ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 206
အေးခဲဗုံး၏အကျိုးသက်ရောက်မှုကြောင့် လောင်ကျွမ်းပြီး ကျန်ရစ်ခဲ့သည့် အနက်ရောင်မြေပြင်ပေါ်တွင် ရေခဲအလွှာတစ်ထပ်က ဖုံးလွှမ်းသွား၏။
ထိုစဉ်တွင် မြေပြင်နှင့်ထိကပ်နေသည့် မီးလျှံလမီယာဆယ်လာ၏အမြီးက အေးခဲသွားသဖြင့် သူမ၏လှုပ်ရှားမှုများက ဟန့်တားခြင်း ခံလိုက်ရသည်။ ထိုအခါ သူမ၏လှပသော မျက်နှာပေါ်တွင် ဒေါသပုန်ထသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမက လက်ကို မြှောက်ပြီး ရှီဖုန်းအား လက်ညှိုးတစ်ချောင်းဖြင့် ညွှန်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏လက်ချောင်းတွင် ပြင်းထန်သော မီးစွမ်းအင်များ စုစည်းလာသည်။
၎င်းက ဆယ်လာ၏စကေးတစ်ခုဖြစ်သည့် မီးတောက်ပေါက်ကွဲခြင်းဖြစ်သည်။ မီးတောက်ပေါက်ကွဲခြင်းက ၂စက္ကန့် အချိန်ယူရပြီး ၎င်းက ပြင်းထန်သော မီးတောက်တိုက်ခိုက်မှုဖြင့် ဆက်တိုက် တိုက်ခိုက်သည့် စကေးတစ်ခုဖြစ်သည်။ ၎င်းက HPအပြည့်ရှိသည့် အဓိကခုခံသူကို ချက်ချင်း သတ်ပစ်နိုင်သည်။ အဓိကခုခံသူက လောင်မီးနေကျမ်းစာ၏ကောင်းချီးကို ရရှိထားလျှင်တောင် သူက ပြင်းထန်သောထိခိုက်မှုကို ခံစားရမည်ဖြစ်သည်။
ဆယ်လာ၏လက်ချောင်းတွင် စုစည်းလာသည့် မီးတောက်များက တဖြည်းဖြည်း ပြင်းထန်လာသည်ကို ကြည့်ပြီး ရှီဖုန်းက ခုခံမှုဓားသွားကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏မျက်လုံးများက မီးတောက်များကို စိုက်ကြည့်နေပြီး ဆယ်လာက တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူကလည်း မီးဥက္ကာပျံဖြင့် အဆက်မပြတ် ပစ်ခတ်လိုက်သည်။ သူက ဆယ်လာ၏အဆက်မပြတ် တိုက်ခိုက်မှုကို ဟန့်တားရန် သို့မဟုတ် နှောင့်နှေးသွားစေရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် ကစားသမားများက မန္တန်တိုက်ခိုက်မှုများကို ရှောင်နိုင်သည်။ သို့သော်လည်း သူတို့က ချိန်သားကိုက်စွာဖြင့် တိတိကျကျ ဆောင်ရွက်နိုင်ရမည်။ မဟုတ်လျှင် တိုက်ခိုက်မှုက ပစ်မှတ်ပေါ်သို့ ထိမှန်သွားမည်ဖြစ်သည်။ ရွတ်ဖတ်ချိန်လိုအပ်သည့် မန္တန်များ(Casting spells)က မန္တန်အသုံးပြုသူကို အချိန်ကာလတစ်ခု ထောက်ပံ့ပေးနိုင်သည်။ မန္တန်အသုံးပြုသူက တိုက်ခိုက်မှုကို မလွှတ်ခင်အချိန်အတွင်း၌ ပစ်မှတ်၏လှုပ်ရှားမှုများကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်သည်။ ကစားသမားများက မန္တန်မပစ်လွှတ်ခင် ရှောင်တိမ်းမည်ဆိုလျှင် သူတို့က လွယ်ကူသောပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မန္တန်ပစ်လွှတ်လိုက်သည့်အချိန်တွင် ရှောင်တိမ်းခြင်းကသာ အကောင်းဆုံးဖြစ်သည်။
