ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 286
အသက်မဲ့ဓားသွားသည် တဲ့တိုးသမားတစ်ယောက်ဖြစ်လိမ့်မည်ဟု ရှီဖုန်းက မထင်ထားပေ။
အသက်မဲ့ဓားသွားက သာမန်ပုံစံရှိသော ငွေရောင်လက်စွပ်တစ်ကွင်း ထုတ်ပေးသော်လည်း ရှီဖုန်းက ထိုအိုင်တမ်၏တန်ဖိုးကို ကောင်းကောင်းသိ၏။
အကြောင်းရင်းမှာ ရှီဖုန်းသည် ထိုကဲ့သို့အိုင်တမ်ကို ယခင်ဘဝက ပိုင်ဆိုင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
ထိုလက်စွပ်က သိုလှောင်အိုင်တမ်တစ်မျိုးဖြစ်သည့် နေရာလပ်လက်စွပ်ဖြစ်သည်။
တစ်စုံတစ်ယောက်က နေရာလပ်လက်စွပ်ကို ၎င်း၏ထူးခြားသံအဆင့်အပေါ် အခြေခံ၍ အကဲဖြတ်၍ မရပေ။ နေရာလပ်လက်စွပ်က နေရာလပ် ၂၀၀ သိုလှောင်နိုင်သည်။ ထိုနေရာလပ် ၂၀၀က သိသောသော ပမာဏတစ်ခုဖြစ်သည်။ နေရာလပ်လက်စွပ်တွင် အိုင်တမ်များ ဘယ်လောက်ပင် သိုလှောင်စေကာမူ ၎င်းက အသုံးပြုသူအပေါ် မည်သည့်အလေးချိန်ကိုမှ မသက်ရောက်စေပေ။ သို့သော်လည်း ၎င်းက ဤလက်စွပ်၏ အရေးပါဆုံးအချက် မဟုတ်ပေ။ နေရာလပ်လက်စွပ်က တိုကိခုက်နေစဉ်အတွင်း၌ အသုံးဝင်ဆုံးဖြစ်သည်။
၎င်းက သာမန်တိုက်ပွဲများတွင် များစွာ အသုံးမဝင်သော်လည်း ကျွမ်းကျင်သူများကြား တိုက်ပွဲ သို့မဟုတ် ဘော့စ်များနှင့်တိုက်ပွဲတွင် ၎င်းက အလွန်အသုံးဝင်သည်။
ဥပမာ ကစားသမားများက တိုက်ပွဲအတွင်း၌ မှော်စာလိပ်များ သို့မဟုတ် အထောက်အကူအိုင်တမ်များ အသုံးပြုချင်သည့်အခါ သူတို့က အိတ်ထဲသို့ လက်ထည့်၍ အိုင်တမ်များ ရှာပြီး အပြင်သို့ ထုတ်ယူရသည်။ ထိုဖြစ်စဉ်တစ်ခုလုံးက အချိန်ကို အချည်းနှီးဖြစ်စေသည်။ သို့သော်လည်း နေရာလပ်လက်စွပ်ကို ပိုင်ဆိုင်ထားသည့် ကစားသမားများက တစ်ချက်တွေးလိုက်သည်နှင့် အိုင်တမ်က လက်ထဲတွင် ပေါ်လာမည်ဖြစ်သည်။
နေရာလပ်လက်စွပ်က သိုလှောင်အိတ်ထက် ပို၍ အသုံးဝင်သည်။
အသက်မဲ့ဓားသွားက လက်ဆောင်ပေးသော်လည်း ရှီဖုန်းက ခေါင်းခါပြီး ပြောသည်… “ဒီအိုင်တမ်က တန်ဖိုးကြီးလွန်းတယ်… ငါ လက်မခံနိုင်ဘူး… “
“ညီအစ်ကိုရီဖုန်း… ငါက မိတ်ဆွေတွေဆီကနေ ဘယ်တော့မှ အမြတ်မထုတ်ဘူး… ညီအစ်ကိုရီဖုန်းက ဒါကို လက်မခံရင် ငါ့စိတ်ထဲ အပြစ်ရှိသလို ခံစားနေရလိမ့်မယ်… ပြီးတော့ ဒီအိုင်တမ်က သိုလှောင်အိုင်တမ်တစ်ခုပဲ… အများကြီး တန်ဖိုးမရှိဘူး… ဒါ့ကြောင့် လက်ခံပေးပါ… “ အသက်မဲ့ဓားသွားက ပြောလိုက်သည်။
“ကောင်းပြီ… ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ…ညီအစ်ကိုဓားသွားကို ကျွန်တော် ပြန်ကူညီပေးမယ်… ညီအစ်ကိုဓားသွားဆီမှာ စတားမွန်းမြို့ကြီးရဲ့ ဂုဏ်သတင်းအမှတ် ဘယ်လောက်ရှိလဲ… “ ရှီဖုန်းက မေးသည်။
