ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 339
‘အဖြူရောင်မြစ်မြို့ကြီးမှာ ဘာဖြစ်နေတာလဲ… ‘
ရှီဖုန်းက တည်နေရာရွေ့ပြောင်းရေးခန်းမ၏ ဝင်ပေါက်၌ ပိတ်ဆို့ကာ လူစွာလုပ်နေသည့် လူအုပ်ကြီးကို ကြည်ပြီး စဉ်းစားလိုက်သည်။ သူတို့ကို ငါ့ကို မှတ်မိသွားတာလား။
သို့သော်လည်း လူအုပ်ကြီး၏ပစ်မှတ်က သူ မဟုတ်သင့်ကြောင်း နားလည်သွားပြီး ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။
လူအများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် ရှီဖုန်းက အနက်ရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ပြီးမှ အဖြူရောင်မြစ်မြို့ကြီးသို့ တည်နေရာရွေ့ပြောင်းခြင်းဖြင့် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ ရှိသည့်နေရာကို မည်သူ့ကိုမှ ပြောမပြထားပေ။
ဤနေရာက အဖြူရောင်မြစ်မြို့ကြီး၏ တည်နေရာရွေ့ပြောင်းရေးခန်းမ ဖြစ်သည်။ ဒီနေရာကို ပိတ်ဆို့ထားရတဲ့ အကြောင်းရင်းက ဘာလဲ။
အဖြူရောင်မြစ်မြို့ကြီး၏ အစောင့်အကြပ်များက အပေါ်ယံပြသထားခြင်းအတွက် မဟုတ်ပေ။
ထို့ကြောင့် ထိုအစည်းအရုံးများက တည်နေရာရွေ့ပြောင်းရေးခန်းမအား ပိတ်ဆို့ထားရသည့် အကြောင်းရင်း ကျိန်းသေ ရှိမည်ဖြစ်ကြောင်း ရှီဖုန်းက သေချာသိ၏။
‘စိတ်ဝင်စားစရာပဲ… အဲ့ဒီအစည်းအရုံးတွေက ဘယ်လိုအကြံဆိုးတွေ လုပ်နေတာလဲ သိချင်မိတယ်… ‘ ရှီဖုန်းက တည်နေရာရွေ့ပြောင်းရေးခန်း၏ ဝင်ပေါက်ဆီသို့ လျှောက်သွားရင်း မသိမသာ ပြုံးလိုက်သည်။
လက်ရှိတွင် ဇီးရိုးဝင်းက အလွန်အောင်မြင်ကျော်ကြားနေသည်။ များစွာသော အစည်းအရုံးများက သူတို့ကိုယ်သူတို့ ယုံကြည်မှု လျှော့နည်းလာသည်မှာ သာမန်သာ ဖြစ်၏။ ထို့ကြောင့် သူတို့က စတင်လှုပ်ရှားလာကြသည်မှာလည်း မဆန်းပေ။
ထိုအခိုက်အတန့်တွင် တည်နေရာရွေ့ပြောင်းရေးခန်း၏ဝင်ပေါက်၌ ဆူညံနေသည်။ များစွာသော အစည်းအရုံးများက စုစည်းနေကြ၏။ ထိုအထဲတွင် တတိယတန်းစားအစည်းအရုံးများ အများအပြား ပါသည်။ ကြယ်နက်နှင့်ကမ္ဘာလွှမ်းမိုးသူများ၏ အဖွဲ့ဝင်များတောင် ပါသည်။
“နင်တို့အစည်းအရုံးတွေက ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… ငါတို့က နင်တို့အစည်းအရုံးတွေကို ဝင်ဖို့ စိတ်မဝင်စားဘူးလို့ ပြောပြီးပြီမလား… “ အမျိုးသမီးကာကွယ်သူက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် အော်ပြောသည်။ ထိုအမျိုးသမီးက တောက်ပသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည့် အံ့မခန်းအလှပိုင်ရှင်လေးဖြစ်သည်။
