ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 343
အဖြူရောင်မြစ်မြို့ကြီး၏ ကစားသမားများက ကြေညာချက်ကို ကြားသောအခါ စိတ်လှုပ်ရှားလာကြသည်။
သားရဲများက မြို့ကြီးတစ်ခုအား တိုက်ခိုက်ခြင်းသည် အလွန် ရှား၏။ ထို့အပြင် သူတို့က ဆုလဒ်များ ရနိုင်ပြီး ကျွမ်းကျင်သူများ၏တိုက်ပွဲကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ထိုအကြောင်းရင်းများနှင့်တင် ကစားသမားများကို တိုက်ပွဲအတွင်း ပါဝင်လာစေရန် လုံလောက်သည်။
“မြို့တံခါးဆီ သွားကြည့်ရအောင်… အစောင့်တွေက သားရဲတွေအားလုံးကို ရှင်းပစ်လိုက်ရင် ငါတို့က ဘာဆုလဒ်မှ ရတော့မှာ မဟုတ်ဘူး… “
“သားရဲတစ်ကောင်က တည်နေရာရွေ့ပြောင်းရေးခန်းမမှာ ပေါ်တာတယ်ကြားတယ်… သူတို့က မသတ်နိုင်သေးဖို့ မျှော်လင့်ရတာပဲ… “
“တည်နေရာရွေ့ပြောင်းရေးခန်းမကို အမြန်သွားရအောင်… “
ချက်ချင်းဆိုသလိုပင် ဘားများနှင့် ဟိုတယ်ထဲတွင် ရှိနေသော ကစားသမားများက အဖြူရောင်မြစ်မြို့ကြီး၏ဂိတ်ပေါက်နှင့် အနီးရှိ တည်နေရာရွေ့ပြောင်းရေးခန်းဆီသို့ ပြေးသွားကြသည်။
…………………………….
ထိုအချိန်တွင် တည်နေရာရွေ့ပြောင်းရေးခန်းမထဲ၌ တိတ်ဆိတ်နေသည်။ ရုတ်တရက် ပေါ်လာသည့် သံမဏိရုပ်ထုကြီးက အားလုံး၏ ဆွဲဆောင်စိုက်ရာ ဖြစ်နေသည်။
ယန္တရားသတ်ဖြတ်သူ (မြူးတန့်၊ မဟာအရှင်သခင်အဆင့်)
အဆင့် ၅၀
HP 40,000,000/40,000,000
၎င်းကို ရှီဖုန်း ပထမဆုံးအကြိမ် မြင်ချိန်ကနှင့်ယှဉ်လျှင် ယန္တရားသတ်ဖြတ်သူ၏HPက အကြီးအကျယ် ပြောင်းလဲသွား၏။ ၎င်း၏ ၄၀,၀၀၀,၀၀၀HPက ခန်းမထဲရှိ ကစားသမားများကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။
ထို့အပြင် ယန္တရားသတ်ဖြတ်သူက ကစားသမားတစ်ရာကျော်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းက အလွန်ကြောက်လန့်သွားကြ၏။
သို့သော်လည်း အားလုံးကို အံ့အားသင့်စေသည့်အချက်ကား ယန္တရားသတ်ဖြတ်သူ၏အကြည့်က ဘလက်ဖလိမ်းအပေါ်တွင်သာ ရှိနေခြင်းဖြစ်သည်။
“နောက်ဆုံးတော့ မင်းကို တွေ့ပြီ” ဆိုသည့် ယန္တရားသတ်ဖြတ်သူ၏စကားက ဘလက်ဖလိမ်းကို ရည်ညွှန်းကြောင်း သိသာလွန်းလှသည်။
‘ဒီလိုစွမ်းအားကောင်းတဲ့ သားရဲကြီးက ဘလက်ဖလိမ်းကို ဘာလို့ ရှာနေတာလဲ… ‘ ထိုမေးခွန်းက အားလုံး၏စိတ်ထဲတွင် ပေါ်လာသည်။
