ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 361
“ခုနှစ်စင်ကြယ်ရဲ့ လှုပ်ရှားမှုတွေက တစ်ကယ်မြန်တာပဲ… အခုမှ ရက်အနည်းငယ်ပဲ ရှိသေးတယ်… သူတို့က ကျောင်းသားအများကြီးကို ခေါ်ယူပြီးသွားပြီ… “
ကျောက်ရော့ရှီက ရာချီသော ကစားသမားများ၏ရောက်ရှိလာမှုကို မအံ့ဩပေ။ ထို့နောက် သူမက ထိုကျောင်းသားများအား စိတ်ဝင်တစားကြည့်နေသည့် ရှီဖုန်းကို ကြည့်ပြီး ရှင်းပြလိုက်သည်… “အဲ့ဒီကျောင်းသားတွေက ခုနှစ်စင်ကြယ်ကနေ ရွေးချယ်ထားတဲ့ လက်ရွေးစင်တွေပဲ… သူတို့က နောက်လာမယ့် စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြလိမ့်မယ်… သူတို့ကို ဒီကို ခေါ်လာရတဲ့အကြောင်းရင်းက လာမယ့် စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲမှာ ငါတို့မြို့အတွက် အောင်မြင်မှုကို ရရှိဖို့ပဲ… သူတို့ကို ပြိုင်ပွဲမှာ အဆင့်မြင်မြင့် ရရှိနိုင်ဖို့အတွက် ခုနှစ်စင်ကြယ်က သူတို့ကို ဒီမှာ လာလေ့ကျင့်ဖို့ ခွင့်ပြုထားတယ်… ဒီနေရာမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်က အဲ့ဒီကျောင်းသားတွေ တိုးတက်လာအောင် ကူညီပေးနိုင်တယ်… “
ရှီဖုန်းက ကျောက်ရော့ရှီ၏စကားကို ကြားပြီးနောက် နားလည်သွား၏။
စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲက မကြာမီ စတင်တော့မည်ဖြစ်သည်။ ခုနှစ်စင်ကြယ်က ဤကဲ့သို့ ရက်ရောလိမ့်မည်ဟု ရှီဖုန်းက မထင်ထားချေ။
“အမှန်တော့ ခုနှစ်စင်ကြယ်က ဒီကိစ္စမှာ ရွေးချယ်စရာ မရှိဘူး… နတ်ဘုရားနယ်မြေရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုက လုပ်ငန်းတော်တော်များများနဲ့ အတတ်ပညာရှင်တွေကို ကြီးကြီးမားမား ထိခိုက်စေတယ်… အထူးသဖြင့် တိုက်ခိုက်ရေးလုပ်ငန်းတွေပဲ… တိုက်ခိုက်ရေးပြိုင်ပွဲတွေကို အာရုံစိုက်ကြတဲ့ လူတော်တော်များများက နတ်ဘုရားနယ်မြေဘက်ကို ရောက်ကုန်ပြီးတော့ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အကျဘက်ရောက်စေတယ်… ခုနှစ်စင်ကြယ်မှာ လာပြီး လေ့ကျင့်တဲ့လူအရေအတွက်ကလည်း နည်းသွားတယ်… ဒီကျဆင်းမှုကို ကာကွယ်ဖို့အတွက် ခုနှစ်စင်ကြယ်က ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရေးပြိုင်ပွဲတွေရဲ့ နာမည်ကြီးရေပန်းစားမှုကနေ တစ်ခုခု ပြန်မျှော်လင့်ပြီး ဒီလိုလုပ်ရတာပဲ… “ ကျောက်ရော့ရှီက ရှင်းပြသည်။
