ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ - Ch - 42
ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၂ – အညှာအတာကင်းမဲ့မှု
“ခွပ်..”
သူတို့နှစ်ဦး ခွက်ချင်း တိုက်လိုက်ကြသည်။
ဝမ်ချင်း ဝိုင်ခွက်ကို မက်မွန်ရောင်နှုတ်ခမ်းပေါ်သို့ တင်လိုက်ကာ ဝိုင်တစ်ငုံသောက်လိုက်သည်။ ထို့နောက် ခွက်ကို ဘေးချကာ ခမ်းနားသည့်စန္ဒရားရှေ့တွင် ထိုင်လိုက်သည်။ သူမ၏ သေးသွယ်သော လက်ချောင်းများအား အဖြူအမည်းသံစဥ်ကီးဘုတ်များအပေါ် တင်လိုက်ပြီး တေးသံသာတီးလုံးကို တီးခတ်လိုက်သည်။
မူ သူ့အိတ်ကပ်ထဲမှ ကျောက်သလင်းပုလင်းကို ထုတ်လိုက်သည်။ ပုလင်းသည် အရွယ်အစား သေးငယ်သော်လည်း အထဲရှိ အပြာရောင်ပစ္စည်းမှာ စိတ်ကူးယဥ်ဆန်ဆန်အရောင်အဆင်းရှိပြီး ပုံမှန်နှင့်မတူသော ရောင်ခြည်ထွက်နေသည်။
ဤသည်မှာ တောထဲရှိ သန္ဓေပြောင်းလူများ၏ စွမ်းအားကို တိုးစေခဲ့သည့် ဆေးအသစ်ပင်။ ဤဆေးသည် သဘာဝဆေးဖြစ်သော်လည်း ထုတ်လုပ်ရန် ခက်ခဲသည်။ ဆေးစွမ်းအားကို ကြည့်ခြင်းအားဖြင့် ဤဆေးထုတ်လုပ်ခြင်းမှာ တန်သွားပြီဖြစ်ကြောင်း ပြသနေသည်။
မူ သူ့လက်ထဲရှိ ပစ္စည်းကို စိုက်ကြည့်နေသည်။ သူသည် ထိုပုလင်းကို မြတ်နိုးစွာ ကိုင်ထားပြီး အောင်မြင်မှုသတင်းကို စောင့်ဆိုင်းနေသည်ပင်။
“အားလုံးက ကံစီမံရာပဲ..” သူ ရေရွတ်လိုက်သည်။
တောအုပ်ထဲရှိ အသက်ရှင်နေသည့်သူ ၁၃ ဦးထဲတွင် လေးဦးမှာ သူတို့နားရွက်နှင့် မျက်လုံးထဲမှ သွေးများစီးကျလာပြီး ချက်ချင်းပင် သေဆုံးသွားလေပြီ။
ချူဖုန်းအသံလှိုင်းမလွှင့်ခင်ကတည်းက သူတို့၏ အခြေအနေမကောင်းတော့။ ထိုအသံလှိုင်းများက သူတို့ကိုယ်ခန္ဓာနှင့် စိတ် တောင့်မခံနိုင်သည့် အတိုင်းအတာသို့ ရောက်သွားအောင် လှုံ့ဆော်လိုက်ခြင်းပင်။
“အား…”
အခြားသူများမှာ အသက်ရှင်နေသေးသော်လည်း အသက်တစ်ခါရှူတိုင်း နာကျင်မှုကို ခံစားနေရသည်။ သူတို့မျက်နှာအမူအရာလည်း ရက်စက်ကြမ်းကြုတ်လာသည်။ အချို့သူများမှာ အက်ကွဲနေသည့် သူတို့ဦးခေါင်းခွံများကို ဆုတ်ကိုင်ထားကာ နာကျင်စွာ ညည်းတွားနေကြသည်။ သူတို့ဘဝမှာ သေသည်ထက်ပင် ပိုဆိုးနေသည်။
အချို့သန္ဓေပြောင်းလူများမှာ ခေါင်းကို သစ်ပင်နှင့် ဝင်ဆောင့်နေလေ၏။ ဆောင့်ပါများလာသည့်အချိန်တွင်တော့ သစ်ပင်များပင် ကျိုးကျသွားကြသည်။
