ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 34
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၃၄ – ထိပ်တန်းအဆင့်ဗုံး
“နွားဝါလို့ အခေါ်ခံရတာကို သူကကြိုက်တယ်တဲ့လား” နွားပေါက်ကို ယခုကဲ့သို့ ပုံတုံးတုံးနာမည် ခေါ်နေကြောင်း သိရသည့်အချိန် သူ ကြောင်အသွားရသည်။ ဤသည်မှာ သူ့ကို စော်ကားလိုက်ခြင်းပင်။
သူ တစ်ချိန်က နွားပေါက်လေးကို နွားနတ်ဆိုးဟု အမည်ပေးခဲ့သေးသည်။ သို့သော် နွားပေါက်လေးသည် သူပေးလိုက်သည့်အမည်ကို ငြင်းပယ်လိုက်သည်အပြင် ခါးခါးသီးသီးပင် ဆက်ဆံခဲ့သေးသည်။ ဤမျှလက်ပေါက်ကပ်သည့် နွားပေါက်လေးက ဤကဲ့သို့သော နာမည်မျိုးကို ရွေးချယ်လိမ့်မည်ဟု ထင်မထားသောကြောင့် သူ့ကို စော်ကားလိုက်သကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်သည်။
“မူး..”
နွားဝါလေး အော်ဟစ်လိုက်သည်။ သူသည် ခေါင်းမော့ထားကာ မျက်နှာထက်၌ မောက်မာမှုအပြည့် ရှိနေသည်။ သူရွေးချယ်ထားသည့်နာမည်ကို အလွန်ကျေနပ်ဂုဏ်ယူနေကြောင်း ပြသနေခြင်းပင်။
“လူတတ်ကြီးလုပ်မနေနဲ့” ကျိုးချွမ် ပြောလိုက်သည်။
သူ့အတွက် “နွားဝါ”ဟူသော နာမည်ထက် ပုံတုံးသော နာမည်မရှိချေ။ “ဒီကောင်က ဘယ်ဟာပိုကောင်းမှန်း နားမလည်ဘူးပဲ.. ခုလို နာမည်မျိုးပေးခံရတာကို ပျော်နေတာ ကမ္ဘာပေါ်မှာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်.. ငတုံးကောင်” ကျိုးချွမ် အသံတိတ် ဆဲဆိုလိုက်သည်။
နွားဝါလေး သူ့ကို ဘေးမှနေ၍ မျက်စောင်းထိုးလာလေသည်။ ဤသည်မှာ သူ့ကို ‘ဘာလဲ .. ဘာဖြစ်လို့လဲ’ ဟု မေးနေသည့်အကြည့်မျိုးပင်။
“မင်းက မင်းရဲ့ဖုန်းစုတ်ကို အရမ်းအားကိုးနေတာမလား .. နွားဝါက ဘာအဓိပ္ပာယ်လဲဆိုတာ ရှာကြည့်လိုက်..” ကျိုးချွမ် ပြောလိုက်သည်။
သူ၏အပြစ်ရှိစိတ်ကြောင့် ချူဖုန်း အနည်းငယ် မသက်မသာခံစားလာရသည်။ “သူ မင်းကို အရူးလုပ်တာ ခံမနေနဲ့ .. ငါတို့ သွားစရာရှိတာ မြန်မြန်သွားကြမယ်..”
ကျိုးချွမ်၏ ရန်စသည့်စကားများနှင့် ချူဖုန်း၏ ပျာယာခတ်သွားသော အကြည့်တို့ကြောင့် နွားဝါ သတိကြီးကြီးဖြစ်သွားသည်။ သူ ဤနှစ်ယောက်အကြောင်းကို ကောင်းကောင်းသိသည်။ သူ၏ ‘နွားဝါ’ ဟူသည့်နာမည်တွင် မရိုးသားသည့်အဓိပ္ပာယ်တစ်ခုခု ရှိရမည်။ နွားပေါက်လေးသည် ချက်ချင်းပင် ဖုန်းကို ဆွဲထုတ်လိုက်သည်။ တစ်ခဏ ရှာဖွေပြီးနောက် တွေ့လိုက်ရသည့်ရလဒ်မှာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
“ဘယ်လိုလဲ..” ကျိုးချွမ် ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။
နွားပေါက်လေးနှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်လာကာ ချူဖုန်းကို အသေသတ်မည့်အကြည့်ဖြင့် ကြည့်လာသည်။ သူ့ရှေ့ခြေထောက်ဖြင့် မြေကြီးကိုယက်နေကာ သူ့ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ချူဖုန်းမှာ တည်ငြိမ်နေဆဲပင်။ “အင်တာနက်ပေါ်က လူတွေက အမြင်မရှိကြဘူး .. သူတို့ပြောတာတွေ မယုံနဲ့ .. ငါ မင်းကို ပြောမယ် .. ‘နွားဝါ’ ဆိုတဲ့နာမည်က တကယ်ကို ထူးခြားတယ် .. သူ့မှာ လေးနက်နဲ့ဒသနတွေနဲ့ နှလုံးသားကို အရည်ပျော်ကျစေလောက်တဲ့ အဓိပ္ပာယ်ရှိတယ် .. ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းစွာနဲ့ပဲ အခုနောက်ပိုင်းလူတွေက အဓိပ္ပာယ်လွဲကောက်နေကြတယ်..”
