ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 264
“များလိုက်တဲ့ HP… “ ရေနှင်းဆီက ထိုမြင်ကွင်းကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။
ဘော့စ်၏HPပမာဏက ဘော့စ်အား သတ်ရန် လိုအပ်သည့်အချိန်ပမာဏနှင့် အပြန်အလှန် ဆက်နွယ်နေသည်။ ဘော့စ်၏HPက များလေ ဘော့စ်အား သတ်ဖြတ်ရန် တိုက်ခိုက်မှုစွမ်းအား ပိုလိုအပ်လေ ဖြစ်သည်။ ၂၀ယောက်၊ အဆင့်၁၀ ငရဲအဆင့်မြေအောက်ခန်းမှ ဘော့စ်များ၏HPက အများဆုံး ၇၀၀,၀၀၀HPသာလျှင် ရှိသည်။ ဒါတောင် အဖြူရောင်မြစ်မြို့ကြီးရှိ မည်သည့်အဖွဲ့ကမှ ထိုကဲ့သို့မြေအောက်ခန်းကို မရှင်းလင်းနိုင်သေးပေ။ ထိုစဉ်တွင် သူတို့၏အရှေ့မှ ဘော့စ်သားရဲက ၈၈၀,၀၀၀HPကို ပိုင်ဆိုင်ထား၏။ ထိုမြင်ကွင်းက ရေနှင်းဆီကို အနည်းငယ် စိတ်ဓာတ်ကျစေသည်။
မီးလျှံကကြိုးနှင့်တခြားသူများကတော့ ဘယ်လိုမှ မခံစားရပေ။ သူတို့က ရှီဖုန်း၏အမိန့်ကိုသာ စောင့်နေကြသည်။
အားလုံး၏အကြည့်က သူ့ဆီသို့ ရောက်လာသည်ကို ခံစားမိပြီး ရှီဖုန်းက ပြုံး၍ ပြောလိုက်သည်… “ကိုလာ… သွားပြီး စမ်းသပ်ကြည့်… ဇူဇကာကြွက်… မင်းက သူ့ကို ကုသပေးဖို့ တာဝန်ယူ… အားလုံးက ဘော့စ်ရဲ့လှုပ်ရှားမှုနဲ့အလေ့အထကို အာရုံစိုက်ထား… ပြီးတော့ ဗီဒီယိုပါ မှတ်တမ်းတင်ထား… ပြီးရင် ဘော့စ်ကို နှိမ်နှင်းဖို့ နည်းလမ်း စဉ်းစားတာပေါ့… “
မကောင်းဆိုးဝါးရဲတိုက်၏ သူရဲကောင်းခေါင်းဆောင်တစ်ယောက်အနေဖြင့် ဂျက်စတင်ဖရိက အနီးကပ်တိုက်ခိုက်ရေးတွင် အလွန်ကောင်း၏။ ကိုလာက အရည်အသွေးမြင့် ချပ်ဝတ်တန်ဆာများ ပိုင်ဆိုင်ထားလျှင်တောင် သူက အများဆုံး တိုက်ခိုက်မှု ၃ခုသာ ခံနိုင်ပေလိမ့်မည်။ တခြားအဓိကခုခံသူများဆိုလျှင် တိုက်ခိုက်မှုနှစ်ခုတည်းဖြင့် အသက်ဆုံးရှုံးလိမ့်မည်ဖြစ်၏။
မြင့်မားသော တိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်ထားသည့်အပြင် ဂျက်စတင်ဖရိက ချပ်ဝတ်အကြီးကို ဝတ်ဆင်ထားသဖြင့် သူ၏ခံခုမှုက ပြောစရာမလိုအောင် မြင့်မားနေသည်။ ယခု ၎င်းက မကောင်းဆိုးဝါးဖြစ်သွားသဖြင့် ၎င်း၏မှော်ခုခံမှုကလည်း မြင့်မားသွား၏။ ပြောရလျှင် ဂျက်စတင်ဖရိက အားနည်းချက် မရှိသည့် ဘော့စ်ဖြစ်သည်။
ဂျက်စတင်ဖရိတွင် အဓိကစကေး ၂ခု ရှိ၏။ သတိမထားလျှင် ထိုစကေးနှစ်ခုထဲမှ ဘယ်စကေးမဆို သူတို့တစ်ဖွဲ့လုံးအား အပြတ်ချေမှုန်းနိုင်သည်။
