ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 298
ယခင်က ရှီဖုန်းသည် စမ်းသပ်မှုအား ရှင်းလင်းနိုင်ရန် အာရုံစိုက်ထားသည့်အတွက် အသူရာဓားကို အဆင့်မြင့်သည့်အချိန်တွင် သူက အဆင့် ၂၀ မဟူရာရွှေအဆင့် လက်နက်တစ်ခုကို ကျပန်းယူခဲ့သည်။
စစ်နတ်ဘုရားကျောင်းက နတ်ဘုရားနယ်မြေတွင် စွမ်းအားအကြီးဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ထိုအချက်က ရှေးခေတ်ကတည်းမှ ယခုအချိန်အထိ မှန်ကန်နေဆဲဖြစ်သည်။
ရှီဖုန်းက ထာဝရပလ္လင်ခန်းမထဲမှ ပုဂ္ဂိုလ်ကြီးများကို မြင်ပြီး ထိုအမှန်တရားကို အပြည့်အဝ လက်ခံသွား၏။
ထို့ကြောင့် စစ်နတ်ဘုရားကျောင်း၏ ရတနာသိုက်က ဘယ်လောက်ထိ ကြွယ်ဝချမ်းသာမည်ကို ခန့်မှန်းကြည့်နိုင်သည်။
စစ်နတ်ဘုရားကျောင်း၏ လဲလှယ်ရေးစနစ်အတွက် ကစားသမားများက ၁၀၀ယောက် အသင့်အဖွဲ့မြေအောက်ခန်း၏ ပထမရှင်းလင်းသူနေရာကို ရရှိပြီးနောက် ၎င်းက အလိုအလျောက် အသက်ဝင်သွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း လဲလှယ်ရန်အတွက် စစ်နတ်ဘုရားကျောင်း၏ ဂုဏ်သတင်းအမှတ်များကို အများအပြား လိုအပ်သည်။ နတ်ဘုရားနယ်မြေတွင် စစ်နတ်ဘုရားကျောင်း၏ ဂုဏ်သတင်းအမှတ်များက ရရှိရန် အခက်ခဲဆုံးဖြစ်သည်။
သူ၏တာဝန်အတွက်ကြောင့် မဟုတ်လျှင် ရှီဖုန်းက အံ့ဖွယ်အဆင့်အိုင်တမ်ကို လဲလှယ်ရန် အခွင့်အရေး ရမည် မဟုတ်ချေ။ သူက ရတနာများကို မြင်ခွင့်တောင် ရလိမ့်မည် မဟုတ်ချေ။
“စစ်နတ်ဘုရားကျောင်းရဲ့ နတ်ဘုရားရှေးဟောင်းအိုင်တမ်တွေက ဘယ်လိုမျိုးလဲဆိုတာ သိချင်လာပြီ… “
ရှီဖုန်း၏စိတ်ထဲတွင် မျှော်လင့်နေမှုများဖြင့် ပြည့်နှက်လာပြီး သူက နတ်ဘုရားရှေးဟောင်းအိုင်တမ်ရှိသည့် စာမျက်နှာကို လှန်လိုက်သည်။
နတ်ဘုရားရှေးဟောင်းအိုင်တမ် ၂ခုကို ပြသထား၏။
တောက်ပကြယ်အလင်း (နတ်ဘုရားအဆင့်၊ လက်နှစ်ဖက်မှော်တောင်ဝှေး)
တပ်ဆင်ရန် လိုအပ်ချက် : သန်မာမှု ၃၀၀၀၊ ဉာဏ်ထက်မြက်မှု ၈၀၀၀
လိုအပ်သော ကောင်းကျိုးအမှတ် : ၂၀၀,၀၀၀
ကောင်းကင်နှင်းမုန်တိုင်း (နတ်ဘုရားအဆင့်၊ လက်နှစ်ဖက်လှံ)
တပ်ဆင်ရန် လိုအပ်ချက် : သန်မာမှု ၁၀,၀၀၀၊ ဉာဏ်ရည်ထက်မြက်မှု ၄,၀၀၀
