ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 274 မဟူရာရွှေအဆင့် ရတနာသေတ္တာ
“ဒီမွန်းစတားတစ်ကောင် ရှိနေခြင်းက သေချာပေါက် ကောင်းတဲ့အရာ မဟုတ်ဘူး… “ ရှီဖုန်းက ပြောလိုက်သည်။
သူက သလင်းကျောက်လမ်းကို စောင့်ကြပ်နေသည့် ခေါင်းသုံးလုံး ဝံပုလွေအား ခါးသက်သက်အပြုံးဖြင့် ကြည့်လိုက်သည်။
သလင်းကျောက် စစ်ဝံပုလွေ (အရှင်သခင်အဆင့်)
အဆင့် ၂၅
HP 300,000/300,000
မြေအောက်ခန်းဘော့စ်သားရဲနှင့်ယှဉ်လျှင် အဆင့်တူ စားကျက်ကွင်းဘော့စ်သားရဲများက အများကြီး ပိုအားကောင်း၏။ ထို့အပြင် အရေအတွက်အား အသုံးပြု၍ အနိုင်ယူသည့် နည်းဗျူဟာကို တန်ပြန်ရန်အတွက် နတ်ဘုရားနယ်မြေက စားကျက်ကွင်းဘော့စ်သားရဲများကို တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်သော ကစားသမားအရေအတွက်အလိုက် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားနှင့်HPကို တိုးမြှင့်ပေး၏။
ယေဘုယျအားဖြင့် အထူးဘော့စ်မဟုတ်သော အရှင်သခင်အဆင့် ဘော့စ်သားရဲတစ်ကောင်အား တိုက်ခိုက်ရန် အသင့်ဆုံးကစားသမားအရေအတွက်မှာ ၁၀မှ ၂၀ ဝန်းကျင်ဖြစ်သည်။
သို့သော်လည်း ရှီဖုန်း၏အမြင်တွင် သလင်းကျောက်စစ်ဝံပုလွေက အထူးဘော့စ် မဖြစ်နိုင်ဟု ခံစားရသည်။ တခြားစကားလုံးဖြင့် ပြောရလျှင် ဤဘော့စ်အား တိုက်ခိုက်ရန် အနည်းဆုံး ကစားသမား ၁၀ယောက် လိုအပ်သည်။ အဆိုးဆုံးကိစ္စကား သလင်းကျောက်စစ်ဝံပုလွေက အဆင့် ၂၅ သားရဲတစ်ကောင် ဖြစ်နေခြင်းဖြစ်သည်။ ရှီဖုန်းတို့အဖွဲ့တွင် အဆင့် ၂၀သို့ ရောက်သည့်လူ တစ်ယောက်တောင် မရှိပေ။ ထို့ကြောင့် အဆင့်ဖိနှိပ်မှုက အလွန်ပြင်းထန်ပေလိမ့်မည်။ ထိုအဆင့်ဖိနှိပ်မှုကို အပြည့်အဝ လျစ်လျူရှုနိုင်သည့် အသူရာဓားကို ကိုင်ဆောင်ထားသည့် ရှီဖုန်းမှလွဲ၍ ရေနှင်းဆီတစ်ယောက်သာလျှင် အဆင့်ဖိနှိပ်မှုကို လျစ်လျူရှုသည့် အိုင်တမ်တစ်ခုအား ပိုင်ဆိုင်ထားသည်။ သို့တိုင်အောင် သူမ၏အိုင်တမ်က အဆင့် ၃ဆင့်သာ လျစ်လျူရှုပေး၏။ ရေနှင်းဆီက လက်ရှိတွင် အဆင့် ၁၇သို့သာလျှင် ရောက်သေးသည့်အတွက် အဆင့် ၅ဆင့် ဖိနှိပ်မှုကို ရင်ဆိုင်ရန် မလွယ်ကူချေ။ မီးလျှံကကြိုးအတွက်ကတော့ ပြောနေစရာတောင် မလိုပေ။
သလင်းကျောက်လမ်းအား စောင့်ကြပ်နေသည့် ဘော့စ်သည့် အလွန်သန်မာသောကြောင့် ၎င်း၏နောက်တွင် ရှိသော အရာမှာ အလွန်တန်ဖိုးကြီးသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ရှီဖုန်းက သလင်းကျောက်လမ်းကြောင်း၏ ဘေးတွင် ရှိနေသည့် ရတနာသေတ္တာတစ်ခုကိုလည်း တွေ့ထား၏။
