ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 40
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၀ – ဒေါသတရားနှင့် ရူးသွပ်မှု
မိုးကုပ်စက်ဝိုင်း၏အရှေ့ဘက်စွန်းတွင် နီရဲသော နေလုံးကြီး တဖြည်းဖြည်းပေါ်ထွက်လာသည်။ နီရင့်ရောင်မှာ မကြာမီ ရွှေဝါရောင်သန်းလာကာ မနက်ခင်းတိမ်တိုက်များအကြား ဖြာထွက်ပြီး ထူထပ်သိပ်သည်းစွာပေါက်ရောက်နေသော တောအုပ်ထက်တွင် တောက်ပလျက်ရှိသည်။
သစ်ခွခြံမှာ မြူခိုးများဖြင့် ဝန်းရံခြင်းခံထားရသည်။ တက်နေမှ ဖြာထွက်နေသော ရောင်ခြည်များက မကြာမီ မြူခိုးများကို အရောင်အဆင်းတင့်တယ်စေကာ တောအုပ်လေးကို နတ်ဗိမာန်အလား ပြောင်းလဲစေသည်။
အချိန်အခါမှာ မနက်အစောပိုင်းသာ ရှိသေးသော်လည်း လင်းနွိုင်ကတော့ ရောက်နှင့်နေပြီဖြစ်သည်။
သူမ ရောက်လာသည်ကို ချူဖုန်း သတိထားမိသည်ပင်။
ရွှေဝါရောင်နေမင်း၏ အနွေးဓာတ်ကို ခိုလှုံ၍ ခြံထဲရပ်ကာ ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်း လုပ်နေခြင်းပင်။ ဤသည်မှာ သူ မပျက်မကွက်လုပ်ခဲ့သည့် နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပင်။
ထူးဆန်းသည့်ခံစားချက်တစ်ခုသည် သူ့ခြေဖျားမှ နှလုံးအထိ ရောကလာသည်။ ဤသည်မှာ နွေးထွေး၍ သက်တောင့်သက်သာရှိသည့် ခံစားချက်မျိုးပင်။ သူ ဖန်လုံအိမ်ထဲ၌ ရပ်နေသကဲ့သို့ ခံစားနေရသည့်အပြင် ရေပူထဲ၌ ရေချိုးနေသလိုလည်း ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ကို ထူးဆန်းသောအလွှာတစ်ခု ဖုံးအုပ်ထားပြီး ထိုအလွှာမှ အမှုန်များ သူ့အသွေးအသားထဲသို့ စိမ့်ဝင်သွားသလို ခံစားနေရသည်။
ဤကဲ့သို့ ခံစားချက်မျိုးမှာ သူ့အတွက် ရင်းနှီးသလို ထူးလည်း ထူးဆန်းနေသည်။
ခွန်းလွန်တောင်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို သူ ပြန်အမှတ်ရမိသွားသည်။ ကြေးတောင်ထိပ်ရှိ သစ်ပင်ကြီး ပွင့်လာသည့်အချိန်တွင် ပွင့်ဖတ်အချို့ သူ့လက်ဝါးထဲသို့ ကျလာခဲ့သည်။ ထိုအချိန်ကလည်း ဤကဲ့သို့ မပြောပြတတ်သည့် နွေးထွေးမှုကို ခံစားခဲ့ရသည်။ ယခုနောက်ပိုင်းတွင် ဤကဲ့သို့သော ခံစားချက်မျိုး သူ ပြန်ခံစားလာရသည်။ သို့သော် ယခုခံစားချက်မှာ ပို၍ ပြင်းထန်သည်။
နောက်ဆုံးတွင် သူမျက်လုံးဖွင့်လိုက်သည်။ သူ့မျက်စိရှေ့ရှိ မြင်ကွင်းမှာ အံ့မခန်းပင်။ သူ့အသားအရေမှာ ရွှေရောင်တလက်လက်တောက်ပနေသော ပိုးသားဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေပြီး ထိုပိုးသားမှာ ပါးလွှာပျော့ပျောင်းပြီး ချူဖုန်းအား နတ်ဘုရားအသွင်ရှိစေသည်။