နွားဝါလေး ခဏမျှတွေဝေသွားသော်လည်း သံသယ ရှိနေဆဲပင်။
“ဆက်ရှာကြည့် .. ‘နွားဝါ’ရဲ့အဓိပ္ပာယ်ကို မင်း တွေ့လိမ့်မယ်..” ချူဖုန်း လေးနက်စွာ ပြောလာသည်။ “အဝါရောင်က ဘာကိုဆိုလိုတာလဲ .. ဒါက ဂုဏ်ကျက်သရေရှိတာကိုပြောတာ .. သူက ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုတာ .. ဘုရင်မိသားစုကပဲ အဝါရောင်တောင်ဝင်ဝတ်ရုံကို ဝတ်နိုင်တာ .. အဆင့်အတန်းမြင့်မြင့်နဲ့ အာဏာရှိတဲ့သူတွေကပဲ အဝါရောင်နဲ့ ထိုက်တန်တာ ..’နွား’ ဆိုတဲ့ စကားလုံးကို ကြည့်လိုက် .. သေချာစဉ်းစားကြည့်လိုက် .. ဒါက အရမ်းကိုကောင်းတဲ့စကားလုံးပဲ .. လူတွေက တစ်ခုခုကို အားကျလို့ ချီးကျူးတဲ့အခါကျရင် ‘နျို(နွား)’ လို့ ပြောကြတယ်လေ..”
[AN: အရမ်းတော်တယ်လို့ ပြောတဲ့စကားလုံး .. နွားလို့လည်း အဓိပ္ပာယ်ရ]
ကျိုးချွမ် ဆွံ့အသွားရသည်။ ချူဖုန်း၏ ရုပ်တည်ဖြင့် ဗရုတ်သုတ်ခပြောနိုင်သည့် စွမ်းရည်ကို မလေးစားပဲ မနေနိုင်တော့။
နောက်ဆုံးတွင် ကျိုးချွမ်လည်းမနေနိုင်ပဲ ပြောလိုက်သည်။ “ဟုတ်တယ် .. ငါ ထောက်ခံတယ် .. ‘နျို (နွား)’ ဆိုတဲ့စကားလုံးက တစ်ခုခုကို ချီးကျူးတဲ့အချိန်မှာသုံးတယ် .. ဥပမာဆိုရင် ‘နျိုချာ (စောက်ရမ်းကောင်းတယ်)..”
“ပေါက်တတ်ကရတွေ..” ချူဖုန်း၏မျက်နှာထက်၌ လေးနက်သည့်အကြည့်တို့ ရှိနေဆဲပင်။
သူ့အပြောသည် ပေါက်ကရမဟုတ်ကြောင်း ကျိုးချွမ်ရှင်းပြရန် ကြိုးစားလိုက်သည်။ “ဒါက ဘယ်လိုလုပ် ပေါတ်တတ်ကရဖြစ်မှာလဲ.. ဒီထက် ပိုဆိုးတဲ့အသုံးအနှုန်းတွေ အများကြီး ရှိသေးတယ်လေ ဟုတ်တယ်မလား .. ဥပမာအားဖြင့် ‘နျို…'”
ဖုန်း..
နွားဝါ သူ့နောက်ခြေထောက်ဖြင့် နောက်ပြန်ကန်လိုက်သောကြောင့် ကျိုးချွမ် လွင့်ထွက်သွားလေသည်။ နွားဝါ၏မျက်နှာထက်ရှိ အကြည့်များမှာ ကြင်နာခြင်းမရှိ။ သူသည် ကျိုးချွမ်ကို စကားပြောတာသတိထားဟု သတိပေးနေသလိုပင်။
ကျိုးချွမ် ဒေါသထွက်သွားသော်လည်း သူ နွားပေါက်ကို အကျိုးအကြောင်းရှင်းပြနိုင်ခွင့်မရှိတော့။ သူ အမှန်အတိုင်းပြောလိုက်သော်လည်း ကန်ခံလိုက်ရသည်။ ပေါက်တတ်ကရ ပြောနေသည့်ချူဖုန်းမှာတော့ သဘောကျခြင်းခံနေရသည်။ ချူဖုန်း၏ အဓိပ္ပာယ်မရှိသည့် မြှောက်ပင့်မှုများကို နွားပေါက်လေး အလွန်ပျော်ရွှင်နေလေ၏၊
“အဲဒီတော့ ‘အဝါရောင်’ နဲ့ ‘နွား’ ကို ပေါင်းလိုက်ရင် အရမ်းကို ကျက်သရေရှိတဲ့နာမည်ဖြစ်သွားပြီ .. ငါပြောတာနားထောင် .. အဲဒီအတွေးအခေါ်မရှိတဲ့သူတွေ ပြောတာကို ဂရုစိုက်မနေနဲ့..”