မန္တန်ကို ပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက မမြင်နိုင်သည့် အမြန်နှုန်းဖြင့် ပစ်မှတ်ဆီသို့ ပြေးဝင်သွားမည်ဖြစ်သောကြောင့် တိုက်ခိုက်မှုအား ရှောင်တိမ်းရန်မှာ အလွန်အမင်း ခက်ခဲသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။
အကယ်၍ ကစားသမားများက အလွန်မြန်သော အမြန်နှုန်းကို ပိုင်ဆိုင်ထားလျှင် သူတို့က အမြန်နှုန်းအားသာချက်ကို အသုံးချ၍ ရန်သူက သူတို့အပေါ်သို့ ခိုင်ခိုင်မြဲမြဲ ချိန်ရွယ်ခြင်းမှ ကာကွယ်နိုင်သည်။ အဆင့်မြင့်သခင်ကြီးအဆင့် မီးလျှံလမီယာဆယ်လာနှင့် ရင်ဆိုင်ရာတွင် ထိုအတွေးကို တွေးမိခြင်းက အကျိုးရှိ၏။
ရှီဖုန်းက မီးဥက္ကာပျံဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်လိုက်ရာ ထိခိုက်မှု -၇၄၃၊ -၁၅၀၂၊ -၇၅၁ နှင့် -၇၄၉တို့က ဆက်တိုက်ပေါ်လာသည်။ ထိခိုက်မှုများက ကြည့်လိုက်လျှင် အံ့ဩစရာကောင်းသည်ဟု ထင်ရသော်လည်း ဆယ်လာ၏HPက ၅၀၀,၀၀၀ မှတ်ထိ ရှိ၏။ ထို့ကြောင့် ရှီဖုန်းပေးလိုက်သည့် ထိခိုက်မှုများက ရေပုံးထဲမှ ရေတစ်စက်လောက်သာ ဖြစ်သည်။ ဆယ်လာက ကြောက်မက်ဖွယ်ရာ တိုက်ပွဲတွင်းပြန်လည်ကုသနှုန်းကိုလည်း ပိုင်ဆိုင်ထားသဖြင့် ရှီဖုန်း သူမကို လုံလောက်သည့် ထိခိုက်မှု မပေးနိုင်ခဲ့ချေ။ သို့သော်လည်း မီးဥက္ကာပျံက နောက်သို့လွှင့်စင်စေခြင်းအကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသဖြင့် ရှီဖုန်းက မီးတောက်ပေါက်ကွဲခြင်း၏မန္တန်ရွတ်ဖတ်ချိန်ကို ဟန့်တားနိုင်ခဲ့သည်။
“နင့်ရဲ့ဝိညာဉ်ကို နတ်ဘုရားမီးတောက်နဲ့ လောင်ကျွမ်းပစ်မယ်… “
ဆယ်လာ၏အပြုံးက ခံညားထယ်ဝါလှသည်။ ထိုအခိုက်အတန့်တွင် သူမ၏လက်ချောင်းထိပ်မှ စူးရှသော အလင်းရောင်တစ်ခု တောက်ပလာပြီး ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ဂူတွင်းရှိ အပူချိန်ကလည်း ချက်ချင်း မြင့်တက်လာသည်။ ဆယ်လာ၏လက်ချောင်းပေါ်ရှိ အလင်းက နေအသေးစားကဲ့သို့ ဖြစ်နေလေသည်။