အသက်မဲ့ဓားသွားက ရှီဖုန်း၏မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားပြီး ရှီဖုန်း၏မေးရသည့်အကြောင်းရင်းကို နားမလည်နိုင်ပေ။ သို့သော်လည်း သူက ရိုးရိုးသားသား ပြန်ဖြေသည်… “ငါ့ဆီမှာရှိတဲ့ ဂုဏ်သတင်းအမှတ်က စတားမွန်းမြို့ကြီးရဲ့ အငယ်စားနိုဘယ်ဖြစ်ဖို့ အမှတ်၃၀သေးတယ်… “
စတားမွန်းနိုင်ငံ၏မြို့တော်ဖြစ်သောကြောင့် စတားမွန်းမြို့ကြီး၏ဂုဏ်သတင်းအမှတ်များက တခြားမြို့ကြီးများထက် ရှာဖွေရန် ခက်ခဲသည်။ အသက်မဲ့ဓားသွားနှင့် သူ၏အဖွဲ့က အားကောင်းသော်လည်း သူတို့က နိုဘယ်တစ်ယောက်ဖြစ်ရန် အဝေးကြီး လိုသေး၏။
“သုံးဆယ်မှတ်လား… “ ရှီဖုန်းက နက်နက်နဲနဲ တွေးတောလိုက်သည်။ သူက တွေးလိုက်သည်… ‘ဒါက မများပါဘူး… တာဝန်တော်တော်များများ ပြီးမယ်ဆိုရင် သူက အမှတ် ၃၀ ရသွားလိမ့်မယ်… “ညီအစ်ကိုရီဖုန်းက ငါ့ကို နိုဘယ်တစ်ယောက်ဖြစ်အောင် ပြန်ကူညီပေးမလို့လား… “ အသက်မဲ့ဓားသွားက မေးသည်။
“ဟုတ်တယ်… “ ရှီဖုန်းက ခေါင်းညိတ်သည်။
နိုဘယ်တစ်ယောက်ဖြစ်လာလျှင် တစ်စုံတစ်ယောက်က စတားမွန်းမြို့ကြီးထဲတွင် ဆိုင်ခန်းငယ်တစ်ခု ဝယ်ယူနိုင်သည်။
ဆိုင်ခန်းငယ်များ လဲလှယ်ခြင်းကို စတားမွန်းမြို့ကြီး၏နိုဘယ်များအချင်းချင်းသာလျှင် ပြုလုပ်နိုင်သည်။ ထိုသို့စည်းမျဉ်းထားရခြင်းမှာ ကစားသမားများက တခြားလွတ်ပေါက်များမှ အခွင့်အရေး မယူနိုင်စေရန် ဖြစ်သည်။
သို့သော်လည်း ရှီဖုန်းက မကောင်းဆိုးဝါးအမဲလိုက်သူခေါင်းစဉ်ကို ပိုင်ဆိုင်ထားသောကြောင့် သူက မည်သည့်နေရာကို သွားစေကာမူ နိုဘယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခံရမည်ဖြစ်သည်။ ထို့ကြောင့် အသက်မဲ့ဓားသွားက ဆိုင်ခန်းငယ်ကို ဝယ်ယူပြီးနောက် ဆိုင်ခန်းငယ်၏ပိုင်ရှင်နေရာကို ရှီဖုန်းထံသို့ လွှဲပြောင်းပေးနိုင်သည်။ ထိုနည်းလမ်းဖြင့်ဆိုလျှင် ရှီဖုန်းက စတားမွန်းမြို့ကြီးတွင် အိုင်တမ်များရောင်းချရန် ဆိုင်ခန်းငယ်တစ်ခု ပိုင်ဆိုင်သွားပေလိမ့်မည်။
မူလက ရှီဖုန်းသည် စတားမွန်းမြို့ကြီးတွင် တာဝန်တချို့ လုပ်ဆောင်ပြီး ဂုဏ်သတင်းအမှတ်များ ရယူရန် စဉ်းစားထား၏။ သို့သော်လည်း စတားမွန်းမြို့ကြီးတွင် ဂုဏ်သတင်း ၁၀၀မှတ် ရယူရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ သူက အချိန်တော်တော်များများ ရင်းနှီးမြုပ်နှံရမည်ဖြစ်သည်။ ထိုစဉ်တွင် အသက်မဲ့ဓားသွားက ယုံကြည်ရသည့်လူတစ်ယောက်ဖြစ်ပြီး ဂုဏ်သတင်း ၁၀၀မှတ် ပြည့်ရန် ၃၀မှတ်သာလျှင် လိုတော့သည့်လူဖြစ်သည်။
