ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 373
ရှီဖုန်းက ညာဘက်လက်ဖြင့် ပြဒါးရှင်လုံးကို ကိုင်ပြီး ဘယ်ဘက်လက်ထဲရှိ မှော်သလင်းကျောက်ပေါ်သို့ ဖွဖွလေး တင်လိုက်သည်။
ထို့နောက်တွင် ပြဒါးရှင်လုံးက သွေးနီရောင်ဖျော့ဖျော့ တောက်ပလာပြီး ရှီဖုန်း၏ဘယ်ဘက်လက်အတွင်းမှ မှော်သလင်းကျောက်က အမှုန်များအဖြစ်သို့ အသွင်ပြောင်းသွားကာ ကြမ်းပေါ်သို့ ပြန့်ကျဲသွား၏။ မှော်သလင်းကျောက်တစ်ခုလုံးက အမှုန်များမှလွဲ၍ ဘာမှမကျန်ခဲ့ပေ။
ငွေပြား ၈ပြားတန်သည့် မှော်သလင်းကျောက်က ဤကဲ့သို့ ပျောက်ကွယ်သွား၏။
လက်ရှိတွင် ငွေပြား ၈ပြားက လက်ရွေးစင်အဖွဲ့တစ်ခုလုံး၏ နေ့စဉ်ဝင်ငွေနှင့် ညီသည်။
သို့သော်လည်း ရှီဖုန်းက မျက်တောင်မခတ်ဘဲ စားပွဲပေါ်မှ ဒုတိယမှော်သလင်းကျောက်ကို ယူလိုက်ပြီး နောက်တစ်ကြိမ် သန့်စင်သည်။
၂စက္ကန့်ကြာပြီးနောက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အမှုန်များ ပေါ်လာပြန်သည်။
အကြိမ် ၁၀၀ ကျော် ဆက်တိုက်ရှုံးနိမ့်ပြီးနောက် ရှီဖုန်းက သူ၏သန့်စင်ခြင်းလုပ်ငန်းကို ရပ်တန့်ပြီး သူ၏လှုပ်ရှားမှုများကို ပြန်စဉ်းစားကြည့်သည်။
“ဒါက ဒြပ်စင်သန့်စင်ခြင်းနဲ့ မဖြစ်နိုင်တာလား… “ ရှီဖုန်းက ကြမ်းပြင်ပေါ်မှ အမှုန်များကို ကြည့်ပြီး မျက်မှောင်ကျုံ့သွားသည်။
ဇီးရိုးဝင်းတွင် အဖွဲ့ဝင် အများအပြား မရှိပေ။ ထို့ကြောင့် စုဆောင်းနိုင်သော မှော်သလင်းကျောက်ပမာဏက မများပေ။ အစည်းအရုံးသိုလှောင်အိမ်ထဲတွင် မှော်သလင်းကျောက်က ၆၀၀ခန့်သာ ရှိ၏။ ထိုစဉ် ရှီဖုန်းက မှော်သလင်းကျောက် ၁၀၀ကျော် သန့်စင်ပြီးသော်လည်း မှော်စွမ်းအင်ကျောက်တုံး ၁တုံးတောင် မရသေးပေ။ ဤနှုန်းဖြင့်ဆိုလျှင် သူက မှော်စွမ်းအင်ကျောက်တုံး ၂၁တုံး ရအောင် သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။
“မဟုတ်သေးဘူး… ဒါက အောင်မြင်မှုနှုန်း အရမ်းနည်းနေလို့ပဲ… ဒါကို မသန့်စင်ခင် ငါ့ရဲ့အောင်မြင်မှုနှုန်းကို မြှင့်ဖို့လိုတယ်… “
“မှော်စွမ်းအင်ကျောက်တုံးတွေက မှော်သလင်းကျောက်ရဲ့ မော်လီကျူးဒြပ်စင်တွေကနေ ဖြစ်ပေါ်လာတာ… ဒါ့ကြောင့် မှော်သလင်းကျောက်ကနေ မှော်စွမ်းအင်ကျောက်တုံးအဖြစ် သန့်စင်ဖို့ ဖြစ်နိုင်တယ်… မှော်သလင်းကျောက်ရဲ့အရည်အသွေးက အရမ်းနိမ့်ကျနေလို့လား… “