ရုတ်တရက်ဆိုသလိုပင် ဆယ်လာ၏လက်ချောင်းထိပ်မှ အဖြူရောင်မီးတောက်များက တစ်လုံးပြီးတစ်လုံး ပြေးထွက်သွား၏။
မီးတောက်များက စက်သေနတ်မှ ပစ်လွှတ်လိုက်သကဲ့သို့ ရှီဖုန်းဆီသို့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။
ဆယ်လာက မီးတောက်များဖြင့် တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ရှီဖုန်းက ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း သူက ခြေတစ်လှမ်းနောက်ကျဆဲ ဖြစ်၏။ မျက်တောင်တစ်ခတ်အတွင်းတွင် မီးတောက်တစ်ခုက သူ့အား ထိမှန်သွားပြီး ခုခံမှုဓားသွား၏ အကာအကွယ်တစ်ခုကို ဆုံးရှုံးသွားစေသည်။
ပထမဆုံးမီးတောက်က သူ့အား ထိမှန်သွားသော်လည်း သူက ဒုတိယနှင့်တတိယမီးတောက်များကို ရှောင်တိမ်းလိုက်နိုင်သည်။ မီးတောက်များက သူ၏အဝတ်အစားများကို ဖျက်စီး၍ သူ့အား ဖြတ်ကျော်သွားကာ အနောက်မှ ကျောက်နံရံကို ထိမှန်သွား၏။
“ဝုန်း… ဝုန်း… “
ကျောက်နံရံက ပုံမှန်အချိန်တွင် သံမဏိကဲ့သို့ မာကျောသော်လည်း အဖြူရောင်မီးတောက်များဖြင့် ထိမှန်သွားချိန်တွင် ရေကဲ့သို့ နူးညံ့ပျော့ပျောင်းသွား၏။ အဖြူရောင်မီးတောက်က ကျောက်နံရံကို ဖောက်ဝင်နိုင်သည့်အပြင် ကျောက်နံရံ၌ ၁မီတာကျယ်ပြီး ၁၀မီတာနက်သည့် လှိုဏ်ခေါင်းတစ်ခု ဖြစ်စေခဲ့သည်။ လှိုဏ်ခေါင်းက ပြောင်ချောနေအောင် အရောင်တင်ထားသကဲ့သို့ ဖြစ်နေခြင်းက ပို၍ အံ့အားသင့်စရာကောင်း၏။ လှိုဏ်ခေါင်း၏နံရံက ချောမွေ့ပြီး သတ္တုရောင်လက်နေလေသည်။
၎င်းက အဖြူရောင်မီးတောက်များ၏ စွမ်းအားကြောင့် ဖြစ်လာခြင်းဖြစ်သည်။
ရှီဖုန်းကသာ ခုခံမှုဓားသွားကို အသက်မသွင်းထားခဲ့လျှင် သူက ယခုအချိန်၌ အငွေ့ပျံနေလောက်ပြီဖြစ်၏။
ရှီဖုန်းက ဤတိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း မဟုတ်သော်လည်း သူက ဤတိုက်ခိုက်မှု၏ကြောက်မက်ဖွယ်စွမ်းအားကြောင့် ရင်ခုန်သွားရဆဲ ဖြစ်သည်။
ဤအရာက အဆင့်မြင့်သခင်ကြီးအဆင့်ဘော့စ်သားရဲ၏ စွမ်းအားဖြစ်သည်။
အဆင့်မြင့်သခင်ကြီးအဆင့် ဘော့စ်သားရဲနှင့် တိုက်ခိုက်ခြင်းက သာမန်တိုက်ပွဲတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ထိုအစား ပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်သည့် အလွန်အမင်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