လိုအပ်သော ကောင်းကျိုးအမှတ် : ၂၅၀,၀၀၀
သူက ထိုအိုင်တမ်၂ခု၏ အသေးစိတ်အချက်အလက်များကို မမြင်နိုင်သော်လည်း လိုအပ်သော ကောင်းကျိုးအမှတ်နှင့် ချပ်ဝတ်တန်ဆာလိုအပ်ချက်က ရှီဖုန်းကို ဆွံ့အသွားစေသည်။
“ဒီနတ်ဘုရားရှေးဟောင်းအိုင်တမ်တွေကို အသုံးပြုနိုင်တဲ့လူရော ရှိနိုင်ပါ့မလား… “ ရှီဖုန်းက သံသယ ဝင်သွား၏။
သန်မာမှု ၁၀၀၀၀မှတ် ပိုင်ဆိုင်ရန်မှာ ကစားသမားတစ်ယောက်အတွက် မတွေးဝံ့သည့်အရာဖြစ်သည်။ ယခင်ဘဝကတောင် ရှီဖုန်းက ဤလိုအပ်ချက်အနားသို့ မကပ်နိုင်ခဲ့ပေ။
နတ်ဘုရားရှေးဟောင်းအိုင်တမ်များကို ကြည့်ပြီးနောက် သူက အံ့ဖွယ်အဆင့် အိုင်တမ်များ ပြသထားသည့် စာမျက်နှာကို လှန်လိုက်သည်။
ချက်ချင်း သူ့ရှေ့တွင် အိုင်တမ်စာရင်းတစ်ခု ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှီဖုန်းက စာရင်းထဲတွင် အိုင်တမ် ၁၀၀၀၀ ကျော်သည်ကို သိလိုက်၏။ သူက ဤအိုင်တမ်များအားလုံးကို ယူ၍ သူ၏အစည်းအရုံးသိုလှောင်အိမ်ထဲတွင် ထည့်ထားရန် အတွေးတစ်ခုတောင် ဝင်သွား၏။
ဇီးရိုးဝင်းအစည်းအရုံး၏ သိုလှောင်အိမ်ထဲတွင် အံ့ဖွယ်အဆင့်အိုင်တမ်များ အများအပြား ရှိလျှင် စတားမွန်းနိုင်ငံတစ်ခုလုံးအား လွှမ်းမိုးရန် ပြဿနာတစ်ခု မဟုတ်တော့ချေ။ သို့သော်လည်း ၎င်းက အတွေးတစ်ခုသာ ဖြစ်သည်။
ရှီဖုန်းက လက်ရှိတွင် ကောင်းကျိုး ၆၈၀၀ မှတ် ပိုင်ဆိုင်ထားပြီး အများဆုံး အံ့ဖွယ်အဆင့်အိုင်တမ်တစ်ခုသာလျှင် လဲလှယ်နိုင်သည်။
သို့သော်လည်း အိုင်တမ်တစ်သောင်းကျော်ထဲမှ အိုင်တမ်တစ်ခုကို ရွေးချယ်ခြင်းက သူ့အတွက် လွယ်ကူသော ကိစ္စ မဟုတ်ပေ။
လက်ရှိတွင် သူက မှော်လက်နက် အသူရာဓားနှင့် မဟူရာရွှေအဆင့် ငရဲအရိပ်ဓားကို ပိုင်ဆိုင်ထားပြီး ထိုအိုင်တမ်နှစ်ခုက လက်ရှိသူ့အတွက် လုံလောက်သည်။ သူ၏ခွန်အားကို ထပ်၍ တိုးမြှင့်ချင်လျှင် လက်ရှိဝတ်ဆင်ထားသည့် ထူးခြားသံအဆင့်နှင့် လျှို့ဝှက်ငွေအဆင့် ချပ်ဝတ်တန်ဆာအချို့ကို လဲလှယ်ရန်သာ လိုအပ်သည်။
သို့သော်လည်း သူက အိုင်တမ်စာရင်းရှည်ကြီးကို ကြည့်ပြီးနေက် သူ၏စိတ်က ချီတုံချတုံဖြစ်သွား၏။
