ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 194 မီးတောက် မကောင်းဆိုးဝါး
Chapter – 194 မီးတောက် မကောင်းဆိုးဝါး
သဲဖြူအပျက်အစီးနယ်မြေ။
“သိုင်းအဖွဲ့က တော်တော်လွန်တယ်ကွာ… ငါတို့တစ်ကိုယ်တော်ကစားသမားတွေကို နည်းနည်းလေးမှ လေးစားမှု မရှိဘူး… ငါ အစွမ်းထက်လာတဲ့နေ့ကျရင် အဲ့ကောင်တွေကို ပြန်လက်စားချေမယ်… “
“တော်တော့… သိုင်းအဖွဲ့က စကားများတဲ့ နှစ်ဖွဲ့ကို သတ်ပစ်လိုက်တာ မတွေ့ဘူးလား… “
“ဒီကိစ္စနဲ့ပက်သတ်ပြီး ငါတို့လုပ်နိုင်တာ မရှိဘူး… ငါတို့က သူ့တို့လောက် အစွမ်းမထက်ဘူး… ဒါ့ကြောင့် ငါတို့က ခြေတစ်လှမ်း နောက်ဆုတ်ပေးဖို့ပဲ တတ်နိုင်တယ်… “
“ငါသာ တတိယတန်းစားအစည်းအရုံးက အဖွဲ့ဝင်တစ်ယောက်ဖြစ်မယ်ဆိုရင် သိုင်းအဖွဲ့က ငါတို့ကို ဒီလိုမျိုး မောင်းထုတ်ရဲမယ်လို့ မယုံဘူး… “
“ခေါင်းဆောင်… ကျွန်တော်တို့ အစည်းအရုံးကြီးတစ်ခုကို ဘာလို့ မဝင်သေးတာလဲ… ကျွန်တော်တို့ရဲ့ လက်ရှိအစွမ်းအစနဲ့ဆိုရင် အစည်းအရုံးကြီးတစ်ခုကို ဝင်ဖို့ လွယ်လွယ်လေးပါ… “
“အစည်းအရုံးတစ်ခုကို ဝင်ဖို့လား… ဝင်တော့ ဝင်ရမယ်… ဒါပေမဲ့ အဲ့အကြောင်းကို အဖြူရောင်မြစ်မြို့ကြီးကို ဝင်ပြီးမှပဲ ပြောကြတာပေါ့… လုပ်ကြံသတ်ဖြတ်သူမဟာမိတ်က အနီရောင်သစ်ရွက်မြို့ငယ်မှာ အင်အားအကောင်းဆုံးပဲ ဒါပေမဲ့ အဖြူရောင်မြစ်မြို့ကြီးကို ရောက်ပြီးသွားရင် လုပ်ကြံသတ်ဖြတ်သူမဟာမိတ်က သာမန်ထက် နည်းနည်းပဲသာတဲ့ အစည်းအရုံးတစ်ခု ဖြစ်သွားလိမ့်မယ်… အဲ့ဒီမှာ ငါတို့ ရွေးချယ်နိုင်တဲ့ ပထမတန်းစားအစည်းအရုံးတွေ ရှိတယ်… “
သိုင်းအဖွဲ့မှ မောင်းထုတ်လိုက်သော ကစားသမား ၆ယောက်အဖွဲ့မှ တစ်ယောက်က နောက်ထပ်အမဲလိုက်ရန် နေရာကို ရှာရင်း စတင် စကားစလိုက်သည်။
သူတို့က အစည်းအရုံးတစ်ခု၏ အင်အားနှင့်အသုံးဝင်မှုများကို ကောင်းကောင်းသိကြ၏။ သူတို့က အစည်းအရုံးတစ်ခုကို မဝင်လျှင် အစည်းအရုံးများက နေရာကောင်းများကို အပိုင်စီးထားသည့်အချိန်တွင် သူတို့က အစည်းအရုံးများမလိုချင်သည့်နေရာများကို တခြားတစ်ကိုယ်တော်ကစားသမားများနှင့် ယှဉ်၍ လုနေရပေလိမ့်မည်။
“တစ်ဆိတ်လောက်… သိုင်းအဖွဲ့ဘယ်မှာလဲဆိုတာ သိလား… “
ရှီဖုန်းက သဲဖြူအပျက်အစီးနယ်မြေတွင် အချိန်တချို့ကြာအောင် ရှာသော်လည်း သိုင်းအဖွဲ့၏အရိပ်အယောင်ကိုပင် ရှာမတွေ့ချေ။ ထိုအချိန်တွင် ဖြတ်သွားဖြတ်လာ ကစားသမားများက သိုင်းအဖွဲ့အကြောင်းအား ပြောနေသည်ကို သူက ကြားလိုက်ရသည်။ ထို့ကြောင့် သူက မေးလိုက်ခြင်းဖြစ်သည်။
