ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 186
Chapter – 186
ရှီဖုန်းက မြေပုံပေါ်မှ တည်နေရာကို မှတ်မိသွားသည့်အချိန်တွင်…
အဆင့် ၂၀၀ အနက်ရောင်အစောင့်အရှောက် ၄ယောက်က လမ်းမပေါ်တွင် ပေါ်လာသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အနက်ရောင်လှံများကို ကိုင်ဆောင်ထားပြီး တောက်ပခြင်းစစ်နတ်ဘုရားကို အဝေးသို့ ခေါ်သွားရန် လျှောက်လာကြသည်။
“ငါ့ကို ဖမ်းနိုင်မယ်လို့ တွေးတောင် မတွေးနဲ့… “
တောက်ပခြင်းစစ်နတ်ဘုရားက ဂိမ်းထဲမှ ချက်ချင်း ထွက်လိုက်သည်။ သို့သော်လည်း မယုံကြည်နိုင်စရာကောင်းသည့်ကိစ္စတစ်ခုက ဖြစ်သွား၏။ အသက်မရှိတော့သည့် လူတစ်ယောက်ကဲ့သို့ တောက်ပခြင်းစစ်နတ်ဘုရား၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားခြင်းဖြစ်သည်။
သို့သော်လည်း အနက်ရောင်အစောင့်အရှောက် ၄ယောက်က ထိုအဖြစ်ကို ဂရုမစိုက်ပေ။
အနက်ရောင်သူရဲကောင်းနှစ်ယောက်က တောက်ပခြင်းစစ်နတ်ဘုရား၏ခန္ဓာကိုယ်ကို တစ်ဖက်စီမှ ကိုင်ပြီး ဆွဲခေါ်သွား၏။ မကြာမီတွင် အနက်ရောင်သူရဲကောင်းများက ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။
“မာစတာဘလက်ဖလိမ်း… ဘာဖြစ်သွားတာလဲ… တောက်ပခြင်းစစ်နတ်ဘုရားက ဂိမ်းထဲကနေ ထွက်သွားတာ မဟုတ်ဘူးလား… ပုံမှန်ဆို ဂိမ်းထဲကနေထွက်ရင် သူရဲ့ခန္ဓာကိုယ်ကလည်း ပျောက်ကွယ်သွားရမှာ မဟုတ်ဘူးလား… “ ရေနှင်းဆီက ရှီဖုန်းအား တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ကြည့်ပြီး မေးလိုက်သည်။
ရေနှင်းဆီက သူမ ဘာကြောင့် ရှီဖုန်းအား မေးလိုက်သည်ကို မသိသော်လည်း ရှီဖုန်းက ထိုကိစ္စ၏အဖြေကို သိနေသည်ဟု သူမ၏ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။
ရေနှင်းဆီက သူမ၏ပင်ကိုယ်အသိစိတ်ကြောင့် သူ့အား ဤမေးခွန်း မေးသည်ဟု ရှီဖုန်းသာ သိမည်ဆိုလျှင် မိန်းမတစ်ယောက်၏ ပင်ကိုယ်အသိစိတ်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို ရှီဖုန်းက အံ့အားသင့်ဖွယ် သိသွားလိမ့်မည်ဖြစ်သည်။
ရေနှင်းဆီ၏မေးခွန်းကို ကြားသောအခါ ရှီဖုန်းက ပြုံးပြန် ပြောလိုက်သည်… “ဂိမ်းရဲ့စနစ်က ကစားသမားတွေကို အပြစ်ဒဏ်ကနေ ရှောင်လို့ မရအောင် လုပ်ထားတာထင်တယ်… “