သို့သော် သူ၏စိတ်ကို ရင်ဘတ်ကာချပ်ဝတ်အနည်းငယ်က ဆွဲဆောင်ထားနိုင်ဆဲဖြစ်သည်။ ထိုချပ်ဝတ်များက သန်မာမှုနှင့်သွက်လက်မှုကို များစွာ တိုးမြှင့်ပေးပြီး တချို့ဆိုလျှင် ဉာဏ်ထက်မြက်မှုကို ထပ်ပေါင်းပေး၏။ လက်ရှိတွင် ဉာဏ်ထက်မြက်မှုက ရှီဖုန်းအတွက် အလိုအပ်ဆုံး ဖြစ်သည်။
ထိုရင်ဘတ်ကာချပ်ဝတ်များအတွက် အသုံးပြုနိုင်သည့်အဆင့်များမှာ အဆင့် ၂၀မှ အဆင့် ၈၀ထိ ဖြစ်ပြီး ထိုချပ်ဝတ်များအားလုံးက အဆင့် ၁၀၀အထိ မြှင့်တင်နိုင်သည့် အံ့ဖွယ်အဆင့် ချပ်ဝတ်တန်ဆာများဖြစ်သည်။
ထိုချပ်ဝတ်များထဲမှ ခရမ်းနေတိုက်ပွဲချပ်ဝတ်က ကောင်းကျိုး ၅၀၀၀မှတ် လိုအပ်၏။ ၎င်းက သန်မာမှုကို အဓိကဦးစားပေးပြီး ဉာဏ်ထက်မြက်မှုကိုလည်း အသင့်အတင့် ထောက်ပံ့ပေး၏။
တခြားတစ်ခုက အကြင်နာမဲ့ချပ်ဝတ်ဟု ခေါ်ပြီး ကောင်းကျိုး ၅၃၀၀မှတ် လိုအပ်သည်။ ၎င်းကလည်း သန်မာမှုကို ဦးစားပေးပြီး ဉာဏ်ထက်မြက်မှုကို အသင့်အတင့် ထောက်ပံ့ပေးသည်။
ရှီဖုန်းစိတ်ဝင်စားသည့် နောက်ဆုံးရင်ဘတ်ကာချပ်ဝတ်ကတော့ သတ်ဖြတ်ခြင်းရင်ဘတ်ကာဟု ခေါ်သည်။ ၎င်းကို လဲလှယ်ရန် ကောင်းကျိုး ၆၀၀၀ မှတ် လိုအပ်သည်။ ၎င်းက သန်မာမှု၊ သွက်လက်မှုနှင့်ဉာဏ်ထက်မြက်မှုကို ညီမျှစွာ ထောက်ပံ့ပေး၏။ ရင်ဘတ်ကာချပ်ဝတ်တန်၏ ဒီဇိုင်းက အလွန်လန်းပြီး ၎င်းက ထိုချပ်ဝတ် ၃ခုထဲတွင် ရှီဖုန်းအကြိုက်ဆုံးဖြစ်သည်။
သို့သော်လည်း သူက သတ်ဖြတ်ခြင်းရင်ဘတ်ကာကို ရွေးလိုက်လျှင် သူ၏ကောင်းကျိုးအမှတ်က များစွာ ကျန်လိမ့်မည် မဟုတ်တော့ပေ။
‘အခု တခြားအိုင်တမ်တွေ ကြည့်လိုက်ဦးမယ်… ‘
လေးလေးနက်နက် စဉ်းစားပြီးနောက် ရှီဖုန်းက အနိမ့်ဆုံးလိုအပ်ချက် အဆင့် ၂၀ရှိသည့် အိုင်တမ်စာရင်းကို ကြည့်လိုက်သည်။ စစ်နတ်ဘုရားကျောင်း၏ကောင်းကျိုးအမှတ်များက အလွန်အမင်း အဖိုးတန်သည်။ ထို့ကြောင့် သူက သုံးစွဲရာတွင် အလွန်ဂရုစိုက်ရန် လိုအပ်သည်။
အချိန်တချို့ကြာအောင် ရှာဖွေကြည့်ပြီးနောက် ရှီဖုန်းက အလွန်ရင်းနှီးနေသည့် အိုင်တမ်တစ်ခုကို တွေ့သွား၏။
‘နေရာလပ် လက်စွပ်’
၎င်းက ထူးခြားသံအဆင့် မဟုတ်ဘဲ အံ့ဖွယ်အဆင့်ဖြစ်သည်။ ၎င်းက နေရာလွတ် ၂၀၀၀ သိုလှောင်နိုင်ပြီး ကောင်းကျိုး ၄၅၀၀မှတ်ဖြင့် လဲလှယ်နိုင်သည်။