ထို့အပြင် ထိုစကေးနှစ်ခုကို ငရဲအဆင့်ခက်ခဲမှုက ပို၍ အင်အားပြင်းထန်အောင် ပြုလုပ်ပေးထား၏။ ထိုအဖြစ်က သူတို့အား ရင်ဆိုင်ရ ပို၍ ခက်ခဲစေသည်။
ပထမစကေးက မကောင်းဆိုးဝါးဆင့်ခေါ်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဂျက်စတင်ဖရိပက မကောင်းဆိုးဝါးအစောင့်အကြပ် ၃ကောင်ကို ဆင့်ခေါ်သည်။ ကစားသမားများက ထိုမကောင်းဆိုးဝါး ၃ကောင်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း မသတ်ဖြတ်နိုင်လျှင် ၎င်းတို့က ဂျက်စတင်ဖရိ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံရပြီး ဂျက်စတင်ဖရိ၏HPကို ပြန်ဖြည့်ပေးလိမ့်မည်ဖြစ်သည်။ ပြင်းထန်အဆင့်မြေအောက်ခန်းတွင် မကောင်းဆိုးဝါးအစောင့်အကြပ်တစ်ကောင်က ဂျက်စတင်ဖရိကို ၃%HP ဖြည့်ပေးနိုင်ပြီး ငရဲအဆင့်တွင် ၅%HP ဖြည့်ပေးနိုင်၏။ ထို့ကြောင့် ကစားသမားများက ထိုမကောင်းဆိုးဝါးအစောင့်အကြပ်များကို မဖြစ်မနေ သတ်ရပေမည်။
ဒုတိယစကေးက သေမင်းပစ်ချက်ဖြစ်သည်။ ထိုစကေးကို အသုံးပြုချိန်တွင် ဂျက်စတင်ဖရိက ကစားသမားတစ်ယောက်ကို ကျပန်းအမှတ်အသား ပြုလုပ်ကာ လှံတစ်ချောင်း ပစ်လွှတ်ပြီး မြင့်မားသော ထိခိုက်မှု ဖြစ်စေလိမ့်မည်ဖြစ်၏။ လှံဖြင့် ထိမှန်ခံရသော ကစားသမားသည် လှုပ်ရှားမှုနှုန်း ၆၀%လျှော့ချခံရပြီး ခုခံမှု ၁၀၀% လျှော့ခံရပေလိမ့်မည်။ ထို့အပြင် ဂျက်စတင်ဖရိက အမှတ်အသား ပြုလုပ်ခံရသည့် ကစားသမားဆီသို့ ပြေးဝင်သွားပေလိမ့်မည်။ ထိုပြေးဝင်သွားသည့်အချိန်တွင် အမှတ်အသားပြုလုပ်ခံရသည့် ကစားသမားနှင့် ဂျက်စတင်ဖရိကြားရှိ ကစားသမားများသည် လမ်းကြောင်းဖယ်ပေးရန် လိုအပ်သည်။ မဟုတ်လျှင် ထိုကစားသမားများက ချွင်းချင်းမရှိ သေရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကစားသမားတစ်ယောက်က ဂျက်စတင်ဖရိ၏အမှတ်အသား မှတ်ခံရလျှင် ထိုကစားသမားက အားလုံးနှင့်ဝေးရာသို့ တတ်နိုင်သမျှ ပြေးသင့်၏။ အမှတ်အသား မှတ်ခံရသည့် ကစားသမားက ဂျက်စတင်ဖရိ၏ ပြင်းထန်သော တိုက်ခိုက်ခြင်းကို ၁၀စက္ကန့် အသက်ရှင်နိုင်လျှင် အဆင်ပြေသွားပေလိမ့်မည်။
ထိုစကေးနှစ်ခုက စိန်ခေါ်သူများကို လုံးဝ စိတ်ဓာတ်ကျစေသည်။ ဂျက်စတင်ဖရိက စကေးအသေးစားလေးများ ပိုင်ဆိုင်ထားသေးသော်လည်း ထိုစကေးများက ရှောင်နိုင်လျှင် ပြဿနာမရှိပေ။