မီးတောက်ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားသောအခါ ရှီဖုန်း၏ခုခံမှုဓားသွားမှ ကျန်ရှိနေသော အကာအကွယ်အားလုံး ကုန်ဆုံးသွား၏။ သို့သော်လည်း ဆယ်လာက တိုက်ခိုက်မှုများကို တဒင်္ဂမျှ ရပ်တန့်လိုက်သည်။ ရှီဖုန်းက သူမထံသို့ အေးခဲဗုံးများ အဆက်မပြတ် ပစ်နေသောကြောင့် ဆယ်လာက လေးကို ထုတ်ယူ၍ မီးမြားများဖြင့် ပစ်ခတ်လိုက်သည်။
မီးတောက်ပေါက်ကွဲခြင်းနှင့်ယှဉ်လျှင် ထိုမီးမြားများက ပို၍ ရှောင်ရလွယ်ကူသည်။
ရှီဖုန်းက မီးမြားများကို အဆက်မပြတ် ရှောင်တိမ်းရင်း မီးဥက္ကာပျံဖြင့် တိုက်ခိုက်ကာ ဆယ်လာHPကို တဖြည်းဖြည်း လျှော့ချနေလေသည်။ သို့သော်လည်း ဆယ်လာက အရူး မဟုတ်ပေ။
သူမက ဘယ်လိုရှောင်ရမည်ကို သိ၏။ သူမ၏ခန္ဓာကိုယ်က အေးခဲနေခြင်းကြောင့် သူမက တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း သို့မဟုတ် ကာကွယ်ခြင်း ပြုလုပ်သည်မှာ အလွန်ရှားသည်။
၉၈%…
၉၅%…
၉၃%…
၉၁%…
တစ်နာရီကျော် ကြာပြီးနောက်တွင် ရှီဖုန်းက ဆယ်လာအား မီးဥက္ကာပျံဖြင့် အကြိမ်ရေမည်မျှ ပစ်ခဲ့သည်ကို မသိတော့ပေ။ ထိုအချိန်အတွင်း ဆယ်လာ၏HPက တဖြည်းဖြည်း လျော့ကျနေခဲ့ပြီး နောက်ဆုံးတွင် သူမ၏HPက ၈၀%သာ ကျန်တော့၏။ ထိုအချိန်အတွင်းတွင် ဆယ်လာက မီးတောက်ပေါက်ကွဲခြင်းနှင့် ဘုရင်မကြာပွတ်ကို ၉ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ရှီဖုန်းက တိုက်ခိုက်မှုအားလုံးကို ခုခံမှုဓားသွား သို့မဟုတ် ပယ်ရီတိုက်ကွက်ဖြင့် ခုခံနိုင်ခဲ့သည်။ တစ်ကြိမ်တွင် မီးတောက်ပေါက်ကွဲမှုတစ်ခုက ရှီဖုန်းအား သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် သူက အလယ်အလတ်အဆင့် ကုသရေးဆေးရည်ကို အလျင်အမြန် ထုတ်သောက်ခဲ့သဖြင့် ကုန်ဆုံးသွားသည့် HPတော်တော်များများကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
တိုက်ခိုက်ခြင်းနှင့်ရှောင်တိမ်းခြင်းကို အဆက်မပြတ် ပြုလုပ်နေရခြင်းက ပျင်းရိဖွယ်ကောင်းသော်လည်း ရှီဖုန်းက အဆင့်မြင့်သခင်ကြီးအဆင့်ဘော့စ်သားရဲအား သတ်နိုင်ခဲ့မည်ဆိုလျှင် ထိုအရာက အလွန်အမင်း ထိုက်တန်သည်။
အဆင့်မြင့်သခင်ကြီးအဆင့်ဘော့စ်သားရဲမှ ချပေးသော အိုင်တမ်များသည် အလွန်တန်ဖိုးကြီးမား၏။ အနည်းဆုံးအနေဖြင့် ၎င်းက ရွှေစင်အဆင့်အိုင်တမ်တစ်ခုကို ချပေးလိမ့်မည်ဖြစ်သည်။ မဟူရာရွှေအဆင့်အိုင်တမ်များ ချပေးရန် ဖြစ်နိုင်ချေလည်း ရှိ၏။