သို့သော်လည်း ထိုအိုင်တမ်ကို ကောင်းကျိုး ၄၅၀၀မှတ်ဖြင့် လဲလှယ်ခြင်းက ဖြုန်းတီးရာကျသည်။ ရှီဖုန်းက ၎င်းကို ဝယ်ယူရန် သူ၏တန်ဖိုးရှိသော ကောင်းကျိုးအမှတ်များအား ဖြန်းတီးလိမ့်မည် မဟုတ်ချေ။
“အာ… ဒီလက်စွပ်က ဒဏ္ဍာရီထဲမှာ ဖော်ပြထားတဲ့ လက်စွပ်မလား… ဘာလို့ အံ့ဖွယ်အဆင့် ဖြစ်နေရတာလဲ… “ ရှီဖုန်းက ရင်းနှီးသည့် နောက်ထပ်လက်စွပ်တစ်ကွင်းကို သတိပြုမိလိုက်သည်။
“သတ္တမအထင်ကရလက်စွပ်”
ယခင်ဘဝက ရှီဖုန်းသည် နတ်ဘုရားနယ်မြေ၏သမိုင်းကြောင်းကို လေ့လာခဲ့သည်။ သတ္တမအထင်ကရလက်စွပ်က ရှေးဟောင်းနတ်ဘုရား ဆည်းဆာနတ်ဘုရားမကိုယ်တိုင် သွန်းလုပ်ခဲ့သည့် လက်စွပ်ဖြစ်သည်။ လက်စွပ်ထဲတွင် စွမ်းအား ၇မျိုးကို ပိတ်လှောင်ခဲ့ပြီး စွမ်းအား ၁ခုချင်းစီတိုင်းက နတ်ဘုရားတစ်ပါး၏စွမ်းအားကို ယှဉ်နိုင်သည်။ သတ္တမအထင်ကရလက်စွပ်က ထိုစွမ်းအား ၇မျိုးကို ဆက်တိုက်အသုံးပြုရန် ခွင့်ပြုသည်။ သေမျိုးတစ်ယောက်က ထိုလက်စွပ်ကို ပိုင်ဆိုင်ထားမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးကိုတောင် ဖျက်ဆီးနိုင်သည်။ ကောလာဟလအရ ဒဏ္ဍာရီလာ နတ်ဘုရားသတ်ဖြတ်သူက ထိုအိုင်တမ်ကို ပိုင်ဆိုင်ခဲ့သည်။ နတ်ဘုရားသတ်ဖြတ်သူက ထိုလက်စွပ်ကြောင့် နတ်ဘုရားများအား သတ်ဖြတ်နိုင်သည့် စွမ်းအားကို ရရှိခဲ့ခြင်းဖြစ်သည်။
“ဒါက ပုံတူပွားလား… “ စစ်နတ်ဘုရားကျောင်းက အစစ်အမှန် သတ္တမအထင်ကရလက်စွပ်ကို ပိုင်ဆိုင်လိမ့်မည်ဟု ရှီဖုန်းက မယုံပေ။
အကြောင်းရင်းမှာ အံ့ဖွယ်အဆင့်အိုင်တမ်က ကောင်းကင်နှင့်မြေကြီးအား ဖျက်ဆီးရန် စွမ်းအားကို မပိုင်ဆိုင်ပေ။ နတ်ဘုရားရှေးဟောင်းအိုင်တမ်တစ်ခုကတောင် ထိုကဲ့သို့စွမ်းအား မရှိပေ။ ရှီဖုန်း၏ဗဟုသုတအရ သတ္တမအထင်ကရလက်စွပ်က အစစ်အမှန် နတ်ဘုရားအမွေအနှစ်ဖြစ်သည်။
သို့သော် သတ္တမအထင်ကရလက်စွပ်၏ ပုံတူပွားတစ်ခုကလည်း အလွန်အမင်း ရှား၏။
ရှင်းရှင်းလင်းလင်းပြောရလျှင် ပုံတူပွားများက အစစ်အမှန်များထက် အားနည်းသည်။ သတ္တမအထင်ကရလက်စွပ်၏ပုံတူပွားက ကောင်းကင်နှင့်မြေကြီးကို မဖျက်ဆီးနိုင်သော်လည်း အနည်းဆုံးတော့ ၎င်းက ကျားတချို့နှင့်ဝံပုလွေတချို့ကို သတ်ဖြတ်နိုင်သေး၏။