“အင်း… ငါတို့ သိတယ်… မင်းက သူတို့နေရာမေးပြီး ဘာလုပ်မလို့လဲ… သိုင်းအဖွဲ့ကို ဝင်မလို့တော့ မပြောနဲ့နော်… “ အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
သို့သော်လည်း ရှီဖုန်းက နာမည်နှင့်အဆင့်ကို ဖုံးကွယ်ထားသည့် ကစားသမားတစ်ယောက်ဖြစ်မှန်း သတိပြုမိသွားသောအခါ ရှီဖုန်းက သိုင်းအဖွဲ့ထဲသို့ ဝင်ရန်အတွက် သိုင်းအဖွဲ့ကို လိုက်ရှာနေသည့် ကစားသမားတစ်ယောက်ဟု ထင်သွား၏။
သိုင်းအဖွဲ့ကို ပူးပေါင်းရန်ဆိုသည့် စကားကို ကြားသောအခါ တခြားအဖွဲ့ဝင်များက ရှီဖုန်းအား အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သိုင်းအဖွဲ့ကြောင့် ရခဲ့သည့် သူတို့၏ဒေါသက ယခုအချိန်ထိ မလျော့ကျသေးပေ။ သိုင်းအဖွဲ့က အရေအတွက် ပိုများမနေလျှင် သူတို့က သိုင်းအဖွဲ့နှင့် အသေအကြေ ပြန်တိုက်ခိုက်ခဲ့မည်ဖြစ်သည်။
အစောပိုင်းက သူတို့ပြောသည့်စကားများမှ သိုင်းအဖွဲ့သည် သူတို့အား အနိုင်ကျင့်လိုက်သည်ကို ရှီဖုန်းက ခန့်မှန်းမိသွား၏။ ထို့ကြောင့် သိုင်းအဖွဲ့ပေါ်သို့ သူတို့အမုန်းများက ပြင်းထန်နေခြင်းဖြစ်သည်။ ယခု သူတို့အဖွဲ့ခေါင်းဆောင်၏စကားကို ထည့်ပေါင်းလိုက်သောအခါ သူတို့၏စိတ်အခြေအနေက ပိုဆိုးကုန်သည်။
သူကသာ သိုင်းအဖွဲ့အစည်းအရုံးကို ပူးပေါင်းချင်သည်ဟု ပြောလိုက်လျှင် ထိုကစားသမားများက သူ့ဆီသို့ ပြေးလာပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သည်။
“ငါက သိုင်းအဖွဲ့ကို ဝင်ဖို့ မဟုတ်ပါဘူး… သိုင်းအဖွဲ့နဲ့ စီးပွားရေးကိစ္စတချို့ လုပ်စရာရှိလို့ပါ… သူတို့ရဲ့ နေရာကို ပြောပြပေးနိုင်မလား… ဒါက မေးမြန်းခ ငွေပြား ၁ပြားပါ… “ ရှီဖုန်းက ပြုံးပြီး ငွေပြားတစ်ပြား ထုတ်ပေးလိုက်သည်။
သာမန်ကစားသမားတစ်ယောက်အတွက် နေ့စဉ်ဝင်ငွေက ငွေပြား ၁ပြား မပြည့်ပေ။ အဖွဲ့ငယ်များ ဖွဲ့ထားသည့် ဝါရင့်ကစားသမားများတောင် သူတို့၏စုစုပေါင်းဝင်ငွေက ငွေပြား တစ်ပြားမှ နှစ်ပြားဝန်းကျင်သာ ရှိ၏။ ထို့ကြောင့် မေးမြန်းခ ငွေပြား တစ်ပြားသည် နည်းပါးသည့် ငွေပမာဏ မဟုတ်ပေ။
ရှီဖုန်းက ငွေပြားတစ်ပြား ထုတ်ပေးသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်၏မျက်လုံးများက အရောင်တောက်သွား၏။ ထို့နောက် သူက အဖွဲ့စကားပြောခန်းထဲမှ ပြောလိုက်သည်… “ညီအစ်ကိုတို့… ဒီကောင်က အဆီတွေ ဝဖြိုးနေတဲ့ သိုးတစ်ကောင်ပဲ… ငါတို့ သူ့ဆီကသာ ငွေတချို့ ရအောင်ယူနိုင်မယ်ဆိုရင် ငါတို့လက်နက်နဲ့ချပ်ဝတ်တန်ဆာတွေအတွက် ပြန်ပြင်ခ ရနိုင်တယ်… သူတို့သတ်မှာလား… မသတ်ဘူးလား… “