ရွှေစင်အဆင့် သို့မဟုတ် မဟူရာရွှေအဆင့် အိုင်တမ်များကို လက်ရှိအချိန်တွင် ကစားသမားများက အိမ်မက်သာ မက်နိုင်ကြသည်။
ဆယ်လာအား တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် လောင်ကျွမ်းမီးအကျိုးသက်ရောက်မှုက ၅ကြိမ်အထိ ဖြစ်သွားပြီး ဆယ်လာအား တစ်စက္ကန့်လျှင် ၂၀၀၀HP လျော့ကျစေသည်။ ထိုလျော့ကျမှုနှုန်းက ဆယ်လာ၏တိုက်ပွဲတွင်း ပြန်လည်ကုသနိုင်စွမ်းနှင့် ညီမျှသည်။
ထိုအခါ ဆယ်လာ၏HPက လျင်မြန်စွာဖြင့် စတင်ကျဆင်းလာသည်။
နောက်ထပ် ၂နာရီ ကုန်လွန်သွားပြီးနောက်တွင် ဆယ်လာ၏HPက ၂၃%သို့ ရောက်သွား၏။ ရှီဖုန်းက တိုက်ပွဲကို ဤအတိုင်း ဆက်လက်ထိန်းထားနိုင်မည်ဆိုလျှင် တိုက်ပွဲကို နောက်ထပ် ၁နာရီအတွင်း အဆုံးသတ်နိုင်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ရှီဖုန်း၏လက်များက ပို၍ လျင်မြန်စွာ လှုပ်ရှားလာသည်။
ထိုအခိုက်အတန့်တွင် ရှီဖုန်း၏ ဆက်သွယ်မှုစနစ်မှ အသံမြည်လာသည်။ ခေါ်ဆိုသူက လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အစည်းအရုံးမှ ဝေဒနာနှလုံးသားဖြစ်သည်။
ဆယ်လာ၏တိုက်ခိုက်မှုများကို အကြိမ်ပေါင်းမြောက်မြားစွာ ရှောင်တိမ်းခဲ့ပြီးနောက် ယခုအချိန်တွင် ရှီဖုန်းက သူမ၏တိုက်ခိုက်မှုများကို အလိုအလျောက် ရှောင်တိမ်းနိုင်နေလေပြီ။ သူကလည်း သည့်ထက် ပိုကောင်းသည့်အရာကို မလုပ်နိုင်တော့သဖြင့် သူက တစ်ဖက်မှ ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
“အစ်ကိုရီဖုန်း… အစ်ကိုရီဖုန်းကို အကူအညီတစ်ခုတောင်းရင် လက်ခံနိုင်မလား… “ ဝေဒနာနှလုံးသားက တခြားစကား မပြောတော့ဘဲ အကြောင်းရင်းဆီသို့သာ တန်းတန်းမတ်မတ်သွားလိုက်သည်။
သို့သော်လည်း ရှီဖုန်း၏အကူအညီကို တောင်းခံနေချိန်တွင် ဝေဒနာနှလုံးသားက သူ၏လုပ်ရပ်အတွက် အံ့အားသင့်သကဲ့သို့ ခံစားလိုက်ရသည်။ ကျွမ်းကျင်သူတစ်ယောက်၏အချိန်များက အလွန်တန်ဖိုးရှိ၏။ ယခင်အနီရောင်သစ်ရွက်မြို့ငယ်မှ ပြိုင်ပွဲများနှင့်ယှဉ်လျှင် ယခုအဖြူရောင်မြစ်မြို့ကြီးမှ ပြိုင်ပွဲများက အများကြီး ပို၍ ပြင်းထန်သည်။