“ကောင်မလေး… နင်က ငါတို့ကို သေချာနားမလည်သေးလို့ စိတ်မဝင်စားသေးတာ… ငါတို့နဲ့အတူ အချိန်ခဏလောက် ဖြုန်းပြီးရင် ငါတို့ရဲ့အတူ ပူးပေါင်းဖို့ စိတ်အားထက်သန်လာလိမ့်မယ်… “ အဆင့် ၁၈ အမျိုးသားလုပ်ကြံသတ်ဖြတ်သူတစ်ယောက် ရယ်မောလိုက်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူက ထူးခြားသံအဆင့် ချပ်ဝတ်တန်ဆာကို အပြည့်အစုံ ဝတ်ဆင်ထား၏။
အမျိုးသားလုပ်ကြံသတ်ဖြတ်သူ ပြောပြီးနောက် သူ့နောက်ရှိ ကစားသမားအများအပြားက တစ်ယောက်မှ မလွတ်သွားနိုင်စေရန် ဝင်ပေါက်တစ်ခုလုံးကို ပိတ်ဆို့မှုတင်းကြပ်လိုက်သည်။
“အဖြူရောင်မြစ်မြို့ကြီးမှာ ရှိတဲ့ အစည်းအရုံးတွေအားလုံးမှာ နင့်တို့လိုကောင်တွေပဲ ရှိတာလား… “ အမျိုးသမီးကာကွယ်သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ဟားဟားဟား… ငါတို့ကို နားလည်မှု မလွဲပါနဲ့… နင်တို့ကို ဒီမှာရှိတဲ့အစည်းအရုံးတွေထဲ ဝင်ဖို့ အတင်းဖိအားပေးနေတာ မဟုတ်ဘူး… ငါတို့ထဲကို မဝင်ချင်ရင် နင်က ဝန်ဆောင်ခအဖြစ် ငွေပြား ၅ပြားပဲ ပေးဖို့လိုတယ်… ငါတို့က ဒီနေရာကို အလကားလာတာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက အေးစက်စွာ ရယ်မောလိုက်သည်။
“နင်တို့အားလုံး အရမ်းလွန်သွားပြီ… “
ဒေါသတကြီးဖြင့် အမျိုးသမီးကာကွယ်သူက ဆေဘာဓားနှင့်ဒိုင်းကို ဆွဲထုတ်သည်။ သူမ၏ချပ်ဝတ်တန်ဆာများက သာမန်အဆင့်နှင့်ကြေးအဆင့်များသာ ဖြစ်သော်လည်း သူမက အဆင့် ၁၇သို့ ရောက်နေပြီဖြစ်သောကြောင့် သူမကို အထင်သေး၍ မရချေ။
လက်ရှိအချိန်တွင် ကစားသမားအများစုက အဆင့် ၁၃ ဤသာလျှင် ရှိသေး၏။ သာမန်ကစားသမားများထဲမှ အနည်းငယ်က အဆင့် ၁၄သို့ ရောက်ရှိနေကာ အဆင့် ၁၅သို့ ရောက်နေသူများသည် ဝါရင့်ကစားသမားများ ဖြစ်၏။ အဆင့် ၁၆နှင့်အထက် ကစားသမားများကတော့ အစည်းအရုံးများ၏ လက်ရွေးစင်ကစားသမားများ ဖြစ်သည်။
အဆင့် ၁၇သို့ ရောက်နေခြင်းက အမျိုးသမီးကာကွယ်သူ၏ ထူးချွန်သော အရည်အချင်းကို ပြသနေသည်။
“ဘာလဲ… နင်က ငါ့ကို စိန်ခေါ်နေတာလား… လာစမ်း… ငါ့ကို လာချ… ငါ ငြိမ်ခံပေးမယ်… မင်းမှာ အစွမ်းရှိရင် လာချ… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက မောက်မောက်မာမာဖြင့် ရယ်မောလိုက်ပြန်သည်။ သူက အမျိုးသမီးကာကွယ်သူ၏ဆေဘာဓားကို ကြည့်ပြီး အနားသို့တောင် တိုးကပ်လိုက်သည်။
“အရှက်မရှိတဲ့ကောင်… “
အမျိုးသမီးကာကွယ်သူက ဒေါသထွက်နေသော်လည်း သူမက မတိုက်ခိုက်ပေ။ သူတို့က အဖြူရောင်မြစ်မြို့ကြီးထဲသို့ ရောက်နေသည်။ သူမက အရင်စတိုက်လျှင် အစောင့်များက သူမကို ဖမ်းပေလိမ့်မည်။ မဟုတ်လျှင် သူမကို သတ်ပစ်ပေလိမ့်မည်။ သို့သော်လည်း ဝင်ပေါက်တွင် ကစားသမားအမြောက်အများ ပိတ်ဆို့ထားခြင်းကြောင့် အဆောက်အဦးထဲမှ ထွက်ရန် လမ်းမရှိပေ။
သို့သော်လည်း သူမက ထိုကောင်စုတ်များကို ငွေပေးရန် ဆန္ဒမရှိပေ။
