ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 395
ထို့နောက် ရှီဖုန်းက ဆီလီအိုရာအား ဆက်သွယ်ရန် ဆက်သွယ်ရေးသလင်းကျောက်ကို အသုံးပြုလိုက်သည်။
“မင်္ဂလာပါ မိန်းမပျိုဆီလီအိုရာ… ကျွန်တော်က ရီဖုန်းပါ… မိန်းမပျိုဆီလီအိုရာကို အကူအညီတောင်းစရာတစ်ခု ရှိလို့ပါ… မိန်းမပျိုဆီလီအိုရာက အချိန်နည်းနည်းလောက် ပေးနိုင်မလား… “ ရှီဖုန်းက ဂရုတစိုက် မေးလိုက်သည်။
လက်ရှိတွင် ရှီဖုန်း၏အဆင့်အတန်းက ဆီလီအိုရာနှင့်ယှဉ်ရန် အလွန် အလှမ်းဝေးနေသေး၏။ သူက ဆီလီအိုရာနှင့် ဆက်ဆံရေးကောင်းတစ်ခု ဖန်းတီးထားနိုင်သော်လည်း သူမကို အကူအညီတောင်းချင်းလျှင် အခြေခံယဉ်ကျေးမှုတစ်ခုတော့ လိုအပ်သေး၏။
“အိုး နင်လား… ငါ အခု အရမ်းအလုပ်များနေတယ်… ဒါ့ကြောင့် မြန်မြန်ပြော… “ ဆီလီအိုရာက ရှီဖုန်းကို ချက်ချင်း မငြင်းသော်လည်း သူမက စိတ်ဝင်စားသည့်ဟန် မပြပေ။
လက်ရှိအချိန်တွင် ဆီလီအိုရာအတွက် အရေးကြီးဆုံးက အံ့ဖွယ်အဆင့် ကုန်ကြမ်းပစ္စည်းများ စုဆောင်းခြင်း ဖြစ်သည်။ ယခင်က ရှီဖုန်း၏ကူညီမှု မရှိခဲ့လျှင် သူမက သူ၏တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်ပေလိမ့်မည်။
ရှီဖုန်းက ထိုအချက်ကို သတိပြုမိ၏။ ပန်းပဲပညာရပ်တွင်သာ အာရုံစိုက်ပြီး တခြားကိစ္စများကို စိတ်မဝင်စားသည့် ဆီလီအိုရာ၏ပင်ကိုယ်စရိုက်ကို ရှီဖုန်းက အလွန်အမင်း ရင်းနှီးသည်။ ထို့ကြောင့်လည်း သူမက အသက်ငယ်ငယ်ဖြင့် ဂရမ်းမာစတာပန်းပဲဆရာတစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။
ထို့နောက် ရှီဖုန်းက ရယ်ပြီး ပြောလိုက်သည်… “ကျွန်တော့်ဆီမှာ အံ့ဖွယ်အဆင့် အစုံတန်ဆာပန်းပဲဒီဇိုင်းတစ်ခု ရှိတယ်… “
“ဘာ… အံ့ဖွယ်အဆင့် အစုံတန်ဆာလား… “ ဆီလီအိုရာ၏မျက်လုံးက ရုတ်တရက် အရောင်လက်သွား၏။
သူမက ချက်ချင်း ပြောသည်… “ဘာလို့စောစောကတည်းက မပြောတာလဲ… ငါ့ရဲ့ပန်းပဲဖိုမှာ အခုချက်ချင်း လာတွေ့… “
ရှီဖုန်းက ဆီလီအိုရာ၏ စိတ်စောသော လေသံကို ကြားသောအခါ သူက ခေါင်းခါပြီး ရယ်မောလိုက်သည်။
NPCများအတွက် အံ့ဖွယ်အဆင့် ပန်းပဲဒီဇိုင်းများထဲတွင် အံ့ဖွယ်အဆင့် အစုံတန်ဆာဒီဇိုင်းက အလွန်အမင်း ရှားပါး၏။ ၄ အံ့ဖွယ်အဆင့် အစုံတန်ဆာတစ်ခု ထုတ်လုပ်နိုင်ရန် မြောက်များလှသော ပန်းပဲဆရာများ၏ အိမ်မက်လည်း ဖြစ်သည်။