ကိုလာနှင့်ဇူဇကာကြွက်က ဘော့စ်နှင့် အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ပြီးနောက် အားလုံးက ဂျက်စတင်ဖရိ၏ကြောက်မက်ဖွယ်ကောင်းပုံကို သိသွားကြသည်။ ဂျက်စတင်ဖရိ၏ ဓားကြီးနှင့် ထိမှန်ခံရလျှင် ခုခံမှုအားကောင်းသည့် ကိုလာတောင် HP ၁၄၀၀ ကျော် လျော့၏။ ဂျက်စတင်ဖရိ၏ တိုက်ခိုက်မှုနှစ်ခုက အဖွဲ့ထဲက မည်သူမဆိုကို အပြတ်ရှင်းနိုင်သည်။ ထို့အပြင် ဂျက်စတင်ဖရိက တိုက်ခိုက်မှုနှုန်းလည်း မြန်ပြီး တစ်စက္ကန့်အတွင်း ဓားချက် နှစ်ချက် ဝေ့ရမ်းရန် ပြဿနာ မရှိပေ။ သူတို့က ဤဘော့စ်အား အောင်မြင်စွာ ရှင်းလင်းချင်လျှင် သူတို့က တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အဓိကခုခံသူက ဂျက်စတင်ဖရိ၏တိုက်ခိုက်မှုများအား မည်သည့်အချိန်တွင် ရှောင်ရမည်ကို သိရမည့်အပြင် တခြားအနီးကပ်တိုက်ခိုက်သူများကလည်း ဘော့စ်၏တိုက်ခိုက်မှုပုံစံအား မည်သို့ ဟန့်တားရမည်ကို သိရန် လိုအပ်၏။
“စပြီး တိုက်ကြစို့… “
ရှီဖုန်းက အမိန့်များ ပေးလိုက်ပြီးနောက် အားလုံးက ဂျက်စတင်ဖရိ၏ပတ်လည်တွင် ပြည့်စုံသော ဝိုင်းရံမှုဖြစ်စေရန် နေရာယူလိုက်ကြသည်။ အားလုံးက အဆင့်သင့်ဖြစ်သောအခါ ကိုလာက ဂျက်စတင်ဖရိထံသို့ ချက်ချင်း ပြေးဝင်သွား၏။ ရဲဝူမြန်ကတော့ ပေါ်လာမည့် မကောင်းဆိုးဝါးအစောင့်အကြပ် ၃ကောင်ကိုအတွက် ဘေးတစ်ဖက်တွင် စောင့်နေလေသည်။
လက်ရွေးစင်သားရဲတစ်ကောင်အား တိုက်ခိုက်ခြင်းနှင့်ယှဉ်လျှင် ဂျက်စတင်ဖရိအား ကိုလာပေးနိုင်သည့် ထိခိုက်မှုက အလွန်နည်း၏။ သူ၏သာမန်တိုက်ခိုက်မှုက ထိခိုက်မှု -၁၀၀ကျော်ရုံလေးသာ ဖြစ်စေသည်။ ကိုလာက ဘော့စ်၏ရန်ရှာခြင်းကို ခိုင်မာစွာ တည်ဆောက်ပြီးနောက် အားလုံးက ဂျက်စတင်ဖရိအား တရစပ် တိုက်ခိုက်ကြသည်။
သို့သော်လည်း အဖွဲ့က အရေးကြီးပြဿနာတစ်ခုကို လျင်မြန်စွာ ရှာတွေ့သွား၏။ ၎င်းမှာ ဂျက်စတင်ဖရိ၏ခုခံမှုက အလွန်မြင့်မားနေခြင်းဖြစ်သည်။ စမ်းသပ်၍ တိုက်ခိုက်ချိန်က ကိုလာတစ်ယောက်တည်းသာ တိုက်ခိုက်ခဲ့သဖြင့် အားလုံးက ထိုပြဿနာကို သတိမပြုမိကြပေ။
စစ်သည်တော်ဖြစ်သည့် အဖော်မဲ့နှင်းက လက်နှစ်ဖက်ပုဆိန်ဖြင့် ဂျက်စတင်ဖရိအား တိုက်ခိုက်တိုင်း ထိခိုက်မှု -၂၀၀ကျော်ရုံလေးသာ ဖြစ်စေသည်။ ချပ်ဝတ်ဖောက်ခြင်းကို အသုံးပြုပြီးနောက်တောင် သူ၏တိုက်ခိုက်မှုက ထိခိုက်မှု -၃၀၀ကျော်ရုံလေး ရှိ၏။