အဖြူရောင်မြစ်မြို့ကြီးသို့ လာရန် သူတို့က ငွေအမြောက်အများ သုံးစွဲခဲ့ရသည်။ ယခု ထိုအစည်းအရုံးများက ဖြတ်သန်းသွားလာခအဖြစ် တစ်ယောက်လျှင် ငွေပြား ၅ပြား တောင်းနေသည်။ ထိုပမာဏက သာမန်ကစားသမားတစ်ယောက်အတွက် ပိုင်ဆိုင်မှုအားလုံး ဖြစ်သည်။
“ချိုးလေး… သူတို့က နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး… “ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်သည့် အမျိုးသားစစ်သည်တော်က အမျိုးသမီးကာကွယ်သူကို နောက်သို့ ဆွဲပြီး ပြောလိုက်သည်။
“အစ်ကိုကြီးအရိပ်ဓား… သူတို့က အရမ်းလွန်နေပြီ… သူတို့ကို သင်ခန်းစာ ပေးရမယ်… အလွန်ဆုံးဖြစ်ရင်တောင် အစောင့်တွေက ကျွန်မကို အကျဉ်းချရုံပေါ့… “ ချိုးလေးဟု ခေါ်သည့် အမျိုးသမီးကာကွယ်သူက သေခြင်းတရားကို မကြောက်သည့် အမူအရာဖြင့် ဇွတ်တင်းခံသည်။
“နင်က တိုက်ခိုက်ရင်တောင် လက်ရှိပြဿနာကို မဖြေရှင်းနိုင်ဘူး… ငါတို့က အခုမှ အဖြူရောင်မြစ်မြို့ကြီးကို ရောက်တာ… ငါတို့မှာ ဘာဂုဏ်သတင်းအမှတ်မှ မပိုင်ဆိုင်ထားဘူး… ဒါပေမယ့် သူတို့ကတော့ မတူဘူး… သူတို့က အဖြူရောင်မြစ်မြို့ကြီးရဲ့ ဂုဏ်သတင်းအမှတ်ကို အတော်အသင့် ပိုင်ဆိုင်နေလောက်ပြီ… သူတို့က နိုဘယ်မဖြစ်သေးရင်တောင် သူတို့က အဖြူရောင်မြစ်မြို့ရဲ့ မြို့သားဖြစ်လောက်ပြီ… ငါတို့က သူတို့ကို တိုက်ခိုက်ရင် သူတို့က ဘာအကျိုးဆက်မှ မခံစားရဘဲ ပြန်တိုက်ခိုက်နိုင်တယ်… “ အရိပ်ဓား အမည်ရှိ စစ်သည်တော်က သတိပေးသည်။
“အိုး… ကြည့်ရတာ မင်းက ဗဟုသုတနည်းနည်းတော့ ရှိသားပဲ… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက လှောင်လိုက်သည်။
“မှန်တယ်… ငါတို့က အဖြူရောင်မြစ်မြို့ကြီးရဲ့ မြို့သားဖြစ်ဖို့ လုံလောက်တဲ့ ဂုဏ်သတင်းအမှတ်တွေကို ပိုင်ဆိုင်ထားပြီးပြီ… ငါတို့ထဲက တချို့ဆိုရင် ပထမတန်းစား မြို့သားတွေတောင် ဖြစ်နေပြီ… နိုဘယ်ဖြစ်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်… ပထမတန်းစားမြို့သားက ဘယ်လိုအဆင့်အတန်းလဲဆိုတာ သိတယ်မလား… “
နတ်ဘုရားနယ်မြေ၌ မည်သည့်မြို့ကြီးတွင်မဆို မြို့သားများက အထူးအရေးပေး ဆက်ဆံခံရသည်။ မြို့ကြီးထဲတွင် ကစားသမားများအချင်းချင်း တိုက်ခိုက်ကြလျှင် ထိခိုက်ပျက်စီးမှု မရှိသရွေ့ မြို့အစောင့်များက အရေးလုပ်မည် မဟုတ်ချေ။ မြို့သားမဟုတ်သည့် ကစားသမားတစ်ယောက်က ပထမတန်းစားမြို့သားကို တိုက်ခိုက်လျှင် ပြစ်ဒဏ်က နှစ်ဆ ခံရ၏။