ဆေးပြာမှာ အမှန်တကယ်အစွမ်းထက်သည်။ ဆေးသုံးသူကို စွမ်းအားတိုးစေရုံသာမက နာကျင်မှုနှင့် သေခြင်းတရားကိုပါ ပေးနိုင်သည်။ အဖြစ်ဆိုးဖြင့် သေဆုံးသွားသူများ၊ ရှင်လျက်နှင့် ဝေဒနာအပြင်းအထန် ခံစားနေရသူများအားလုံးသည် ထိုဆေး၏ အကျိုးဆက်ကြောင့်ပင်။
“ဒီဆေးက ငါပင်ပင်ပန်းပန်း ဖော်စပ်ထားရတာ.. ဒါ ကျရှုံးတာမဟုတ်ဘူး … နည်းနည်းတိုးတက်ဖို့လိုရုံပဲ .. ငါ ပြည့်စုံအောင်လုပ်မယ် .. ငါ ပြီးပြည့်စုံအောင် လုပ်မယ် .. ငါ အောင်မြင်အောင် လုပ်နိုင်တယ်..” ဓာတုပညာရှင်အိုကြီး တစ်ကိုယ်တည်း ရေရွတ်နေသည်။ သူ မတ်မတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ် ပြန်ခွေကျလာသည်။ စိုစွတ်နေသည့်မြေကြီးပေါ် လဲကျသွားကာ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။
သူ ဆေးမသောက်ထားသောကြောင့် သူ့စိတ်အခြေအနေမှာ အတော်လေး တည်ငြိမ်နေသေးသည်။ သို့သော် သူသည် သန္ဓေပြောင်းစွမ်းအားမရှိသည့် လူအိုကြီးတစ်ဦးသာဖြစ်သောကြောင့် ချူဖုန်း၏အသံလှိုင်းကို ခုခံနိုင်ခြင်းမရှိပဲ ဒဏ်ရာရသွားသည်ပင်။
“ဟား ဟား ဟား..” ရုတ်တရက် သန္ဓေပြောင်းလူတစ်ဦး နောက်လှည့်လာသည်။ သူသည် သုံးမီတာမြင့်သည့် ခန္ဓာကိုယ်ကြီးရှိသည့် သန္ဓေပြောင်းလူပင်။ သူ့နှုတ်ခမ်းထောင့်မှ သွားရေများစီးကျနေပြီး သူငယ်အိမ်လည်း ကျယ်နေသည်။
ဤဧရာမလူကြီးမှာ အသိစိတ်မရှိတော့။ လမ်းလျှောက်နေသည့် အလောင်းကောင်ကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။
ဖူး..
သန္ဓေပြောင်းလူသည် လက်တစ်ဖက် ဆန့်တန်းလိုက်ကာ ဓာတုပညာရှင်အိုကြီးထံ လွှဲရမ်းလိုက်သည်။ ထို့နောက် ဓာတုပညာရှင်ကို နင်းခြေလိုက်ကာ နောက်ဆုံး ထိုလူ၏ခန္ဓာကိုယ်ကို တစ်စစီဆွဲစုတ်ပစ်လိုက်လေသည်။ ဓာတုပညာရှင်မှာ သူ့ဖန်တီးမှုကြောင့် အဆုံးသတ်သွားလေပြီ။
ချူဖုန်း ဤစက်ဆုပ်ဖွယ်မြင်ကွင်းကို မကြည့်ရက်တော့။ အစောပိုင်းမှ သူ၏သတ်ဖြတ်မှုများမှာ စက်ဆုပ်ဖွယ်ကောင်းသော်လည်း ဤမျှတော့ မကြမ်းတမ်း၊ မရက်စက်။ တောအုပ်ကြီးမှာ အရူးအိမ်ကဲ့သို့ ဖြစ်သွားလေပြီ။
အချို့သန္ဓေပြောင်းလူများမှာ မြေပြင်ပေါ်၌ လူးလိမ့်နေကြပြီး အချို့မှာ တစ်ယောက်ကိုတစ်ယောက် ဆွဲစုတ်လာကြသည်။ အရူးအိမ်ကြီးမှာ ရန်သူ၊ မိတ်ဆွေ မခွဲခြားသည့် စစ်မြေပြင်ကြီး ဖြစ်သွားလေပြီ။