သူ့ကို အနွေးဓာတ်များ ပေးနေသည်မှာ ဤရွှေရောင်ပိုးသားလွှာပင်ဖြစ်သည်။
အသက်ရှူလေ့ကျင့်ခန်း ပြီးဆုံးသွားသည်နှင့် သူ့အရေပြားပေါ်၌ ရှိနေသည့် အလွှာပါးကို သူ သေသေချာချာ မြင်လိုက်ရသည်။ ထိုရွှေရောင်ပိုးသားမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ သို့သော် လေထဲသို့ လွင့်ပျံသွားခြင်းမဟုတ်ပဲ သူ့အရေပြားထဲသို့ စိမ့်ဝင်သွားခြင်းပင်။
ချူဖုန်း ထူးခြားမှုများကို ခံစားနေရသည်။ သူ ခေါင်းမော့ကာ အဝေးရှိ တောင်တန်းအား ကြည့်လိုက်သည့်အချိန်တွင် ထင်းရှူးပင်၏အစေ့များနှင့် သစ်ပင်များရှိ အသီးများကို တွေ့နေရသည်။ ခုန်ပေါက်တက်ကြွစွာဖြင့် အစာရှာထွက်နေသော ငရှဥ့်ကိုပင် သူ တွေ့နေရသည်။
ဒါက အဆင့်မြင့်လူသားရဲ့ အမြင်အာရုံပဲ…
ထို့အပြင် အဝေးရှိ လေထဲရှိ ပျံဝဲနေသည့် များ၏အတောင်ပံခတ်သံကိုပင် သူ ကြားနေရသည်။ ပျားများ ပန်းပွင့်ပေါ်နားလိုက်သည်ကိုပင် သူ သိနေသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာပြီး အပြင်လောကမှ လေကို ပထမဆုံးရှူရှိုက်ခွင့်ရလိုက်သည့် အကျဉ်းသားကဲ့သို့ သူ ခံစားလိုက်ရသည်။ ချူဖုန်းသည် ယခုအချိန်တွင် အမြင်အာရုံစူးရှကာ ထူးခြားသည့် အကြားအာရုံ ပိုင်ဆိုင်ထားသည့်သူ ဖြစ်သွားလေပြီ။ သူ့အတွက် လောကသစ်တစ်ခု ပွင့်သွားလေပြီ။
နွားဝါလေးလည်း သူနှင့်အတူ ခြံထဲတွင် အသက်ရှူလေ့ကျင့်ခန်း လုပ်နေခြင်းဖြစ်သောကြောင့် ချူဖုန်း ခန္ဓာကိုယ်မှ ထူးဆန်းသည့်အလင်းများ ထွက်လာသည်ကို သူလည်းမြင်လိုက်ရသည်ပင်။
ချူဖုန်း နွားဝါလေးရှိနေသည်ကို ဂရုမစိုက်။ သူခံစားနေရသည့် နွေးထွေးမှုကို နားလည်အောင်သာ ကြိုးစားနေလိုက်သည်။
ဝှစ်..
ရုတ်တရက် ချူဖုန်းသည် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားပြီး သူ့ အရိပ်အယောင်သာတွေ့လိုက်သည်။ ချူဖုန်းသည် ခြံဝင်းထဲမှ ထွက်ကာ သစ်ခွတောထဲသို့ ပြေးဝင်သွားလိုက်သည်။ သူ့အရှိန်မှာ ၂ဆတိုးတက်လာပြီး အကြမ်းဖျင်းခန့်မှန်းချက်အရ ဤ မီတာ ၁၀၀ အကွာအဝေးကို တစ်စက္ကန့်ကျော်ကျော်သာ ကြာသည်။
အတွင်းအားအနေဖြင့်လည်း သူပို၍ တိုးတက်လာသည်။
ဤအသက်ရှူ လေ့ကျင့်ခန်းသည် သူ့ကို အတော်လေး တိုးတက်စေခဲ့သည်။
“ဒီအသက်ရှူလေ့ကျင့်ခန်းရဲ့ နောက်ကြောင်းကဘာလဲ..” ချူဖုန်း နွားဝါလေးကို မေးလိုက်သည်။
သို့သော် နွားဝါလေးသည် ချူဖုန်းကို အမှန်အတိုင်းပြောပြမည့်အစား ရေငုံနှုတ်ပိတ်သာနေမည်ဖြစ်သည်။
သို့သော် သူ စကားလုံးအချို့ကိုတော့ အရိပ်အမြွက် ပြောပြသေးသည်။ “ဝတ်မှုန်၊ အကူပစ္စည်း..”