ထိုအချက်ကို တွေးမိပြီး ရှီဖုန်းက နောက်ထပ် မှော်သလင်းကျောက်တုံးတစ်ခုကို ယူပြီး သူ၏သီအိုရီကို စမ်းသပ်လိုက်သည်။
ဤတစ်ကြိမ်တွင် “သန့်စင်မည်”ကို နှိပ်ပြီးနောက် ရှီဖုန်းက သန့်စင်ခြင်းဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ အာရုံစိုက်ထား၏။
နတ်ဘုရားနယ်မြေကို ပထမအကြိမ် အဆင့်မြှင့်တင်ပြီးနောက် ပန်းပဲပညာနှင့်အဂ္ဂိရတ်ပညာက ပို၍ အစစ်အမှန်နှင့် တူလာသည်။ ထို့အပြင် ရှီဖုန်းက အချိန်ကိုက်လှုပ်ရှားမှုနှုန်း ၉၇% ရှိသည့် ဂိမ်းအခန်းငယ်ကို အသုံးပြု၍ ကစားနေခြင်းဖြစ်သည်။ ထို့ကြောင့် သူက မှော်သလင်းကျောက်၏ သန့်စင်ခြင်းဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ လေ့လာလျှင် သူက ရှုံးနိမ့်ရခြင်း၏အကြောင်းရင်းကို တွေ့ကောင်း တွေ့နိုင်သည်။
သို့သော်လည်း သန့်စင်ခြင်းဖြစ်စဉ်က အလွန်လျင်မြန်စွာဖြင် ပြီးဆုံးသွား၏။ အမြင်အားကောင်းသည့် ရှီဖုန်းတောင် ဘာမှမမြင်လိုက်ရပေ။
“မှတ်သားခြင်းစနစ်… အသွင်တုဖန်တီးခြင်းစနစ်ကို အသက်သွင်းမယ်… “ ရှီဖုန်းက ရုတ်တရက် ပြောလိုက်သည်။
System : စစ်ဆေးနေသည်။ ခေတ္တစောင့်ပါ။
System : ကစားသူက ပုံရိပ်ယောင်ဂိမ်းအခန်းငယ် အသုံးပြုသည်ကို တွေ့ရှိပါသည်။ အသွင်တုဖန်တီးခြင်းစနစ်ကို ထောက်ပံ့ပေးပါသည်။
System : အသွင်တုဖန်တီးခြင်းစနစ်ကို အသက်သွင်းလိုက်ပါပြီ။
အသွင်တုဖန်တီးခြင်းစနစ်ကို အသက်သွင်းပြီးနောက် ရှီဖုန်းက မှော်သလင်းတစ်ခုကို ကောက်ယူပြီး နောက်တစ်ကြိမ် သန့်စင်သည်။ မျှော်လင့်ထားသည့်အတိုင်း မှော်သလင်းကျောက်က အမှုန့်များဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏။
ရှီဖုန်းက တည်ငြိမ်စွာဖြင့် ပြောသည်… “စနစ်… မှတ်သားထားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို အသွင်တုဖန်တီးခြင်းစနစ်နဲ့ ပြပါ…. “
ထို့နောက်တွင် ရှီဖုန်း၏မျက်လုံးရှေ့တွင် သုံးဖက်မြင်ပုံရိပ်တစ်ခု ပေါ်လာပြီး မှော်သလင်းကျောက်၏ သန့်စင်ခြင်းဖြစ်စဉ်တစ်ခုလုံးအား အတိအကျ ပြသသည်။
ပုံရိပ်ယောင်ဂိမ်းအခန်းငယ်က အချိန်ကိုက်လှုပ်ရှားမှုနှုန်း ၉၇% ရှိသည့်အပြင် ကစားသမားများအတွက် ဂိမ်းထဲတွင် အသွင်တုဖန်တီးခြင်းစနစ်အား ထောက်ပံ့ပေး၏။ ထိုစနစ်ဖြင့်ဆိုလျှင် ကစားသမားများက ဂိမ်းထဲတွင် မှတ်သားထားသည့် ဗီဒီယိုများကို သုံးဖက်မြင်ပုံရိပ်ဖြင့် ကြည့်နိုင်သည်။ ထိုစနစ်ကို သာမန်ဂိမ်းဦးထုပ်နှင့်အဆင့်မြင့်ဂိမ်းဦးထုပ်များ အသုံးပြုထားသည့် ကစားသမားများက မရရှိနိုင်ပေ။