အဖွဲ့ဝင်အသစ်များ၏ ပေးနိုင်သောထိခိုက်မှုကတော့ အလွန်နည်း၏။
“သူ့ရဲ့ခုခံမှုက အရမ်းမြင့်တယ်… “ ရေနှင်းဆီက သူမ၏စွမ်းအားအကောင်းဆုံးမန္တန်ဖြင့် တိုက်ခိုက်တာတောင် သူမက ဘော့စ်အား ထိခိုက်မှု -၅၀၀ခန့်သာလျှင် ဖြစ်စေသည်။
“အရိပ်ပေါက်ကွဲခြင်း… “
ဘလက်ကီက ချုပ်တည်းမထားတော့ဘဲ အရောင်၄ရောင် စမ်းသပ်မှုမှ ရရှိထားသည့် စကေးအသစ်ကို ချက်ချင်း အသုံးပြုလိုက်သည်။ အနက်ရောင်အလင်းတန်း ၅ခုက သူ၏တောင်ဝှေးမှ ချက်ချင်း ပြေးထွက်သားပြီး ဂျက်စတင်ဖရိ၏နောက်ကျောအား ထိမှန်ကာ ပေါက်ကွဲသွား၏။
ထိခိုက်မှု -၇၃၆၊ -၇၄၁၊ -၇၂၆၊ -၇၃၂၊ -၇၃၈ က ဂျက်စတင်ဖရိ၏ခေါင်းပေါ်တွင် ပေါ်လာသည်။
ရှီဖုန်းကလည်း ဂျက်စတင်ဖရိ၏နောက်ကျောအား အရူးအမူး တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူပေးနိုင်သည့် ထိခိုက်မှုက ဘလက်ကီထက် နည်း၏။ သူ၏သာမန်တိုက်ခိုက်မှုတစ်ခုက ထိခိုက်မှု -၁၀၀ကျော် ဖြစ်စေသည်။ သို့သော်လည်း ရှီဖုန်းက အသူရာဓား၏အကျိုးသက်ရောက်မှုဖြစ်သည့် သေဆုံးခြင်းကျိန်စာအား ဘော့စ်အပေါ်တွင် ဖြစ်စေသောအခါ ထိုထိခိုက်မှုများက တိုးသွား၏။ ထပ်ပေါင်းထိခိုက်မှုဖြစ်စေသည့် မိုးကြိုးလျှပ်စီးစကေးလည်း ရှိသေး၏။
ဂျက်စတင်ဖရိက ငရဲအဆင့်ဘော့စ်ဖြစ်သော်လည်း သေဆုံခြင်းကျိန်စာနှင့်မိုးကြိုးလျှပ်စီး၏အကျိုးသက်ရောက်မှုက ဘော့စ်အား ၁၅% အားနည်းသွားစေသည်။
တစ်ပြိုင်နက်တည်းတွင် ရှီဖုန်းက မကောင်းဆိုးဝါးအမဲလိုက်ခေါင်းစဉ်အား စစ်သည်တစ်ထောင်အလားခွန်အားရှိသူခေါင်းစဉ်ဖြင့် လဲလိုက်ရာ ဂျက်စတင်ဖရိအား ထပ်မံအားနည်းသွားစေပြန်သည်။
ယခု ဂျက်စတင်ဖရိက မူလစွမ်းအား၏ ၈၀%သာလျှင် ပိုင်ဆိုင်ထားတော့သည်။ ထိုရလဒ်က အဖွဲ့ဝင်များ ခံစားနေရသည့် ဖိအားကို လျော့ပါးစေသည်။
“အစည်းအရုံးခေါင်းဆောင်ရဲ့ လက်နက်အကျိုးသက်ရောက်မှုနဲ့ ခေါင်းစဉ်အကျိုးသက်ရောက်မှုက အရမ်းအံ့ဩစရာကောင်းတယ်… အစည်းအရုံးခေါင်းဆောင်ကြောင့် ဘော့စ်ကို နှိမ်နှင်းဖို့ အခက်အခဲက တော်တော်လေး လျော့သွားပြီ… “ ကိုလာက အပြုံးဖြင့် ပြောလိုက်သည်။ ဆိုစရာမရှိအောင်ပင် ထိုအကျိုးသက်ရောက်မှုများမှ အကျိုးရှိဆုံးသူသည် ကိုလာဖြစ်၏။
ထိုမြင်ကွင်းကို မြင်ပြီး ရေနှင်းဆီ၏မျက်လုံးများက ပျော်ရွှင်မှုအရောင် လက်သွား၏။ ရှီဖုန်း၏စကေးနှင့်ခေါင်းစဉ်ကြောင့် သူတို့က ဘော့စ်အား နှိမ်နှင်းရန် မျှော်လင့်ချက် ရှိသွားလေပြီ။