“ဘာလို့ အဆင့် ၅၀ မဟာအရှင်သခင်အဆင့်က ဒီနေရာမှာ ပေါ်လာရတာလဲ… “ တစ်ကိုယ်တော်အာဏာရှင်က ရုတ်တရက် ပေါ်လာသည့် ယန္တရားသတ်ဖြတ်သူကို ကြည့်ပြီး အလွန်အံ့အားသင့်သွား၏။ တစ်ကိုယ်တော်အာဏာရှင်က မဟာအရှင်သခင်အဆင့်မြူးတန့်ကို ပထမဦးဆုံးအကြိမ် မြင်ဖူး၊ကြားဖူးခြင်းဖြစ်သည်။
အဖြူရောင်မြစ်မြို့ကြီးထဲတွင် ရာချီသော အဆင့် ၁၅၀ အစောင့်များနှင့် အဆင့် ၁၅၀ အလွှာ ၂ အစောင့်ခေါင်းဆောင်များ ရှိ၏။ ယန္တရားသတ်ဖြတ်သူက အဆင့် ၅၀ မဟာအရှင်သခင်အဆင့် သားရဲဖြစ်ပြီး ထိုNPCများရှေ့တွင် တိုက်ခိုက်ရန် အခွင့်အရေးတောင် မရှိချေ။ သို့သော်လည်း ယန္တရားသတ်ဖြတ်သူက ဤနေရာသို့ တစ်ကယ် လာရဲသည်။ ထိုကဲ့သို့အခြေအနေက မယုံကြည်နိုင်စရာ ကောင်းလှသည်။
သို့သော်လည်း ပို၍အံ့အားသင့်စရာကောင်းသည့် အချက်ကား ယန္တရားသတ်ဖြတ်သူ၏ အပြုအမူဖြစ်သည်။ ၎င်း၏လေသံက သားရဲတစ်ကောင်နှင့် မတူချေ။ တစ်ကိုယ်တော်အာဏာရှင်၏အမြင်အရ ယန္တရားသတ်ဖြတ်သူက သားရဲတစ်ကောင်ထက် ပို၍ မောက်မာသည့်ဟန် ရှိသည်။ ထိုအကြောင်းရင်းများက ဤမဟာအရှင်သခင်အဆင့် မြူးတန့်သည် ပုံမှန် မဟာအရှင်သခင်အဆင့် သားရဲများထက် ပို၍အစွမ်းထက်ကြောင်း ပြသနေသည်။
“ခေါင်းဆောင်တစ်ကိုယ်တော်အာဏာရှင်… ကျွန်တော်တို့ ဒီသားရဲကို ဘာလုပ်သင့်လဲ… “
“ကျွန်တော်တို့ ထွက်ပြေးသင့်လား… “
ကြယ်နက်၏အဖွဲ့ဝင်များက ယန္တရားသတ်ဖြတ်သူ၏အဆင့်နှင့် ကြောက်မက်ဖွယ်အကြောင်းကို တွေးမိသောအခါ သူတို့၏စိတ်က ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။
“ထွက်ပြေးဖို့လား.. “ တစ်ကိုယ်တော်အာဏာရှင်က လှောင်ပြုံး ပြုံးသည်။
“ဒီလိုမျိုး နတ်ဘုရားကပေးတဲ့ အခွင့်အရေးတစ်ခု ရှိနေတာကို ငါတို့က ဘာလို့ ပြေးရမှာလဲ… “
“အခု သားရဲက ထွက်ပေါက်ကို ပိတ်ထားတယ်… ဘလက်ဖလိမ်းက သူ့ရဲ့ပစ်မှတ်ပဲ… အဲ့ဒီသားရဲထက်ပိုပြီး ထွက်ပေါက်ကို ပိတ်နိုင်တာ ဘယ်သူရှိလို့လဲ… အရင်ဆုံး ငါတို့က ဘလက်ဖလိမ်းကို ရှင်းပစ်မယ်… ပြီးရင် အဲ့ဒီသားရဲနဲ့ ရင်ဆိုင်မယ်… “
“အားလုံး… တိုက်ကြ… ဘလက်ဖလိမ်းကို အလွတ်မပေးနဲ့… “
တစ်ကိုယ်တော်အာဏာရှင်က အမိန့်ပေးလိုက်သောအခါ ကြယ်နက်၏အဖွဲ့ဝင်များက မလိုက်နာဘဲ မနေရဲပေ။ သူတို့က ရှီဖုန်းထံသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းတွင် တစ်ကိုယ်တော်အာဏာရှင်က နောက်ထပ်လူလွှတ်ရန် အစည်းအရုံးချန်နယ်မှ အမိန့်ပေးလိုက်သည်။
ဘလက်ဖလိမ်းဖြစ်စေ၊ ယန္တရားသတ်ဖြတ်သူဖြစ်စေ နှစ်ယောက်စလုံးကို သတ်ဖြတ်ရပေမည်။ အထူးသဖြင့် ယန္တရားသတ်ဖြတ်သူဖြစ်သည်။ ၎င်းက မဟာအရှင်သခင်အဆင့် ဖြစ်သည့်အပြင် အသိဉာဏ်ကလည်း သာမန် မဟာအရှင်သခင်အဆင့် သားရဲများထက် အပြတ်အသတ် သာလွန်သည်။ ထို့အပြင် ၎င်းက အလွန်အစွမ်းထက်၏။ ၎င်းကိုသာ သတ်နိုင်မည်ဆိုလျှင်…
ကြယ်နက်၏အဖွဲ့ဝင်များက ရှီဖုန်းထံသို့ ပြေးဝင်သွားကြသည်ကို တခြားအစည်းအရုံးမှ ကစားသမားများက မြင်သောအခါ သူတို့က သက်ဆိုင်ရာအစည်းအရုံးများကို ဆက်သွယ်၍ လူလွှတ်ပေးရန် တောင်းဆိုကြသည်။ သူတို့သည်လည်း ဤအခွင့်အရေးကြီးကို လက်လွှတ်မခံနိုင်ပေ။ ဘလက်ဖလိမ်း၏အသက်နှင့်ယှဉ်လျှင် သူတို့က ယန္တရားသတ်ဖြတ်သူကို ပို၍ သတ်ချင်ကြသည်။
“ပြီးပြီပဲ… ရှေ့မှာ ကျား၊ နောက်မှာ ဝံပုလွေ… အစောကြီးကတည်းက ထွက်ပြေးသင့်တယ်လို့ သူ့ကို ငါပြောပါတယ်… အခုတော့ အရမ်းနောက်ကျသွားပြီ… “ ချိုးလေးက ရှီဖုန်း၏ဘေးဝတ်ဝန်းကျင်ရှိ ရန်သူများကို မြင်သောအခါ ထိတ်လန့်သွား၏။ ယန္တရားသတ်ဖြတ်သူကလည်း ထွက်ပေါက်ကို ပိတ်ဆို့ထားသည်။
ထို့နောက် သူမက အကြံပေးသည်… “ငါတို့ ဘာလို့ သူ့ကို အခု သွားမကူညီတာလဲ… “
“ခဏနေဦး… “
အရိပ်ဓားက ချိုးလေးကို ဆွဲထားလိုက်ပြီး ချိုသာစွာ ပြောသည်… “အစည်းအရုံးခေါင်းဆောင်ဘလက်ဖလိမ်းရဲ့ စကားကို နားထောင်ပြီး ထွက်ပြေးဖို့ နည်းလမ်း စဉ်းစားရအောင်… “
“အစ်ကိုကြီးအရိပ်ဓား… အခြေအနေက ပြောင်းလဲသွားပြီ… ငါတို့ သူ့ကို မကူညီရင် သူ သေလိမ့်မယ်… “ ချိုးလေးက ပြောသည်။
“ငါတို့က ကူညီရင်တောင် ဘာလုပ်ပေးနိုင်မှာ မို့လို့လဲ… “ အရိပ်ဓားက ခေါင်းခါလိုက်သည်။
သူက ရှီဖုန်းကို ကူညီချင်သော်လည်း သူ၏စိတ်ထဲတွင် မှောင်မိုက်သောခံစားချက်တစ်ခု ရနေသည်။ သူ ဤနေရာတွင် ဆက်နေလျှင် ရှီဖုန်းကဲ့သို့ အခြေအနေနှင့် အဆုံးသတ်ရမည်ဟု ထိုခံစားချက်က သူ့ကို ပြောနေသည်။
“ဘာမှမလုပ်တာထက်စာရင် ဒါက ပိုကောင်းတယ်… “ အရိပ်ဓား၏စကားကို လျစ်လျူရှုပြီး ချိုးလေးက ကစားသမားအုပ်စုကြီးဆီသို့ ပြေးဝင်သွားသည်။
သို့သော်လည်း ချိုးလေးက ဝေးဝေး မသွားနိုင်ခင်မှာပင် မယုံကြည်နိုင်သည့် ကိစ္စတစ်ခု ဖြစ်ပျက်သွား၏။
ဧရာမပုံရိပ်ကြီးက ရှီဖုန်း၏အပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ ထိုပုံရိပ်က ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျပြီး ကျောက်ကြမ်းပြင်ကို အလွယ်တကူ ကွဲကြေသွားစေကာ တည်နေရာရွေ့ပြောင်းရေးခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