နောက်ဆုံးတွင်တော့ ဤသန္ဓေပြောင်းလူ၏ ခံစားမှုများကို အဆုံးသတ်ပေးရန် ချူဖုန်း ဆုံးဖြတ်လိုက်သည်။ လက်ထဲတွင် အနက်ရောင်ဓားမြောင်ကို ကိုင်ထားပြီး ဖရိုဖရဲဖြစ်နေသည့် သန္ဓေပြောင်းလူအုပ်ကြီးထဲသို့ ဝင်ခဲ့လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သောင်းကျန်းနေသည့် သန္ဓေပြောင်းလူများသည် ခေါင်းပြတ်အလောင်းများ ဖြစ်သွားပြီး ငြိမ်းချမ်းသွားကြသည်။
သူသာ ဤရူးနေသည့်လူများကို လွတ်ပေးလိုက်ပါက အနီးအနားရှိရွာများနှင့် မြို့များ ထိခိုက်သွားလိမ့်မည်။
ထို့အပြင် ချူဖုန်း ဤသန္ဓေပြောင်းလူများကို အစကတည်းက လွတ်ပေးမည့်အစီအစဉ်မရှိ။ “ငါ့ကို သေစေချင်တဲ့သူတွေအားလုံး ငါမသေခင် သူတို့သေရမယ်” ဤသည်မှာ သူ တစ်သက်လုံးလက်ကိုင်သွားမည့် လက်သုံးစကားပင်ဖြစ်သည်။
“သွေးအေးပြီး အသည်းနှလုံး မရှိတဲ့ကောင် .. မင်းက လူမဟုတ်ဘူး .. တိရစ္ဆာန်ကောင်ပဲ..”
သေဆုံးနေသည့် သန္ဓေပြောင်းလူပုံအောက်မှ အမျိုးသားတစ်ဦး ရုတ်တရက် မျက်လုံးများ ပွင့်ကာ ပြောလာသည်။ သူ မတ်တပ်ရပ်လိုက်နိုင်သည်။ သူသည် ယိုင်နဲ့နေသေးသော်လည်း သူ့အသိစိတ်ကတော့ ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ ချူဖုန်း သူ့ အပေါင်းအဖော်များအား သတ်လိုက်သည်ကို သူသိသည်။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှု၊ စိုးရိမ်မှုတို့ ရှိနေသည့်အပြင် ဒေါသလည်း ထွက်နေသည်။
“ငါက တိရစ္ဆာန်ဟုတ်လား .. မင်းကတော့ရော .. လူတစ်ယောက်ကို လက်နက်တွေနဲ့ခြုံခိုတိုက်တဲ့အပြင် လူအင်အားနဲ့လဲ အနိုင်ယူသေးတယ် .. ဒါက ယောက်ျားအစစ်တွေရဲ့ လုပ်ရပ်လား..” ချူဖုန်း ပြောလိုက်သည်။
“သတ်..”
သန္ဓေပြောင်းလူ အော်ဟစ်လာသည်။ သူ့သူငယ်အိမ်များ ကျယ်လာသော်လည်း သူသည် ရန်သူကို သေသည်အထိ တိုက်ခိုက်ရန် အားတင်းထားလေသည်။
သူ အကြောက်တရားမရှိခြင်းမဟုတ်သလို ဂုဏ်ရှိရှိ သေခြင်းနေခြင်းလည်းမဟုတ်။ သူ အသက်စွန့်ပြီး မတိုက်ခိုက်လျှင် သူ့ရှေ့ရှိ ဤလူမှာ သူ့အသက်ကို နှုတ်ယူလိုက်မည်ဖြစ်ကြောင်း သူသိနေသောကြောင့်ပင်။ သူ တိုက်ခိုက်မှသာ သူ အသက်ရှင်နိုင်ခွင့် ရှိမည်ပင်။
ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျောက်တောင်ကဲ့သို့ ဖြစ်သွားလေသည်။ သို့သော် သူ့လှုပ်ရှားမှုများမှာ အရှိန်နည်းမသွား။ တစ်လှမ်းလှမ်းလိုက်တိုင်း မိုးခြိမ်းသံကဲ့သို့သော အသံကျယ်ကြီး ထွက်ပေါ်လာကာ ဖုန်ထလာသည်။
သူ ခြေချလိုက်သည့်နေရာတိုင်းမှာ ကျောက်တုံးများကဲ့သို့ တောင့်ခဲသွားကြသည်ပင်။
ခွပ်..