ရှီဖုန်းက လိုအပ်သော ကောင်းကျိုးအမှတ်ကို ကြည့်လိုက်ရာ ထိုလက်စွပ်က ကောင်းကျိုးအမှတ် ၈၀၀၀ လိုအပ်သည်ကို တွေ့လိုက်ရသည်။ ၎င်းက အပိုင်းအစ ဒဏ္ဍာရီအဆင့်အိုင်တမ်တစ်ခု၏ တစ်ဝက်နီးပါး ရှိသည်။
“ငါ့ကို လာနောက်နေတာလား… “
ရှီဖုန်းက စစ်နတ်ဘုရားကျောင်းကို စိတ်ထဲမှ ကျိန်ဆဲမိသွား၏။ ဤလက်စွပ်က ပုံတူပွားတစ်ခုသာလျှင် ဖြစ်ည်။ တခြားအံ့ဖွယ်အိုင်တမ်များဆိုလျှင် အမှတ် ၆၀၀၀ ခန့်သာ လိုအပ်၏။
“အမှတ် ၈၀၀၀… ကြည့်ရတာ ငါ မလဲနိုင်တော့ဘူးထင်တယ်… “ ရှီဖုန်းက သက်ပြင်းချလိုက်သည်။ သူက သတ္တမအထင်ကရလက်စွပ်ကို အလွန်သဘောကျသော်လည်း သူ့ထံတွင် ကောင်းကျိုး ၆၈၀၀ မှတ်သာလျှင် ရှိ၏။
ထို့နေက် သူက အိုင်တမ်များကို ဆက်၍ ကြည့်သော်လည်း သူ စိတ်ဝင်စားသည့်အိုင်တမ် မတွေ့ပေ။ နောက်ဆုံးတွင် သူက သတ်ဖြတ်ခြင်းရင်ဘတ်ကာကို ရွေးချယ်လိုက်သည်။ သတ္တမအထင်ကရလက်စွပ်အတွက်ကတော့ အနာဂတ်တွင် ကောင်းကျိုးအမှတ်များ စုဆောင်းပြီးမှ လဲနိုင်ပေတော့မည်။
System : သတ်ဖြတ်ခြင်းရင်ဘတ်ကာကို လဲလှယ်ရန် ကောင်းကျိုး ၆၀၀၀မှတ် လိုအပ်သည်။ လက်ရှိ သင့်ထံတွင် ကောင်းကျိုး ၆၈၀၀မှတ် ရှိသည်။ လဲလှယ်ချင်ပါသလား။
ရှီဖုန်းက “Yes” ကို နှိပ်လိုက်သည်။
System : စစ်နတ်ဘုရားကျောင်း၌ ကစားသူ၏ဂုဏ်သတင်းအမှတ်က ၃၀၀၀ ထိ ရောက်ရှိနေပါပြီ။ လိုအပ်သော ကောင်းကျိုးအမှတ်၏ ၂၀%ကို ရွှေပြားသုံး၍ ပေးချေနိုင်ပါသည်။ ရွှေပြားဖြင့် ပေးချေချင်ပါသလား။
“ငါက ရွှေပြားနဲ့လည်း ပေးနိုင်တာလား… “ ရှီဖုန်းက ပျော်သွား၏။ ယခု သူက သတ္တမအထင်ကရလက်စွပ်ကို ရယူရန် မျှော်လင့်ချက် ရှိလာလေပြီ။
ယခု သူက ကောင်းကျိုးအမှတ် ၁၂၀၀အတွက် ရွှေပြား ၁၈၀၀ ပေးရန် လိုအပ်သည်။ ၎င်းသည် ကောင်းကျိုးအမှတ် ၁မှတ်က ရွှေပြား ၁ပြား၊ ငွေပြား ၅၀ပြားဖြင့် ညီမျှသည်ဟု ဆိုလို၏။ ထိုဈေးနှုန်းက အံ့ဖွယ်အဆင့်အိုင်တမ်တစ်ခုကို ဈေးကွက်တွင် ဝယ်ယူခြင်းထက် ပို၍ ဈေးကြီးနေသည်။ ဈေးကွက်တွင် အံ့ဖွယ်အဆင့်အိုင်တမ်တစ်ခုက ရွှေပြား ၁၀၀၀ ဝန်းကျင်ခန့်သာ တန်ဖိုးရှိ၏။