“မူး..” နွားဝါသည် သဘောတူကြောင်း ခေါင်းညိမ့်ပြလာလေသည်။
ကျိုးချွမ် မည်သူ့ကို အကျိုးအကြောင်း ရှင်းပြရတော့မည်နည်း.. မည်သူမှ မရှိတော့။ “နျိုကျီယိခုန်ထျန်း (စောက်ရမ်းတော်တယ်)” သူ ဒေါသတကြီး ပြောလိုက်သည်။
“အဲဒါက ဆဲတဲ့စကားလုံး” ချူဖုန်း ပြောလိုက်သည်။ “ဒါပေမဲ့ သူ မင်းကို ဆဲနေတာ..” ချူဖုန်း နွားဝါလေးဘက်လှည့်ကာ ပြောလိုက်သည်။
ဘာအဓိပ္ပာယ်လဲ.. နွားဝါလေး ရှုပ်ထွေးသွားသည်။
“ဘာမှမဟုတ်ဘူး…နျိုမိသားစုတစ်စုပိုင်တဲ့ လယ်တစ်ဧကအကြောင်း ပြောနေတာ(နျိုကျင်ယိခိုထျန်)၊ ငါ ရုတ်တရက် စဥ်းစားမိသွားလို့…ဘာမှမဟုတ်ဘူး စိတ်ထဲမထားနဲ့ နွားဝါ” သူ၏ အပြောကြောင့် နွားပေါက် စိတ်တိုလာမည်စိုး၍ အမြန် ပြန်ရှင်းပြရန် ကြိုးစားလိုက်သည်။
သူတို့သုံးဦးသား တောအတွင်းနက်ပိုင်းသို့ ဝင်လာခဲ့လိုက်ကြသည်။ ထူထဲလှသည့် မြက်ပင်နှင့် ချုံပင်များကြောင့် လေတိုးသံပင် မကြားရတော့။ ဤသည်မှာ ဤနေရာသို့ လူသူအရောက်အပေါက်နည်းသည်ကို ပြသနေခြင်းပင်။ ပတ်ဝန်းကျင်ရှုခင်းမှာ တစ်ဖြည်းဖြည်း စွန့်ပစ်မြေနှင့် တူလာသည်။ ကျိုးချွမ် အနည်းငယ် ထိတ်လန့်သွားရသည်။ သူတို့ ဘယ်ရောက်နေတာလဲ .. သူ ဘယ်နေရာကြည့်ကြည့်ကြီးမားလှသည့်တောင်များကိုသာ မြင်နေရသည်။
“ဝေါင်း..”
ရုတ်တရက် တောအုပ်ကို ဝန်းရံထားသည့် မြူခိုးများကြားမှ တောရိုင်းကောင်၏ ကျယ်လောင်စွာ အော်မြည်သံ ထွက်လာသည်။ အော်မြည်သံနှင့်အတူ ထွက်ပေါ်လာသည့် လေသံလည်း သစ်ရွက်များကို ရိုက်ခတ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုဖြစ်လာတော့မည်ကို ကြိုတင်နမိတ်ပြနေသလိုပင်။
ကျိုးချွမ် ကြက်သီးထသွားကာ ဆံပင်မွေးများပင် ထောင်လာသည်။
“ဟေ့ကောင် .. ငါတို့သွားနေတာ လမ်းမှန်ရဲ့လား .. ငါတို့ ရှေးဟောင်းတောင်တွေထဲ ရောက်လာနေပြီထင်တယ် .. မြန်မြန်ပြန်ထွက်ရအောင်..” ကျိုးချွမ် လန့်နေလေပြီ။
“ဟုတ်တယ် .. ငါတို့လမ်းမှန်တယ် .. ငါတို့ ဒီနေရာကို သတ္တိရှိရှိ ဖြတ်ကျော်သွားဖို့ပဲလိုတယ် .. မင်း ရှန်ဂရီလာတို့ အာကေဒီးယားတို့ ရှနန်ဒူတို့အကြောင်းကို ကြားဖူးလား .. အဲဒီနေရာတွေအားလုံးက အရမ်းကို လှပတဲ့နယ်မြေတွေ .. သူတို့တွေက အပြင်လောကနဲ့ ကင်းကွာတဲ့နယ်မြေတွေဆိုတော့ လမ်းကွေးလမ်းကောက်တွေနဲ့ တောင်မြင့်ကြီးတွေ နောက်မှာ ရှိနေတာ .. အခု ငါတို့ အဲဒီနေရာကို သွားနေတာ ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“တကယ်လား .. ဒီတောင် နောက်မှာလား..” ကျိုးချွမ် အံ့အားသင့်သွားရသည်။ သူ့မျက်နှာထက်မှ မပျော်ရွှင်သည့်အမူအရာမှာ စိတ်လှုပ်ရှားမှုဖြင့် အစားထိုးသွားသည်။ သူသည် လက်နှစ်ဘက်ကို ပွတ်သပ်လိုက်ကာ “အဲဒီတော့ မင်းပြောတာက သူတို့လောကကြီးကို ကိုယ်တိုင်တည်ဆောက်ထားတာပေါ့ ဟုတ်လား.. .. စီးပွားရေးလုပ်ငန်းရှင်တွေလို့ကို မပြောရဘူး .. ဒီခေတ်မှာ ရှေးဟောင်းတောင်တွေ ပေါ်လာတော့ ဒီနေရာက ပိုပြီးလျှို့ဝှက်ဆန်းကြယ်သွားတာပေါ့ ဟုတ်တယ်မလား..”
“ဟုတ်တယ်..” ချူဖုန်း သံယောင်လိုက်ပြောလိုက်သည်။
“စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ..” ကျိုးချွမ် ပြုံး၍ ပြောလိုက်သည်။
နောက်ဆုံးတော့ သူတို့ ရှေးဟောင်းတောင်ထဲသို့ ရောက်လာလေပြီ။ ကျိုးချွမ်၏ အလှပဂေးမြေသို့သွားသည့်ခရီး စတင်လေပြီ။
“အား..”
ကျိုးချွမ် လမ်းလျှောက်ရင်း ရုတ်တရက် ထအော်လာသည်။ သူ့တစ်ကိုယ်လုံး ကြက်သီးထလာကာ သေမတတ် လန့်သွားရသည်။
အရှေ့ဘက်၌ ဝက်ဝံကြီးတစ်ကောင် ရှိနေသည်။ ဝက်ဝံကြီး၏ခေါင်းမှာ အိမ်တစ်လုံးစာပမာဏပင်ရှိသည်။ သူ ချုံပုတ်အချို့ကို ဖယ်ရှားလိုက်သည့်အချိန် ဤဝက်ဝံကြီးကို မြင်လိုက်ရခြင်းပင်။ ဝက်ဝံကြီး၏မျက်နှာ ရုတ်တရက်ပေါ်လာသောကြောင့် ကျိုုးချွမ် မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားသည်။
ထိုဝက်ဝံကြီး ပါးစပ်ဟလိုက်သည်နှင့် လူ လေး၊ ငါးယောက်ကို အသာလေး မျိုချပစ်နိုင်သည်။
ကျိုးချွမ်သည် ကြောက်လွန်းသောကြောင့် ဘောင်းဘီထဲ သေးပေါက်ချမတတ်ပင် ဖြစ်နေလေပြီ။ သူသည် မြန်မြန်နောက်ဆုတ်လိုက်ကာ နွားဝါနှင့် ချူဖုန်းတို့နောက်၌ ဝင်ပုန်းလိုက်သည်။
ချူဖုန်း ဝက်ဝံကို ခြောက်လှန့်ကာ ထွက်သွားစေလိုက်သည်။ ချူဖုန်းကို မြင်သည်နှင့် ဝက်ဝံလည်း ထိတ်လန့်သွားကာ တောအုပ်အတွင်းပိုင်းသို့ မြန်မြန် ပြေးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သူ့ထက်အင်အားကြီးသည့်သားရဲများအား ရက်ရက်စက်စက်သတ်ပစ်သည်ကို သူ တစ်ကြိမ်မက မြင်ဖူးသည်ပင်။ ဝက်ဝံတွင်လည်း သူ့ဉာဏ်ရည်နှင့်သူ ရှိသည်။ ဤလူကိုတွေ့သည်နှင့် ချက်ချင်း ထွက်ပြေးရမည်ကို သူသိသည်။
“သူ .. ထွက်ပြေးသွားတာလား..” ကျိုးချွမ် အံ့အားသင့်နေသည်။