“ဒီမှာ လူနည်းနည်းပဲ လာလေ့ကျင့်တာလား… “ ရှီဖုန်းက ဇီးရိုးဝင်းအဖွဲ့ဝင်များ၏ စွမ်းအားများကို တိုးမြှင့်ပေးရန် နည်းလမ်းကောင်းတစ်ခုကို ရုတ်တရက် စဉ်းစားမိသွား၏။
ယခင်ဘဝက ကစားသမားအများအပြားသည် နတ်ဘုရားနယ်မြေကို အာရုံစိုက်ကြသောကြောင့် ကြံခိုင်ရေးလုပ်ငန်းများက အချိန်အတိုင်းအတာတစ်ခုအထိ အကျဘက်သို့ ရောက်သွားရသည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ယခင်ဘဝမှ လုပ်ငန်းကျဆင်းမှုက ယခုလောက် မမြန်ပေ။ နတ်ဘုရားနယ်မြေ ထုတ်လွှတ်ပြီး ၃လ၊၄လခန့် ကြာမှသာ စတင်ကျဆင်းခြင်းဖြစ်သည်။
သို့သော်လည်း လူအများက နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက်များကို သိလာလေ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးများက တဖန်ပြန်၍ ရေပန်းစားလာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် များစွာသော အစည်းအရုံးကြီးများက လေ့ကျင့်ရေးစင်တာများနှင့် လက်တွဲပြီး အစည်းအရုံး၏လက်ရွေးစင်များကို လေ့ကျင့်ပေးကြသည်။ ထိုအခါ ထိုလက်ရွေးစင်များကလည်း နတ်ဘုရားနယ်မြေတွင် လျင်လျင်မြန်မြန် တိုးတက်လာကြ၏။
များစွာသော ပထမတန်းစားအစည်းအရုံးများက ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာများကို ထူထောင်ရန် ရွေးချယ်ကြသည်။
လက်ရှိအချိန်တွင် ဇီးရိုးဝင်းက အစည်းအရုံးငယ်တစ်ခုသာ ရှိသေး၏။ သို့သော်လည်း အစည်းအရုံးက တိုးတက်လာသည်နှင့်အမျှ လေ့ကျင့်ရေးစင်တာများ လိုအပ်လာပေလိမ့်မည်။ ဇီးရိုးဝင်း၏အလုပ်ရုံက ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာနှင့် မဝေးသော်လည်း ၎င်းက ရေရှည်အတွက် မကောင်းပေ။ ယခု လေ့ကျင့်ရေးစင်တာများက အခြေအနေမကောင်းကြပေ။ ထို့ကြောင့် သူ့အတွက် လှုပ်ရှားရန် အချိန်ကောင်း ဖြစ်သည်။
အခြေအနေကို စဉ်းစားကြည့်ပြီးနောက် ခုနှစ်စင်ကြယ်နှင့် ပူးပေါင်းအလုပ်လုပ်မည့်အကြံသည် မကောင်းတာတော့ မဟုတ်ပေ။
သူက ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာတစ်ခု တည်ထောင်ချင်လျှင် အလွန်များသည့် ငွေပမာဏတစ်ခု လိုအပ်သည်။ လက်ရှိအချိန်တွင် သူ့ထံ၌ ထိုမျှလောက်သော ငွေပမာဏကို မပိုင်ဆိုင်ထားပေ။ ခုနှစ်စင်ကြယ်နှင့် လက်တွဲခြင်းဖြင့် သူက သူ၏အစည်းအရုံးအဖွဲ့ဝင်များကို တခြားသူများထက် စော၍ လေ့ကျင့်ပေးနိုင်မည့်အပြင် သူက အကောင်းဆုံးလေ့ကျင့်ရေးနေရာတစ်ခုကို နည်းပါသောကုန်ကျစရိတ်ဖြင့် ရရှိနိုင်သည်။