တောင်ပံနက်မြို့ကြီး၏ဆုံးဖြတ်ချက်က စနစ်၏ဆုံးဖြတ်ချက်ဖြစ်သည်။ တောက်ပခြင်းစစ်နတ်ဘုရားက အပြစ်ဒဏ်ကို ကောင်းကောင်းခံယူမည်ဆိုလျှင် သူက သေးငယ်သောတန်ဖိုးကိုသာ ပေးဆပ်ရလိမ့်မည်ဖြစ်သည်။ သို့သော်လည်း တောက်ပခြင်းစစ်နတ်ဘုရားက အကောင့်ကို ဖျက်ပြီး အကောင့်အသစ် ပြန်လုပ်ကာ အစမှ ပြန်ဆော့မည်ဆိုလျှင် သူပိုင်ဆိုင်ထားသည့် ငွေနှင့်ချပ်ဝတ်တန်ဆာများကို ဆုံးရှုံးမည့်အပြင် နတ်ဘုရားနယ်မြေတွင် ရရှိထားသည့် ဂုဏ်သတင်းအမှတ်များအားလုံးကိုလည်း ဆုံးရှုံးရမည်ဖြစ်သည်။ ဂုဏ်သတင်းအမှတ်များက ရရှိရန် မလွယ်ကူပေ။ ကစားသမားများကို ဂုဏ်သတင်းအမှတ်ပေးသော တာဝန်များသည် ပြိုင်ဘက်ကင်းတာဝန်များ ဖြစ်ကြသည်။
“ဒါက ဒီလိုပေါ့… “
ရေနှင်းဆီက ထိုကိစ္စ၏အမှန်တရားကို နားလည်သည်။ မဟုတ်လျှင် တစ်ယောက်ယောက်က ယုတ်ညံ့သောကိစ္စများကို လုပ်သည့်အချိန်တိုင်း သူတို့က အကောင့်ကို ဖျက်ပြီး အကောင့်သစ်ဖြင့် အစမှပြန်ဆော့မည်ဆိုလျှင် နတ်ဘုရားနယ်မြေတစ်ခုလုံး ရှုပ်ထွေးသွားနိုင်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကစားသမားများက အဆင့်မြင့်လာကြမည်ဖြစ်ပြီး ထိုကဲ့သို့ကိစ္စများကလည်း လျော့နည်းသွားမည်ဖြစ်သည်။ သူတို့၏ ကြိုးစားအားထုတ်ခဲ့မှုနှင့် ကုန်လွန်ခဲ့သောအချိန်များကို ဖျက်ဆီးပစ်ရန် အနည်းငယ်သော ကစားသမားများကသာ သတ္တိရှိပေလိမ့်မည်။
သို့သော်လည်း ကစားသမားများက တောက်ပခြင်းစစ်နတ်ဘုရားကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့မည်ဆိုလျှင် သူတို့အများစုက လက်ရှိအကောင့်ကို ဖျက်ကာ အစမှ ပြန်ဆော့ရန် ရွေးချယ်ကြမည်ဖြစ်သည်။ အကောင့်သစ်ဖြင့် ပြန်ဆော့ခြင်းက အဆင့်တက်ရန် ပို၍ မြန်ပေလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် ဂိမ်းစနစ်ကို အခွင့်အရေးယူသည့် နည်းလမ်းတစ်ခုဖြစ်၏။ ပုံမှန်အားဖြင့် အဓိကနတ်ဘုရားကလည်း ထိုကဲ့သို့အမှားမျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။
တောက်ပခြင်းစစ်နတ်ဘုရား၏ ကိစ္စနှင့်ပက်သတ်၍ ရေနှင်းဆီက ကရုဏာသက်ခြင်း မဖြစ်ပေ။ ထိုအစား သူမက ရှီဖုန်း၏အကူအညီအတွက် ကျေးဇူးတောင် တင်သေး၏။ သူမ၏မိသားစုနှင့်တောက်ပခြင်းစစ်နတ်ဘုရား၏မိသားစုက အလွန်ရင်းနှီးကြသည်။ မိသားစုနှစ်ခုစလုံးကလည်း သူတို့နှစ်ယောက်အား လက်ထပ်စေပြီး သူတို့၏ချမ်းသာမှုနှင့်လွှမ်းမိုးမှုကို မြှင့်တင်ရန် စီစဉ်ထားကြသည်။ ရေနှင်းဆီက ထိုကိစ္စကို အစကတည်းက ဆန့်ကျင်ခဲ့သည်။ သူမက မိသားစုထဲတွင် သူမ၏အဆင့်အတန်းကို မြင့်မားအောင်လုပ်ပြီး ထိုလက်ထပ်ပွဲကို ဆန့်ကျင်နိုင်ရန် ကြံရွယ်ထား၏။