“သူ့ကို သတ်… ဘာလို့ သူ့ကို မသတ်ရမှာလဲ… ဒီကောင်က သိုင်းအဖွဲ့နဲ့ ပက်သတ်နေတယ်ဆိုတာ အသိသာချည်းပဲ… သိုင်းအဖွဲ့နဲ့ ပက်သတ်နေမှတော့ ငါတို့ကို သူ့ကို လွှတ်မပေးသင့်ဘူး… “
“ကျွန်တော်တို့က ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာမယ်… “
တခြားအဖွဲ့ဝင်များကလည်း သူတို့ခေါင်းဆောင်ကို ထောက်ခံလိုက်ကြသည်။
“ကြည့်ရတာ ဒီကရောင်းရင်းက သိုင်းအဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်း ပက်သတ်နေမယ်ထင်တယ်… သိုင်းအဖွဲ့က ငါတို့ညီအစ်ကိုတွေကို ရက်ရက်စက်စက် အနိုင်ကျင့်လိုက်တယ်… မင်းက သိုင်းအဖွဲ့နဲ့ ပက်သတ်နေတယ်ဆိုတော့ မင်းက ချမ်းသာမျာပဲ… မင်းက ငါတို့ကို သိုင်းအဖွဲ့အစား လျော်ကြေးမပေးသင့်ဘူးလား… ငါတို့က အများကြီး မတောင်းပါဘူး… ငွေပြား ၂၀နဲ့ မင်းရဲ့ ချပ်ဝတ်တန်ဆာတွေ အားလုံး ထားခဲ့ပေးရုံပါပဲ… ဒါဆိုရင် မင်းကို သိုင်းအဖွဲ့ရှိတဲ့နေရာ ပြောပြမယ်… ဘယ်လိုလဲ… “ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကာကွယ်သူကစားသမားများက အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။
ပြောပြီးသည်နှင့် တခြားအဖွဲ့ဝင်များသည် ရှေ့သို့ တိုးလာကြ၏။ သူတို့မျက်နှာပေါ်တွင် အေးစက်စက်အပြုံးများ ပေါ်လွင်နေလေသည်။
“ငါက သိုင်းအဖွဲ့နဲ့ ဘာပက်သတ်မှုမှ မရှိဘူး… လုပ်စရာတချို့အတွက် သူတို့ကို ရှာနေတာ… မင်းတို့နဲ့ သိုင်းအဖွဲ့ကြားက ပြဿနာတွေက ငါနဲ့ ဘာမှမသက်ဆိုင်ဘူး… မင်းတို့ ငါ့ကို သိုင်းအဖွဲ့နေရာ မပြောနိုင်ရင် ကျေးဇူးပြု၍ ဘေးကို ဖယ်ပေးပါ… “ ရှီဖုန်းက ပြောလိုက်သည်။
“ဒါက ငါနားလည်ပါတယ်… ဒါပေမဲ့ မင်းက သိုင်းအဖွဲ့အကြောင်းကို ငါတို့ဆီ လာမေးတဲ့ မင်းရဲ့အမှားရှိသေးတယ်… မင်းက ငါတို့တောင်းဆိုတာကို လက်မခံရင် ငါတို့ကလည်း မင်းကို ပညာနည်းနည်း ပေးလိုက်ရုံပေါ့… ငါတို့က မင်းရဲ့အဆင့်ကို မသိပေမဲ့ မင်းက အဆင့် ၈ ဒါမှမဟုတ် အဆင့် ၉တော့ ရောက်နေမှာပဲ… မင်းသာ အဆင့် ၁ဆင့် ကျသွားမယ်ဆိုရင် မင်းအတွက် ၁ရက်၊၂ရက်လောက် အချိန်ပုပ်သွားနိုင်တယ်နော်… မင်း သေချာစဉ်းစားသင့်တယ်… “ အဖွဲ့ခေါင်းဆောင်က လှောင်လိုက်ရင်း သူ့လက်က ဓားနှင့် နောက်ကျောမှ ဒိုင်းဆီသို့ ရောက်သွားသည်။
ရှီဖုန်းက ထိုစကားများကို ကြားသောအခါ မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။
“ကောင်လေး… မင်းက ဘာရယ်တာလဲ… မင်း ဆက်ရယ်နေမယ်ဆိုရင် မင်းရဲ့မျက်နှာကို အသားစတွေ ဖြစ်သွားအောင် ရိုက်ပြမယ်… “ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