ချူဖုန်း ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်လာခြင်းမှာ သူ သာမန်လူသားဘဝဖြစ်စဉ်က ရရှိခဲ့သည့် ပွင့်ချပ်များကြောင့်ဖြစ်နိုင်သည်ဟု နွားပေါက်လေး ပြောလာသည်။
နွားဝါ၏စကားအရ အသက်ရှူလေ့ကျင့်ခန်းသည် သူ၏စွမ်းရည်ကို တိုးတက်အောင် လုပ်ချင်သည့် တိုက်ခိုက်ရေးသမားတစ်ဦးအတွက် အသုံးဝင်မည်ဖြစ်သော်လည်း ‘အကူပစ္စည်း’ လိုအပ်သေးသည်ပင်။
မနက်စာစားပြီးနောက် သူ့ကိုလာကြိုရန် လင်းနွိုင်လွှတ်လိုက်သည့် အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။
ဤသည်မှာ နှာခေါင်းပေါ်တွင် တင်းတိပ်များ ရှိနေသော်လည်း ငယ်ရွယ်ချောမောလှသည့် အမျိုးသမီးလေးပင်။ သူတွေ့ဖူးသည့် ကုမ္ပဏီမှ အခြားသူများနှင့်ယှဥ်လျှင် သူမသည် အဖော်ရွေဆုံးဟု ဆိုနိုင်သည်။
အတော်လေး ကြည့်ကောင်းပြီး ကြီးမားလှသည့် အနက်ရောင်ကားဖြင့် သူမ ရောက်လာခြင်းပင်။ ကားကိုယ်ထည်ကို စတီးပြားအထူဖြင့် လုပ်ထားခြင်းပင်။ ဤကားမှာ နာမည်ကြီး ကုမ္ပဏီတစ်ခုမှ နောက်ဆုံးပေါ် နည်းပညာများဖြင့်တီထွင်ထားသည့်ကားဖြစ်ကြောင်း သိသာလှသည်။
ဤကားသည် ကျည်ကာကားဖြစ်ပြီး ကြည့်လိုက်ရုံဖြင့်ပင် ထင်းထွက်နေသည်။ ကြွားဝါးခြင်းမှာ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု၏ စတိုင်ပင်။
“ကားပေါ်တက်ပါ လူကြီးမင်းချူ..” ထိုအမျိုးသမီးငယ်လေး သူ့အတွက် တံခါးဖွင့်ပေးလာသည်။
လင်းနွိုင် သူ့ကို ဖုန်းခေါ်ကတည်းက သူ တစ်ခုခုကို စိတ်ထင့်ပြီး တွေဝေနေခဲ့သည်။
“လူကြီးမင်း..” မိန်းမပျိုလေးသည် နွေးထွေးကာ ဖော်ရွေသည့်အပြုံးတစ်ခုကို တပ်ဆင်ပြီး သူ့အား ငြင်သာစွာ ခေါ်လာသည်။
“အိုး ဆောရီးနော် .. တစ်ခုခုကို သတိရသွားလို့ စဉ်းစားနေတာ .. ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ နေ့လည်မှပဲ သူနဲ့အတူတူ နေ့လည်စာစားတော့မယ်လို့ မင်းတို့မမလေးကို ပြောပေးပါလား..” ချူဖုန်း အမျိုးသမီးကို ပြောလိုက်သည်။
အမျိုးသမီးငယ်မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ “ဒါပေမဲ့… ဒါပေမဲ့ သခင်မလေးလင်းက ရှင့်ကို သေချာပေါက် ခေါ်လာခဲ့လို့ မှာလိုက်တယ်”