ထိုရတနာသေတ္တာက မဟူရာရွှေအဆင့် ရတနာသေတ္တာဖြစ်၏။ ရှီဖုန်း၏စိတ်နှလုံးတွင် မက်မောခြင်းမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ မဟူရာရွှေအဆင့် ရတနာသေတ္တာမှ ရရှိနိုင်သည့် အိုင်တမ်များက သလင်းကျောက်စစ်ဝံပုလွေထံမှ ရရှိနိုင်သည့် အိုင်တမ်များထက် အများကြီး ပိုကောင်း၏။
“ငါတို့၃ယောက်တည်းဆိုရင် အဆင့် ၂၀ အရှင်သခင် ဘော့စ်ကိုတောင် မနိုင်နိုင်ဘူး… ငါတို့ လူခေါ်ဖို့ လိုတယ်… “ ရေနှင်းဆီက သလင်းကျောက်စစ်ဝံပုလွေကို ကြည့်ပြီး သူမ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအလင်းရောင်များ တောက်ပလာသည်။ ကစားသမားများက စားကျက်ကွင်းဘော့စ်များနှင့် တွေ့ဆုံခြင်းသည် အလွန်အမင်း ရှားပါး၏။ သူတို့က စားကျက်ကွင်းဘော့စ်များကို သတ်နိုင်လျှင် အကျိုးအမြတ်များ မြောက်များစွာ ရရှိမည်ဖြစ်သည်။ သူမ၏ရှေ့ရှိ ရတနာသေတ္တာအား စောင့်ကြပ်နေသည့် သလင်းကျောက်စစ်ဝံပုလွေဆိုလျှင် ပြောနေစရာတောင် မလိုတော့ပေ။
ထို့နောက် ရေနှင်းဆီက ဇီးရိုးဝင်းအလုပ်ရုံရှိ ဘလက်ကီနှင့် ဆက်သွယ်ရန် ဂိမ်းထဲမှ ယာယီ ထွက်လိုက်သည်။ ဇီးရိုးဝင်း၏အဓိကအင်အားစုကို ခရမ်းနေခြံဝန်းသို့ လာပြီး မြေအောက်အခန်းသို့ သွားသည့် လှေကားအုံအတွင်းသို့ ဝင်ကာ မေ့လျော့နယ်မြေအတွင်း၌ သူတို့နှင့် တွေ့ဆုံစေရန် ဖြစ်သည်။
ထိုစဉ်တွင် ရှီဖုန်းက သလင်းကျောက်ဝံပုလွေနှင့် ပတ်ဝန်းကျင်အနေအထားကို သေသေချာချာ လေ့လာစူးစမ်းနေပြီး ဘော့စ်အား နှိမ်နှင်းနိုင်မည့် နည်းဗျူဟာကို စဉ်းစားနေလေသည်။
၁၀မိနစ်ကြာပြီးနောက် ရေနှင်းဆီက ဂိမ်းထဲသို့ ပြန်ဝင်လာသည်။
“ဘယ်လိုလဲ… သူတို့ ဘယ်အချိန်ရောက်မှာလဲ… “ ရှီဖုန်းက မေးလိုက်သည်။
“သူတို့ ခရမ်းနေခြံဝန်းကို ရောက်နေပြီ… ဒါပေမဲ့ သူတို့ ဘယ်လိုကြိုးစားကြိုးစား ဤနေရာရဲ့ ဝင်ပေါက်ကို ရှာမတွေ့ဘူး… “ ရေနှင်းဆီက ပြောလိုက်သည်။ သူမ၏မျက်နှာပေါ်၌ စိတ်ပျက်မှုများ အထင်းသား ပေါ်လွင်နေသည်။
“ဒါဆို ဝင်ပေါက်က ကျပန်းပေါ်တာ ဖြစ်နိုင်တယ်… “ ရှီဖုန်းက လေးလေးနက်နက် တွေးတောဆင်ခြင်ပြီးနောက် ပြောလိုက်သည်။
ထို့နောက် သူက သလင်းကျောက် စစ်ဝံပုလွေထံသို့ ကြည့်ပြီး ဆက်ပြောသည်… “ကြည့်ရတာ ဒီဘော့စ်ကို နှိမ်နှင်းဖို့ ငါတို့ကိုငါတို့ အားကိုးရတော့မယ်… “