ချိုးလေးက အဖြူရောင်မြစ်မြို့ကြီး၏ ပထမတန်းစားမြို့သားကို တိုက်ခိုက်ရဲလျှင် ပြင်းထန်သော အပြစ်ဒဏ်က သူမကို စောင့်ကြိုနေပေလိမ့်မည်။ ပထမတန်းစားမြို့သားက သူမကို သတ်လိုက်လျှင်တောင် သူမက ပြန်ရှင်သည့်အခါ ထောင်ထဲတွင် ပြန်ရှင်ပြီး ငွေကြေးပမာဏတစ်ခုလည်း ပေးသွင်းရလိမ့်မည်။ သူမက မပေးနိုင်လျှင် ထိုပေးချေမှုအတွက် သူမ၏အိုင်တမ်များကို ပေါင်နှံရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ချိုးလေးက နားလည်သွား၏။ သူမက အလျင်စလို မလှုပ်ရှားမိသည့်အတွက် စိတ်သက်သာရာ ရသွား၏။ မဟုတ်လျှင် သူမက ထိုအကောင်စုတ်များ၏လက်ထဲ၌ ကစားခံရပေလိမ့်မည်။
“နင်တို့က မလှုပ်ရှားဘဲနေလို့ ဒီကနေ ထွက်သွားနိုင်မယ်ထင်နေတာလား… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက အထင်သေးသည့် အကြည့်ဖြင့် ချိုးလေးကို ကြည့်ပြီး ရယ်မောလိုက်သည်။
“ပထမတန်းစားမြို့သားတွေက စပြီး တိုက်ခိုက်မယ်ဆိုရင် နင် ဘယ်လို တုန့်ပြန်မလဲ ငါ အရမ်းသိချင်တာပဲ… “
“အရှက်မရှိတဲ့ကောင်… “ ချိုးလေးက ထိုအစည်းအရုံးအဖွဲ့ဝင်များ လုပ်ရန် ကြိုးစားနေသည့်အရာကို နားလည်သွား၏။
ရုတ်တရက် သူမက အေးစက်သည့် လေသံဖြင့် ပြောသည်… “ငါတို့က ဇီးရိုးဝင်းကို ဝင်ဖို့ အဖြူရောင်မြစ်မြို့ကြီးကို လာတာ… ဇီးရိုးဝင်းက လက်တုန့်ပြန်မှာကို နင်တို့ မကြောက်ဘူးလား… “
“ဇီးရိုးဝင်းလား… ဘာဖြစ်လဲ… ဒီအဖေက ကြယ်နက်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ… ဇီးရိုးဝင်းက အရမ်းကောင်းတဲ့ အလားအလာ ရှိရင်တောင် အခုအချိန်မှာ ကြယ်နက်ကို မယှဉ်နိုင်သေးဘူး… ဇီးရိုးဝင်းက ကောင်တွေက ငါတို့ကို တိုက်ရိုက် မတိုက်ခိုက်ရဲဘူး… “
“ပြီးတော့ ဒီနေရာမှာ တခြားအစည်းအရုံးတွေလည်း ရှိနေတာ သတိမပြုမိဘူးလား… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည်။
“နင်တို့အားလုံး အရူးတွေပဲ… ဇီးရိုးဝင်းလို အစည်းအရုံးအသစ်တစ်ခုက အဖြူရောင်မြစ်မြို့ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ် ထင်နေတာလား… “
“ကြယ်နက်အစည်းအရုံးတစ်ခုတည်းနဲ့တင် ဇီးရိုးဝင်ကို ကြောက်ချေးပါအောင် လုပ်နိုင်တယ်… အခု ဒီနေရာမှာ တတိယတန်းစားအစည်းအရုံး ၇ခုနဲ့ အဆင့်မသတ်နိုင်သေးတဲ့ အစည်းအရုံး ၁၀ခုကျော်ပါတယ်… အဖွဲ့ဝင်စုစုပေါင်းက ၃၀၀၀ကျော်တယ်… ဇီးရိုးဝင်းက သတ္တိရှိရင်တောင် ငါတို့အားလုံးကို ရင်ဆိုင်ရဲမယ်ထင်လား… “
“ဇီးရိုးဝင်းက ငါတို့အားလုံးနဲ့ ရန်သူဖြစ်ရဲမယ် ထင်နေတလား… “
ချိုးလေး၏တည်ငြိမ်မှုက အမျိုးသားလုပ်ကြံသတ်ဖြတ်သူ၏စကားကြောင့် ယိမ်းယိုင်သွား၏။