ကောင်းကျိုးအမှတ် ၆၀၀၀ကို ရွှေပြားအဖြစ် ပြောင်းလဲမည်ဆိုလျှင် ၎င်းက ရွှေပြား ၉၀၀၀ ရှိပေလိမ့်မည်။ ထိုဈေးနှုန်းက ဈေးကွက်မှ ဈေးနှုန်းထက် ၈ဆမှ ၉ဆခန့်ထိ မြင့်မား၏။ စနစ်က တစ်ကယ်ကို အကြင်နာမဲ့လှသည်။
သို့သော်လည်း ၎င်းက ရှီဖုန်းအတွက် ရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ သူက ကောင်းကျိုးအမှတ်တချို့ကို ရွှေပြားဖြင့် ပေးချေနိုင်မည်ဆိုလျှင် သူက ရွှေပြားဖြင့် ပေးချေလိမ့်မည်ဖြစ်သည်။
ထို့နောက် ရှီဖုန်းက သတ္တမအထင်ကရလက်စွပ်ကို လဲလှယ်ရန် ရွေးချယ်လိုက်သည်။
ကောင်းကျိုး ၈၀၀၀မှတ်၏ ၂၀ရာခိုင်နှုန်းသည် ၁၆၀၀မှတ် ဖြစ်ပြီး ၎င်းက ရွှေပြား ၂၄၀၀ ကျသင့်၏။
ဂိမ်း၏လက်ရှိအဆင့်တွင် သာမန်ကစားသမားများက ငွေပြားအနည်းငယ်ကိုသာ သုံးစွဲနိုင်ကြပြီး ငွေပြား ၂၀မှ ၃၀အထိ သုံးစွဲလျှင်တောင် အသုံးအဖြုန်းကြီးသည်ဟု မှတ်ယူကြသည်။ ရွှေပြားများအတွက်ကတော့ ရွှေပြားများ၏ပုံသဏ္ဍာန်ကိုတောင် မသိသေးသည့် သာမန်ကစားသမားများ ရှိသေး၏။
လက်ရှိအချိန်တွင် ရွှေပြားတစ်ပြားကို ခရက်ဒစ် ၁၁၀၀၀ ဖြင့် ရောင်းချနိုင်သည်။
ထိုစဉ် ရွှေပြား ၂၄၀၀က ခရက်ဒစ် ၂၅သန်းကျော် တန်ဖိုးရှိသည်။ ပထမတန်းစားအစည်းအရုံးတစ်ခုတောင် အံ့ဖွယ်အဆင့်အိုင်တမ်တစ်ခုရရန် ထိုကဲ့သို့ငွေအမြောက်အများ သုံးစွဲလိမ့်မည် မဟုတ်ချေ။
ရေနှင်းဆီက ဤအကြောင်းကို သိလျှင် သူမက ရှီဖုန်းကို လက်ညှိုးထိုး၍ “အသုံးအဖြုန်းကြီးသူ”ဟု ကျိန်းသေ ပြောပေလိမ့်မည်။
သို့သော်လည်း ရှီဖုန်းက ရွှေပြား ၂၄၀၀ကို ပေးချေရန် တုန့်ဆိုင်းခြင်းမရှိ ရွေးချယ်ခဲ့သည်။ လက်ရှိအချိန်တွင် သူ့ထံ၌ ရွှေပြား ၅၀၀၀ ရှိသည်။ သူက ထိုငွေများကို စတားမွန်းမြို့ကြီးတွင် ဆိုင်ခန်းဝယ်ရန် ယူခဲ့ခြင်းဖြစ်သည်။ ယခုတော့ ထိုအတွေးက မဖြစ်နိုင်တော့ချေ။
လဲလှယ်ပြီးနောက် ခရမ်းရွှေသလင်းကျောက်လက်စွပ်တစ်ကွင်းက ရှီဖုန်း၏လက်ထဲတွင် ပေါ်လာသည်။ လက်စွပ်ထဲတွင် အရောင်မတူသော ကျောက်မျက်၇ခုကို မြှုပ်သွင်းစီချယ်ထားပြီး လက်စွပ်တစ်ကွင်းလုံးက ခရမ်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ၎င်း၏အသွင်အပြင်က အလွန်တန်ဖိုးကြီးပြီး အလွန်စွဲမက်စရာကောင်းလှသည်။
………………………………….