ရှီဖုန်း၏သုံးသပ်ချက်ကို ကြားပြီး ရေနှင်းဆီနှင့်မီးလျှံကြိုးက ရှီဖုန်းကို ရူးသွားပြီလားဟုပင် ချက်ချင်း တွေးမိသွားကြ၏။ ရှီဖုန်းက သူမတို့ရှေ့ရှိ သလင်းကျောက် စစ်ဝံပုလွေကို သူတို့၃ယောက်တည်းဖြင့် ရင်ဆိုင်ရန် အမှန်တစ်ကယ် ပြောနေလေသည်။ လက်ရှိအချိန်တွင် သူတို့ထဲ၌ အဓိကခုခံသူ သို့မဟုတ် ကုသသူတစ်ယောက်တောင် မပါပေ။ တိုက်ခိုက်သူ ၃ယောက်တည်းဖြင့် အဆင့် ၂၅ အရှင်သခင်အဆင့် ဘော့စ်အား ဘယ်လိုလုပ် ရင်ဆိုင်နိုင်မည်နည်း။
ရှီဖုန်း၏ကြောက်မက်ဖွယ်စွမ်းအားကို သူမတို့နှစ်ယောက်စလုံး သိသော်လည်း အရှင်သခင် ဘော့စ်တစ်ကောင်က သူတို့၃ယောက်တည်းဖြင့် အနိုင်ယူနိုင်သည့် သားရဲမဟုတ်ပေ။
“ငါတို့ တစ်ကြိမ် ကြိုးစားကြည့်မယ်… ဒီနေရာမှာ ငါတို့ အမြဲတမ်း ပိတ်မိပြီး မနေနိုင်ဘူး… ဟုတ်တယ်မလား… ပြီးတော့ ငါတို့သေရင်လည်း ဒီနေရာကနေ ထွက်လို့ရလား၊မရလား သိနိုင်တာပေါ့… ငါတို့က ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ… “ ရှီဖုန်းက နောက်ပြောင်၍ ပြောလိုက်သည်။
“အစည်းအရုံးခေါင်းဆောင်… ကျွန်မတို့ ဘာလုပ်သင့်တယ်ဆိုတာ ခေါင်းဆောင်ပဲ ဆုံးဖြတ်ပါ… “ မီးလျှံကကြိုးက စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလိုက်သည်။
“ရေနှင်းဆီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချပြီး ပြောသည်… “ကောင်းပြီ… ကျွန်မလည်း ပါမယ်… “
“ငါတို့က သလင်းကျောက် စစ်ဝံပုလွေကို ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး… ငါတို့က မြှားခေါ်ပြီး တိုက်ခိုက်ရမယ်… ငါကတော့ ငါးစားအဖြစ် နေမယ်… ရေနှင်းဆီက အဓိက ထိခိုက်မှု ပေးရမယ့်လူပဲ… မီးလျှံကကြိုးက ဘော့စ်ရဲ့ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ချုပ်နှောင်ဖို့ တာဝန်ယူရမယ်… “ ရှီဖုန်းက အနည်းငယ် စဉ်းစားပြီးနောက် နည်းဗျူဟာ ချမှတ်လိုက်သည်။
ရှီဖုန်းက ကောင်းကင်ဘုံနဂါးရဲ့ဝင်သက်တစ်ရှိုက်ကို အသုံးမပြုနိုင်သော်လည်း သူ၏သွက်လက်မှုက အမှတ် ၂၀၀ကျော် ရှိ၏။ ထို့အပြင် သူ၏ချပ်ဝတ်တန်ဆာများက ရွေ့လျားမှုနှုန်းကို ထပ်ပေါင်းပေးထား၏။ ထို့ကြောင့် သူ၏ရွေ့လျားမှုနှုန်းက အဆင့် ၂၅ အရှင်သခင်အဆင့် ဘော့စ်ထက် သာလွန်ပေသည်။ သူ၏စူးရှသော အာရုံခံစားမှုကို ထပ်ပေါင်းလိုက်လျှင် သူက သူတို့၃ယောက်ထဲ၌ ငါးစားအဖြစ် တာဝန်ယူရန် အသင့်တော်ဆုံးလူဖြစ်သည်။
ထို့နောက် ရှီဖုန်းက မီးလျှံကကြိုးအား သင့်တော်သလို အသုံးပြုနိုင်စေရန် အခြေခံအဆင့် အေးခဲဗုံးနှင့် အလယ်အလတ်အဆင့် အေးခဲဗုံးများ အမြောက်အများ ပေးလိုက်သည်။
