒါ ငါ့သွေးတွေမဟုတ်ဘူး.. ဟို ဟိုလူ့ဆီက စီးကျလာတဲ့သွေးတွေ ” လေထဲသို့ညွှန်ပြနေသော ထိုသူ၏မျက်နှာတွင် ကြောက်လန့်မှု၊ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
” တကယ်သွေးနံ့လိုမျိုးပဲ ” ကျိုးချွမ်က ခပ်တိုးတိုးပြောလိုက်၏။
ချူဖုန်းသည် ခြေလှမ်းကျဲကြီးများဖြင့် အပြေးသွားကြည့်လိုက်ရာ လေထဲတွင် လူတစ်ဦးကိုချိတ်ဆွဲထားသကဲ့သို့ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရိပ်သည် မှောင်မည်းနေပြီး မှုန်ဝါးဝါးဖြစ်နေကာ သွေးများလည်းစီးကျနေသည်။
” မကောင်းဆိုးဝါးတစ်ကောင် … လေထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ် ” ကြောက်လန့်နေသောလူက ကျယ်လောင်စွာအော်လိုက်သည်။ ထို့နောက် သူနှင့်အခြားသူ ၂ ဦးသည် တွားမသွားရုံတမည် ရထားဆီသို့အမြန်ပြန်ပြေးကြလေတော့သည်။
ဖက်တီးကျိုးသည်လည်း နောက်ကျောမှစိမ့်အေးလာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် ထွက်မပြေးဘဲ သတ္တိများကို စုစည်းကာ ချူဖုန်း ရပ်နေသည့်နေရာသို့ သွားလိုက်သည်။
” ဒီမှာ တကယ်လူသေတစ်ယောက်ရှိနေတာပဲ.. ဒီလူက အသတ်ခံရတာများလား ” ကျိုးချွမ် အရိပ်ကို ကြည့်ပြီးပြောလိုက်သည်။
ထိုအရိပ်သည် လေထဲတွင် ဟိုဒီလှုပ်ယမ်းနေပြီး ၎င်း၏အောက်ဘက်မြေကြီးပေါ်တွင် သွေးအိုင်တစ်ခုရှိနေသည်။ လူသေအလောင်းဆီမှ တစက်စက်စီးကျနေသောသွေးများက လတ်ဆတ်နေဆဲဖြစ်သည်။
” ဒီလူက ဘယ်လိုလုပ်ပြီး လေထဲမှာ လွင့်နေရတာလဲ ” ချူဖုန်းလည်း ကျောချမ်းလာသည်။ သူသည် သတ္တိကြောင်သူတစ်ဦးမဟုတ်သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးတွေ့လိုက်ရသည့်အချိန်တွင် သူ တုန်လှုပ်မိသွားသည်ပင်။
” ဟုတ်တယ် ဒါက တကယ် ထူးဆန်းတယ် .. ကြည့်လိုက် .. သူ့ကိုဘာနဲ့မှ မချည်ထားဘူး .. သူကဒီတိုင်း လေထဲမှာလွင့်နေတာလဲ ” ကျိုးချွမ်လည်း မျက်လုံးပြူးသွားကာ နောက်သို့တဖြည်းဖြည်းပြန်ဆုတ်သွားလေ၏။ သူသည်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် ကြောက်လန့်သွားလေပြီ။
ရထားပေါ်မှလူများသည် သူတို့ပြောနေသောစကားများကိုကြားပြီးနောက် သူတို့ထက်ပင် ပို၍ကြောက်လန့်နေကြသည်။ အချို့မိန်းကလေးများက ဆောက်တည်ရာမရ ကြောက်လန့်တကြားအော်ဟစ်လာကြပြီး အချို့ဆိုလျှင် စတင်၍ငိုကြွေးနေကြပြီဖြစ်၏။