ချူဖုန်း တစ်ခဏတာ တုန့်ဆိုင်းသွားသည်။ သို့သော် ခေါင်းခါပြကာ ကားပေါ်တက်ရန် ငြင်းဆန်လိုက်၏။ ချိန်းထားသည့်နေရာသို့ အချိန်မှီရောက်အောင် လာမည်ဟု သူမကို ကတိပေးလိုက်သည်။
မိန်းမပျိုလေးမှာ တွေဝေနေမိသည်။ သူမ လင်းနွိုင်ကို ဖုန်းခေါ်ချင်သော်လည်း လောလောဆယ်တော့ အရင်ဆုံး ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမ မမလေး အလုပ်ရှုပ်နေမည်ကို သူမ သိသည်။ ယခုအချိန် သူမကို အနှောက်အယှက်ပေး၍ ကောင်းမည်မဟုတ်။
“ငါပဲ အိုဗာဖြစ်နေတာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..” အနက်ရောင်ကားကြီး ထွက်ခွာသွားသည်ကိုကြည့်ပြီး ချူဖုန်း ပြောလိုက်သည်။
“နွားဝါလေး .. အိမ်ကြည့်ထား…”
ခဏကြာပြီးနောက် သူတို့ ချိန်းထားသည့်နေရာသို့ သူ စသွားလိုက်သည်။
ချူဖုန်းသည် တစ်အောင့်အကြာတွင် ချိန်းဆိုမှုအတွက် ထွက်ခွာလေသည်။ သူသည် တောအုပ်၏အရိပ်များကြား ပုန်း၍ ကွေ့ပတ်ကာ သွားနေခြင်းပင်။ အမြန်လမ်းမပေါ်မှ သွားနေခြင်းမဟုတ်သော်လည်း သူ၏အရှိန်ကြောင့် အတော်ခရီးပေါက်သည်ပင်။ ထိုကားကို အမှီလိုက်နိုင်သွားလေပြီ။
အမှန်တကယ်တွင် ကမ္ဘာမြေကြီး ကျယ်ပြန့်လာသောကြောင့် လမ်းများလည်း ပြတ်တောက်သွားပြီဖြစ်ပြီး ကားမောင်းသမားများမှာ လမ်းကြမ်းများ၏ဘေးတွင် ဖော်ထားသည့် လမ်းများမှ သွားလာရခြင်းဖြစ်သည်။
သူ၏ သဘာဝလွန်လူသားခံနိုင်ရည်က ခရီးဝေးကြီးကို မမောမပန်းပဲ သွားစေနိုင်သည်ပင်။
မိုင်အနည်းငယ်သွားပြီးနောက် လမ်းသည် ကားသွားရန်အတွက် ပို၍ခက်ခဲလာသည်။ ကားနက်ကြီးမှာ တစ်ဖြည်းဖြည်းချင်းသာ ရှေ့တိုးသွားရတော့သည်။
ရုတ်တရက် အဝေးမှ ကျယ်လောင်လှသည့် အသံတစ်သံကို ကြားလိုက်ရပြီး ထိုကားနက်ကြီးအား အမြောက်တစ်ခု ထိမှန်သွားလေသည်။
ကြောက်စရာကောင်းလှသည့် ပေါက်ကွဲသံနှင့်အတူ ကားကြီး လွင့်ထွက်သွားသည်။ ဤကားသည် ကျည်ကာကားဖြစ်သော်လည်း အမြောက်နှင့်တွေ့သည့်အချိန်တွင်တော့ ကားမှာ လုံးဝပျက်စီးသွားလေပြီ။
ဝုန်း..