မီးလျှံကကြိုးက ရှီဖုန်းထံသို့ ဤကဲ့သို့ အိုင်တမ်ကောင်းများ ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ထိုအေးခဲဗုံးများနှင့်ဆိုလျှင် ရှီဖုန်းက ဘော့စ်အား အနိုင်တိုက်ရန် ရာခိုင်နှုန်း တိုးလာပေလိမ့်မည်။
သူတို့၃ယောက် နေရာယူပြီးနောက် ရှီဖုန်းက သူ၏ခါးမှ မီးဥက္ကာပျံကို ဆွဲထုတ်၍ ကိုက်၄၀အကွာတွင် ရှိသော သလင်းကျောက်စစ်ဝံပုလွေအား ချိန်၍ ပစ်လိုက်သည်။
“ရွှီး… “
မီးဥက္ကာပျံက လေကို ခွင်း၍ သလင်းကျောက် စစ်ဝံပုလွေ၏မျက်လုံးကို ထိုးစိုက်သွားကာ ထိခိုက်မှု -၆၅၁ ပေါ်လာသည်။ လက်တစ်ဖက်ဓားနှင့်ယှဉ်လျှင် ရှီဖုန်း၏အဝေးပစ်လက်နက်က အများကြီး ပိုအစွမ်းထက်၏။
“ဝူး… “ သလင်းကျောက်စစ်ဝံပုလွေက နာကျင်စွာ အော်ဟစ်သည်။
နီရဲနေသော မျက်လုံးများဖြင့် သလင်းကျောက် စစ်ဝံပုလွေက လက်နက်ထွက်ပေါ်လာသည့် အရပ်မျက်နှာကို ကြည့်လိုက်သည်။ သို့သော်လည်း မီးဥက္ကာပျံက ၎င်း၏မျက်လုံးတွင် ထိုးစိုက်နေဆဲ ဖြစ်သောကြောင့် အမြင်အာရုံအင်္ဂါထိခိုက်မှု -၁၃၀၀ ထပ်မံဖြစ်စေသည်။ သလင်းကျောက်စစ်ဝံပုလွေက ပိုပြီး ဒေါသထွက်သွားကာ ၎င်း၏နောက်ခြေကို အားပြုကာ ခုန်လိုက်ပြီး ရှီဖုန်းထံသို့ ပြေးဝင်သွား၏။
ချက်ချင်း ရှီဖုန်းက နောက်လှည့်ပြီး ပြေးသည်။
အရာအားလုံးက ရှီဖုန်း ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပျက်သွား၏။ သူ၏အမြန်နှုန်းက သလင်းကျောက် စစ်ဝံပုလွေထက် အနည်းငယ် ပိုမြန်သည်။ သို့သော်လည်း ရေနှင်းဆီနှင့်မီးလျှံကကြိုးအား ဘော့စ်က ရန်မရှာစေရန် ရှီဖုန်းက ဘော့စ်အား အဆက်မပြတ် တိုက်ခိုက်နေရန် လိုအပ်သည်။ ရလဒ်အားဖြင့် ဘော့စ်က ရှီဖုန်းအား မီသွားပြီး တိုက်ခိုက်သည်။
သလင်းကျောက်စစ်ဝံပုလွေ၏တိုက်ခိုက်မှုများက အလွန်အမင်း အားကောင်း၏။ ၎င်း၏လက်သည်းကုတ်ချက် တစ်ချက်က ကြမ်းပြင်ကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်စေပြီး နေရာတိုင်းတွင် လက်သီးဆုပ်အရွယ် အုတ်ကျိုး၊အုတ်ပဲ့များ လွှင့်ပျံနေစေသည်။
ကံကောင်းစွာဖြင့် ရှီဖုန်းက သလင်းကျောက်စစ်ဝံပုလွေ၏ ချွန်ထက်သော လက်သည်းကုတ်ချက်များကို အမြဲတမ်း သွက်လက်စွာ ရှောင်တိမ်းနိုင်နေသည်။ သူက ဘော့စ်အား အဝေးသို့ မျှားခေါ်ရင်း တိုက်ခိုက်နေသည်။