” မကောင်းဆိုးဝါးတစ်ကောင် … လေထဲမှာ မကောင်းဆိုးဝါးတစ်ကောင်မျောနေတယ် .. ငါ့ကိုယုံလိုက် .. တကယ် မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်.. ” စောစောက ရထားဆီသို့ ပြန်သွားသော လူငယ်သည် တတွတ်တွတ်ရေရွတ်နေသည်။ လူသေကဲ့သို့ဖြူဖျော့နေသည့် မျက်နှာတွင် သွေးများစွန်းထင်းနေသောကြောင့် အတော်လေးထိတ်လန့်စရာကောင်းနေသည်။
ထိုလူ၏စကားကြောင့် ရထားထဲမှ အထိတ်တလန့်အခြေအနေများ ပိုဆိုးလာသည်။
ရထားသည် အတိတ်ကာလကလူများစွာ သေဆုံးခဲ့သည်ဟု ပြောကြသည့် တောင်တန်းဒေသတစ်နေရာ၏ အလယ်တွင် ရပ်နေသည်။ ထို့ပြင် ထိုနေရာတစ်ဝိုက်ကိုလည်း ခြောက်ခြားဖွယ်မြူခိုးမြူငွေ့များက ဖုံးလွှမ်းထားသေးသည်။ ဤအခြေအနေတွင် မည်သူကမကြောက်လန့်ဘဲနေနိုင်ပါအံ့နည်း။
” အလွန်အကျွံမဖြစ်ကြပါနဲ့.. အဲ့တာက လူသေအလောင်းလေးတစ်ခုပဲ.. ဘာမကောင်းဆိုးဝါးမှမရှိဘူး ” ကျိုးချွမ် ခပ်ကျယ်ကျယ်အော်ပြောလိုက်မှ လူအုပ်သည် အနည်းငယ်ငြိမ်သွားသည်။
လတ်တလောရောက်နေသော နေရာတွင် မည်သည့်အန္တရာယ်မှမရှိသည်ကို တွေ့လိုက်ရသောကြောင့် သူလည်း စိတ်သက်သာရာရသွားသည်။
“အဲ့ကောင် ဒီလိုပဲ အဓိပ္ပာယ်မရှိဆက်အော်နေဦးမယ်ဆိုရင် ရထားထဲကနေ ထုတ်ပစ်လိုက် ” ကျိုးချွမ် အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။
အမှန်စင်စစ် သူတို့နှစ်ယောက်လုံးပင် ကြောက်လန့်နေကြသည်ပင်။
လေထဲတွင် ဟိုဟိုဒီဒီယိမ်းနွဲ့နေသော လူသေအလောင်း၏ ရှည်လျားလှသောဆံပင်များက မျက်နှာတစ်ခုလုံးကိုပင် ဖုံးအုပ်ထားသည်။ ထိုမြင်ကွင်းသည် လူတစ်ဦး၏သွေးများကို အေးခဲသွားစေနိုင်သည့်အထိ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးပင်ဖြစ်သည်။
” ဟုတ်ပြီ သတ္တိရှိတဲ့ကောင်လေးတို့.. ဒီလူဘယ်လိုသေသွားလဲစစ်ဆေးကြည့်နိုင်ဖို့ သူ့အလောင်းကိုအောက်ချရအောင်.. အဲ့တာက လူသေအလောင်းလေးတစ်ခုပါပဲ.. ဟုတ်ပြီနော်… ဘကြောက်စရာရှိလို့လဲ ” ကျိုးချွမ် အော်ပြောလိုက်သည်။
သူသည် အခြားလူများအလွန်စိုးရိမ်သောကရောက်နေသည်ကို တွေ့သဖြင့် ဤကဲ့သို့အော်ခေါ်လိုက်ခြင်းဖြစ်သည်။
ချုဖုန်းနှင့် ကျိုးချွမ်တို့ ၂ ဦး အကြောက်အလန့်မရှိတည်ငြိမ်နေသည်ကိုတွေ့ရသောအခါ အခြားသူများသည်လည်း ရဲရင့်လာသည်။ သူတို့လည်း မကြောက်ရွံ့ကြတော့။
ခန္တာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူငယ်များသည် ရထားပေါ်မှဆင်းလာကြပြီး လေထဲမှ အမည်းရောင်အရိပ်ကို လေ့လာစမ်းစစ်ကြည့်ရန် ချူဖုန်းတို့ ၂ ဦး၏ ပတ်ပတ်လည်တွင်ရပ်လိုက်ကြသည်။
ချူဖုန်းသည် ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရရန် ရထားခေါင်မိုးပေါ်သို့တက်လိုက်သည်။ သူတို့အားလုံး ရထားခေါင်မိုးပေါ်သို့တက်မှသာလျှင် လူသေအလောင်းနားသို့ ကပ်နိုင်မည်ဖြစ်သည်။