ကားနက်ကြီး ဇောက်ထိုးကျလာသည်။ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် မီးခိုးများနှင့် မီးပွားများ လွင့်စင်လာသည်။
ပစ်မှတ်ဖြစ်သည့် သူကတော့ အဝေးမှ ဤမြင်ကွင်းကို ရပ်ကြည့်နေခဲ့ရသည်။ ထိတ်လန့်မှုကြောင့် သူ့မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီဖြစ်သည်။ သူ ထင်ထားသည့် အဆိုးရွားဆုံးအခြေအနေမှာ သူ့မျက်စိရှေ့၌ ဖြစ်သွားလေပြီ။
“တော်တော်ရက်စက်ပြီး အဆိပ်ပြင်းတာပဲ…” ချူဖုန်း သတ်ဖြတ်လိုသည့်အကြည့်များဖြင့် ဒေါသတကြီး ဆဲဆိုလိုက်သည်။ ကောင်းမွန်သည့်ဘဝကို ရသင့်သည့် ထိုအမျိုးသမီးငယ်လေးအတွက် သူ စိတ်မကောင်းဖြစ်မိသည်။ သူလည်း အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုသိနေသော်လည်း သူမကို မကယ်နိုင်ခဲ့။
မည်သို့ပင်ဖြစ်စေ ထိုအမျိုးသမီး ဤမျှ ရူးနှမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူမသည် ခွေးရူးတစ်ကောင်သာဖြစ်ပြီး အရှင်လတ်လတ် မီးရှို့သတ်သင့်သည့်စုန်းမအိုကြီးတစ်ကောင်သာ။
ထို့နောက် လက်နက်ကိုင်အဖွဲ့သည် ကျည်ဆန်၊ အမြောက်များဖြင့် နောက်ထပ်နှစ်ကြိမ် ပတ်ခတ်လာကာ ကားနှင့် ထိုအမျိုးသမီးငယ်လေးကို အဆုံးသတ်ပစ်လိုက်လေသည်။
ကား၏ ကျယ်လောင်စွာ ပေါက်ကွဲသွားသည့်အသံမှာ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူသည် အပြင်ဘက်၌ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီဖြစ်သည်။
“ငါ မင်းကို သတ်ပစ်မယ်..”
သူ၏သတ်ဖြတ်လိုသည့်နှလုံးသားထဲတွင် နေရောင်ခြည်နှင့် ပန်းပွင့်များ ရှိတော့မည်မဟုတ်။
သို့သော် တစ်ချိန်တည်းမှာပင် ဤသည်မှာ ထိုအမျိုးသမီး၏ နောက်ဆုံးနည်းလမ်းဖြစ်လိမ့်မည်ဟု သူ စဉ်းစားမိသွားသည်။ သူမ လုပ်ရပ်များပေါ်သွားပြီး အပြစ်ပေးခံရမည်ကို စိုးရိမ်သောကြောင့် မျက်မြင်သက်သေအားလုံးကို သူမ ရှင်းပစ်လိုက်ခြင်းပင်။
“ဒီမိန်းမက လင်းနွိုင်ကို ချောက်ချတာပဲ၊ ငါ သူ့ကို ဘာမှ မပြောရသေးဘူဆိုတာသိလို့ သူနဲ့မတွေ့ခင် ငါ့ကို ရှင်းဖို့လုပ်တာ”
သူ့ရန်သူမှာ အလျင်လိုကာ စိတ်လောနေကြောင်း သူ သိလိုက်ရသည်။ ယခုချိန်တွင် သူမသည် အချိန်မရွေးပြန်ကိုက်နိုင်သည့် ချောင်ပိတ်နေသည့်ခွေးတစ်ကောင်သာ ဖြစ်သည်။
ချူဖုန်း၏သွေးများ အေးစက်သွားသည်။ သူ လက်စားချေချင်သည်။ အကြောင်းအရင်းမရှိလူသတ်ရမည်ဆိုလျှင်တောင်မှ သူ လက်စားချေမည်။ သူ့ရန်သူသည် ပြန်မပေးဆပ်ရပဲ လွတ်သွားသည်ဟူသည့်အတွေးကို သူ မခံစားနိုင်။
မြို့ထဲရှိ စံအိမ်တစ်ခုတွင်..
ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ပွေ့ဖက်ပွတ်သပ်ပြီး ဝိုင်သောက်နေကြသည်။ အမျိုးသားသည် လွတ်လပ်ပေါ့ပါးဇိမ်ကျနေသော်လည်း အမျိုးသမီးကတော့ အနည်းငယ် ပူပန်နေကာ တစ်ခုခုကို မျှော်နေသလိုပင်။
“ဟယ်လို .. အခြေအနေ ဘယ်လိုလဲ..” အမျိုးသမီး ဖုန်းခေါ်လိုက်သည်။
“အဲဒီလူကတော့ သေသွားပြီ .. သူက ကားနဲ့အတူ ပြာမှုန့်ဖြစ်သွားပြီ .. ဒါပေမဲ့ သူ့ကို ကူညီပေးနေတဲ့ ‘နောက်ကွယ်ကလူ’ ဆိုတာမျိုး မတွေ့မိသေးဘူး .. အဲဒါကြောင့် ငါတို့အဖွဲ့ သူ ပေါ်လာမှာကို စောင့်နေတာ..”
ဤတင်ပြချက်မှာ အမျိုးသမီးကိုပို၍ မသက်မသာဖြစ်သွားစေသည်။
“အာရုံစိုက်ထား .. သူ့ကိုမြင်တာနဲ့ ချက်ချင်းသတ်..” သူမ၏အသံမှာ တုန်ယင်နေသည်။
“အမိန့်အတိုင်းပါ..”
ဖုန်းခေါ်ဆိုမှာ ပြီးဆုံးသွားလေပြီ။
“အဆင်ပြေမှာပါ ဝမ်ချင်း.. ဒါက သူတို့အတွက် လွယ်လွယ်လေးပဲ .. မစိုးရိမ်နဲ့ .. ထိုင်..” အမျိုးသားသည် ဝိုင်တစ်ငုံသောက်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအမျိုးသားမှာ ဆွဲဆောင်မှုရှိသော ရုပ်ရည်အသွင်အပြင်ရှိသည်။ ပညာတတ် လူကြီးလူကောင်းပုံစံရှိပြီး အပြုအမူမှာ ငြင်သာယဥ်ကျေးသည်။ သူ့အသံလည်း ဆွဲဆောင်မှုရှိသည်။
“ရှင်က အမြဲတမ်း လွယ်လွယ်ပဲတွေးတယ် မူ .. ကျွန်မ လုပ်ထားတဲ့အပြစ်တွေက မနည်းဘူး .. လင်းနွိုင်သိသွားရင် ဘယ်လိုလုပ်မလဲ..” ဝမ်ချင်း မျက်နှာမှာ ဖြူဖျော့နေသည်။
“စိတ်မပူပါနဲ့ .. သူ သိသွားတော့ရော ဘာဖြစ်လဲ .. ဒိမ်ဒီကို ဦးဆောင်နေတာ သူတို့မိသားစုတစ်ခုတည်းမဟုတ်ဘူး .. ငါတို့ မူမိသားစုလည်း ဒီအင်ပါယာကြီးရဲ့ ထောက်တိုင်ပဲ .. ပြီးတော့ မင်းက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းနဲ့ ညာလက်ရုံးပဲ .. နောက် ရက်နည်းနည်းဆိုရင်ပဲ မင်းရဲ့အစ်မ သူ့ဦးလေးနဲ့ လက်ထပ်တော့မှာလဲ .. အဲဒီတော့ ဘာတွေကို စိုးရိမ်နေတာလဲ .. သူ သိသွားတော့ရော ဘာလုပ်နိုင်မှာလဲ .. အဲဒီလောက် သတ္တိနည်းတဲ့သူ့ပါးစပ်ကနေ စွပ်စွဲတဲ့စကားမျိုးတောင် ထွက်လာမှာ မဟုတ်ဘူး..” ထိုအမျိုးသား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကျွန်မ ဒီလိုမျိုးတွေ လုပ်ခဲ့တာက ရှင့်ကို ကူညီပေးချင်လို့ လုပ်ခဲ့တာနော် .. အခု ဒီအခြေအနေကနေ ရှင် ကျွန်မတို့ကို ဆွဲထုတ်ပေးနိုင်မှာလား..” ဝမ်ချင်းမေးလိုက်သည်။