ရှီဖုန်းတိုက်ခိုက်မှုများက ရန်စနေခြင်းသာလျှင် ဖြစ်ပြီး ဤတစ်ကြိမ်တွင် ရေနှင်းဆီက အစစ်အမှန် ထိခိုက်မှုပေးသူဖြစ်သည်။ မကောင်းဆိုးဝါးရဲတိုက်အား ရှင်းလင်းပြီးနောက် ရေနှင်းဆီက မဟူရာရွှေအဆင့် အိုင်တမ် ၂ခုကို ပိုင်ဆိုင်ခဲ့သည်။ တစ်ခုက မဟူရာရွှေအဆင့် တောင်ဝှေးဖြစ်ပြီး ယခု ရေနှင်းဆီ၏ ထိခိုက်နိုင်စွမ်းက အလွန်အမြင့်နေလေပြီ။ ဘလက်ကီက အံ့ဖွယ်အဆင့် တောင်ဝှေးကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်လျှင် ရေနှင်းဆီက အစည်းအရုံးထဲ၌ တစ်ချက်ချင်း ထိခိုက်မှုတွင် စွမ်းအားအကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရှီဖုန်းက စက်ဝိုင်းပုံသဏ္ဍာန် ပတ်ပြေးရင် သလင်းကျောက်စစ်ဝံပုလွေအား မျှားခေါ်သည်။ ရေနှင်းဆီက အလယ်တွင် ရပ်ပြီး ရေခဲမြားနှင့်ရေခဲလှံကို ထုတ်ဖော်ကာ သလင်းကျောက်စစ်ဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်ခတ်ဖောက်ခွဲ၏။
ထိုမန္တန်များက ရွေ့လျားမှုနှုန်းကို လျှော့သည့်အပြင် ဘော့စ်အား ထိခိုက်မှု -၅၀၀လည်း ဖြစ်စေသည်။ အဆင့် ၅ဆင့် ဖိနှိပ်မှုကြောင့်သာ မဟုတ်လျှင် သူမ၏မန္တန်များက ထိခိုက်မှု -၈၀၀ ကျော်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရှီဖုန်းကဲ့သို့ ပြတ်တောင်းပြတ်တောင်း တိုက်ခိုက်ရသူ မဟုတ်ဘဲ သူမက ဘော့စ်ကို အဆက်မပြတ် တိုက်ခိုက်နိုင်သည်။
မီးလျှံကကြိုးကတော့ ဘော့စ်အား သွေးယိုစိမ့်ခြင်းသက်ရောက်မှု ဖြစ်စေကာ အဆိပ်သုံး၍ ဘော့စ်၏ရွေ့လျားမှုနှုန်းကို လျော့ကျစေသည်။
ရွေ့လျားမှုနှုန်း လျော့ကျစေသည့် သက်ရောက်မှု ၂ခုကြောင့် သလင်းကျောက် စစ်ဝံပုလွေက သိသိသာသာ နှေးကွေးသွား၏။
သလင်းကျောက် စစ်ဝံပုလွေက ရှီဖုန်း၏အနားသို့ ကပ်လာချိန်တိုင်း မီးလျှံကကြိုးက အေးခဲဗုံးတစ်လုံးဖြင့် ဘော့စ်အား ချက်ချင်း အေးခဲစေသည်။ သို့သော်လည်း သလင်းကျောက်စစ်ဝံပုလွေက အရှင်သခင်အဆင့် သားရဲဖြစ်သောကြောင့် အေးခဲဗုံး၏ အေးခဲခြင်းသက်ရောက်မှုက လွန်စွာ အာနိသင် လျော့လာသည်။ ၃စက္ကန့်တောင် မအေးခဲတော့ဘဲ တစ်ခါတစ်ရံ၌ တစ်စက္ကန်သာလျှင် အေးခဲတော့၏။
သို့သော်လည်း ကျွမ်းကျင်သူများ၏တိုက်ပွဲတွင် တဒင်္ဂဆိုသည့် အချိန်လေးက တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည်။ ထို့ကြောင့် အချိန်တစက္ကန့်က ဘော့စ်၏အနားမှ ခွာရန် ရှီဖုန်းအတွက် လုံလောက်သည်ထက်ပင် ပိုနေသည်။