ရှီဖုန်းထံသို့ ပြေးဝင်သွားသည့် ကစားသမား ၁၀၀ကျော်က ထိုပုံရိပ်၏ ကျဆင်းမှုအောက်တွင် ချက်ချင်း သေဆုံးသွား၏။
ခုခံမှုဓားသွားကို အသက်သွင်းထားသည့် ရှီဖုန်းတစ်ယောက်သာလျှင် မတ်တပ်ရပ်လျှက် ကျန်ရစ်၏။
“မင်း နောက်ဆုံးတော့ လှုပ်ရှားပြီ… မင်းကို အချိန်အကြာပြီးစောင့်လိုက်ရတယ်… “ ရှီဖုန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထိုအချိန်တွင် သူ၏HPက ၅၀%နီးပါးသာ ကျန်တော့၏။ သူက ကစားသမားအုပ်စုကြီးနှင့် ဆက်၍ တိုက်ပွဲဖြစ်မည်ဆိုလျှင် အနှေးနှင့်အမြန် သူက ထွက်ပြေးရပေလိမ့်မည်။ သို့သော်လည်း ယန္တရားသတ်ဖြတ်သူက သူ့ကို စတင်တိုက်ခိုက်လာသောကြောင့် အခြေအနေက အလွန်ကွာခြားသွား၏။
“ပုရွက်ဆိတ်လေး… မင်းက တော်တော်ကြိုးစားတာပဲ… ဒါပေမယ့် ငါ့ရဲ့ရှေ့မှာဆိုရင် မင်းအတွက် သေခြင်းတရားပဲ ရှိတယ်… “ ယန္တရားသတ်ဖြတ်သူက လွှသွားပုံဓားကြီးကို မြှောက်၍ ရှီဖုန်းထံသို့ ခုတ်ချလိုက်သည်။
များပြားလှသော လေဓားသွားများက ရှီဖုန်းထံသိ့ ပြေးဝင်သွား၏။
“အပြည့်စုံဆုံးပဲ… “
များပြားလှသော လေဓားသွားများကို ရင်ဆိုင်ရသောအခါ ရှီဖုန်းက ပို၍ ပြုံးလိုက်သည်။ သူက တိတ်ဆိတ်ခြေလှမ်းကို အသုံးပြု၍ လေဓားသွားများကို အလွယ်တကူ ရှောင်ပြီး အစည်းအရုံးအမျိုးမျိုးမှ ကုသသူများနောက်တွင် ပေါ်လာသည်။
ရှီဖုန်းက ယန္တရားသတ်ဖြတ်သူ၏တိုက်ခိုက်မှုကို ရှောင်နိုင်သော်လည်း ရှီဖုန်းကိုသာ အာရုံစိုက်ထားသည့် ကြယ်နက်၏လက်ရွေးစင်များကတော့ ကံမကောင်းပေ။
များပြားလှသည့် လေဓားသွားများအောက်တွင် ထိုလက်ရွေးစင်ကစားသမားများက တို့ဟူးကဲ့သို့ ဖြစ်သွား၏။
တဒင်္ဂအချိန်အတွင်း လက်ရွေးစင်ကစားသမား ၁၀၀ကျော် သေဆုံးသွားသည်။
သို့သော်လည်း တိုက်ပွဲက မပြီးသေးချေ။ တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်သောအခါ ယန္တရားသတ်ဖြတ်သူက ရှီဖုန်းထံသို့ နောက်ထပ်ဓားချက် ပစ်သွင်းလိုက်သည်။
ရှီဖုန်းက လေအရှိန်အဝါကို အလောတကြီး အသက်သွင်း၍ လေလမ်းလျှောက်ခြင်းနှင့် တွဲဖက်သုံးလိုက်ရာ သူ၏အမြန်နှုန်းက တဟုန်ထိုးမြင့်မားသွား၏။ ထို့နောက် ရှီဖုန်းက ရုတ်ချည်း ခုန်လိုက်၏။ သူက ဒုတိယအသုတ် လေဓားသွားများကို လွတ်ရုံမျှဖြင့် ရှောင်တိမ်းလိုက်နိုင်သည်။