“အေးဆေးပါကွာ .. ဘယ်သူမှ ဒီအကြောင်း သိမှာမဟုတ်ဘူး .. အဲဒီကလေးစုတ်လေး နေတဲ့နေရာမှာ ဘောဓိကလူတွေနဲ့ငါတို့လူတွေနဲ့ အမြဲတမ်း တိုက်နေတာ .. အဲဒီတော့ မတော်တဆတွေက အမြဲတမ်း ဖြစ်နေမှာပဲ .. အဲဒီတော့ ငါတို့ ဘောဓိမျိုးရိုးဗီဇဘက်ကို အပြစ်ပုံချလိုက်လို့ရတယ်..” ထိုလူငယ်လေး တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူ ခေါင်းခါလိုက်ကာ “တကယ်တော့ ငါသူ့ကိုမသတ်ချင်ဘူး .. သင်ခန်းစာ ပေးချင်ရုံလောက်ပဲ .. လင်းနွိုင်ဘယ်လိုမျိုး တုံ့ပြန်လာမလဲဆိုတာ ငါသိချင်တာ .. မင်း သူ့ကို သေအောင်သတ်ပစ်လိုက်မယ်လို့ ငါ မထင်ထားခဲ့ဘူး…”
“ရှင့်စိတ်ထဲ ဘာတွေးနေလဲ ကျွန်မက ဘယ်လိုလုပ် သိမှာလဲ.. ရှင်က ရှင့်လူတွေကို အဲဒီကောင်ကို ပြဿနာရှာဖို့ လွှတ်လိုက်တာကို ကျွန်မ ကြားလိုက်တာလေ .. ပြီးတော့ သူနဲ့လင်းနွိုင်ရဲ့ အရင်ဇာတ်လမ်းအကြောင်း သိလိုက်တော့ ရှင့်ကို ကူညီဖို့ ဆုံးဖြတ်လိုက်တာ .. ဒါပေမဲ့ ဒီလောက် ရိုးရှင်းတဲ့ကိစ္စလေးက အခုလိုမျိုး ဇယားရှုပ်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ..” ဝမ်ချင်း နောင်တရနေပြီဖြစ်သည်။
ခြေတစ်လှမ်းမှားသွားသည်နှင့် အားလုံးမှားသွားလေပြီ။ သူမသည် ပြဿနာအရှုပ်အထွေးများကြားတွင် နှစ်သထက်နှစ်သွားပြီး ယခုဆိုလျှင် ပြန်လမ်းမရှိတော့။
“သူက ပုစွန်ဆိတ်လေးတစ်ကောင်ပါပဲ .. ငါသိသလောက်တော့ သူနဲ့ငါတို့လင်းနွိုင်ကြားမှာ နက်နဲတဲ့ဆက်ဆံရေးမျိုးမရှိဘူး .. သူ့ကြောင့် ပြဿနာတွေတက်မှာ မလိုချင်တော့ဘူး..”
“ပြီးတာက ပြီးသွားပြီပဲ .. မင်း သူ့ကိုတောင် သတ်ပြီးသွားပြီပဲဟာ ထားလိုက်တော့ .. အခု ငါတို့လုပ်ဖို့က အဆိုးထဲက အကောင်းကို ဆွဲထုတ်ဖို့ပဲ .. အဲဒီတော့ မှားနေတာကို အမှားအတိုင်းထားလိုက်တော့..” အမျိုးသားသည် ခဏရပ်လိုက်ပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။ “ဒါပေမဲ့ ‘နောက်ကွယ်ကလူရော’ .. ငါတို့ သူ့ကိုပါ တစ်ခါတည်းသတ်နိုင်ရင် ကိစ္စပြီးပြီ..” ထိုအမျိုးသား၏ မျက်နှာထက်၌ ယုံကြည်မှုရှိသည့် အပြုံးတစ်ခု ပေါ်လာသည်။
“သူ့ကို သတ်မယ်ဟုတ်လား .. ကျွန်မ ရှင့်ကို ဘယ်နှခါ ပြောရမှာလဲ .. သူ့ကို သတ်ဖို့လွှတ်လိုက်တဲ့လူတွေက အကောင်းတကာ့အကောင်းဆုံးလူတွေ .. အခု ကျွန်မ သူတို့ရှိတဲ့နေရာကို ခြေရာခံလို့မရတော့ဘူး .. အဲဒီတော့ သူတို့လည်း ကြွသွားပြီဆိုတာ သေချာတယ်” ဝမ်ချင်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“သူက ခုန်းဂင်လောက် မတော်ရင် ငါတို့လွှတ်လိုက်တဲ့လူတွေကို တစ်ယောက်တည်း ရှင်းနိုင်မှာမဟုတ်ဘူး .. တစ်နေ့ကျရင် သူတို့ပြန်လာလိမ့်မယ် .. ငါ့ကို ယုံလိုက်..” ထိုအမျိုးသား နွေးထွေးစွာ ပြုံးနေဆဲပင်။
“အားလုံး အဆင်ပြေဖို့ မျှော်လင့်တာပဲ..”