သူတို့၃ယောက်က ထိခိုက်မှုအနည်းငယ်စီသာလျှင် ပေးစွမ်းနိုင်စွမ်း ရှိသော်လည်း သလင်းကျောက် စစ်ဝံပုလွေ၏HPက အဆက်မပြတ် ကျဆင်းနေသည်။ ၁၀မိနစ်ကျော် ကြာပြီးနောက် သလင်းကျောက် စစ်ဝံပုလွေ၏HPက ၃၀%သာလျှင် ကျန်တော့၏။ အကြမ်းဖျင်းတွက်ရလှင် ဘော့စ်က နောက်ထပ် ၁၀မိနစ် မပြည့်ခင်း သေဆုံးပေလိမ့်မည်။
“ဝူး… “
သလင်းကျောက် စစ်ဝံပုလွေက စိတ်ရိုင်းဝင်သွား၏။ လေလျော့သွားသည့် ဘောလုံးကဲ့သို့ ၁၀မီတာကျော် မြင့်သည့် ၎င်း၏ခန္ဓာကိုယ်က ချက်ချင်း ကျုံ့ဝင်သွားသည်။ အချိန်တဒင်္ဂအတွင်း၌ ဘော့စ်က ယခင်ကထက် အများကြီး သေးငယ်သွား၏။
“မကောင်းတော့ဘူး… ဒါက အမြန်နှုန်းအတွက် စွမ်းအားကို စွန့်ပစ်တဲ့ စိတ်ရိုင်းဝင်အမျိုးအစားပဲ… “
ရှီဖုန်းက ထိုကဲ့သို့ ဘော့စ်ကို ယခင်ဘဝ၌ အကြိမ်များစွာ ကြုံတွေ့ဖူး၏။ ထို့ကြောင့် သူက သလင်းကျောက် စစ်ဝံပုလွေ၏အသွင်ပြောင်းခြင်းကို မြင်လိုက်သည်နှင့် သူက ချက်ချင်း မှတ်မိသွားခြင်းဖြစ်သည်။
“မီးလျှံကကြိုး… သူ့ကို အေးခဲဗုံးသုံးပြီး နှေးအောင် ဆက်တိုက်လုပ်ထား… “
“ဟုတ်… “ မီးလျှံကကြိုးက အလွန်အရေးကြီးသည့် အချိန်သို့ ရောက်လာပြီကို သိလိုက်၏။ ထို့ကြောင့် သူမက လက်ထဲရှိ အေးခဲဗုံးများကို တစ်လုံးပြီးတစ်လုံး ပစ်ခတ်လိုက်သည်။
သို့သော်လည်း မမျှော်လင့်ထားသည့် တစ်စုံတစ်ခုက ဖြစ်ပျက်လာသည်။
အေးခဲဗုံးများက ယခင်ကထက် ထိခိုက်မှုစွမ်းအား ပိုနည်းလာသည့်အပြင် လှုပ်ရှားမှုနှုန်းလျော့ချမှုနှင့်အေးခဲခြင်းသက်ရောက်မှုကလည်း ဘော့စ်အပေါ်သို့ လုံးဝ သက်ရောက်မှု မရှိတော့ပေ။
မျက်တောင်တစ်ခတ်အတွင်း၌ ကျုံ့ဝင်သွားသော သလင်းကျောက် စစ်ဝံပုလွေက ရှီဖုန်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းက လက်သည်းများဖြင့် ရုတ်ချည်း ကုတ်ဆွဲလိုက်သည်။ အစွမ်းများထွက်နေသည့် ၎င်း၏ခေါင်းသုံးလုံးကလည်း ရှီဖုန်းအား ကိုက်ချလိုက်သည်။ ရှီဖုန်းက လက်သည်းကုတ်ချက် ၃ခုကို ရှောင်တိမ်းနိုင်သော်လည်း နောက်မှ လိုက်ပါလာသည့် လက်သည်းကုတ်ချက် ၁ချက်ကို မရှောင်တိမ်းနိုင်ခဲ့ချေ။ ရုတ်တရက် ရှီဖုန်း၏ခန္ဓာကိုယ်က နောက်သို့ ၁၀ကိုက်ကျော် လွင့်ပျံသွားပြီး ကြောက်မက်ဖွယ်ရာ ထိခိုက်မှု -၂၁၀၀ ကျော်က ရှီဖုန်း၏ခေါင်းထက်တွင် ပေါ်လာသည်။ ရှီဖုန်းက တိုက်ခိုက်မှုကို ခံလိုက်ရသည့်အချိန်တွင် သူ၏ရင်ဘတ်က ချိုင့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှီဖုန်း၏HPက အန္တရာယ်အဆင့်သို့ ချက်ချင်း ကျဆင်းသွားပြီး သူ၏အစိမ်းရောင်HPဘားတန်းက အနီရောင်သို့ ပြောင်းလဲသွားသည်။