ရှီဖုန်းက ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာနှင့် မည်ကဲ့သို့ အလုပ်တွဲလုပ်ရမည်ကို စဉ်းစားနေချိန်တွင် လူအနည်းငယ်က စမ်းသပ်မှုခန်းမဆီသို့ ရောက်လာသည်။
ထိုလူများ ရောက်လာပြီး မကြာမီတွင် ဝန်ထမ်းများက ပြေးသွား၍ တလေးတစားဖြင့် ကြိုဆိုကြသည်။
“မန်နေဂျာရှောင်… ရွေးချယ်ထားတဲ့ကျောင်းသားတွေအားလုံး ရောက်နေပါပြီ… မန်နေဂျာရှောင်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့က စမ်းသပ်မှုအကြောင်းကို ရှင်းပြပြီးပါပြီ… “ ခုနှစ်စင်ကြယ်ဝန်ထမ်းတစ်ယောက်က အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူကြီးအား ကြည့်၍ လေးစားစွာ ပြောလိုက်သည်။
“ကောင်းတယ်… သူတို့ကို ဆက်လုပ်ပါစေ… ငါ ဒီကိုလာတာ သူတို့ရဲ့အခြေအနေကို ကြည့်ဖို့ပဲ… ဒီနှစ်ရဲ့ စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲက ခုနှစ်စင်ကြယ်ရဲ့ အနာဂတ်တိုးတက်မှုအပေါ် သက်ရောက်မှုရှိတယ်… ဒါ့ကြောင့် ငါတိုက ဂရုမစိုက်လို့ မရဘူး… “ မန်နေဂျာရှောင်ဆိုသည့် လူကြီးက ပြောသည်။
“ဟုတ်ကဲ့… “ ဝန်ထမ်းများက နောက်သို့ ဆုတ်သွားပြီး ကျောင်းသားများကို စမ်းသပ်နိုင်သည့်နေရာများဆီသို့ ခေါ်သွားသည်။
မန်နေဂျာရှောင်၏ရောက်ရှိလာမှုကြောင့် ကျောင်းသားများ၏ စိတ်က အမြင့်ဆုံးသို့ ရောက်သွား၏။ သူတို့က မန်နေဂျာရှောင်၏ စိတ်ဝင်စားမှုကို ရရှိရန် ကောင်းကောင်းစွမ်းဆောင်ပြရန် စိတ်အားထက်သန်နေကြသည်။ ဤနည်းလမ်းဖြင့်ဆိုလျှင် သူတို့က အနာဂတ်တွင် လေ့ကျင့်ရေးအရင်းအမြစ်များ ပိုမိုရရှိမည်ဖြစ်သည်။
စမ်းသပ်မှုစတင်သောအခါ စမ်းသပ်ရန် လာသည့် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာ၏ အဖွဲ့ဝင်အများအပြားက လုပ်နေသည့် အလုပ်များကို ရပ်တန့်၍ ကျောင်းသားများ၏စမ်းသပ်မှုများကို လာကြည့်ကြသည်။ သူတို့က ဤကဲ့သို့အခွင့်အရေးကို မကြာခဏ မရပေ။ ဤစမ်းသပ်ခန်းသို့ လာသည့် လူအများစုက သာမန်ကာလျှံကာ လေ့ကျင့်ကြသည့် သာမန်လူများသာ ဖြစ်သည်။ ဤလူငယ်များကတော့ ကျောင်းသားများဖြစ်သော်လည်း သူတို့က စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်ထား၏။ သူတို့က သာမန်လူများထက် အများကြီး ပိုအားကောင်းသည်။
ကျောက်ရော့ရှီတောင် စိတ်လှုပ်ရှားလာသည့်ဟန် ရှိပြီး သူမက ထိုနေရာသို့ သွားကြည့်ရန် ပြောသည်။ ကူကယ်ရာမဲ့စွာဖြင့် ရှီဖုန်းက သူမ၏နောက်သို့ လိုက်သွား၏။