ပထမတုန်းက အသက်မဲ့ဓားသွားသည် ရှီဖုန်းကို မည်သည့်အကူအညီမှ မပေးနိုင်သောကြောင့် ရှက်သကဲ့သို့ ခံစားရသည်။ သို့သော်လည်း ရှီဖုန်း၏နောက်ထပ်စကားက သူ့ကို မှင်သက်သွားစေသည်။
“ဂုဏ်သတင်းအမှတ်ရတဲ့ အဆင့်မြင့်တာဝန်တချို့ကို ငါသိတယ်… ညီအစ်ကိုဓားသွားက အဲ့တာဝန်တွေ အောင်မြင်သွားရင် စတားမွန်းမြို့ကြီးရဲ့ နိုဘယ်တစ်ယောက်ဖြစ်လာလိမ့်မယ်… “
ပြောပြီးနောက် ရှီဖုန်းက သူ၏စိတ်ထဲရှိ တာဝန်တစ်ချို့ကို စာရင်းလုပ်လိုက်သည်။
“ဒါက အကြံကောင်းတစ်ခု မဖြစ်သင့်ဘူး… ဟုတ်တယ်မလား… “ အသက်မဲ့ဓားသွားက ပြောစရာစကားတောင် မရှိတော့ပေ။
သူက ရှီဖုန်းကို အစကတည်းက ကူညီချင်သော်လည်း နောက်ဆုံးတွင် ရှီဖုန်းကသာ သူ့ကို အကူအညီပေးသွားလေသည်။
လက်ရှိအချိန်တွင် စတားမွန်းမြို့ကြီးရှိ အစည်းအရုံးများစွာက ဂုဏ်သတင်းအမှတ်များ ရရှိနိုင်သည့် တာဝန်များကို အသည်းအသန် ရှာဖွေနေကြသည်။ သူတို့က ထိုတာဝန်များနှင့်ပက်သတ်သည့် သတင်းအချက်အလက်များကိုတောင် ဆုလဒ်ကြီးကြီးပေး၍ ကမ်းလှမ်းနေကြသော်လည်း ထိုတာဝန်များနှင့်ပက်သတ်သည့် သတင်းအချက်အလက်များကို မရရှိပေ။ သို့သော် ရှီဖုန်းက သူ့ထံသို့ ဂုဏ်သတင်းအမှတ်များ ရရှိနိုင်သည့် အဆင့်မြင့်တာဝန် ၄ခုကို သာမန်ကာလျှံကာ ထုတ်ပေး၏။ ရှီဖုန်း၏ပုံစံက ထိုတာဝန်များကို နေရာတိုင်းတွင် ရနိုင်သည့် ဟင်းရွက်၊ကန်စွန်းရွက်များသဖွယ် သဘောထားနေသကဲ့သို့ ဖြစ်နေသည်။
“ဒီတာဝန်တွေက ညီအစ်ကိုဓားသွားအတွက် အရမ်းခက်ခဲနေလို့လား… “ ရှီဖုန်းက အသက်မဲ့ဓားသွား၏ အခက်အခဲဖြစ်နေသည့် အမူအရာကို မြင်ပြီး ရုတ်တရက် မေးလိုက်သည်။
“ငါ့ဆီမှာ ဂုဏ်သတင်းအမှတ်ရတဲ့ သတင်းတချို့ ရှိသေးတယ်… အဲ့တာဝန်တွေက အရမ်းကြီး မခက်ခဲပေမဲ့ ပေးတဲ့ ဂုဏ်သတင်းအမှတ်က ဒီတာဝန်တွေနဲ့ယှဉ်ရင် အများကြီး နည်းတယ်… အမှတ် ၃၀ပြည့်ဖို့ဆိုရင် အနည်းဆုံး တာဝန် ၇ခု၊၈ခု လောက်တော့ အောင်မြင်ရလိမ့်မယ်… “
“… “ အသက်မဲ့သွားက ဘာမှမပြောနိုင်တော့ပေ။
သူက ရှီဖုန်းကို စတားမွန်းမြို့ကြီးရှိ ဂုဏ်သတင်းအမှတ်များကို သိသော GM တစ်ယောက်ဟုပင် သံသယရှိလာသည်။ သို့သော်လည်း အသက်မဲ့ဓားသွားက ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်ပစ်လိုက်သည်။ နတ်ဘုရားနယ်မြေကို အဓိကနတ်ဘုရားစနစ်က ထိန်းချုပ်ပြီး ဂိမ်းထဲတွင် မည်သူမှ စွက်ဖက်နိုင်ခြင်း မရှိချေ။ ထို့ကြောင့် ဂိမ်းထဲရှိ တာဝန်များက စနစ်မှ အလိုအလျောက် ထုတ်ပေးခြင်းဖြစ်ပြီး ထိုတာဝန်များအကြောင်းကို မည်သူမှ မသိပေ။