ယခင်ဘဝ၌ ကစားသမားများက မာစတာအဆင့် ဘဝစတိုင်ကစားသမား ဖြစ်လာလျှင် သူတို့က သူတို့ကိုယ်တိုင်အတွက် ပုံရိပ်ယောင်ဂိမ်းအခန်းငယ်များကို ကျိန်းသေ ဝယ်ယူပေလိမ့်မည်။ သူတို့က ပုံရိပ်ယောင်ဂိမ်းအခန်းငယ်များကို ထိုအသွင်တုဖန်တီးခြင်းစနစ်အတွက် ဝယ်ယူခြင်းဖြစ်သည်။ ထိုစနစ်ဖြင့်ဆိုလျှင် ကစားသမားများက သူတို့မှတ်တမ်းတင်ထားသည့် ဗီဒီယိုများကို အစစ်အမှန်ကဲ့သို့ ပြန်ကြည့်နိုင်သည်။ ကစားသမားများက မျက်နှာပြင်တစ်ခုတည်းဖြင့် ပြသော ဗီဒီယိုများမှ အတွေ့အကြုံ မရနိုင်ပေ။
သို့သော်လည်း အသွင်တုဖန်တီးခြင်းစနစ်၏ အဓိကရည်ရွယ်ချက်သည် ရန်သူများကို စမ်းစစ်လေ့လာရန် ဖြစ်သည်။
ကစားသမားများက ရန်သူများနှင့် တိုက်ခိုက်ထားသည့် တိုက်ပွဲဗီဒီယိုများကို ကြည့်ပြီး သူတို့က ရန်သူများ၏ တိုက်ခိုက်ရေးအမူအကျင့်များကို လေ့လာနိုင်သည်။
ရန်သူများ၏ အမူအကျင့်နှင့်အားနည်းချက်များကို လေ့လာပြီးနောက်တွင် သူတို့က သူတို့၏ရန်သူထက် အားနည်းနေလျှင်တောင် ပြန်တိုက်ခိုက်နိုင်ပေလိမ့်မည်။ ယခင်ဘဝတွင် ထိုကဲ့သို့အဖြစ်အပျက်များက နတ်ဘုရားနယ်မြေ၌ မကြာခဏ ဖြစ်ပွား၏။ ထိုစနစ်က အထူးသဖြင့် ကျွမ်းကျင်သူများ၏တိုက်ပွဲအတွက် ဖြစ်သည်။
တစ်ချိန်တည်းတွင် ကစားသမားများက သူတို့၏ကိုယ်ပိုင်အားနည်းချက်များကို တိုးတက်အောင် ပြုလုပ်ခြင်းနှင့် နည်းစနစ်အသစ်များ ရှာဖွေခြင်းအတွက် သုံးဘက်မြင်မှတ်သားမှုကို အသုံးပြုနိုင်သည်။ ၎င်းက ကစားသမားများကို လျင်လျင်မြန်မြန် တိုးတက်စေရန် ကူညီပေးနိုင်သည်။
ထို့ကြောင့် ပုံရိပ်ယောင်ဂိမ်းအခန်းငယ် အသုံးပြုသည့် ကစားသမားများက လျင်မြန်စွာ တိုးတက်လာကြခြင်းဖြစ်သည်။
ယခင်ဘဝက ရှီဖုန်းသည် အသွင်တုဖန်တီးခြင်းစနစ်ကို အသုံးပြု၍ သူ့ကိုယ်သူ တိုးတက်အောင် အဆက်မပြတ် ကြိုးစားခဲ့သည်။ သူကသာ ပုံရိပ်ယောင်ဂိမ်းအခန်းငယ်ကို နှစ်အနည်းငယ်စော၍ ရရှိခဲ့မည်ဆိုလျှင် သူက ပို၍ အောင်မြင်ခဲ့ပေလိမ့်မည်။ ကံဆိုးစွာဖြင့် ရှဲဒိုးက ခရက်ဒစ် သန်းအနည်းငယ်သာ ပိုင်ဆိုင်သည်။ ပုံရိပ်ယောင်ဂိမ်းအခန်းငယ်တစ်ခု၏ ကုန်ကျစရိတ်က ခရက်ဒစ် ၃သန်း ဖြစ်သည်။ ရှဲဒိုးက ဘယ်လိုလုပ်ပြီး ပုံရိပ်ယောင်ဂိမ်းအခန်းငယ်တစ်ခုကို တတ်နိုင်မည်နည်း။ ထို့အပြင် ရှဲဒိုးက ပုံရိပ်ယောင်ဂိမ်းအခန်းတစ်ခု တတ်နိုင်လျှင်တောင် ရှီဖုန်းက အသုံးပြုရလိမ့်မည် မဟုတ်ချေ။