ဇီးရိုးဝင်းက အစည်းအရုံးအသစ်တစ်ခုဖြစ်သည်။ ထို့အပြင် အဖြူရောင်မြစ်မြို့ကြီး၌ ကစားသမားဦးရေး ၁သန်းကျော် ရှိသော်လည်း ထိုကစားသမားများထဲမှ အစိတ်အပိုင်းတစ်ခုက ထိပ်သီးအစည်းအရုံး ၆ခု၏အဖွဲ့ဝင်များဖြစ်သည်။ အများစုကတော့ အဆင့်မသတ်မှတ်နိုင်သေးသည့် အစည်းအရုံးများမှ ဖြစ်သည်။ ထိုအစည်းအရုံးများက အဖွဲ့ဝင် ၃ထောင်မှ ၅ထောင်အထိသာ ပိုင်ဆိုင်ထားသော်လည်း အဖြူရောင်ဖြစ်မြို့ကြီးတွင် ထိုကဲ့သို့အစည်းအရုံးများ အများအပြား ရှိ၏။ သူတို့၏အဖွဲ့ဝင်များကို ပေါင်းလိုက်လျှင် စုစုပေါင်းအင်အားက ထိပ်သီးအစည်းအရုံး ၆ခုထက် အပြတ်အသတ် သာလွန်သွားပေလိမ့်မည်။
ထိုအစည်းအရုံးများက တစ်ဦးနှင့်တစ်ဦး မဟာမိတ်ပြုမည်ဆိုလျှင် ထိပ်သီးအစည်းအရုံး ၆ခုတောင် ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
ထိုအစည်းအရုံးများ အတူတစ်ကွ အလုပ်လုပ်မည်ဆိုလျှင် ဇီးရိုးဝင်းက သူတို့ကို ဆန့်ကျင်ရဲပါ့မလား။
ထိုအချက်ကို တွေးမိပြီး ချိုးလေးက စတင်စိုးရိမ်လာသည်။
“ချိုးလေး… ငါ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ဒီကိစ္စထဲမှာ နင့်ကို ဝင်ပါစေမိပြီ… ငါ သူတို့ကို ထိန်းပေးထားမယ်… နင်က ဒါကို အခွင့်အရေးယူပြီး ထွက်ပြေးပါ… နင် ဒီတည်နေရာရွေ့ပြောင်းရေးခန်းမထဲကနေ ထွက်နိုင်တာနဲ့ သူတို့က နင့်ကို ဘာမှမလုပ်နိုင်တော့ဘူး… “ အရိပ်ဓားက ချိုးလေးကို တိုးတိုးလေး ပြောလိုက်သည်။
“မသွားဘူး… အလွန်ဆုံးဖြစ်တော့လည်း ဘာဖြစ်လဲ… အတူတူ သေရုံပေါ့… အဆင့်တချို့နဲ့ ချပ်ဝတ်တန်ဆာနည်းနည်းလောက် ဆုံးရှုံးသွားရုံပဲ… ဒီလိုဆုံးရှုံးမှုမျိုး ခံစားဖူးတာ ပထမဆုံးအကြိမ် မဟုတ်ဘူး… “ ချိုးလေးက ခေါင်းခါပြီး လက်ထဲရှိ ဆေဘာဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ငါ မင်းရဲ့သတ္တိကိုတော့ လေးစားတယ်… မင်းတို့တွေ အချိန်မှားပြီး လာတာက ကံဆိုးတာပဲ… ညီအစ်ကိုတို့ သွား… ငါတို့ရဲ့စိတ်အားထက်သန်မှုကို ပြလိုက်ကြ… “ အမျိုးသားလုပ်ကြံသတ်ဖြတ်သူက လှောင်ပြုံး ပြုံးပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်သည်။ ထို့နောက် သူက လက်ကို ဝေ့ရမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပထမတန်းစားမြို့သားအဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် ကစားသမား ၃ယောက်က စတင်လှုပ်ရှားသည်။
သို့သော်လည်း ထိုကစားသမား ၃ယောက် အရိပ်ဓားနှင့်ချိုးလေး၏ရှေ့သို့ မရောက်ခင် အနက်ရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး သူတို့၏လမ်းကို ပိတ်လိုက်သည်။
ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရှီဖုန်းဖြစ်သည်။
“အားလုံးရဲ့ရန်သူဖြစ်အောင် လုပ်တယ်…. ဟုတ်လား… “
“ဒီလိုအရှက်မရှိတဲ့စကား… ကြယ်နက်က ကိုယ့်လျှာကို ပြန်ကိုက်မိမှာ မကြောက်ဘူးလား… “
“ကြယ်နက်က အဖြူရောင်မြစ်မြို့ကြီးရဲ့ အရှင်သခင်လို့များ တစ်ကယ် ထင်နေတာလား… “