တစ်ကယ်တော့ ထိုအချက်တွင် ချွင်းချက်တစ်ခုတော့ ရှိသည်။ ၎င်းက လျှို့ဝှက်သော ဘီတာစမ်းသပ်သူများဖြစ်သည်။ သို့သော်လည်း နတ်ဘုရားနယ်မြေကို တရားဝင်ထုတ်လွှတ်ပြီးနောက်တွင် ဂိမ်းထဲရှိ settingsများနှင့်တာဝန်များက အမြောက်အများ ပြောင်းလဲကုန်သည်။ သီအိုရီအရဆိုလျှင် ဘီတာစမ်းသပ်စဉ်က တာဝန်များသည် လက်ရှိအချိန်တွင် ရှိမနေနိုင်တော့ပေ။
ထိုအချက်ကို တွေးမိပြီး အသက်မဲ့ဓားသွားက ရှီဖုန်း၏သရုပ်မှန်ကို သံသယရှိလာသည်။ သူက ဘယ်လိုလုပ် ဒီလောက်အများကြီးကို သိနေနိုင်ရတာလဲ။
“ငါက ဘာလို့ ဒီလောက်အများကြီး သိနေတာလဲဆိုတာကို မင်း သိချင်နေတယ်မလား… “ ရှီဖုန်းကလည်း အသက်မဲ့ဓားသွား၏ သံသယကို ရိပ်မိ၏။
“အင်း… “ အသက်မဲ့ဓားသွားက သူ၏အတွေးများကို ဖုံးကွယ်ခြင်းမပြုဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက ပြန်မွေးဖွားလာတဲ့သူလေ… ငါက အနာဂတ် ၁၀နှစ်ကနေ ပြန်လာတာ… ဒါ့ကြောင့် ဒီတာဝန်တွေအားလုံးကို သိနေတာ… “ ရှီဖုန်းက လေးနက်မှုအပြည့်ဖြင့် ဖြေလိုက်သည်။
“ညီအစ်ကိုရီဖုန်းက တော်တော်နောက်တာပဲ… “ အသက်မဲ့ဓားသွားက ရယ်မောလိုက်သည်။
“ငါ ဒီတာဝန်တွေကို မြန်မြန် ပြီးအောင် လုပ်မယ်… ငါ နိုဘယ်တစ်ယောက်ဖြစ်သွားရင် ညီအစ်ကိုရီဖုန်းကို ချက်ချင်း အသိပေးလိုက်မယ်… “
အသက်မဲ့ဓားသွားက လူတိုင်းတွင် လျှို့ဝှက်ချက်ရှိကြောင်း နားလည်သည်။ ဂုဏ်သတင်းအမှတ်များ ရရှိနိုင်သည့် သတင်းများက အစည်းအရုံးများအတွက် ထိပ်တန်းလျှို့ဝှက်ချက်များဖြစ်သည်။ ရှီဖုန်း၏ထုတ်ပြောပြမှုက သူ့ကို ဘယ်လောက်ထိယုံကြည်ကြောင်း ပြသနေသည်။ အသက်မဲ့ဓားသွားက ဤကိစ္စကို ထပ်၍ စူးစမ်းနေလျှင် သူက အလိုက်မသိသည့် လူတစ်ယောက်ဖြစ်သွားပေလိမ့်မည်။
“ငါ အမှန်ပြောနေတာ… “ ရှီဖုန်းက ခါးသက်သက် ရယ်မောလိုက်သည်။
“အင်း ငါလည်း သိပါတယ်… “
အသက်မဲ့ဓားသွားက ခေါင်းကို အဆက်မပြတ် ညိတ်ပြပြီး ပြုံး၍ ဆက်ပြောသည်… “ငါ နားလည်ပါတယ်… “
“… “ ရှီဖုန်းက ပြန်မပြောနိုင်တော့ချေ။
သူက ထိုကဲ့သို့အပြုအမူကို ရင်းနှီးသော်လည်း သူက ထိုကဲ့သို့အပြုအမူနှင့် ရင်ဆိုင်မိတိုင်း ကူကယ်ရာမဲ့သကဲ့သို့ ခံစားရသည်။
‘ငါက အမှန်ပြောတကို ဘာလို့ တစ်ယောက်မှ မယုံကြတာလဲ… ‘