ထို့နောက် ရှီဖုန်းက သုံးဘက်မြင်မှတ်သားမှုကို ပြင်ဆင်လိုက်ပြီး သန့်စင်ခြင်းဖြစ်စဉ်ကို အနှေးဖြင့် ပြစေသည်။ ထိုနည်းလမ်းဖြင့် သူက မှော်သလင်းကျောက်များ တစ်ခုပြီးတစ်ခု ကုန်စရာ မလိုဘဲ ဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ လေ့လာနိုင်သည်။
ဖြစ်စဉ်ကို ၁၀ကြိမ်ကျော် လေ့လာပြီးနောက် ရှီဖုန်းက အကြောင်းရင်းကို ရှာတွေ့သွား၏။
“ထင်ထားတဲ့အတိုင်းပဲ… မှော်သလင်းကျောက်ထဲက မှော်စွမ်းအင်သိပ်သည်းမှုက အရမ်းနိမ့်တယ်… ငါက သန့်စင်ခြင်းဖြစ်စဉ်ကို အကြိမ် တစ်သောင်း လုပ်ရင်တောင် တစ်ခု မရနိုင်ဘူး… “
ရှီဖုန်းက အကြောင်းရင်းကို ရှာတွေ့သွားသော်လည်းက ဖြေရှင်းရန် နည်းလမ်းကို ရှာမတွေ့ချေ။ နတ်ဘုရာနယ်မြေတွင် မှော်သလင်းကျောက်များက အရည်အသွေး အမျိုးမျိုး ရှိ၏။ တခြားစကားလုံးဖြင့် ပြောရလျှင် မှော်သလင်းကျောက်များကို သန့်စင်ခြင်းမှ မှော်စွမ်းအင်ကျောက်တုံးများ ရရှိရန် မဖြစ်နိုင်ချေ။
သန့်စင်ခြင်းက အလုပ်မဖြစ်လျှင် သူက တခြားနည်းလမ်းတစ်ခု ရှာရပေလိမ့်မည်။
ကျန်သည့်နည်းလမ်းက မှော်သလင်းကျောက်များကို နှစ်ခုမှ တစ်ခုအဖြစ်သို့ ပေါင်းစပ်ရန်အတွက် အဂ္ဂိရတ်ပညာရှင်များကို အသုံးပြုခြင်း ဖြစ်သည်။ မှော်သလင်းကျောက်ထဲတွင် လုံလောက်သော မှော်စွမ်းအင်များ စုစည်းနိုင်သည်နှင့် ၎င်းက မှော်စွမ်းအင်ကျောက်တုံး ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း အဂ္ဂိရတ်ပေါင်းစပ်ခြင်းက အဂ္ဂိရတ်ပညာရှင်များအတွက် ဘယ်လိုလုပ်ပြီး လွယ်ကူမည်နည်း။
ဂရမ်းမာစတာအဆင့် အဂ္ဂိရတ်ပညာရှင်တောင် ခက်ခက်ခဲခဲ လုပ်ရပေလိမ့်မည်။ ထိုအခါ သူတို့ကို ပေးရမည့်တန်ကြေးက မှော်စွမ်းအင်ကျောက်တုံး၏ တန်ဖိုးထက်တောင် များသွားပေလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့စွန့်စားမှုကို မည်သူမှ မလုပ်ပေ။
ထိုစဉ်တွင် ရှီဖုန်းက ပန်းပဲပညာသင်တစ်ယောက်သာ ဖြစ်ပြီး အဂ္ဂိရတ်ပညာရှင် မဟုတ်ပေ။ ထို့ကြောင့် သူ၏အဂ္ဂိုရတ်ပေါင်းစပ်ခြင်းက သုညဖြစ်သည်။
တစ်ခြားတစ်ဖက်တွင် ပြဒါးရှင်လုံးက အဂ္ဂိရတ်ရတနာတစ်ခု ဖြစ်ပြီး ထိုကဲ့သို့အရည်အသွေး ရှိ၏။ သို့သော်လည်း ရှီဖုန်းလက်ထဲရှိ ပြဒါးရှင်လုံးက မပြည့်စုံသော ရတနာတစ်ခုဖြစ်သည်။ ထို့ကြောင့် သူက ပြဒါးရှင်လုံးကို အဂ္ဂိရတ်ပြောင်းလဲခြင်းနှင့် ဒြပ်စင်သန့်စင်ခြင်းအတွက်သာ အသုံးပြုနိုင်ပြီး အဂ္ဂိရတ်ပေါင်းစပ်ခြင်းအတွက် အသုံးမပြုနိုင်ပေ။