နတ်ဘုရားနယ်မြေ၏ ပေါ်ထွက်လာမှုက သူမကို အခွင့်အရေးကောင်းတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။ သူမက နတ်ဘုရားနယ်မြေတွင် သူမကိုယ်သူမ တိုးတက်အောင်လုပ်ပြီး တောက်ပခြင်းစစ်နတ်ဘုရား၏ အပြုအမူများကို ထည့်ပေါင်းလိုက်လျှင် သူမက မိသားစုနှစ်ခုကြားမှ လက်ထပ်ပွဲကို အလွယ်တကူ ဆန့်ကျင်နိုင်ပေလိမ့်မည်။
တောက်ပခြင်းစစ်နတ်ဘုရား၏ ကိစ္စကို ရှင်းပြီးနောက် ရှီဖုန်းနှင့်ရေနှင်းဆီက စားသောက်ဆိုင်သို့ ပြန်လာပြီး အလုပ်ကိစ္စကို ဆက်ဆွေးနွေးကြသည်။
မူလက ရှီဖုန်းသည် နတ်ဘုရားသတ်ဖြတ်သူ၏နေရာကို စုံစမ်းချင်သော်လည်း ယခုအချိန်တွင် သူက ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ နတ်ဘုရားနယ်မြေတွင် ပျက်စီးခြင်းတောင်တန်းက လူသားများအတွက် ကန့်သတ်နယ်မြေဖြစ်သည်။ ရှီဖုန်း၏ ယခင်ဘဝတွင် များစွာသော ကစားများကို ထိုအကြောင်းကို မယုံကြည်ကြပေ။ အဆုံးတွင် ပျက်စီးခြင်းတောင်တန်းသို့ သွားသည့် ကစားသမားများအားလုံး သေဆုံးသွားကြပြီး ပျက်စီးခြင်းတောင်တန်းထဲသို့ မည်သူမှ ထပ်မသွားရဲကြတော့ပေ။
ရှီဖုန်း၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ပျက်စီးခြင်းတောင်တန်းထဲသို့ ဝင်ရန်မဆိုထားနှင့် ပျက်စီးခြင်းတောင်တန်း၏ အပြင်ဘက်တွင် စောင့်ကြပ်နေသည့် သားရဲများကိုတောင် မယှဉ်နိုင်သေးပေ။ ထို့ကြောင့် သူက ယခုအချိန်တွင် ဘယ်လိုလုပ်ပြီး ထိုနေရာကို သွားနိုင်မည်နည်း။
သူ၏တစ်ခုတည်းသော ရွေးချယ်စရာက သူ၏စွမ်းအားကို တိုးအောင်လုပ်ရန်ဖြစ်သည်။ သူက လုံလောက်သည့်စွမ်းအားကို ပိုင်ဆိုင်သည့်အချိန်ရောက်လျှင် သူက ထိုနေရာသို့ သွားနိုင်မည့်နည်းလမ်းကို စဉ်းစားနိုင်ပေလိမ့်မည်။
“မာစတာဘလက်ဖလိမ်း… ဒါက မာစတာဘလက်ဖလိမ်း တောင်းဆိုထားတဲ့ ပန်းပဲပစ္စည်းတွေပါ… အိတ်က အကန့်အသတ်ရှိတာမို့ ရှားပါးသတ္တုနဲ့တန်ဖိုးရှိသည့်သတ္တုပစ္စည်းတွေကိုပဲ ယူခဲ့ရတယ်… ဒီတစ်ကြိမ်မှာ မာစတာဘလက်ဖလိမ်းက ကျွန်မကို ကိစ္စကြီးတစ်ခု ကူညီခဲ့တာမို့ ဒီပစ္စည်းကို ဈေးလျော့ပြီး ရောင်းပေးပါ့မယ်… ဒီပစ္စည်းတွေအတွက် ရွှေပြား ၄၃ပြားပဲ ပေးပါ… “ ရေနှင်းဆီက အရောင်းအဝယ်စာရင်းကို ပြပြီး အပြုံးဖြင့် ပြောလိုက်သည်။