မကြာမီ အသက်မဲ့ဓားသွားက ရှီဖုန်းအား မိတ်ဆွေအဖြစ် Add ပြီး တာဝန်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် အလောတကြီး ထွက်သွားသည်။
အသက်မဲ့ဓားသွား၏ကျေးဇူးကြောင့် ရှီဖုန်းက စတားမွန်းမြို့ကြီး၏အခြေအနေကို ပို၍ နားလည်သွား၏။ အသက်မဲ့ဓားသွားနဲ့ ခွဲထွက်လာပြီးနောက် ရှီဖုန်းက မြင်းလှည်းဖြင့် စတားမွန်းမြို့ကြီး၏ စစ်နတ်ဘုရားကျောင်းသို့ ဦးတည်၍ ထွက်လာခဲ့သည်။ သူက ဒဏ္ဍာရီအဆင့် အဓိကဇာတ်ကြောင်းတာဝန်ကို ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်။
…
စတားမွန်းမြို့ကြီး၏ စစ်နတ်ဘုရားကျောင်းကို နန်းတော်၏ဘေးတွင် ဆောက်ထား၏။ အပြင်မှကြည့်လျှင် ခမ်းနားထည်ဝါသော ပိရမစ်တစ်ခုနှင့်တူပြီး ပိရမစ်၏ထိပ်တွင် တော်ဝင်အလင်းများ ထုတ်လွှတ်နေသည့် အိမ်တစ်လုံးအရွယ်အစားခန့်ရှိသော နေကျောက်တုံးတစ်ခု ရှိသည်။ နေ့ဖြစ်ဖြစ်၊ညဖြစ်ဖြစ် နေကျောက်တုံးက စစ်နတ်ဘုရားကျောင်းတစ်ခုလုံးကို လင်းထိန်နေအောင် အလင်းရောင်ပေး၏။
စစ်နတ်ဘုရားကျောင်း၏ အဓိကအခွဲတစ်ခုအနေဖြင့် စစ်နတ်ဘုရားကျောင်း၏အပြင်ဘက်တွင် အလွှာ ၃ NPCများက စောင့်ကြပ်နေပြီး အလွှာ ၅ အရိပ်သူတော်စင်များတောင် အထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
ရှီဖုန်းက စစ်နတ်ဘုရားကျောင်းသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်သော်လည်း သူက စစ်နတ်ဘုရားကျောင်း၏ ၉ထပ်မြောက်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။
‘ထာဝရပလ္လင်’
ရှီဖုန်းကို ထိုနေရာသို့ လမ်းပြခေါ်လာသည့် NPCက အလွှာ ၄ ဂုဏ်ကျက်သရေစစ်သည်ဖြစ်၏။ တခြားမြို့ကြီးများတွင် ထိုကဲ့သို့ NPCက အားလုံးကြောက်ရသည့် အာဏာရှင်အဆင့် တည်ရှိမှုတစ်ခုဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် ထိုNPCက လမ်းပြတစ်ယောက်သာ ဖြစ်သည်။
ထာဝရပလ္လင်ထဲသို့ ဝင်လာပြီးနောက် ရှီဖုန်းက အခန်း၏အလယ်တွင် ခရမ်းရောင်ပလ္လင်တစ်ခုနှင့် ရွှေရောင်ပလ္လင် ၉ခုကို ချက်ချင်း မြင်လိုက်ရသည်။ ဘေးဘက်များတွင် ငွေရောင်ပလ္လင် ၅၀ ရှိ၏။ ခရမ်းရောင်ပလ္လင်မှလွဲ၍ တခြားပလ္လင်များတွင် လူတစ်ယောက်စီ ထိုင်နေကြသည်။ ထို့အပြင် ထိုလူများအားလုံးက နတ်ဘုရားနယ်မြေရှိ အထွတ်အထိပ်ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့၏ခြေလှမ်းတိုင်းက နတ်ဘုရားနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည်။ သို့သော်လည်း ထိုလူများအားလုံးထဲတွင် တစ်ယောက်ကသာလျှင် ခန္ဓာကိုယ်အစစ်ဖြစ်ပြီး ကျန်သည့်လူများက အရိပ်ကိုယ်ပွားများဖြစ်သည်။