“ဟုတ်တယ် .. ဒါက ဘုရားကျောင်းကမွေးထားတဲ့ ဝက်ဝံ .. သူက လူတွေနဲ့ ရင်းနှီးတယ် .. ပြီးတော့ သူက သူစိမ်းတွေနဲ့တွေ့ရင် ရှက်တတ်တယ် .. အဲဒါကြောင့် ငါ့ကိုမြင်တာနဲ့ ထွက်ပြေးသွားတာ..” ချူုဖုန်း တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။
ကျိုးချွမ်မှာ ရှုပ်ထွေးသွားရသည်။ ဒါက ဘယ်လိုဘုရားကျောင်းမျိုးလဲ .. ထိုနေရာမှာ သည်းထိတ်ရင်ဖိုမှုများနှင့် ပြည့်နှက်နေသည့်နေရာပင်။ သူ ကြောက်နေသော်လည်း ထိုဘုရားကျောင်းကို အနည်းငယ် မျှော်လင့်နေမိသည်။
“အား .. ချီးပဲ .. သရဲကြီး..” သိပ်မကြာခင် ကျိုးချွမ်၏အော်သံ ထပ်ထွက်လာသည်။
ချူဖုန်း ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် လူတစ်ယောက်၏ လက်မအရွယ်အစားခန့်ရှိသည့် အဖြူရောင်ပိုးချည်မျှင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပိုးချည်မျှင်မှ တွဲလောင်းကျနေသည်မှာ ကျောက်ကြိတ်စုံ အရွယ်အစားရှိသည့် ပင့်ကူကြီးတစ်ကောင်ပင်။ ပင့်ကူကြီးသည် မြေပြင်နှင့် သုံးပေအကွာခန့်၌ ရှိနေခြင်းပင်။
ကျိုးချွမ်မှာ ကြောက်ရွံ့မှုကြောင့် ခြေလက်များပင် မလှုပ်ရှားနိုင်တော့။ သူ မြေကြီးပေါ်သို့ ဖင်ထိုင်ကျသွားကာ လေးဖက်ထောက်ပြီး အမြန်ပြေးသွားလေသည်။
ဖုန်း..
ချူဖုန်းကတော့ မမှု။ ကန်ချက်တစ်ချက်တည်းဖြင့် ထိုပင့်ကူ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ကျိုးချွမ်မှာ ကြောက်ရွံ့လွန်းသောကြောင့် မျက်ဖြူပင် လှန်နေလေပြီ။ သူ့လည်ပင်း ညစ်ခံထားရသလို ခံစားနေရပြီး တံတွေးကိုပင် ခက်ခက်ခဲခဲ မြိုချနေရသည်။ ထို့နောက် သူသည် အသက်ရှူရကြပ်လာကာ ရင်ဘတ်ကို ထုနှက်လာလေသည်။ သူသည် လန့်လွန်းသောကြောင့် သတိလစ်မတတ်ပင် ဖြစ်နေလေပြီ။
“ဟေ့ကောင် .. အမ် .. ငါတို့ ဆက်မသွားသင့်တော့ဘူးထင်တယ် .. ငါတို့ ဒီကနေ မြို့ထဲ ပြန်လှည့်ပြန်ပြီး မြို့မှာပဲ အချိန်ဖြုန်းရင်ရော .. ငါဘာလို့ ရှေးခေတ် ရုပ်ရှင်ကားကို ကြည့်နေသလို ဒါမှမဟုတ် ငါကိုယ်တိုင် အဲဒီထဲမှာ သရုပ်ဆောင်နေသလို ခံစားနေရတာလဲ.. ဟိုမိစ္ဆာကောင်တွေကို ကြည့်ပါဦး.. ဘာလို့ ဒီလောက်တောင်များနေရတာလဲ”
သူ၏အသက်ရှူသံများမှာ ပြင်းထန်နေသည်။
တစ်ချိန်တည်းမှာပင် ချူဖုန်း၏ အကြောက်တရားကင်းမဲ့ပုံကို သူ အံ့အားသင့်သွားရသည်။ သူက ဘယ်လိုလုပ် မျက်တောင်တစ်ချက်မခတ်ပဲ ဧရာမပင့်ကူကြီးကို တက်နင်းရဲတာလဲ..