ပြောရလျှင် အနီရောင်သစ်ရွက်မြို့ငယ်၌ ကစားသမား ၂သောင်းမှ ၃သောင်းအထိသာ ရှိပြီး အဖြူရောင်မြစ်မြို့ကြီးတွင်တော့ လက်ရှိအချိန်တွင် ကစားသမားအရေအတွက်က ၁သန်းကျော်နေလေပြီ။ အဖြူရောင်မြစ်မြို့ကြီး၌ ကျွမ်းကျင်သူအမြောက်အမြား စုစည်းလာသည့်အချက်ကိုပါ ထည့်တွက်လိုက်လျှင် အဖြူရောင်မြစ်မြို့ကြီးမှ ယှဉ်ပြိုင်မှုများက ယခင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်သွား၏။
“အကူအညီလား… ညီအစ်ကိုဝေဒနာနှလုံးသားက ငါ့ကို ဘယ်လိုကူညီစေချင်တာလဲ… “ ရှီဖုန်းက မေးလိုက်သည်။
“အဲ့တာက… အစ်ကိုရီဖုန်းကို ကျွန်တော်တို့နဲ့အတူ အသင်းအဖွဲ့မြေအောက်ခန်းတစ်ခု သိမ်းပိုက်ဖို့အတွက် ဖိတ်ခေါ်ချင်လို့ပါ… အစ်ကိုရီဖုန်းလို ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကို ရမယ်ဆိုရင် မြေအောက်ခန်းကို ရှင်းနိုင်ဖို့ ရာခိုင်နှုန်းအရမ်းများသွားလိမ့်မယ်… “ ဝေဒနာနှလုံးသားက အကူအညီတောင်းသည့်ကိစ္စအတွက် ရှက်နေလေသည်။
“ဘယ်အသင်းအဖွဲ့မြေအောက်ခန်းလဲ… မင်းတို့တွေ အဆင့် ၁၀ မြေအောက်ခန်းကြီး ၃ခုထဲက တစ်ခုကို သိမ်းပိုက်ဖို့ လုပ်နေတယ်လို့တော့ ငါ့ကို မပြောဘူးမလား… “
ရှီဖုန်းက အနည်းငယ် အံ့အားသင့်သွား၏။ ဝေဒနာနှလုံးသားက မြေအောက်ခန်းကိစ္စအတွက် သူ့အား အကူအညီတောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုမြေအောက်ခန်းကြီး ၃ခုကိစ္စနှင့်ပက်သတ်၍ ရှီဖုန်းက သူတို့နှင့်အတူ ဝင်ပါရန် ဆန္ဒမရှိပေ။
၎င်းက သမိုင်းကြောင်းကို အကြီးအကျယ် အကျိုးသက်ရောက်စေပေလိမ့်မည်။
အမှောင်လသင်္ချိုင်း၏ ပထမရှင်းလင်းသူနေရာကြောင့် သမိုင်းကြောင်းကို တစ်ခါပြောင်းလဲမှု ဖြစ်စေခဲ့ပြီးဖြစ်သည်။ ယခု သူက လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အစည်းအရုံးအား ကူညီပြီး မြေအောက်ခန်း၏ ပထမရှင်းလင်းသူနေရာကို ရယူပေးလိုက်လျှင် အနာဂတ်တွင် ဖြစ်မည့်ကိစ္စရပ်များက သူ၏ထိန်းချုပ်မှုလက်အောက်မှ ကင်းလွတ်သွားပြီး နတ်ဘုရားကသာ ဖြစ်လာမည့်ကိစ္စများကို သိနိုင်ပေတော့မည်။
အသင်းအဖွဲ့မြေအောက်ခန်းကြီးများက သာမန်အသင်းအဖွဲ့မြေအောက်ခန်းများနှင့် လုံးလုံးလျားလျား ကွာခြား၏။ ၎င်းတို့၏ခက်ခဲမှုက အဆင့် ၂ဆင့် သို့မဟုတ် ၃ဆင့်ခန့် ပို၍ ခက်ခဲသည်။
ရှီဖုန်းက အကူအညီပေးလျှင်တောင် လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အစည်းအရုံးမှ လက်ရှိအခြေအနေဖြင့်ဆိုလျှင် သူတို့က မြေအောက်ခန်း၏ သာမန်အဆင့်ကိုပင် ရှင်းလင်းနိုင်မည် မဟုတ်ပေ။