ချူဖုန်း သူ့ဓားမြောင်ကို လွှဲရမ်းလိုက်သည်။ ဤလူကို ထိမိလျှင် လူသားပုံစံ ကျောက်တုံးဖြစ်သွားမည်စိုးသောကြောင့် သူ့လက်သီးများကို မသုံးတော့။
ဓားမြောင်သည် သူ့လက်ညှိုးနှင့် လက်မဆက်ထားသည့် အရွတ်ကို ပျက်စီးသွားစေကာ နီညိုရောင်သွေးများ စီးကျလာသည်။ ကျောက်တုံးလူသားသည် သူ့လက်ကို ဝေ့ရမ်းကာ အဝါရောင်မြူခိုးများထုတ်လွှတ်လိုက်ပြီး သူ့ရန်သူရှိရာဘက်သို့ ပို့လွှတ်လိုက်သည်။
ထိုမြူများကို ချူဖုန်း အံ့အားသင့်သွားရသော်လည်း နွားနတ်ဆိုးလက်ဝှေ့ပုံစံအတိုင်းနေကာ သူ့ကိုယ်နေဟန်ထားကို ထိန်းလိုက်နိုင်သည်။ အဝါရောင်မြူများ သူ့ထံသို့ ရောက်လာသည့်အချိန်တွင် သူ့လက်မောင်းတစ်လျှောက် မသိမသာသာ ထုံကျဉ်သွားသည်။
ဤမြူမှာ အခြားသူများကို ကျောက်တုံးအဖြစ် ပြောင်းလဲစေနိုင်သည့်မြူပင်။ သို့သော် ဤမြူများ၏ သူ၏လက်ဝှေ့ပညာမှ ထွက်လာသည့်စွမ်းအားဖြင့် တွန်းကန်လိုက်နိုင်သည်ပင်။
နွားနတ်ဆိုးလက်ဝှေ့ပညာကို အသုံးပြုလိုက်သည်နှင့် သူ့အရေပြားတစ်ဝိုက်တွင် လျှို့ဝှက်စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်ကို သူ ခံစားမိသည်။ ထိုစွမ်းအားသည် အဝါရောင်မြူကို တွန်းကန်ထုတ်လိုက်ပြီး မြူ၏ ကြောက်စရာကောင်းသည့်စွမ်းအားကို ချေဖျက်ပစ်လိုက်နိုင်သည်။
ဤကျောက်တုံးလူသားမှာ စွမ်းအားကြီးသော်လည်း သူ့အပေါ်တွင် အကျိုးမရှိကြောင်း သိလိုက်ရသည်နှင့် ချူဖုန်း ဘာကိုမှ မကြောက်တော့။
ဖုန်း..
နောက်ဆုံးတွင်တော့ ချူဖုန်း၏လက်သီးချက် ထိုလူ၏ရင်ဘတ်ထက်သို့ ရောက်သွားကာ ထိုလူသည် စွန်တစ်ခုကဲ့သို့ လေထဲလွင့်ထွက်သွားလေသည်။ ထို့နောက် အက်ကွဲသံများ ထွက်ပေါ်လာကာ ထိုလူ လေထဲ၌ပင် ပြိုကွဲသွားသည်။
ခွပ်..
ထိုလူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ကျောက်တုံးများအဖြစ် တောအုပ်ထဲသို့ ပြန်ကျလာသည်။ ထိုကျောက်တုံးများ၏ အက်ကွဲကြောင်းများမှ သွေးများစီးကျနေသည်ပင်။ အဝါရောင်မြူခိုးများ တစ်ဖြည်းဖြည်း လွင့်ပါးသွားပြီး ကျောက်တုံးလူသားလည်း သေဆုံးသွားလေပြီ။
“မင်းက မကောင်းဆိုးဝါးပဲဖြစ်ဖြစ် လူထူးဆန်းပဲဖြစ်ဖြစ် ငါတစ်ချက်ရိုက်လိုက်တာနဲ့ သေသွားမှာပဲ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။
ယခု နောက်ဆုံးကျန်နေသည့်သူမှာ အန္တရာယ်အများဆုံးလူဟု သူ သတ်မှတ်ထားသည့်သူပင်။ ဤသည်မှာ ခြေထောက်မှ ချော်ရည်များ စီးကျနေသည့် သန္ဓေပြောင်းလူပင်။ သို့သော် ယခုအချိန်တွင်တော့ သူသည် ဦးခေါင်းကို တင်းကြပ်စွာ ဆုတ်ကိုင်ထားပြီး သစ်ပင်အိုကြီးတစ်ပင်ကို မှီကာ ငူငိုင်စွာ ထိုင်နေလေသည်။
သူသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပင်ဖြစ်သလို ဤလူများအားလုံးထဲတွင် စွမ်းအားအကြီးဆုံးလူပင်။ သူ့စိတ်အခြေအနေမဟန်သော်လည်း သူ့အသိစိတ်မှာ အကောင်းတိုင်း ရှိနေသေးသည်။ ချော်ရည်ကြောင့် သူ့အသားအရေမှာ ကြေးနီရောင်ဖြစ်နေပြီး ချူဖုန်းကို မုန်းတီးစွာ စိုက်ကြည့်နေလေသည်။
“အားလုံး သေကုန်ပြီ .. မင်းလက်မှာ ငါ့ရဲဘော်တွေရဲ့ သွေးတွေ စွန်းနေပြီ .. မင်းက ဒီကိစ္စအားလုံးနောက်ကွယ်က ဆရာကြီးဆိုတဲ့လူ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး..”
သူ ချူဖုန်းဓာတ်ပုံကို တစ်ခါမြင်ဖူးသောကြောင့် ချူဖုန်းကို မှတ်မိသည်ပင်။ သူသည် ဤတပ်ဖွဲ့၏ခေါ်းဆောင်ဖြစ်သောကြောင့် လျှို့ဝှက်ချက်အချို့ကို သိသည်ပင်။
“မင်း သွားဖို့အချိန်ရောက်ပြီ..” ချူဖုန်း ပြောလိုက်သည်။
ဝုန်း..
ရုတ်တရက် သန္ဓေပြောင်းလူ၏ ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာသည်။ မီးတောက်မှာ အနည်းဆုံး ဆယ်မီတာကျော်မြင့်ပြီး တစ်စက္ကန့်အတွင်းမှာပင် သစ်ပင်အားလုံးကို ပြာဖြစ်သွားစေသည်အထိပင်။
သူ ဆိုးဆိုးရွားရွား သေဆုံးရမည်ဆိုလျှင်ပင် သူ တိုက်ခိုက်ချင်သည်။ သူ၏နောက်ဆုံးလက်ကျန်အင်အားဖြင့် ရန်သူကို ထိုးလိုက်သည်။ သူ့လက်သီးသည် ကြောက်စရာကောင်းသည့် ချော်ရည်ကန်အဖြစ် ပြောင်းလဲသွားကာ ချူဖုန်းထံသို့ ဦးတည်သွားလေ၏။
သူ့ခြေဖဝါးအောက်မှ ချော်ရည်သည် မြေကြီးကို အရည်ပျော်သွားစေပြီး သူ တစ်ချက်ကြည့်လိုက်သည်နှင့် မြေကြီးများ၊ ကျောက်တုံးကြီးများပင် အရည်ပျော်သွားကြသည်ပင်။
ဤသန္ဓေပြောင်းလူသား၏ စွမ်းအားကို သူ တိတ်တဆိတ်လေးစားမိသည်။ သူ၏စွမ်းအားကို စောစောစီးစီး ထုတ်မသုံးနိုင်သောကြောင့်သာ။ မဟုတ်ပါက ချူဖုန်း အစောကြီးကတည်းက သေနေလောက်လေပြီ။
သို့သော် သူ့ခန္ဓာကိုယ်အခြေအနေသည် သူ၏စွမ်းအားများကို စိတ်ကြိုက်အသုံးပြုခွင့်မပေး။ ပြင်းထန်လှသည့် ခေါင်းကိုက်ဝေဒနာမှာ သူ့ကို သာမန်လူများထက်ပင် အားနည်းစေသည်။
ချူဖုန်းသည် မြေပြင်ပေါ်၌ မြဲမြံစွာ ရပ်နေပြီး ပိုးဖလံမီးတိုးသကဲ့သို့ ရောက်လာမည့် ရန်သူကို စောင့်ဆိုင်းနေလိုက်သည်။ ရန်သူ အနားရောက်လာသည်နှင့် ချူဖုန်း နွားနက်ကြီးကို ထပ်မံဆင့်ခေါ်လိုက်သည်။ ချူဖုန်း သူ့လက်ကို ဝေ့ရမ်းလိုက်သည်နှင့် နွားနက်ကြီးမှာ သူ့ရန်သူထံသို့ တရှိန်ထိုးချီတက်သွားလေသည်။
ဝုန်း..