“မင်းတို့ကောင်တွေက ပိုက်ဆံလိုချင်တာလား… မင်းတို့အားလုံး ငရဲကိုသွားဖို့အတွက် လမ်းစရိတ် ငါပေးလိုက်မယ်… “
ရှီဖုန်းက ပြောပြီးသည်နှင့်တစ်ပြိုင်နက် အသူရာဓားကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အပြာရောင်မီးတောက်များက အသူရာဓားတွင် လောင်မြိုက်သွား၏။
ရှီဖုန်းက ထိုကဲ့သို့ကစားသမားများကို မသနားချေ။
သူက ဓားနှစ်လက်ကို ဝေ့ရမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ဓားပုံရိပ်များက ကောင်းကင်တစ်ခုလုံး ပြည့်သွားပြီး ထိုကစားသမားကို ဝိုင်းရံသွား၏။
ထိုတစ်ကိုယ်တော်ကစားသမားများက နည်းစနစ်ကောင်းများကို ပိုင်ဆိုင်ထားပြီး အဖွဲ့၏စွမ်းအားကလည်း ကောင်းသော်လည်း ရှီဖုန်းနှင့်ယှဉ်လျှင် အလွန်အားနည်းနေသေး၏။ သူတို့က ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် ဓားပုံရိပ်များက သူတို့၏ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။
ကာကွယ်သူကစားသမားဖြစ်သည့် အဖွဲ့ခေါင်းဆောင်မှလွဲ၍ ကျန်သည့် ကစားသမား ၅ယောက်စလုံး ချက်ချင်း သေဆုံးသွား၏။ ထို့အပြင် ရေခဲပြာနတ်ဆိုးမီးတောက်က သူတို့၏ချပ်ဝတ်တန်ဆာများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ထိုကစားသမားများက အဆင့်မြင့်သော်လည်း သူတို့၏ချပ်ဝတ်တန်ဆာများက အလွန် အရည်အသွေးနိမ့်၏။ သူတို့တစ်ယောက်ချင်းစီတွင် ကြေးအဆင့်ချပ်ဝတ်တန်ဆာ ၆ခု သို့မဟုတ် ၇ခုခန့်သာ ရှိပြီး ထူးခြားသံအဆင့်ချပ်ဝတ်တန်ဆာကတော့ တစ်ခုတောင် မပိုင်ဆိုင်ကြပေ။ ရေခဲပြာနတ်ဆိုးမီးတောက်၏စွမ်းအားအောက်တွင် ချပ်ဝတ်တန်ဆာများအားလုံး ပျက်စီးသွား၏။
“အခုဆိုရင် သိုင်းအဖွဲ့ရဲ့ နေရာကို ပြောတော့မှာလား… “ ရှီဖုန်းက အဖွဲ့ခေါင်းဆောင်ကို ကြည့်ပြီး ပြုံးလျှက် မေးလိုက်သည်။
အဖွဲ့ခေါင်းဆောင်က မှင်သက်နေသည်။ သူ့ရှေ့မှ လူက တစ်ကိုယ်လုံးအပြာရောင်မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး တိုက်ခိုက်မှုများကလည်း အလွန်မြန်ကာ သူတို့က ခုခံရန်ပင် အချိန်မရလိုက်ပေ။
ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်က သူသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် တွေ့နေပြီဟု စိတ်ထဲမှ တွေးလိုက်သည်။ ထို့အပြင် ၎င်းက မီးတောက်များကို ထိန်းချုပ်နိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်ရပေမည်။
“ငါ ပြောမယ်… ပြောပါ့မယ်… သိုင်းအဖွဲ့က ဒီအနောက်မြောက်ဘက်တည့်တည့် ချောင်ကျတဲ့ နေရာတစ်ခုမှာပါ…အဲ့နေရာက ဒီကနေ သိပ်မဝေးပါဘူး… အဲ့နေရာတစ်ဝှိုက်မှာ ခေါင်းပေါက်တွေ အများကြီး ရှိပါတယ်… “