‘ကြည့်ရတာ ငါလည်း ဒီလိုခေါင်းစဉ်တွေ ရှာသင့်တယ်… ဒါဆို ဘော့စ်ကို နှိမ်နှင်းရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်… ‘ ရေနှင်းဆီက ရှီဖုန်း၏ခေါင်းစဉ်ကို အားကျနေသည်။ သို့သော်လည်း ထိုကဲ့သို့ ခေါင်းစဉ်မျိုး ရရှိရန်မှာ အလွန်ခက်ခဲကြောင်း သူမက သိ၏။ ဤမြေအောက်ခန်းမှ ထွက်သွားပြီးနောက် ထိုကဲ့သို့ ခေါင်းစဉ်မျိုး ရရှိအောင် မည်သို့လုပ်ရမည်ကို ရှီဖုန်းအား မေးမည်ဟု ရေနှင်းဆီက မှတ်သားထားလိုက်သည်။
ဂျက်စတင်ဖရိ၏HPက 90%သို့ ကျဆင်းသွားသောအခါ ရှီဖုန်းက အဖွဲ့စကားပြောခန်းထဲမှ အော်ပြောလိုက်သည်… “ရဲဝူမြန်… မွန်းစတားတွေကို ဆွဲဆောင်ဖို့ အသင့်ပြင်ထားတော့… သူတို့ပေါ်လာတာနဲ့ တိုက်ဖို့ အာရုံစိုက်ထား… မီးလျှံကကြိုးနှင့်ငါက ကိုလာကို ကူညီပြီး ဒီဘော့စ်ကို ရင်ဆိုင်မယ်… “
“ယုတ်မာတဲ့ကျူးကျော်သူတွေပဲ… အစောင့်တွေ သူတို့ကို ရှင်းပစ်စမ်း… “ ဂျက်စတင်ဖရိက အော်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် မကောင်းဆိုးဝါးအစောင့်အကြပ် ၃ကောင်က ကွင်းပြင်၏အပြင်ဘက်တွင် ပေါ်လာသည်။ ထို့အပြင် ၎င်းတို့တစ်ကောင်ချင်းစီက ၄၀,၀၀၀HP ပိုင်ဆိုင်ထား၏။
ကံကောင်းစွာဖြင့် မကောင်းဆိုးဝါးအစောင့်အကြပ်များက ဘော့စ်နှင့်ယှဉ်လျှင် ခုခံမှုအလွန်နိမ့်၏။ အဖွဲ့က ထိုသုံးကောင်ကို ရှင်းပစ်ရန် အချိန်သိပ်မယူလိုက်ရပေ။
ထို့နောက် အားလုံးက ဘော့စ်ကို တိုက်ခိုက်ကြသည်။
တိုက်ပွဲချိန်အတွင်း၌ ရှီဖုန်းက ဘော့စ်အား ထိခိုက်မှုများ ပေးရန် အခွင့်အရေး အများကြီး မရပေ။ လက်ရှိ ဘော့စ်၏တိုက်ခိုက်မှုပုံစံက ကိုလာနှင့်ဇူဇကာကြွက် တိုက်ခိုက်သည့်အချိန်ကနှင့် အနည်းငယ် ကွာခြား၏။ ဘော့စ်က ဓားကို ဝေ့ရမ်းပြီး ကိုလာအား ထောင့်ရောက်အောင် အမြဲတမ်း ဖိအားပေးသည်။ အဆိုးဆုံးကိစ္စကား ဘော့စ်၏တိုက်ခိုက်မှုပုံစံအား နှောင့်ယှက်နိုင်သည့်လူမှာ အဖွဲ့ထံတွင် ရှီဖုန်းမှလွဲ၍ တခြားသူ မရှိပေ။