ထိုသတ္တုပစ္စည်းများကို သူမက ရွှေပြား ၃၇ပြားကျော်သုံး၍ ဝယ်ယူခဲ့ရသည်။ မူလက သူမသည် ထိုသတ္တုပစ္စည်းများကို ရှီဖုန်းအား ရွှေပြား ၅၀ပြားဖြင့် ရောင်းချရန် ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း ရှီဖုန်းက သူမကို ကူညီခဲ့သောကြောင့် သူမက ရောင်းဈေးကို အနည်းငယ် လျှော့ပေးလိုက်ခြင်းဖြစ်သည်။
အစက သူမတွင် ထိုသတ္တုပစ္စည်းများကို ဝယ်ယူရန် ရွှေပြားများ အလုံအလောက် မရှိခဲ့ပေ။ သို့သော်လည်း သူမက မှုန်ဝါးဝါးအလင်းချပ်ဝတ်ပန်းပဲဒီဇိုင်းမှ အမြတ်ငွေများ အများအပြား ရရှိခဲ့သည်။ သူမက ရွှေပြား ၁၀၀ကျော် ရရှိခဲ့သည့်အပြင် ပန်းပဲဒီဇိုင်းများကို ဝယ်ယူရန် သူမအသုံးပြုခဲ့သည့် ခရက်ဒစ်များလည်း ပြန်ရရှိခဲ့သည်။ ယခုအချိန်တွင် သူမလက်ထဲ၌ မှုန်ဝါးဝါးအလင်းချပ်ဝတ်အနည်းငယ် ကျန်သေး၏။ ထိုပန်းပဲဒီဇိုင်းများအားလုံးကို ရောင်းချလိုက်လျှင် သူမအနေဖြင့် ရွှေပြား ၁၀ပြားကျော်နှင့် ခရက်ဒစ် သိန်းပေါင်းများစွာ ရရှိဦးမည်ဖြစ်သည်။
ပထမတန်းစားအစည်းအရုံးများထဲတွင် အထွတ်အထိပ်၌ ရပ်တည်နေသည့် ဆည်းဆာပဲ့တင်သံတစ်ခုလုံး၏ လက်ရှိရန်ပုံငွေသည် ရွှေပြား ၂၀ပြားမှ ၃၀ပြား ဝန်းကျင်သာ ရှိ၏။ ထိုစဉ်တွင် သူမကတော့ ရွှေပြား ၁၀၀ကျော် ပိုင်ဆိုင်ထားသည့်အတွက် အစည်းအရုံးမှ အကြီးအကဲများကို မနာလိုဖြစ်စေခဲ့သည်။
အကျိုးအမြတ်ကို ပထမဆုံးအကြိမ် ခံစားပြီးနောက်တွင် ရေနှင်းဆီက ရှီဖုန်းဖန်တီးပြမည့် အံ့ဩဖွယ်ရာများကို ထပ်မံမျှော်လင့်နေလေသည်။
“ရွှေပြား ၄၃ပြားလား… “ ရှီဖုန်းက အရောင်းအဝယ်စာရင်းကို ကြည့်ပြီး သူ၏နှလုံးက ဒိန်းခနဲ ခုန်သွား၏။
ရေနှင်းဆီက ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမက သတ္တုပစ္စည်းအမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။ အရောင်းအဝယ်စာရင်းကို တစ်ချက်ကြည့်ရုံလိုက်ရုံမျှဖြင့် စာရင်းထဲရှိ သတ္တုပစ္စည်းများက ထူးခြားသံအဆင့် နှင့် လျှို့ဝှက်ငွေအဆင့် အိုင်တမ်များ ထုလုပ်ရာတွင် လိုအပ်သော ရှားပါးပစ္စည်းများဖြစ်သည်ကို သိနိုင်သည်။ ထိုအထဲတွင် အလွန်ရှားသည့် ရွှေစင်အဆင့် သတ္တုရိုင်းများပင် ပါသေး၏။ ဂိမ်း၏လက်ရှိအဆင့်တွင် စတားမွန်းနိုင်ငံ၌ ထိုသတ္တုပစ္စည်းများကို ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ပေ။ ရေနှင်းဆီက ရှီဖုန်းတောင်းဆိုထားသည့် ကျောက်တုံးမာအမြောက်အများကိုလည်း ယူလာခဲ့သည်။