ကျောင်းသားများ၏ပထမဆုံးစမ်းသပ်မှုက လက်သီးပြင်းအားစစ်ဆေးမှုဖြစ်သည်။ သာမန်ကျောင်းသားတစ်ယောက်၏ လက်သီးအားက ၁၀၀ကီလိုဂရမ်မှ ၁၅၀ ကီလိုဂရမ်အထိ ရှိသည်။
ထိုစဉ် ကျောင်းသားတိုင်းက ကီလိုဂရမ် ၂၀၀ကျော် ရရှိအောင် စွမ်းဆောင်နိုင်ကြသည်။ သူတို့ထဲတွင် ဝမ်ချန်းဟုခေါ်သည့် ကျောင်းသားက ၃၅၆ကီလိုဂရမ်ထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့၏။ သူက သာမန်လူထက် အနည်းဆုံး ၂ဆခန့် သန်မာသည်။ ကြည့်နေသူအများအပြားက ဝမ်ချန်း၏ရလဒ်ကို မြင်ပြီး တံတွေး မမျိုချဘဲ မနေနိုင်ကြပေ။
မန်နေရာဂျာရှောင်၏မျက်လုံးတောင် အရောင်လက်သွားပြီး သူက ဝမ်ချန်းကို ပါရမီရှိသည့် လူငယ်ဟု ချီးကျူးလိုက်သည်။
ကျင်းဟိုင်မြို့တိုက်ခိုက်ရေးပြိုင်ပွဲတွင် တိုက်ခိုက်ရေးပညာရှင်များ၏ လက်သီးပြင်းအားစံနှုန်းသည် ၃၂၀ကီလိုဂရမ်ဖြစ်သည်။ ထိုစဉ် ဝမ်ချန်းက အထက်တန်းကျောင်းသားတစ်ယောက်သာ ဖြစ်ပြီး ထိုစံနှုန်းကို အလွယ်တကူ ဖြတ်ကျော်နိုင်သည်။ ဝမ်ချန်းက ရှေ့လျောက်တွင် ကောင်းမွန်သည့်အနာဂတ်တစ်ခု ရရှိမည်မှာ ကျိန်းသေလှသည်။ လက်ရှိအချိန်တွင် ဝမ်ချန်းက ကလေးတစ်ယောက်သာ ဖြစ်ပြီး သူက အလားအလာလည်း ရှိ၏။ သူက အနာဂတ်တွင် လက်သီးပြင်းအား ၄၀၀ကီလိုဂရမ်အထိ ရောက်နိုင်သည်။ လက်သီးပြင်းအား ၄၀၀ကီလိုဂရမ် ရှိခြင်းက သူသည် ကျင်းဟိုင်းမြို့တွင် ကျော်ကြားသော တိုက်ခိုက်ရေးသမားများ၏ စံနှုန်းသို့ ရောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
“အဲ့ဒီကျောင်းသားတွေက အံ့ဩစရာကော်းတာပဲ… အထူးသဖြင့် အဲ့ဒီဝမ်ချန်းပဲ… သူက ကျိုးယုဟူထက်တောင် သာတယ်… ရှီဖုန်းက နင်က ငါတို့အတန်းရဲ့ မဟာလျှို့ဝှက်ကျွမ်းကျင်သူပဲ… ဝမ်ချန်းက ဒီနှစ်ရဲ့ စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲမှာ ထိပ်ဆုံး ၁၀ယောက်ထဲ ဝင်နိုင်မယ်လို့ ထင်လား… “ ကျောက်ရော့ရှီက ရှီဖုန်းထံသို့ သိချင်စိတ်အလွန်ပြင်းပြနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမက ရှီဖုန်း၏စွမ်းအားကို ကိုယ်တိုင်မြင်ဖူး၏။ ကျင်းဟိုင်မြို့တိုက်ခိုက်ရေးပြိုင်ပွဲမှ အနားယူသွားသည့် ချန်ပီယံဟောင်း ချန်းဝူတောင် ရှီဖုန်း၏စွမ်းအားကို ချီးကျူးသည်။ ထို့အပြင် ရှီဖုန်းက တိုက်ခိုက်ရေးပါရမီရှင်ဟု ကျော်ကြားသည့် ကျန်းလောဝေကိုတောင် အနိုင်ယူထားသည်။ ထို့ကြောင့် သူမ၏အကဲဖြတ်မှုက ရှီဖုန်း၏အကဲဖြတ်မှုကို မယှဉ်နိုင်ကြောင်း သူမက ကောင်းကောင်းသိ၏။