မီးလျှံကကြိုးက အခြေအနေကို ကောင်းစွာနားလည်ပြီး တိုက်ခိုက်ရန် သင့်တော်သော နေရာကို ရှာနိုင်သော်လည်း သူမ၏အားနည်းသောခွန်အားကြောင့် ဘော့စ်၏တိုက်ခိုက်မှုများကို မဟန့်တားနိုင်ပေ။ ထို့ကြောင့် ရှီဖုန်းက ရွေးချယ်စရာ မရှိဘဲ သူ၏စိတ်ကို ဘော့စ်၏တိုက်ခိုက်မှုများအား ဟန့်တားရာ၌ အပြည့်အဝ အာရုံစိုက်ထားရသည်။ ကိုလာက အမှားအသေးတစ်ခု လုပ်မိပြီး ဘော့စ်၏စကေးအသေးစားတစ်ခု ထိမှန်သွားလျှင် ခုခံသူများကလည်း ကုသမှုကို လုံလောက်အောင် မထောက်ပံ့နိုင်သောကြောင့် ကိုလာက ကျိန်းသေ အသက်ဆုံးရှုံးရပေလိမ့်မည်။ တစ်ပြိုင်နက်တည်းတွင် ကိုလာ၏သေဆုံးမှုက တခြားသူများအားလုံးလည်း သေဆုံးစေလိမ့်မည်။
ဂျက်စတင်ဖရိ၏HPက ၇၈%သို့ ကျဆင်းသွားသောအခါ ဂျက်စတင်ဖရိက သေမင်းပစ်ချက်ကို ဒေါသတကြီး အသုံးပြုလိုက်သည်။
ထိုစကေး၏ပစ်မှတ်ကတော့ ရှီဖုန်းမှလွဲ၍ တခြားသူ မဟုတ်ပေ။
ထိုစကေး အသက်သွင်းလိုက်သည်ကို မြင်သောအခါ ရှီဖုန်းက ချက်ချင်း လှည့်ပြီး ထွက်ပြေးသည်။ ထိုစကေး၏အမှတ်အသား လုပ်ခံရပြီးနောက် ကစားသမားများက မလွှမ်းမိုးနိုင်ခြင်းစကေး အသုံးမပြုလျှင် ဂျက်စတင်ဖရိက သူတို့အနားသို့ ကပ်လာသည်နှင့် ကျိန်းသေ သေဆုံးရပေလိမ့်မည်။
ဂျက်စတင်ဖရိက ငွေရောင်လှံတစ်ချောင်းကို ထုတ်ယူပြီး ရှီဖုန်းထံသို့ ပစ်လိုက်သည်။ ငွေရောင်အလင်းတန်းက ကောင်းကင်ကို ဖြတ်သန်း၍ ရှီဖုန်းထံသို့ ပျံသန်းသွားပြီး အကာအကွယ်ပျက်စီးသည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ကစားသမားများက ငွေရောင်လှံကို မရှောင်နိုင်ပေ။ သို့သော်လည်း သူတို့က ငွေရောင်လှံကို ကာကွယ်ခုခံနိုင်သည်။ ထို့ကြောင့် လှံက ရှီဖုန်းထံသို့ ရောက်တော့မည့်အချိန်တွင် ရှီဖုန်းက ခန္ဓာကိုယ်ကို လှည့်ပြီး ပယ်ရီတိုက်ကွက်ကို အသုံးပြုလိုက်သည်။
လှံက အသူရာဓားကို ထိမှန်သွားပြီး မီးပွားများ ထွက်ပေါ်လာသည်။ ရှီဖုန်းကလည်း နောက်သို့ ခြေလှမ်းတစ်ဒါဇင်ကျော် ဆုတ်ပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းနိုင်၏။ သူ၏လက်နှစ်ဖက်စလုံးကလည်း ထုံကျဉ်သွားပြီး လက်ထဲမှ ဓားနှစ်ချောင်းပင် လွတ်ကျလုနီးပါး ဖြစ်သွား၏။ ထို့နောက် သူက အသူရာဓားကို ကြည့်လိုက်ရာ ဓားသွားပေါ်တွင် ထိခိုက်ရာတစ်ခုကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။
‘မယုံကြည်နိုင်စရာဘဲ… ဒီတိုက်ခိုက်မှုက မှော်လက်နက်ကိုတောင် ထိခိုက်စေနိုင်တယ်… လျှို့ဝှက်ငွေအဆင့်လက်နက်ကိုသာ ထိမှန်သွားရင် ချက်ချင်း ပျက်စီးသွားမှာပဲ… ရွှေစင်အဆင့်အိုင်တမ်တောင် ဒီတိုက်ခိုက်မှုကနေ ရှင်သန်နိုင်ဖို့ ခက်ခဲတယ်… ‘ ရှီဖုန်းက ဤတိုက်ခိုက်မှုအား ငွေရေကန်ဓားကို အသုံးပြု၍ မကာလိုက်သည်ကို တွေးပြီး ဝမ်းသာသွား၏။ မဟုတ်လျှင် ငွေရေကန်ဓားကို ဆုံးရှုံးရပေလိမ့်မည်။