“စိတ်မပူပါနဲ့ အချစ်လေး .. အားလုံး အဆင်ပြေမှာပါ..”
ကျားသစ်ကဲ့သို့ တိတ်ဆိတ်စွာဖြင့် ချူဖုန်းသည် တောအုပ်အတွင်း အလျင်အမြန်သွားနေသည်။ အန္တရာယ်အဆင့်မှာ မိနစ်တိုင်းမိနစ်တိုင်း မြင့်တက်လာသည်ကို သူ ခံစားနေရသည်။ ဤနေရာသည် သူဝင်ရန်အတွက်သာ ဖွင့်ထားသော အိတ်ကပ်တစ်ခုကဲ့သို့ ခံစားရသည်။
ဤနေရာတစ်ဝိုက်တွင် ချုံခိုတိုက်ခိုက်မှာ ဖြစ်ပွားလိမ့်မည်ဟု သူ့ပင်ကိုအသိစိတ်က ပြောနေသည်။ ဤလူများ ပစ်မှတ်ထားနေသည်မှာ ကားတစ်ခုတည်းမဟုတ်။ အခြား တစ်ယောက်ယောက်ပင်။
“ချူဖုန်းက မင်းတို့အချိန်ဖြုန်းဖို့တောင် မတန်ဘူးလို့ ထင်တယ်မလား… သူက ပျော့ညံ့ပြီး မလောက်လေးမလောက်စားကောင်လို့ ထင်တယ်ပေါ့… သူ့နောက်ကွယ်က လူကမှ တကယ့်တရားခံလို့ တွေးတယ်ပေါ့.. ကောင်းပြီ အဲဒီတော့ ငါကိုယ်တိုင် လူလုံးထွက်ပြရတာပေါ့” ချူဖုန်း ကြမ်းကြုတ်စွာ ပြောလိုက်သည်။
ဖုန်း..
သိပ်မကြာမီ သူ၏အသိအာရုံဖြင့် ပုန်းလျှိုးနေသော ပထမဆုံးပစ်မှတ်ကို ရှာတွေ့သွားသည်။ ထိုလူနောက်ကို အသာလေး ကပ်သွားကာ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် သူ့ဓားမြောင်နက်လေး ထိုလူ၏လည်ပင်းကို ဖြတ်သွားသည်။
နောက်ဆုံးကျန်ရှိနေသည့် အသိစိတ်လေးဖြင့် ထိုလူ ထိတ်လန့်တကြား လှည့်ကြည့်လာသည်။ သူ့ကို သတ်လိုက်သည့်သူအား မြင်လိုက်ရပြီးနောက် သူ့သွေးအိုင်ထဲတွင်ပင် သူ လဲကျသွားသည်။
“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ် .. မြို့ထဲထိကို သွားပြီး သတ်ပစ်မယ် .. မင်းတို့က ကစားချင်နေတာဆိုတော့ ငါလည်း ကစားပေးရတာပေါ့ .. ကစားပွဲ မပြီးမချင်း ဘယ်သူမှ ထွက်သွားလို့မရဘူး..” ချူဖုန်း အေးစက်စွာ ကျိန်ဆဲလိုက်သည်။ “အဲဒီတော့ အချိန်မဖြုန်းပဲ ကစားပွဲလေး စကြတာပေါ့..”
အပိုင်း ၄၀ ပြီး၏။