သို့သော် ခဏကြာပြီးနောက် ချူဖုန်းကို အတင့်ရဲသောသူဟု ပြောခြင်းက မလုံလောက်ကြောင်း သူ သိသွားသည်။
အဘယ်ကြောင့်ဆိုသော် မျက်လုံးတစ်ဖက်သာရှိသည့် ဝံပုလွေတစ်ကောင်သည် အသံမပေးပဲ သူတို့အနားသို့ ချဉ်းကပ်လာသည်။ ဤဝံပုလွေကြီး၏ ခန္ဓာကိုယ်သည် အနည်းဆုံး ဆယ်မီတာ ရှည်ပြီး အမြင့်လည်း မီတာအနည်းငယ်မြင့်သည်။ သူ၏လက်သည်းခြေသည်းများမှာ ဓားသွားများကဲ့သို့ ထက်ရှလှသည်။
ထို့အပြင် ဤဝံပုလွေ၌ အတောင်ပံတစ်စုံလည်း ရှိနေသည်။ ဤသည်မှာ ပျံသန်းနိုင်သည့် သားရဲကြီးပင်။
ကျိုးချွမ် ထိတ်လန့်တကြား အော်ဟစ်နေသော်လည်း ချူဖုန်းကတော့ သူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သူ သတိပြုမိသွားသည်။ ချူဖုန်းသည် သားရဲထံသို့ အလျင်အမြန် ပြေးသွားကာ တည်ငြိမ်စွာဖြင့် ဝံပုလွေကြီးကို လက်သီးဖြင့် ထိုးလိုက်လေသည်။
နောက်အခိုက်အတန့်တွင် ကျိုးချွမ် လုံးဝဆွံ့အသွားရသည်။
ချူဖုန်းသည် လျင်မြန်ရုံသာမက ပြိုင်ဘက်ကင်းခွန်အားလည်း ရှိသည်။ ချူဖုန်း၏လက်သီးချက် ဝံပုလွေပေါ်သို့ ကျရောက်သွားသည်နှင့် ကျယ်လောင်လှသည့် မိုးခြိမ်းသံနှင့်အတူ ဝံပုလွေ၏နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူသည် တစ်လှမ်းစီ နောက်ဆုတ်သွားပြီး ထွက်ပြေးသွားလေသည်။
“ငါ အိပ်မက်မက်နေတာလား .. ငါ ဘာမြင်လိုက်ရတာလဲ .. ငါ ကျောက်ခေတ်ကို ပြန်ရောက်သွားတာလား ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေရတာလား..” ကျိုးချွမ်သည် အိမ်မက်မဟုတ်ကြောင်း အတည်ပြုရန်အတွက် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကျိုးကွမ် ကြောက်ရွံ့နေဆဲဖြစ်သည်။ သူကြုံတွေ့ရသည့် အကြောက်တရားမှာ ယခင်က တစ်ခါမျှ မခံစားဖူးသည့် အတွေ့အကြုံဖြစ်သည်။ သူ ဤနေရာမှ ထွက်ပြေးချင်လာသည်။
နွားဝါ ကျိုးကွမ်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ရုတ်တရက် ပျောက်သွားပြီး ခဏကြာပြီးနောက် သူ့နောက်တွင် သုံးမီတာရှိသည့် မျောက် ပြေးလိုက်လာသည်။ နွားပေါက်သည် မျောက်ကို ကျိုးကွမ်ရှိရာဘက်သို့ တမင်မျှားခေါ်လာခြင်းဖြစ်သည်။
“အား…ကယ်ကြပါဦး”
ကျိုးချွမ် ကြောက်လန့်တကြား အော်ဟစ်နေသည်။ သူ့ထံသို့ ခုန်ပေါက်လာနေသည့်မျောက်ကြီးကို ကြည့်ပြီး သူ သေးထွက်ကျမလိုပင် ဖြစ်နေလေပြီ။ ထိုမျောက် ပါးစပ်ဟကာ သူ့ကို ငုံ့ကြည့်လာသည့်အချိန်တွင်တော့ မျောက်ကြီးသည် ကြောက်လန့်တကြား ထွက်ပြေးနေသည့်ကြက်ပေါက်လေးအား ကြည့်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။
ဒေါသတကြီး လိုက်ဖမ်းနေသည့်မျောက်ကို အသက်လုကာ ပတ်ပြေးနေသည့် ကျိုးချွမ်ကြောင့် ဤနေရာမှာ ရုတ်တရက်ပင် ဗြောင်းဆန်သွားလေသည်။
“ဝေါင်း..”