“ဟုတ်သားပဲ… ပြဒါးရှင်လုံးတစ်ခုက မလုပ်နိုင်ပေမယ့် နှစ်ခုဆိုရင် လုပ်နိုင်မလား… “ ရှီဖုန်းက ရုတ်တရက် နတ်ဘုရားသင်္ချိုင်းမှ ရလာသည့် ပြဒါးရှင်လုံးအပိုင်းအစကို သတိရသွား၏။
ပြဒါးရှင်လုံးက အစိတ်အပိုင်း ၅ခုအဖြစ် ကွဲထွက်သွားသည့်အတွက် ၎င်း၏အရည်အသွေးက များစွာ လျော့ကျသွားရသည်။ သို့သော်လည်း ရှီဖုန်းက အပိုင်းအစ ၅ခုစလုံးကို ရှာနိုင်လျှင် သူက ပြဒါးရှင်လုံးကို အပြည့်အစုံဖြစ်အောင် ပြန်လုပ်နိုင်သည်။ လက်ရှိတွင် ရှီဖုန်းက အပိုင်းအစ ၅ခုစလုံး မပိုင်ဆိုင်သော်လည်း အပိုင်းအစ ၂ခု ပိုင်ဆိုင်ထား၏။ ထိုအပိုင်းအစ ၂ခုကို ပေါင်းစပ်လိုက်လျှင် ၎င်းက အပိုင်းအစ ၁ခုတည်းထက် ပို၍ အစွမ်းထက်လာနိုင်သည်။
“ကြိုးစားကြည့်တာပေါ့…. “
ရှီဖုန်းတွင် ရွေးချယ်စရာ မရှိပေ။ ပြဒါးရှင်လုံးကသာ သူ၏မျှော်လင့်ချက် ဖြစ်သည်။
ပြဒါးရှင်လုံးအပိုင်းအစ ၅ခုက အရွယ်အစား ကွဲပြားပြီး စွမ်းရည်များလည်း မတူပေ။ နတ်ဘုရားသင်္ချိုင်းထဲမှ ရလာသည့် အပိုင်းအစက ပထမအပိုင်းအစထက် အနည်းငယ် သေးသည်။ ၎င်းက အဂ္ဂိရတ်ပြောင်းလဲခြင်းစွမ်းရည်တစ်ခုတည်းသာ ရှိသောကြောင့် ရှီဖုန်းက ၎င်းကို အသုံးမပြုခြင်းဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီးနောက် ရှီဖုန်းက ဘဏ်သို့ အမြန်ပြေးသွားကာ သူ၏သိုလှောင်အိမ်အတွင်းမှ တခြားပြဒါးရှင်လုံးကို ထုတ်ယူသည်။ ထို့နောက် သူက ပန်းပဲအခန်းဆီသို့ အမြန်ပြန်လာသည်။
ပန်းပဲအခန်းထဲတွင် ရှီဖုန်းက ပြဒါးရှင်လုံး၂ခုကို ဂရုတစိုက် ပေါင်းစပ်သည်။
System : ပြဒါးရှင်လုံး၂ခုကို ပေါင်းစပ်လိုပါသလား။
ရှီဖုန်းက “ပေါင်းစပ်မည်”ကို ချက်ချင်း နှိပ်လိုက်သည်။
ရုတ်တရက် ပြဒါးရှင်လုံး ၂ခုက သွေးနီရောင်အရည်များအဖြစ် ပြောင်းလဲပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွား၏။ ထို့နောက် အရည်က လက်သီးဆုပ်အရွယ် သွေးနီရောင် ပုလဲလုံးအဖြစ် အစိုင်အခဲ ဖြစ်သွားသည်။ ၎င်းက ကျောက်တုံးတစ်ခုနှင့် မတူတော့ချေ။
ပေါင်းစပ်မှုပြီးဆုံးပြီးနောက် ရှီဖုန်းက ပြဒါးရှင်လုံးအသစ်ကို ကောက်ယူပြီး စစ်ဆေးကြည့်သည်။ ပြဒါးရှင်လုံးက ဘယ်လောက်အထိ စွမ်းအားကောင်းလာသည်ကို သူက သိချင်နေသည်။