“ဒါက ပြောဖို့ခက်တယ်… အနိုင်နဲ့အရှုံးကို လူတစ်ယောက်ရဲ့ လက်သီးအားတစ်ခုတည်းအပေါ် မူတည်ပြီး ဆုံးဖြတ်လို့ မရဘူး… “ ရှီဖုန်းက ခေါင်းခါရမ်းပြီး ခါးသက်စွာ ရယ်မောလိုက်သည်။ သူက နတ်ဘုရား မဟုတ်ပေ။ လူတစ်ယောက်၏လက်သီးပြင်းအားတစ်ခုတည်းကို ကြည့်၍ ဘယ်လိုလုပ်ပြီး အကဲဖြတ်နိုင်မည်နည်း။
ကျောက်ရော့ရှီကလည်း ရှီဖုန်း၏စကားက မှန်သည်ဟု ခံစားရကာ ခေါင်းညိတ်လိုက်သည်။
လက်သီးပြင်းအားစစ်ဆေးမှုပြီးနောက် တုန့်ပြန်ခြင်းစစ်ဆေးမှုဖြစ်သည်။ ရာချီသော ကျောင်းသားများအားလုံးက အခြေခံပြည်စုံခြင်းနှင့်အထက် ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ကြသည်။ သူတို့ထဲမှ ကျောင်းသားအနည်းငယ်က အလယ်အလတ်ထူးချွန်ခြင်းရလဒ်ကို ရရှိ၏။ ဝူချွမ်က အလယ်အလတ်ပြည့်စုံခြင်းရလဒ် ရရှိသောကြောင့် အားလုံးက အံ့ဩသွားကြသည်။
စမ်းသပ်မှုများက မပြီးဆုံးသေးသော်လည်း ဝမ်ချန်းနှင့် ဝူချွမ်က လူအများ၏အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားကြသည်။ မန်နေဂျာရှောင်က သူတို့နှစ်ယောက်ကို ရတနာကဲ့သို့ သဘောထားပြီး သူတို့၏လေ့ကျင့်ရေးအရင်းအမြစ်များကို နောက်ထပ် ၁ဆ ချက်ချင်း တိုးမြှင့်လိုက်သည်။ ကစားသမားအများအပြားက သူတို့နှစ်ယောက်ကို အားကျသည့် အကြည့်များဖြင့် ကြည့်ကြသည်။
စမ်းသပ်မှုများ ပြီးဆုံးသွားပြီးနောက် မန်နေဂျာရှောင်သည် အစက ဝမ်ချန်းနှင့်ဝူချွမ်းကို ခေါ်၍ ကျင်းဟိုင်းမြို့၏အကောင်းဆုံးနည်းပြနှင့် တွေ့ဆုံရန် စဉ်းစားထား၏။ ထိုနည်းပြကို ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာက ခက်ခက်ခဲခဲ ငှားရမ်းထားခြင်းဖြစ်သည်။ သို့သော်လည်း သူက ကြည့်ရှုသူများကြားထဲတွင် ကျောက်ရော့ရှီကို သတိပြုမိသွားပြီးနောက် သူက သူ၏ခြေလှမ်းကို ရပ်တန့်လိုက်သည်။
“ရော့ရှီ…ကောင်မလေး… ဒီကိုလာတာ ဦးလေးရှောင်ကို ဘာလို့ မပြောတာလဲ… “ မန်နေဂျာရှောင်က ကျောက်ရော့ရှီထံသို့ လျှောက်သွားပြီး ပြောလိုက်သည်။
“ဦးလေးရှောင်က အလုပ်ရှုပ်နေမှာ စိုးလို့ပါ… “ ကျောက်ရော့ရှီက ချိုသာစွာ တခစ်ခစ် ရယ်လိုက်သည်။
ထိုစဉ် မန်နေဂျာရှောင်၏နောက်တွင် ရပ်နေသည့် ဝမ်ချန်းနှင့်ဝူချွမ်းက ကျောက်ရော့ရှီ၏ ချိုသာပြီး လှပသော အပြုံးကို မြင်ကာ မှင်သက်သွားကြသည်။ မန်နေဂျာရှောင်သာ မရှိလျှင် သူတို့က ထိုအလှပဂေးလေးဆီသို့ အပြေးသွား၍ မိတ်ဆက်မိပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် မန်နေဂျာရှောင်က စမ်းသပ်ရန် ပြင်ဆင်နေသည့် ကျောက်ရော့ရှီ၏ဘေးမှ ရှီဖုန်းကို သတိပြုမိသွား၏။ သူက မနေနိုင်ဘဲ မေးလိုက်သည်… “ရော့ရှီ… နင့်ဘေးက လူက ဘယ်သူလဲ… “