ဤတိုက်ခိုက်မှုမှာ တောင်ကုန်းပေါ်၌ ရှိနေသည့်အရာအားလုံးကို ပျက်စီးသွားစေသည်။ နှစ်ချို့သည့် သစ်ပင်များ၏ပင်စည်ပတ်လုံးများ တစ်ဝက်ကွဲကုန်ပြီး ချုံပင်များလည်း ပြာဖြစ်သွားသည်။ နွားရိုင်းနက်ကြီးနှင့် မီးတောက်လူသားတို့ တွေ့ဆုံသည်နှင့် ကြီးမားလှသည်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အရာအာလုံး ပျက်စီးသွားသည်။
“အား..”
မီးတောက်များဖြင့် ဖုံးလွှမ်းထားသော မီးလူသားသည် ချော်ရည်အိုင်ထဲတွင် ရှိသေးသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီဖြစ်သည်။ သူသည် ဆက်တိုက်ပင် သွေးအန်လာသည်။ သူ့ခေါင်းမှာ ပေါက်ကွဲထွက်မတတ်ဖြစ်နေသည့်အပြင် နွားနက်ကြီး သူ့ခန္ဓာကိုယ်ကို ဖြတ်ပြေးသွားသည်နှင့် သူ့ အတွင်းအင်္ဂါများ ပျက်စီးသွားကာ သူ့ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်တို့မှ သွေးများ စီးကျလာသည်။
တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ရှိနေသည်ပင်။
“အဲဒါ ဟိုဆေး .. အဲဒီဆေးက ငါ့ကို သတ်တာ..” သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများတွင် ဒေါသတရားများ တောက်လောင်နေပြီး မျက်နှာလည်း ပုံပျက်နေသည်။ သူ ရန်သူကို အညံ့မခံနိုင်သော်လည်း သူ့ခန္ဓာကိုယ်မှာ အရိုးစုတစ်ခုသာသာ,သာ ကျန်တော့သည်ကို သူသိသည်။ သူ၏ကြောက်မက်ဖွယ်အသွင်အပြင်မှာ အနှစ်မရှိသည့် အကာသာဖြစ်သည်။
ထိုအချိန်တွင် အန္တရာယ်အငွေ့အသက်ကို ချူဖုန်း ခံစားလိုက်ရသည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ရဟတ်ယာဉ်မှာ သူ့ထံသို့ ပြန်လှည့်လာသည်ကို သတိပြုမိသွားသည်။ ရဟတ်ယာဉ်မှာ သူ့ကို စတင်ပစ်ခတ်နေလေပြီ။
ရဟတ်ယာဉ်မောင်းသူသည် သန္ဓေပြောင်းလူသားမဟုတ်သောကြောင့် ချူဖုန်း၏ အသံလှိုင်းများမှာ သူ့အတွက် ပြင်းထန်လှသည်ပင်။ သူသည် စစ်မြေပြင်နှင့် အတော်ဝေးသည့်နေရာ၌ ရှိနေသော်လည်း ချူဖုန်း၏အသံလှိုင်းတိုက်ခိုက်မှုကြောင့် စိတ်ဖောက်မတတ် ဖြစ်သွားသည်ပင်။
မြေပြင်၌ တိုက်ခိုက်နေကြသည့်အချိန်တွင် ရဟတ်ယာဉ်သည် သတိလစ်နေသည့် လေယာဉ်မှူးလက်ထဲ၌ ငြိမ်သက်အောင် ရုန်းကန်နေရသည်။ သို့သော် နောက်ဆုံးတွင်တော့ လေယာဉ်မှူး အသိစိတ်ပြန်လည်လာကာ သူ့ပစ်မှတ်ကို ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်ပင်။
ဝုန်း..