“အရမ်းကောင်းတယ်… မင်း အခု သွားနိုင်ပြီ… “
ရှီဖုန်းက အဖွဲ့ခေါင်းဆောင်၏အသက်ကို ချက်ချင်း နှုတ်ယူလိုက်သည်။ ထို့နောက် သူက သိုင်းအဖွဲ့ရှိသည့်နေရာသို့ ဦးတည်လိုက်သည်။
ထိုကစားသမားများက အဖြူရောင်မြစ်မြို့ကြီးတွင် ပြန်ရှင်လာသောအခါ ကောင်းကင်တစ်ခုလုံးတွင် သူတို့၏ဒေါသတကြီး အော်ဟစ်သံများဖြင့် ပြည့်သွား၏။ သူတို့က အဆင့် တစ်ဆင့် ကျသွားသည့်အပြင် သူတို့၏ချပ်ဝတ်တန်ဆာများအားလုံးကိုလည်း ဆုံးရှုံးသွားသည်။ ယခုဆိုလျှင် သူတို့က မြို့ထဲမှ ထွက်၍ သားရဲများကို အမဲလိုက်ရန် ခက်ခဲသွားလေပြီ။
ရုတ်တရက်ဆိုသလိုပင် သဲဖြူအပျက်အစီးနယ်မြေထဲတွင် မီးတောက်မကောင်းဆိုးဝါးတစ်ကောင် ရောက်ဆိုသည်ဆိုသည့် ကောလာဟလတစ်ခု ပျံ့နှံ့သွား၏။ ကောလာဟလအရ မီးတောက်မကောင်းဆိုးဝါးသည် အမဲရောင်ဝတ်ရုံကို ခြုံထားပြီး မည်သည့်အချက်အလက်ကိုမှ မဖော်ပြထားပေ။ ထိုမကောင်းဆိုးဝါးက ဓားနှစ်လက်ကို ခါးတွင် ချိတ်ထားပြီး တစ်လက်က အမဲရောင်ဖြစ်ကာ တစ်လက်က အဖြူရောင်ဖြစ်သည်။ ကစားသမားများက ထိုမကောင်းဆိုးဝါး၏မေးခွန်းကို မြန်မြန်မဖြေလျှင် သူတို့က ချက်ချင်း အသတ်ခံရပြီး ချပ်ဝတ်တန်ဆာများအားလုံးလည်း ဖျက်ဆီးခံကြရသည်ဟု ပြောကြသည်။ တစ်ယောက်ယောက်ကသာ ထိုအဖြစ်ဆိုးနှင့် ကြုံရမည်ဆိုလျှင် ထိုလူက ဒူးနှင့်မျက်ရည် သုတ်နေရမည်ဖြစ်၏။
သို့သော်လည်း ကောလာဟလ၏ မူလဖြစ်သည့် ရှီဖုန်းကတော့ ထိုအကြောင်းကို သတိမပြုမိချေ။
“ငါ မင်းကို နောက်ဆုံးတော့ တွေ့ပြီး… အမ်စတေဘယ်ပျက်စီးခြင်း… “
ထိုအချိန်တွင် ရှီဖုန်းက ရှီဖုန်းက မြင့်မားသော ကုန်စောင်းတစ်ခုပေါ်တွင် ရပ်နေပြီး အမြီး၃ချောင်း ကင်းမြီးကောက် ၁၀ကောင်ကျော်ကို ဝိုင်းဝန်းသတ်ဖြတ်နေသည့် ကစားသမားတစ်ရာကျော်အား ငုံ့ကြည့်နေသည်။ ထိုကစားသမားများအားလုံးက အဆင့် ၉သို့ ရောက်ရှိနေပြီး အဆင့် ၁၀နှင့် မဝေးတော့ချေ။ အဖွဲ့ကို ဦးဆောင်နေသည့် အမ်စတေဘယ်ပျက်စီးခြင်းကတော့ အဆင့် ၁၀သို့ ရောက်ပြီးဖြစ်သည်။
သူက အဆင့် ၁၀သို့ မြန်မြန်ရောက်ရသည့်အကြောင်းရင်းမှာ သူက အဖွဲ့ထဲမှ လက်ရွေးစင်ကစားသမားများနှင့် အဖွဲ့မဖွဲ့ထားသောအကြောင့်ဖြစ်သည်။ သေဆုံးတော့မည့် သားရဲများကို အမ်စတေဘယ်ပျက်စီးခြင်းကသာလျှင် သတ်ဖြတ်၏။ နတ်ဘုရားနယ်မြေ၏ စည်းမျဉ်းအရ နောက်ဆုံးသတ်ဖြတ်သူဖြစ်သည့်အတွက် အမ်စတေဘယ်ပျက်စီးခြင်းက EXP 60% ရရှိ၏။ ထို့ကြောင့် သူက တခြားလက်ရွေးစင်ကစားသမားများထက် စော၍ အဆင့်၁၀သို့ မြန်မြန်ရောက်ခြင်းဖြစ်သည်။