ထို့နောက်တွင် အစည်းအရုံးအမျိုးမျိုးမှ ကုသသူများနှင့်မှော်ပညာရှင်များအားက ကပ်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ရသည်။
“သေစမ်း… ဘလက်ဖလိမ်းက ယန္တရားသတ်ဖြတ်သူရဲ့ စွမ်းအားကို အသုံးပြုပြီး ငါတို့ကို ရင်ဆိုင်နေတာပဲ… အားလုံး… သူနဲ့ ဝေးဝေးနေကြ… “
နောက်ဆုံးတွင် အားလုံးက နားလည်သွားကြ၏။
ရှီဖုန်းက ယန္တရားသတ်ဖြတ်သူ၏တိုက်ခိုက်မှုများကို ရှောင်နေသည့်ဟန် ရှိသော်လည်း အမှန်တစ်ကယ်တွင် သူက သူတို့နှင့် ရင်ဆိုင်ရန် ယန္တရားသတ်ဖြတ်သူ၏ ဧရိယာကျယ်သော တိုက်ခိုက်မှုများ အသုံးပြုနေခြင်းဖြစ်သည်။
စက္ကန့်အနည်းငယ်အတွင်း တည်နေရာရွေ့ပြောင်းရေးခန်းမအတွင်းရှိ အစည်းအရုံးများက လက်ရွေးစင် ၈၀%ကျော် ဆုံးရှုံးသွား၏။ ကြယ်နက်အစည်းအရုံး၏ အသစ်ရောက်လာသော လက်ရွေးစင်အဖွဲ့က ကစားသမားတစ်ဝက်ကျော် သေဆုံးသွားသည်။
သူတို့က ရှီဖုန်းကို သည်အတိုင်း လွှတ်ထားလိုက်လျှင် သူတို့က အချိန်အနည်းငယ်အတွင်း အပြတ်ရှင်းခံရပေလိမ့်မည်။
“ဘလက်ဖလိမ်း… “
လက်အောက်ငယ်သားများ သေဆုံးနေသည်ကို မြင်နေရသည့် တစ်ကိုယ်တော်အာဏာရှင်က သွားကို ကြေမွသွားနိုင်သည့်အထိ အံ့ကြိတ်လိုက်သည်။
“နည်းလမ်း ပြောင်းမယ်… အဝေးပစ်သမားတွေက ဘလက်ဖလိမ်းရဲ့ ရွေ့လျားမှုကို ချုပ်နှောင်ကန့်သတ်ကြ… “ တစ်ကိုယ်တော်အာဏာရှင်က အမိန့်သစ်တစ်ခုကို ချက်ချင်း ထုတ်ပြန်သည်။
“မင်းက အခုမှ သတိပြုမိတာလား… “ ရှီဖုန်းက ပြုံးလိုက်သည်။
“ကံဆိုးတာပဲ… မင်း အရမ်းနောက်ကျသွားပြီ… သွေးလွှမ်းပွဲတော် ကျင်းပဖို့ မင်းကို အိမ်ရှင်ဖြစ်အောင် ကူညီပေးတာပါ… “
တစ်ကိုယ်တော်အာဏာရှင်နှင့် တခြားသူများက ယန္တရားသတ်ဖြတ်သူ၏ မုန်းတီးမှုကို ရှီဖုန်းထံမှ လက်လွှဲယူပြီး ရှီဖုန်းကို ထွက်ပြေးစေရန် ဖိအားပေးမည်ဟု တွေးထားကြသည်။ သို့သော်လည်း ယန္တရားသတ်ဖြတ်သူက ရှီဖုန်းကိုသာ အာရုံစိုက်ထားပြီး တစ်ကိုယ်တော်အာဏာရှင်နှင့်တခြားသူများက အကြံအစည်ကို အကောင်အထည်ဖော်တာတောင် အကြံအစည်က မအောင်မြင်ပေ။
ရှီဖုန်းက ယန္တရားသတ်ဖြတ်သူ၏ထိန်းချုပ်မှုကို လက်ဦးမှု ရယူပြီးဖြစ်သည်။
ထို့ကြောင့် ရှီဖုန်း မသေသေးသရွေ့ သူက ယန္တရားသတ်ဖြတ်သူ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နေပေလိမ့်မည်။
ကံကောင်းစွာဖြင့် အသက်ရှင်နိုင်စွမ်းတွင် အဖြူရောင်မြစ်မြို့ကြီး၌ မည်သူကမှ ရှီဖုန်းကို မမီကြပေ။