ရဟတ်ယာဉ်မှ ကျည်ဆံမိုးကြောင့် အောက်ဘက်ရှိ တောအုပ်ကြီး ပျက်စီးလာရသည်။
ကျည်ဆံများနှင့်အတူ အမြောက်များလည်း ကျလာသည်ပင်။
ဤသည်မှာ မီးလူသား ထွက်ပြေးနိုင်သည့် အကောင်းဆုံးအချိန် ဖြစ်သွားလေသည်။ သို့သော် သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ ကျောချမ်းသွားရသည်။ ကျောချမ်းလာမှ ထုံကျဉ်လာသည့်အချိန်တွင် ချူဖုန်းသည် ကျည်ဆံမိုးများကြားမှ ပြေးလာကာ သူ့ရဲဘော်များ၏အသက်ကို နှုတ်ယူခဲ့သည့် ဓားမြောင်ဖြင့် သူ့ခေါင်းကို ဖြတ်လိုက်လေပြီ။ ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ထိုအကျည်းတန်ခေါင်းမှာ ခန္ဓာကိုယ်မှ ပြုတ်ထွက်လိမ့်ဆင်းလာသည်။ ယခုဆိုလျှင် ထိုခေါင်းသည် အသက်မရှိသော်လည်း လွတ်လပ်သောအရာတစ်ခုဖြစ်သွားလေပြီ။ သူသည် ဆွေးမြေ့ပြီး မြေကြီးမဖြစ်သွားခင်အထိ ဤတောအုပ်၏ မြေပြင်ပေါ်၌ နေနိုင်မည်ဖြစ်သည်။
နောက်ဆုံး သန္ဓေပြောင်းလူသားကို ရှင်းပြီးသည်နှင့် ချူဖုန်း တောနက်ထဲသို့ အမြန်ပြန်ဆုတ်သွားလိုက်သည်။
ခဏကြာပြီးနောက် သူသည် လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရန်သူအုပ်ကြီးနှင့် တိုးလေသည်။ သို့သော် ကျည်ဆံတစ်တောင့်မှ ထွက်မလာခင်မှာပင် ဤလူများ၏ လည်ပင်းများမှာ ချူဖုန်းဓားမြောင်၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
ခဏကြာပြီးနောက် ရဟတ်ယာဉ်၏ ဒလက်လည်သံကိုထပ်ကြားလိုက်ရပြန်သည်။ သေဆုံးသွားပြီဖြစ်သည့် ရန်သူများထံမှ အမြောက်တစ်ခုကိုယူကာ ချူဖုန်း ထိုရဟတ်ယာဉ်ကို ပစ်ချလိုက်သည်။
ဝုန်း..
ထိုရဟတ်ယာဉ်သည် လေထဲ၌ လောင်ကျွမ်းသွားကာ သတ္တုအပိုင်းအစများ ဖြစ်သွားလေသည်။
…
မြို့ထဲရှိ စံအိမ်တစ်ခုတွင်..
စန္ဒရားမှ ထွက်လာသည့် တီးလုံးသံမှာ ဝမ်ချင်း၏ ဂီတပိုင်း ကျွမ်းကျင်မှုကို ပြသနေသည်။ ထိုတေးသံသာမှာ စမ်းချောင်းငယ်လေး ဖြည်းညှင်းစွာ စီးဆင်းသကဲ့သို့ပင်။ ရံဖန်ရံခါတွင်လည်း နေရောင်ခြည်နှင့် နှင်းဆီပွင့်များကြား ကခုန်ပျော်မြူးနေသည့် လိပ်ပြာကဲ့သို့ပင်။
ကီးနုတ်တစ်ခုချင်းစီတိုင်းမှာ နားထောင်သူကို ကျီစယ်စနောက်သကဲ့သို့ ရွှင်လန်းသော တီးလုံးကို ခံစားရသည်။
ဤတေးသွားမှာ ဝမ်ချင်း၏ စိတ်အခြေအနေကို တန်ပြန်ဟပ်နေသည်။ သိသာစွာဖြင့် သူမ စိတ်ပျော်နေသည်ပင်။
သီချင်းသံ ရပ်သွားလေသည်။ သူမသည် မူကို လှည့်ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။ “သတင်းကောင်း ရောက်လာပြီလား..”