ထိုလူသေအလောင်းကို အနီးကပ်မြင်လိုက်ရသောအခါ ချူဖုန်းအလွန်အံ့သြသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူ၏အသွင်အပြင်သည် ယနေ့ခေတ်ကာလအသွင်အပြင်မျိုးမဟုတ်ဘဲ ရှေးခေတ်မှ အသွင်အပြင်မျိုးဖြစ်နေသောကြောင့်ပင်။
ထိုလူ၏မျက်နှာကိုဖုံးကွယ်ထားသော ဆံပင်ရှည်များကလည်း ကြောက်မက်ဖွယ်မြင်ကွင်းကို အားဖြည့်ပေးနေသလိုပင်။
” ဒါ တကယ်ပဲလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တစ်ခုလား ”
ချူဖုန်းစိုးရိမ်သွားရသည်။
ကျိုးချွမ်လည်း ရထားခေါင်မိုးပေါ်သို့ တက်လာလေပြီ။ သူသည် လူဝကြီးတစ်ဦးဖြစ်သော်လည်း သွက်လက်တက်ကြွသူတစ်ဦးဖြစ်သည်။
သူတို့နောက်မှ အခြားလူငယ်နှစ်ဦးလည်း တစ်ယောက်ပြီးတစ်ယောက်တက်လာသည်။ လူများလာသောကြောင့် သူတို့လည်း သံသဃပျောက်သွားပြီး ကြောက်စိတ်လျော့သွားသည်။
” ဒါက … ဒီလူက ပြဇာတ်ရုံမှာ အလုပ်လုပ်တဲ့သူများလား.. သူ ဘာတွေဝတ်ထားတာလဲ ” လူလေအလောင်းကို ရှင်းရှင်းလင်းလင်းမြင်ရသောအခါ ဖက်တီးကျိုး ပြောလိုက်သည်။
” သူက ဘယ် … ဘယ်သူလဲ။ ဘာလို့ဒီလိုဝတ်ထားတာလဲ ” လူငယ်တစ်ယောက်ကလည်း ထိတ်လန့်သွားဟန်ဖြင့် မေးလိုက်သည်။
” သူက ဟိုးရှေးရှေးတုန်းကလူတစ်ယောက်လို့ ခံစားရတယ်.. ဒီလူက စစ်မြေပြင်အောက်မှာ မြေမြှုပ်ခံခဲ့ရတဲ့လူလို့တော့ မပြောကြနဲ့နော်.. သူ ဘယ်လိုလုပ်ပြီးလေထဲမှာလွင့်နေတာပါလိမ့် ” အခြားတစ်ယောက်ကပြောလိုက်သည်။
” သူ့ကိုယ်ပေါ်မှာ သံကွင်းတွေရှိနေတာလား.. အဲ့သံကွင်းတွေက အပေါ်ကနေတွဲကျနေတာပဲ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ”
ဖက်တီးကျိုးသည်လည်း စိတ်လှုပ်ရှားလာပြီး ချူဖုန်း၏အင်္ကျီလက်ကိုဆွဲကာ ” ဟေ့လူ ဒါငါတို့ကိုင်တွယ်ဖြေရှင်းနိုင်မယ့်ကိစ္စဖြစ်မယ် မထင်ဘူး… ဒီကိစ္စကအတော်ရှင်းပြရခက်တယ်..ဒီနေရာကနေ မြန်မြန်သွားကြစို့ ” ဟု ပြောလေသည်။
မြူခိုးများကအလွန်ထူထဲသိပ်သည်းလာပြီး မြင်ကွင်းများလည်းလုံးဝမှုန်ဝါးသွားလေသည်။
တစ်စုံတစ်ဦးက လက်မောင်းအရွယ်ခန့်ရှိသံကွင်းအချို့ကို ကောင်းကင်မှတွဲလျားကျနေအောင်ပြုလုပ်ထားပြီး ထိုသံကွင်းများနှင့်ချိတ်ဆွဲခံထားရသောလူသေသည် နှိပ်စက်ညှဥ်းပန်းမှုကို ခံစားခဲ့ရဟန်တူ၏။