ပလ္လင်ပေါ်တွင် ထိုင်နေသည့် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များက ရှီဖုန်းအား အကဲခတ်နေကြသည်။ သူတို့အကြည့်များကို လက်ခံရရှိသည့် ရှီဖုန်းကတော့ သူ၏အသက်က သူ၏လက်ထဲတွင် မရှိတော့သကဲ့သို့ ခံစားရသည်။ သူ၏ခန္ဓာကိုယ်က သူတို့၏အကြည့်အောက်တွင် အလွန်လေးလံလာပြီး သူ၏နောက်ကျောတွင်လည်း ချွေးများ ရွှဲရွှဲစိုလာသည်။
၎င်းက အထွတ်အထိပ်စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အရှိန်အဝါဖြစ်သည်။ ၎င်းက အလွှာ ၄ ပုဂ္ဂိုလ်များ ထုတ်လွှတ်နိုင်သည့်အရာ မဟုတ်ပေ။
‘နတ်ဘုရားနယ်မြေရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဆိုတဲ့အတိုင်း တစ်ကယ်စွမ်းအားကြီးတာပဲ… ‘ လက်ရှိအချိန်တွင် ရှီဖုန်းက ထိုစိတ်ခံစားမှုဖြင့် စိတ်ဖိစီးနေသည်။ သူက နတ်ဘုရားနယ်မြေကို ဆယ်စုနှစ်တစ်ခုစာ ကစားခဲ့သော်လည်း သူက စစ်နတ်ဘုရားကျောင်း၏ အစစ်အမှန်ခွန်အားကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်မြင်ဖူးခြင်းဖြစ်သည်။
“စိတ်ဝင်စားစရာကောင်းတဲ့လူငယ်လေးပဲ… ဒါပေမဲ့ ဒီတာဝန်ကို ဒီကောင်လေး အောင်မြင်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး… ဒီတာဝန်က ကုန်းမြေတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်… “
“ဒါဆို ငါတို့ ဒီကောင်လေးကို စမ်းသပ်ကြရအောင်… စမ်းသပ်မှုအောင်ရင် သူ့ကို ဒီမှာရှိတဲ့ ဘယ်သူကမှ မကန့်ကွက်တော့ဘူး… ဟုတ်တယ်မလား… “
“စမ်းသပ်မှုလား… စမ်းသပ်မှုဆို ဒီမိန်းမပျိုက ကြိုက်တယ်… စမ်းသပ်မှုလုပ်ရအောင်… သူ အောင်ရင် ငါ သူ့ကို ထောက်ခံမဲပေးမယ်… သူ ရှုံးရင်တော့ နေရာမှာတင် သေရမယ်…ဒါဆို အပြစ်ပေးမှုဆိုတာလည်း မရှိတော့ဘူး… “
“ငါတို့ သူ့ကို ဘယ်လိုစမ်းသပ်မှာလဲ… “
“ငါတို့ ၁၂မျိုးစမ်းသပ်မှုကို အသက်သွင်းလိုက်ကြမယ်… “
“ဟားဟားဟား… ၁၂မျိုး စမ်းသပ်မှုကို အရင်က ကြားဖူးကြားဖူးတယ်… အဲ့စမ်းသပ်မှုက ဒဏ္ဍာရီတစ်ခုလိုပဲ… အဲ့စမ်းသပ်မှုကို လွန်ခဲ့တဲ့ နှစ်၉၀၀ကျော်က အသုံးပြုခဲ့တာပဲ… ငါ့ရဲ့ဘဝမှာ ဒီစမ်းသပ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရတဲ့အထိ ကံကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး… ငါ မင်းကို ကျေးဇူးအရမ်းတင်တယ်… ကောင်လေး… မင်း တစ်ချီ၊နှစ်ချီလောက်တော့ ခံနိုင်ပါစေလို့ မျှော်လင့်ပါတယ်… ဒီမှာရှိတဲ့ ဒီအဘိုးကြီးကို အမြင်ကျယ်အောင် လုပ်ပြစမ်းပါ… “