“ချောင်ပိတ်ခံရသောကြောင်သည် ခြသ်ေ့တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လာသည်” ဟူသော ဆိုရိုးစကားကဲ့သို့ ချောင်ပိတ်ခံရသော ကျိုးကွမ်သည် နောက်ဆုံးတွင် ပြန်တိုက်ခိုက်လာသည်။ သူသည် ပါးစပ်ထဲမှ မီးတောက်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ဤမီးတောက်သည် ကျောက်တုံးနှင့် ရွှေတုံးများကို အလွယ်တကူ အရည်ဖျော်နိုင်သည်။ ဤမီးတောက်ကြောင့် အနားရှိ သစ်ပင်အိုကြီးတစ်ပင် ပြာကျသွားလေပြီ။
ဧရာမမျောက်ကြီး ထိတ်လန့်သွားကာ သူ့ရန်သူ၏အစွမ်းအစကို သိသွား၍ အလျင်အမြန် နောက်ဆုတ်သွားသည်။
ကျိုးကွမ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေလေပြီ။ သူလည်း နောက်ပြန်ဆုတ်လာလေ၏။
ချူဖုန်းသည် မျက်လုံးတစ်ဖက်သာရှိသည့် ဝံပုလွေကို ရှင်းလင်းပြီးနောက် ဧရာမမျောက်ကြီးနှင့် ဆင်နွှဲနေသည့် စစ်မြေပြင်ကို ရောက်လာခဲ့သည်။
“စိတ်ငြိမ်ငြိမ်ထား.. ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်အနေနဲ့ မင်းရဲ့ သဘာဝလွန်အစွမ်းအားတွေကို အစွမ်းကုန်ထုတ်သုံးဖို့ လိုတယ်.. မျောက်ကို ကြောက်မနေနဲ့” ချူဖုန်း အားပေးလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း.. ဘယ်မှာလဲ ဘုရားကျောင်း.. ဘယ်မှာလဲ ငါ့ပျော်ရွှင်စရာမြေ.. ပြီးတော့ ဒီနေရာက ဘယ်လိုနေရာကြီးလဲ..” ကျိုးကွမ်၏ခန္ဓာကိုယ်မှာ ကြောက်စိတ်ဖြင့် တုန်လှုပ်နေကာ ငိုမဲ့မဲ့အသံဖြင့် ပြောလာသည်။
“အဲဒီ ဘုရားကျောင်းက လူတိုင်းကို ပေးဝင်တာမဟုတ်ဘူး .. ဝင်ချင်ရင် ဒါကို အရင်အောင်မြင်အောင် လုပ်ရမှာ .. အဲဒီတော့ ဒီမျောက်ကို မြန်မြန်ရှင်းလိုက်တော့..” ချူဖုန်း လေးနက်စွာ ပြောလိုက်သည်။
“အား..” ကျိုးချွမ် ဟစ်ကြွေးလိုက်သည်။ သူ အသက်စွန့်ကာ တိုက်ခိုက်တော့မည်။
“ဖူး..”
ကျိုးချွမ် ပါးစပ်ဟကာ မီးတောက်များ ဆက်တိုက်ပစ်လွှတ်လာသည်။ မီးတောက်ကြီးသည် ကောင်းကင်ထိ ရောက်ရှိသွားကာ ဤနေရာတစ်ခုလုံးကို မီးပင်လယ် ဖြစ်သွားစေသည်ဓ။
သူ ဤတောအုပ်တစ်ခုလုံး ပြာကျသွားအောင်လုပ်မည်စိုး၍ ချူဖုန်းနှင့် နွားဝါးလေးတို့ သူ့ကို မြန်မြန်တားလိုက်ရသည်။
ပြင်းထန်စွာ လောင်ကျွမ်းခံလိုက်ရပြီးနောက် မျောက်ကြီး ထွက်ပြေးသွားသည်။
ကျိုးချွမ် မြေကြီးပေါ်၌ ထိုင်ချလိုက်ပြီးနောက် လဲချလိုက်သည်။ အစောပိုင်းက ကြုံတွေ့ခဲ့ရသည့် အကြောက်တရားများကြောင့် သူ့တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေပြီဖြစ်သည်။
“ဟေ့ကောင် .. ငါတို့ ငါ့ရဲ့ပျော်ရွှင်စရာမြေကိုသွားတဲ့လမ်းကို လက်လျော့လိုက်ရင်ရော .. ငါတို့ ပြန်သွားရအောင် .. အနည်းဆုံးတော့ ငါတို့ အသက်ရှင်နိုင်မှာပဲ .. ငါ ထပ်ကြာကြာတောင့်ခံနိုင်လိမ့်မယ်လို့ မထင်ဘူး..” ကျိုးချွမ် ပြောလိုက်သည်။
“ဖြစ်လာသမျှကို ရင်ဆိုင်လိုက် .. ကြောက်မနေနဲ့ .. မင်း ဧရာမမျောက်ကြီးကို တိုက်လိုက်နိုင်တယ် တွေ့လား .. သန္ဓေပြောင်းသူတစ်ယောက်အနေနဲ့ မင်းဘာကိုမှ မကြောက်သင့်ဘူး..” ချူဖုန်း သူ့ကို အားပေးလိုက်သည်။
“ဒါပေမဲ့ ဒီနေရာက လူတွေ ရှိနေသင့်တဲ့နေရာမဟုတ်ဘူး .. အဲဒီရှေးခေတ်အကောင်တွေကိုကြည့်လိုက် .. မသိဘူး.. ငါ အိမ်ပြန်ချင်ပြီ..” ကျိုးချွမ် အပြင်းအထန် ခေါင်းခါလိုက်သည်။
သို့သော် ချူဖုန်းရော နွားဝါရော မည်သူမှ ပြန်မထွက်ချင်သေး။
“ဟုတ်သားပဲ .. မင်း အဲဒီဝံပုလွေကြီးကို ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ်နဲ့ တိုက်လိုက်နိုင်တာလဲ .. မင်း ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ခိုက်နိုင်တာလဲ..”