ဖက်တီးကျိုး၏စကားကိုကြားလိုက်ရသည်နှင့် အခြားသူများ၏ အမူအရာလည်း လျင်မြန်စွာပြောင်းလဲသွားသည်။ သူတို့သည် ချက်ချင်းပြန်လှည့်ပြီး ရထားပေါ်မှဆင်းပြေးရန် ပြင်ဆင်ထားကြလေသည်။ ဤနေရာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေရာပင်။ ထိုသူများအားလုံးခေါင်းမွေးထောင်လာသကဲ့သို့ပင် ခံစားနေကြရသည်။
” စိတ်မပူပါနဲ့.. အဲဒါတွေကနွယ်ပင်တွေပါ.. သံကွင်းတွေမဟုတ်ဘူး ” အချိန်ကိုက်ထွက်ပေါ်လာသော ချူဖုန်း၏စကားသံက အားလုံးကိုလှုပ်နိုးလိုက်သည်။
” နွယ်ပင်တွေက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှင်သန်ကြီးထွားနေကြတာပါလိမ့် ” ဖက်တီးကျိုးစိတ်ရှုပ်သွားသည်။ သူသည် အနီးသို့ကပ်ကြည့်လိုက်ပြီး သံကွင်းကဲ့သို့အရာပေါ်တွင် အရွက်ပုံစံများရှိနေသည်ကို တွေ့လိုက်ရသည်။
” အဲ့တာက တကယ်နွယ်ပင်နဲ့တူတယ် ” အခြားသူတစ်ဦးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်ရင်း ခေါင်းညိတ်ပြသည်။
” ကျုပ် လေ့လာကြည့်ရသလောက်ကတော့ ဒီလူက တောင်ပေါ်ကနေလိမ့်ကျလာတာထင်တယ်.. ဒီပြဇာတ်မင်းသားက သူ့အလုပ်ကိုအတော်လေးတန်ဖိုးထားပုံပဲ.. သူ့အသက်ကိုတောင် စွန့်သွားတယ် ” လူငယ်တစ်ဦးက ခေါင်းယမ်းရင်း သက်ပြင်းချနေသည်။
ချူဖုန်းသည် သူ၏အပေါ်အင်္ကျီကိုချွတ်ကာ အင်္ကျီလက်တစ်ဖက်နှင့်ချည်လိုက်ပြီး အခြားတစ်ဖက်ကို နွယ်ပင်ဆီသို့ရစ်ပတ်လိုက်သည်။ ထို့နောက် ထိုအင်္ကျီဖြင့် နွယ်ပင်တစ်ပင်လုံးကို အနားရောက်လောက်အောင် ဆွဲယူလိုက်သည်။
လူသေအလောင်းသည်လည်း ထိုနွယ်ပင်နှင့်အတူ ရွေ့လာပြီး သူတို့အနားသို့ရောက်လာသည်။
” အား… ” လူသေအလောင်းနှင့် ကပ်သွားသဖြင့် အခြားသူများက ထိတ်လန့်တကြားအော်ဟစ်လာကြလေသည်။
” ငါပြောပါတယ် မင်းက စွန့်စားလွန်းအားကြီးတယ်.. အကျိုးသင့်အကြောင်းသင့်မစဥ်းစားဘဲ လုပ်နေတာပဲ.. မင်း ဒီလိုဆွဲလိမ့်မယ်လို့ ငါမထင်ထားဘူး ” ဖက်တီးကျိူးလည်း လန့်သွားပြီး ချူဖုန်းကို ကူညီပေးရန် အနားရောက်လာသည်။
” မြန်မြန်လာကူညီကြပါဦး ” ကျိုးချွမ်က အနီးအနားမှလူများကို အော်ခေါ်လိုက်သည်။
အခြားသူများလည်း စိတ်ပြန်တင်းလိုက်ပြီး ရောက်လာကြသည်။ သို့သော် သူတို့ အလောင်းကို လုံးဝမထိချင်ကြ။
နွယ်ပင်သည် သူ့ဘက်သို့ယိမ်းလာသည်နှင့်အမျှ ရိုးရှင်းသော်လည်း အံ့အားသင့်စရာကောင်းသည့် ရှေးဟောင်းပစ္စည်းတစ်ခုကို သတိထားလိုက်မိသဖြင့် ချူဖုန်း အတော်မှင်သက်သွား၏။
၎င်းသည် ဓားမြှောင်တစ်ချောင်းဖြစ်သည်။ ထိုဓားမြှောင်သည် အနက်ရောင်ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ကိုယ်ထည်မှာလုံးဝမည်းနက်နေပြီး သံချေးတက်မနေ။ ဤလူသည် နောက်ဆုံးထွက်သက်ထိပင် ဤလက်နက်ကို လက်ထဲတွင် ခိုင်မြဲစွာဆုပ်ကိုင်ထားသည်။
” သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိတာပဲ ” အခြားလူများလည်း အံ့သြသွားကြသည်။
ချူဖုန်းသည် ထိုလူသေ၏လက်ကိုဖြန့်လိုက်ပြီး ဓားမြှောင်ကိုထုတ်ယူလိုက်သည်။ ထိုဓားမြှောင်သည် အလျား ၃၀ စင်တီမီတာမျှသာရှိသော်လည်း အလွန်လေးလံနေသဖြင့် ချူဖုန်းအံ့အားသင့်သွားသည်။
” ဟေး ငါလည်းကြည့်ဦးမယ် ” ဖက်တီးကျိုးသည် ထိုဓားမြှောင်ကို ချူဖုန်းဆီမှ ဆတ်ခနဲဆွဲယူလိုက်သည်။ သို့သော် ဓား၏အလေးချိန်ကြောင့် သူ့လက်များပင် တုန်သွားပြီး ဓားပြုတ်ကျလုနီးပါးဖြစ်သွားသည်။ ” ဘာလို့ တအားလေးနေတာလဲ ”
အခြားသူများကမူ လူသေအလောင်းကိုသာ အာရုံစိုက်နေကြပြီး ထိုဓားမြှောင်ကို စိတ်မဝင်စားကြချေ။
” အလောင်းကို မြေညီတဲ့နေရာမှာ ချလိုက်ရအောင် ” ကျိုးချွမ်သည် ဓားမြှောင်ကို ချူဖုန်းဆီသို့ ပြန်ပေးလိုက်ပြီး အလောင်းကိုရွှေ့ရန် အခြားသူများကို ဆော်သြလိုက်၏။
တခဏအကြာတွင် ရထားထဲမှ လူအချို့ထွက်လာကြပြီး အလောင်းအနားတွင် ဝိုင်းကြည့်နေကြသည်။ သူတို့အားလုံးပင် ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုကို ညီတူညီမျှခံစားလိုက်ကြရသည်။
ထိုအလောင်းသည် ယခုခေတ်နှင့်လုံးဝမကိုက်ညီသော ပုံပန်းသွင်ပြင်ရှိသည့် အရပ်ရှည်ရှည်လူတစ်ဦးဖြစ်သည်။ ထိုသူ၏ရင်ဘတ်တွင် နောက်ကျောအထိဖောက်ဝင်နေသော လက်သီးဆုပ်အရွယ်ဒဏ်ရာတစ်ခုရှိပြီး ထိုဒဏ်ရာမှသွေးများစီးကျနေဆဲဖြစ်သည်။ ထိုသူသည် ဤဒဏ်ရာကြောင့် သေဆုံးရခြင်းပင်။
” ကြည့်ရတာ ဒီလူက လက်နက်တစ်ခုခုနဲ့ အထိုးခံလိုက်ရပြီး အထိုးခံလိုက်ရတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နံရိုးတွေကျိုးသွားပြီးတော့ အပေါက်ကြီးဖြစ်သွားတဲ့ပုံပဲ ” ခရီးသည်တစ်ဦးက တီးတိုးပြောနေသည်။
မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် အချို့အမျိုးသမီးများမှာ မကြည့်ရဲကြ။
” ချူဖုန်း ဘာလို့ဆင်းမလာသေးတာလဲ ” ကျိုးချွမ်က ချူဖုန်းကို လှမ်းအော်ပြောလိုက်၏။
ချူဖုန်း လက်အမူအရာ လုပ်ပြပြီး ကျိုးချွမ်ကို အပေါ်တက်ခဲ့ရန်အရိပ်အခြေပြလိုက်သည်။
ကျိုးချွမ်လည်း နောက်တစ်ကြိမ်ထပ်တက်သွားပြီး ရထားခေါင်မိုးတစ်လျှောက် ချူဖုန်းနောက်မှလိုက်လာခဲ့သည်။
” ကြည့်လိုက် ” ချူဖုန်းက ပြလိုက်သည်။
ထိုနေရာတွင် အမြင့်တစ်နေရာမှတွဲလျားကျနေသော နွယ်အတုတ်ကြီးများကို တစ်နွယ်ပြီးတစ်နွယ်တွေ့လိုက်ကြရသည်။ ထိုနွယ်များသည် သူတို့နှင့်အလွန်နီးနေသဖြင့် သူတို့ကိုပင် ဆွဲယူလိုက်တော့မယောင်ထင်ရသည်။