ငွေရောင်လှံအား ကာကွယ်နိုင်သည်ကို မြင်ပြီး ဂျက်စတင်ဖရိက ဒေါသများ တိုးပွားလာသည်။ ဂျက်စတင်ဖရိက ကိုလာအား လျစ်လျူရှုပြီး ရှီဖုန်းထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်သွား၏။
ရှီဖုန်းကလည်း လေလမ်းလျှောက်ခြင်းကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏လှုပ်ရှားမှုနှုန်းက ၃၀% တိုးသွား၏။ ထို့နောက် သူက ကွင်းပြင်ကို စက်ဝိုင်းပုံ ပတ်ပြေးလေသည်။
ရှီဖုန်းက ဂျက်စတင်ဖရိ၏လှံကို ကာကွယ်လိုက်နိုင်သဖြင့် သူက မည်သည့်ဆိုးကျိုးမှ မခံစားရပေ။ ထို့ကြောင့် ဂျက်စတင်ဖရိက ရှီဖုန်းအား မည်ကဲ့သို့ ကြိုးစားပြီး လိုက်စေကာမူ ရှီဖုန်းကို လိုက်မမီပေ။ နောက်ဆုံးတွင် ရှီဖုန်းက ဘော့စ်အား ကွင်းပြင်ကို ပတ်၍ ၁၀စက္ကန့်ကြာအောင် မျှားခေါ်နိုင်ခဲ့သည်။
ဂျက်စတင်ဖရိ၏စကေးနှစ်ခုစလုံးကို ရင်ဆိုင်ပြီးနောက် အားလုံးက နေရာပြန်ယူလိုက်ကြပြီး ဂျက်စတင်ဖရိအား ဆက်လက်တိုက်ခိုက်ကြသည်။ နောက်ပိုင်းတွင် ဂျက်စတင်ဖရိက သူ၏အဓိကစကေးများကို ဘယ်လောက်ပင် ကြိုးစား၍ အသုံးပြုစေကာမူ အဆုံးသတ်ရလဒ်က အတူတူပင် ဖြစ်သည်။ ၁၀မိနစ်ကျော် ကြာပြီးနောက် ဂျက်စတင်ဖရိက စိတ်ရိုင်းဝင်သွားတာတောင် အခြေအနေကို မပြောင်းလဲနိုင်ပေ။ အကြောင်းရင်းမှာ ကိုလာက ကာကွယ်ခြင်းဆုတောင်းကို အသုံးပြု၍ ဘော့စ်၏တိုးပွားလာသော တိုက်ခိုက်မှုစွမ်းအားကို တွန်းလှန်ခဲ့သောကြောင့် ဖြစ်သည်။ ကိုလာက လျှပ်ကူးအလင်းအစောင့်အကြပ်၏ ထပ်ပေါင်းစကေး အချိန်စက်ဝန်းကိုလည်း ပိုင်ဆိုင်ထား၏။ ထိုစကေး၏အကျိုးသက်ရောက်မှုက ကိုလာအား အချိန် ၉စက္ကန့်တိတိ မလွှမ်းမိုးနိုင်ခြင်းစကေး ထောက်ပံ့ပေးထားသည်နှင့် တူညီသည်။ ထို့အပြင် အချိန်စက်ဝိုင်းကြာချိန်အတွင်း၌ အသုံးပြုခဲ့သော စကေးအားလုံးကလည်း မူလအတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကိုလာက ဘော့စ်၏စိတ်ရိုင်းဝင်ချိန် စက္ကန့် ၂၀ကို တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဂျက်စတင်ဖရိက မကျေမချမ်း အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသောအခါ တောက်ပနေသော အိုင်တမ်များ ချန်ထားခဲ့၏။