ယခု ရေနှင်းဆီက ရှီဖုန်းအတွက် ကျောက်တုံးမာ အထုပ် ၁၀၀၀နီးပါး ယူဆောင်လာခဲ့ပြီး သူမ၏သတ္တုရိုင်းအိတ်များကို အပြည့်ဖြည့်လာခဲ့ခြင်းဖြစ်သည်။ သတ္တုရိုင်းတိုင်းပြည်ဆိုသည့် နာမည်က အမှန်တစ်ကယ် လိုက်ဖက်သည်ကို ရှီဖုန်းက ဝန်ခံရပေမည်။
သတ္တုရိုင်းအိတ်များက သာမန်အိတ်များနှင့် မတူပေ။ သတ္တုရိုင်းအိတ်များကို ပန်းပဲပစ္စည်းများ ထည့်ရန်အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအိတ်များက သာမန်အိတ်များထက် အဆပေါင်းများစွာ ပိုကျယ်သည်။ ရေနှင်းဆီ၏အိတ်ထဲတွင် နေရာ၁၀၀ပါသော သူမ၏အဓိကအိတ်မှလွဲ၍ ကျန်၆အိတ်စလုံးက သတ္တုရိုင်းအိတ်များဖြစ်သည်။ သူမ၏သတ္တုရိုင်းအိတ်တိုင်းက နေရာလွတ် ၃၅၀စီပါပြီး သတ္တုရိုင်းအိတ် ၆အိတ်စလုံးတွင် သတ္တုရိုင်းများဖြင့် အပြည့်ဖြည့်ထား၏။
ရေနှင်းဆီ၏တိုင်းပြည်တွင် သတ္တုရိုင်းများ မရှားပေ။ ထို့ကြောင့် ရေနှင်းဆီက ရှီဖုန်းအား ကျောက်တုံးမာတစ်အိတ်ကို ကြေးပြား ၈၀ပြားဖြင့် ပေး၏။ စတားမွန်းနိုင်ငံ၏ ကျောက်တုံးမာဈေးနှင့်ယှဉ်လျှင် ရေနှင်းဆီရောင်းချပေးသော ဈေးနှုန်းက အလွန်သက်သာသည်။ ယခုအချိန်တွင် ကျောက်တုံးမာတစ်အိတ်ကို ငွေပြား ၃ပြားဖြင့် ရောင်းချနေကြသဖြင့် ရှီဖုန်းက ဤကျောက်တုံးမာများကို တိုက်ရိုက်ပြန်ရောင်းချလျှင်တောင် ရှီဖုန်းက အမြတ်အစွန်းများစွာ ရရှိမည်ဖြစ်သည်။ ထို့အပြင် ဤကျောက်တုံးမာများကို ထိုကစားသမားများက အလုအယက် ဝယ်ယူကြဦးမည်ဖြစ်၏။
သို့သော်လည်း ရှီဖုန်းက ရွှေပြား ၄၃ပြားကို တစ်ခါတည်းဖြင့် ပေးရန် မတတ်နိုင်ပေ။
ကံကောင်းစွာဖြင့် ရှီဖုန်းက ထိုအတွက် ပြင်ဆင်လာခဲ့သည်။ သူက အိတ်ထဲမှ အဆင့် ၈နှင့် အဆင့်၉ ကြေးအဆင့်ချပ်ဝတ်တန်ဆာများနှင့်ထူးခြားသံအဆင့်ချပ်ဝတ်တန်ဆာများကို ထုတ်ယူလိုက်သည်။ ထိုအထဲမှ ချပ်ဝတ်တန်ဆာအများစုကို သူကိုယ်တိုင် ထုလုပ်ထားခြင်းဖြစ်ပြီး ကျန်သည့်ချပ်ဝတ်တန်ဆာများကတော့ လရောင်သစ်တောမှ ရရှိခဲ့သည့် အိုင်တမ်များဖြစ်သည်။ ထို့အပြင် ထိုအထဲ၌ ဖမ်းစာနိုင်ဆုံးသော အိုင်တမ်မှာ အဆင့် ၁၀ လျှို့ဝှက်ငွေအဆင့် လက်တစ်ဖက်ဓားဖြစ်သည့် ငွေရောင်မိုးသောက်ဓားဖြစ်သည်။