” ဒီနေရာမှာ တောင်နွယ်ပင်တွေအများကြီးရှိနေတာပဲ .. သူတို့အမြစ်တွေက ဒီတောင်တွေရဲ့ အတွင်းနက်ပိုင်းမှာ ရှိမယ်ထင်တယ် .. ဒီနွယ်တွေက ဘယ်လိုလုပ် ဒီအထိတောင် ရောက်လာနိုင်တာလဲ … ဒီလိုနှုန်းနဲ့ကြီးထွားနေမယ်ဆိုရင် ရထားတောင်ဖြတ်သွားလို့ရတော့မှာမဟုတ်တော့ဘူး ” ကျိုးချွမ် ငြီးတွားလိုက်သည်။
” ဒါတွေက တောင်နွယ်ပင်တွေနဲ့ မတူဘူး.. ဘာလို့လဲဆိုတော့ မနေ့က ရထားရပ်တုန်းက ငါတို့နဲ့အနီးဆုံးတောင်,တောင်မှ ဒီနေရာနဲ့ အတော်လေး ဝေးသေးတာကို ငါသေချာတွေ့လိုက်တယ်.. ဒီနွယ်ပင်တွေ ဒီလောက်ကြီးထိရှည်လာပြီး ငါတို့ရှိတဲ့နေရာမှာမှ ကွက်တိရပ်သွားတာ” ချူဖုန်း ကောင်းကင်ပေါ်သို့ငေးကြည့်ရင်း ပြောလိုက်၏။
ကျိုးချွမ်၏မျက်လုံးများသည် ပြူးကျယ်လာပြီး ” တကယ်လို့ ဒါတွေက တောင်နွယ်ပင်တွေမဟုတ်ဘူးဆိုရင် ကောင်းကင်ပေါ်ကနေ ကျလာတာလို့ ပြောချင်တာလား ” ဟု အံ့သြတကြီးမေးလိုက်သည်။
သူလည်း ခေါင်းမြန်မြန်မော့လိုက်ပြီး ကောင်းကင်ပြင်သို့ငေးကြည့်လိုက်သည်။
သို့သော် အရာရာတိုင်းကို ထူထဲသိပ်သည်းလှသောမြူခိုးမြူငွေ့များကဖုံးလွှမ်းထားပြီး မြင်မြင်သမျှအဖြူရောင်များဖြစ်နေသောကြောင့် သူတို့ ဘာကိုမှမမြင်ရချေ။
ချူဖုန်းက သူ့လက်ထဲမှအနက်ရောင်ဓားမြှောင်ဖြင့် နွယ်တစ်နွယ်ကိုဘေးဘက်သို့တွန်းပို့လိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည်။
ရုတ်တရက် သူ့ခြေလှမ်းများတန့်သွားသည်။ အလွန်ထိတ်လန့်သွားသောကြောင့် မျက်လုံးသူငယ်အိမ်များပင် ကျဥ်းမြောင်းသွားပြီး ခန္ဓာကိုယ်လည်း ရုတ်တရက်တောင့်တင်းသွားသည်။
” ဘာလို့ဆက်မသွားတော့တာလဲ ” ဖက်တီးကျိုးက နောက်မှလိုက်လာသည်။
တစ်ခဏကြာပြီးနောက် သူလည်း ရပ်တန့်သွားကာ အဆဲစကားများ ထွက်လာလေ၏။
” သေစမ်း.. အဲ့တာ မနေ့က ငါတို့ပေါ်ပြုတ်ကျလာပြီး ရထားတစ်စီးလုံးကိုလှုပ်ယမ်းသွားစေတဲ့အရာလား .. ဒါက ဘာကြီးလဲ..” သူသည် ကိုယ့်မျက်လုံးကိုပင်မယုံနိုင်ဖြစ်နေပြီး ငေးကြည့်နေလေသည်။
ထိုအရာသည် နွယ်များဖြင့်ရစ်ပတ်နေပြီး ရထားခေါင်မိုးပေါ်သို့လဲကျနေသည်။
” ဒါ … ဒါက မဖြစ်နိုင်ဘူး .. ဒါက ဂြိုဟ်တုတစ်ခုပဲ.. နွယ်တွေနဲ့အရစ်ခံလိုက်ရပြီးတော့ လေထဲမှာ ဝဲနေတာ ” ကျိုးချွမ်သည် ထိုအရာကိုကြည့်ပြီး အိပ်မက်ယောင်နေသူတစ်ဦးကဲ့သို့ ပြောလိုက်သည်။
သူသည် သူ့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကိုယုံကြည်ရန် ခက်ခဲနေလေသည်။
အပိုင်း ၉ ပြီး၏။