“မရောက်လာသေးဘူး … ဒါပေမဲ့ သိပ်မလိုတော့ပါဘူး..” မူ ပြန်ပြုံးပြလိုက်သည်။ သူ့လူများ အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိသည်။
ထိုအချိန်တွင် ဖုန်းထံမှ တီးလုံးသံ ထွက်လာကာ အသက်ဝင်လာသည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်ကြ၏။ သူတို့ အောင်ပွဲခံရန် အသင့်ပင်။
“သေပြီ .. အားလုံး သေပြီ .. သူတို့တွေ သေသွားပြီ..” ဖုန်း၏အခြားတစ်ဖက်မှ ကြောက်ရွံ့နေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ သူ့စကားလုံးများမှာ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး သူ့အသက်ရှူသံများလည်း လေးလံနေသည်။ သူ အသက်ရှင်နေသေးသော်လည်း အခြေအနေကောင်းပုံမပေါ်။
“မင်း ဘာပြောလိုက်တယ်..” မူ ထိုင်ခုံပေါ်မှ ထထိုင်လိုက်သည်။
“ကျွန်တော်တို့ရဲ့ သန္ဓေပြောင်းလူသားအားလုံးကို အဲဒီ မကောင်းဆိုးဝါးကြီး သတ်လိုက်ပြီ..”
“စိတ်အေးအေးထား .. ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြော..” မူ၏နှင်းဆီရောင်ပါးမှာ ဖြူဆုတ်နေလေပြီ။ သူ ဖုန်းခေါ်ဆိုသူကို အော်ဟစ်လိုက်ကာ ထပ်မေးလိုက်သည်၊။
“မလုပ်ပါနဲ့ .. မလုပ်ပါနဲ့ .. ကျွန်တော့်ကို မသတ်ပါနဲ့ .. လွှတ်ပေးပါ..” ဤသည်မှာ ထိုလူ၏ နောက်ဆုံးစကားလုံးပင်။ နောက်ပိုင်း ဘာမှမကြားရတော့။
…
တောအုပ်ထဲတွင်..
ချူဖုန်း သေသွားသည့်လူနံဘေးရှိ ဖုန်းကို ကောက်ကိုင်လိုက်ကာ နားထောင်လိုက်သော်လည်း ဘာသံမှ မကြားတော့။ ဖုန်းမကျသေးသော်လည်း တစ်ဖက်လူမှာ အသံပိတ်ထားလေပြီ။
ထို့နောက် ဖုန်းကျသွားလေသည်။
ချူဖုန်း တောအုပ်ထဲသို့ ပြန်ဝင်သွားကာ သူ့ကို သတ်ချင်နေသည့်သူများကို ရှာဖွေလိုက်သည်။ ထို့နောက် သူ လက်နက်များကိုင်ဆောင်ထားသည့်သူအချို့ကို ထပ်တွေ့လိုက်ရသည်။ သို့သော် ဤလူများမှာ ကျည်ဆံတစ်တောင့်ပင် မပစ်လိုက်ရပဲ သေဆုံးသွားကြသည်။
နာရီဝက်ကြာပြီးနောက် သစ်တောကြီးမှာ ပြန်လည်ငြိမ်းချမ်းသွားလေပြီ။
ချူဖုန်း ဓားမြောင်ပေါ်မှ သွေးစက်များကို သုတ်ပစ်လိုက်ပြီး ဒူးခေါင်းအထိရှည်သည့် သူ့ဘွတ်ဖိနပ်ထဲသို့ ထိုးထည့်လိုက်သည်။ သွေးများ စွန်းထင်းနေသည့်မြေကြီးနှင့် မြေပြင်ပေါ်ထွက်ကျနေသည့် အူကလီစာများကို တက်နင်းကာ ချူဖုန်း မြို့ထဲသို့သွားရန် ခရီးဆက်လိုက်သည်။
အပိုင်း ၄၂ ပြီး၏။