လျှို့ဝှက်ငွေအဆင့် အိုင်တမ်များသည် ပထမတန်းစားအစည်းအရုံးမှာတောင်မှ အလွန်ရှားသည့် အိုင်တမ်များဖြစ်သည်။ ပုံမှန်ဆိုလျှင် အစည်းအရုံး၏အဓိက အထက်ကြီးပိုင်းများသာလျှင် လျှို့ဝှက်ငွေအဆင့် အိုင်တမ် ၂ခုမှ ၃ခုအထိ ပိုင်ဆိုင်ကြသည်။ အစည်းအရုံး၏ လက်ရွေးစင်များကတော့ လျှို့ဝှက်ငွေအဆင့် အိုင်တမ်တစ်ခုရရန် အိမ်မက်တောင် မမက်နိုင်သေးပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သီးသန့်ခန်းထဲ၌ ချပ်ဝတ်တန်ဆာများဖြင့် ပြည့်သွားပြီး ကြည့်ရှုသူကို မျက်စိစူးစေသည်။ အကြမ်းဖျင်းတွက်ရလျှင် ရှီဖုန်းက အိုင်တမ်အခု ၅၀၀ကျော် ပေးလိုက်ခြင်းဖြစ်သည်။ ရေနှင်းဆီက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွား၏။ ၁၀စက္ကန့်ကျော် ကြာသွားပြီးမှသာ ရေနှင်းဆီက တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူမ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နေပြီး ရှီဖုန်းအား ကြည့်လိုက်သည်။
ထိုအိုင်တမ်များဖြင့်ဆိုလျှင် ကြီးမားသော လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ကို ဝတ်စုံပြည့် တပ်ဆင်ပေးရန် လုံလောက်၏။ ထိုအိုင်တမ်များထဲမှ အများစုကို ရှီဖုန်းကိုယ်တိုင် ထုလုပ်ထားခြင်းဖြစ်သည်။ ရေနှင်းဆီက ပန်းပဲသမားများ ပန်းပဲထုသည်ကို မျက်မြင်ကိုယ်တွေ့မြင်ဖူး၏။ သို့သော်လည်း ထိုပန်းပဲသမားများ၏ ထုလုပ်မှုက အလွန်နှေးသည်။ ထိုအိုင်တမ်များအားလုံးသည် ကြေးအဆင့်နှင့်ထူးခြားသံအဆင့်ချပ်ဝတ်တန်ဆာများဖြစ်၏။ ပန်းပဲသမားတစ်ယောက်က ထိုချပ်ဝတ်တန်ဆာများကို ဂရုတစိုက် မထုလုပ်လျှင် ရလဒ်က ကျရှုံးသွားနိုင်သည်။ ထို့ကြောင့် ထိုပန်းပဲအိုင်တမ်များ၏ ပြုလုပ်ခြင်းဖြစ်စဉ်က သာမန်အဆင့်ချပ်ဝတ်တန်ဆာထက် များစွာ နှေးကွေးပေလိမ့်မည်။ ရှီဖုန်းနှင့် မတွေ့ရသည်မှာ ၃ရက်ကျော်ရုံလေးသာ ရှိသေး၏။ ထိုအချိန်အတွင်းတွင် ရှီဖုန်းက ဆက်တိုက် ပန်းပဲထုနေလျှင်တောင် ဤမျှသော အိုင်တမ်အရေအတွက်ကို ရရှိရန် မဖြစ်နိုင်ပေ။
“မိန်းကလေးရေနှင်းဆီ… ငါက ဒီအိုင်တမ်တွေကို ယူလာခဲ့တယ်… ဈေးပြောပါဦး… “ ရှီဖုန်းက အပြုံးဖြင့် ပြောလိုက်သည်။
ရေနှင်းဆီက ချက်ချင်းပင် အလိမ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မူလက သူမသည် ရှီဖုန်းထံမှ အကျိုးအမြတ်ယူရန်သာ ကြံစည်ထားခဲ့၏။ သို့သော်လည်း အရည်အသွေးမြင့် ချပ်ဝတ်တန်ဆာ ၅၀၀ကျော်ဖြင့်ဆိုလျှင် သူမကိုယ်သူမ ရောင်းထုတ်လိုက်လျှင်တောင် တန်ဖိုးက လုံလောက်ဦးမည် မဟုတ်ချေ။