“မင်း ဝါသနာတစ်ခုအနေနဲ့ အဲဒီတောရိုင်းကောင်တွေနဲ့ နေ့တိုင်းတိုက်နေရင် မင်းလည်း အဲဒီအကောင်တွေကို အေးဆေး ရင်ဆိုင်နိုင်လိမ့်မယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
ခဏကြာပြီးနောက် ချူဖုန်း ငှက်ကြီးတစ်ကောင်ကို ထပ်သတ်လိုက်ပြန်သည်။ သူ့ညီအစ်ကို မည်မျှစွမ်းအားကြီးသည်ကို ကျိုးချွမ် နားလည်သွားလေပြီ။
“မိုက်လိုက်တဲ့ ရုပ်ရှင်ကား..” ကျိုးချွမ် ရေရွတ်လိုက်သည်။
ငှက်နှင့် ချူဖုန်းကြားမှ တိုက်ပွဲမှာ အတော်လေး ပြင်းထန်ကြမ်းတမ်းလှသည်။ သူတို့ မြေပြင်၌ တိုက်ခိုက်ကြ ပြီးနောက် ရှေးဟောင်းသစ်ပင်တစ်ပင်ထိပ် ရောက်သွားသည်။ ထို့နောက် ချုဖုန်း ထိုငှက်ပေါ်သို့ တက်သွားကာ အတောင်ပံထိပ်တွင် နေရာယူလိုက်သည်။ ထို့နောက် ငှက်ကြီးကို အကြိမ်များစွာ ရိုက်နှက်လာလေသည်။ ငှက်ကြီး သွေးထွက်လွန်ကာ သတိလစ်သွားသည်အထိ သူ ရိုက်နေခဲ့ခြင်းပင်။ ထို့နောက် ငှက်နှင့်လူသား နှစ်ယောက်လုံး မီတာ တစ်ရာကျော်မှ ပြုတ်ကျလာကြလေသည်။
ယနေ့ဖြစ်ပျက်သမျှ အရာအားလုံးမှာ သူ့ကို အသိစိတ်လွတ်သွားစေသည်။ သူသည် အချိန်အတော်ကြာသည်အထိ ဘာကိုမှ နားမလည်နိုင်ဖြစ်နေခဲ့သည်။
“ဒါက .. ဒါက ပျော်စရာကောင်းတဲ့မြေလား..”
ကျိုးချွမ် အသိစိတ်ပြန်ကပ်ရန် အချိန်မည်မျှကြာသွားသည်ကို ဘုရားသာ သိလိမ့်မည်။ နောက်ဆုံးတွင် သူသည် ဤ”ပျော်ရွှင်စရာမြေ”နောက်ကွယ်၏ အဖြစ်မှန်ကို သဘောပေါက်သွားကာ ရေရွတ်နေသည်။ သို့သော် သူ ဤ “နူးညံ့ပျော်ရွှင်”ဖွယ်ကောင်းသော ညည်းပန်းနှိပ်စက်မှုနှင့် ကြုံတွေ့မှုများကို ဆက်မသည်းခံနိုင်တော့။
“အား..”
ဒီနေ့တစ်နေ့မှာ တစ်နှစ်ကြာသွားသလို ကျိုးချွမ် ခံစားလိုက်ရသည်။
နောက်ဆုံးတွင်တော့ ကျိုးချွမ် မျက်ရည်များစီးကျလာသည်။ ယနေ့အဖြစ်အပျက်များမှာ သူ့အရိုးထဲ၊ အသွေးအသားထဲ၌ စွဲထင်နေမည်ပင်။
“ပျော်စရာကောင်းတဲ့မြေက သူရဲကောင်းတစ်ယောက်ရဲ့အုတ်ဂူပဲလို့ လူတွေပြောကြတဲ့စကားကို ငါနားလည်သွားပြီ .. ဒီအသိကို ရဖို့အတွက် ဒီလိုမျိုးနာကျင်တဲ့ခရီးကို ဖြတ်သန်းခဲ့ရတယ် ..”
အပိုင်း ၃၄ ပြီး၏။