“သူက ကျွန်မရဲ့အတန်းဖော် ရှီဖုန်း… “ ကျောက်ရော့ရှီက မိတ်ဆက်ပေးသည်။
“သူက သူ့ရဲ့ခန္ဓာကိုယ်ခြေအနေကို စမ်းသပ်ချင်လို့ ဒီကိုလာတာ… “
“ဦးလေးရှောင်… စီရင်စုလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အဲ့ဒီကျောင်းသားတွေကို ပြုစုပျိုးထောင်ပေးချင်တယ်မလား… ကျွန်မဆီမှာ သူတို့ကို အဆင့်ကောင်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်း ရှိတယ်… “ ကျောက်ရော့ရှီက ရယ်၍ ပြောသည်။
“တစ်ကယ်လား… “ မန်နေဂျာရှောင်၏မျက်လုံးများက ရုတ်တရက် အရောင်လက်သွား၏။
ဤတစ်ကြိမ် စီရင်စုတိုက်ခိုက်ရေးပြိုင်ပွဲသည် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာအတွက် အလွန်အရေးကြီးသည်။ ကျောက်ရော့ရှီကသာ ဤကျောင်းသားများကို အဆင့်ကောင်းအောင် ကူညီနိုင်လျှင် သူ့ကို အရေးကြီးသည့်အချိန်တွင် ကူညီလိုက်ခြင်းဖြစ်သည်။
“ဒါပေါ့… “ ကျောက်ရော့ရှီက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ဘယ်လိုနည်းလမ်းမျိုးလဲ… “ မန်နေဂျာရှောင်က စိတ်ဝင်တစား မေးသည်။ ကျောက်ရော့ရှီ၏ လေးနက်သောအမူအရာကို မြင်ပြီး မန်နေဂျာရှောင်က သူမ လိမ်နေသည်ဟု မထင်ပေ။
ထို့နောက် ကျောက်ရော့ရှီက ရှီဖုန်းကို လက်ညှိုးထိုးပြပြီး အနည်းငယ် ဂုဏ်ယူသည့်လေသံဖြင့် ပြောသည်… “သူပဲ… “
“သူလား… “ မန်နေဂျာရှောင်က ရှီဖုန်းကို ကြည့်လိုက်ရာ သူက မည်သည့်ထူးခြားမှုမှ မတွေ့ချေ။
ကျောက်ရော့ရှီက ခေါင်းညိတ်၍ ရှင်းပြသည်… ”သူက ကျွန်မတို့အတန်းရဲ့ မဟာကျွမ်းကျင်သူပဲ… သူက အဲ့ဒီကျောင်းသားတွေကို သင်ပေးရင် သူတို့က တစ်ကယ် အဆင့်ကောင်းလိမ့်မယ်… “
ထိုစကားကို ကြားပြီး မန်နေဂျာရှောင်က ဘာမှမပြောနိုင်မီ ဝမ်ချန်းနှင့်ဝူချွမ်းက ရယ်မောလိုက်ကြသည်။ သူတို့က တင်းကြပ်သောရွေးချယ်မှုများကို ဖြတ်ကျော်ပြီးနောက် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာမှ ရွေးချယ်ထားသည့် လက်ရွေးစင်များ ဖြစ်လာကြသည်။ သူတို့ကို သာမန်တက္ကသိုလ်ကျောင်းသား မဆိုထားနှင့် တချို့တိုက်ခိုက်ရေးပညာရှင်များတောင် သူတို့ကို မသင်ပေးနိုင်ချေ။ တက္ကသိုလ်အတန်းတစ်ခုမှ ကျွမ်းကျင်သူတစ်ယောက်က ဘယ်လောက်ထိ အစွမ်းထက်နိုင်မည်နည်း။ သူတို့က ရှီဖုန်းကို လက်သီးတစ်ချက်တည်းဖြင့် လွှင့်အောင် လုပ်နိုင်သည်။