ထိုစဉ် အံ့ဖွယ်အဆင့် ပန်းပဲဒီဇိုင်းများက ကစားသမားများအတွက် ရရှိရန် အလွန် ခက်ခဲသည်။ ယခင်ဘဝ၌ ရှဲဒိုးက အံ့ဖွယ်အဆင့် ပန်းပဲဒီဇိုင်းအနည်းငယ်ကိုသာလျှင် စုဆောင်းနိုင်ခဲ့သည်။ အံ့ဖွယ်အဆင့် အစုံတန်ဆာပန်းပဲဒီဇိုင်းကိုတော့ ရှီဖုန်းက တစ်ခါမှ မမြင်ဖူးခဲ့ပေ။
နတ်ဘုရားနယ်မြေတွင် အစုံတန်ဆာများက အဆင့်တူ ချပ်ဝတ်တန်ဆာများထက် အဆင့်တစ်ဝက် ပိုမြှင့်သည်။ တခြားစကားလုံးဖြင့်ပြောရလျှင် အံ့ဖွယ်အဆင့် အစုံတန်ဆာ၏ အရည်အသွေးက အံ့ဖွယ်အဆင့် ချပ်ဝတ်တန်ဆာ၏အထက်တွင် ရှိပြီး အပိုင်းအစဒဏ္ဍာရီအဆင့် ချပ်ဝတ်တန်ဆာ၏အောက်တွင် ရှိသည်။ အပိုင်းအစဒဏ္ဍာရီအဆင့် အိုင်တမ် မပိုင်ဆိုင်သော ကစားသမားများအတွက် အံ့ဖွယ်အဆင့် အစုံတန်ဆာက အကောင်းဆုံးချပ်ဝတ်တန်ဆာဖြစ်သည်။
ဤဘဝတွင် ရှီဖုန်းက အံ့ဖွယ်အဆင့် အစုံတန်ဆာ ပန်းပဲဒီဇိုင်းကို ရရှိသည့်အတွက် အလွန်ကံကောင်းသည်ဟု ဆိုနိုင်သည်။
နာရီဝက်ခန့် ကြာသော် ရှီဖုန်းက ဆီလီအိုရာ၏ ပန်းပဲဖိုသို့ မြင်းလှည်းဖြင့် ရောက်လာသည်။ ထိုအချိန်တွင် သူမ၏ပန်းပဲဖိုတံခါးက ပိတ်လျှက်ရှိပြီး သူမက အလုပ်ကိစ္စများ လုပ်ရန် အစီအစဉ် ဆွဲထားဟန် မရှိပေ။
ရှီဖုန်းက လျှောက်သွားပြီး တံခါးကို ခေါက်လိုက်သည်။ ထို့နောက် ထူထဲသော သစ်သားတံခါးက တဖြည်းဖြည်း ပွင့်သွားပြီး ပူပြင်းသော လေထုက အိမ်အပြင်သို့ တိုးထွက်လာသည်။
နောက်တစ်စက္ကန့်တွင် ဆီလီအိုရာက ပန်းပဲဖိုအတွင်းမှ ထွက်လာပြီး ရှီဖုန်းကို ပန်းပဲဖိုအတွင်းသို့ အလျင်အမြန် ဆွဲခေါ်သည်။
တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အချိန်တချို့ ကြာပြီဖြစ်သော်လည်း ဆီလီအိုရာက အနက်ရောင်အဝတ်အစားကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ကြီးမားသော V(ဗွီ)ပုံသဏ္ဍာန်ကော်လက သူမ၏ ဖြူဖွေသော အသားအရေကို ဖော်ပြနေပြီး သူမ၏အနက်ရောင် သားရေဘောင်းဘီက သူမ၏သွယ်လျသော ခြေထောက်ကို တင်းကြပ်စွာ ဖက်တွယ်ထားလေသည်။ ဆီလီအိုရာက အလွန်ဆွဲမက်ဖွယ်ကောင်းသည့် ညှို့ဓာတ်ကို ထုတ်လွှတ်လျှက် ရှိသည်။
“မြန်မြန် ငါ့ကို ပြ… “
ဆီလီအိုရာက ရှီဖုန်းကို စားပွဲဆီသို့ တွန်းလိုက်ရာ သူမ၏ခန္ဓာကိုယ်က သူ၏ခန္ဓာကိုယ်နှင့် ကပ်လုနီးပါး ဖြစ်သွား၏။ သူမ စကားပြောလိုက်သည့်အချိန်တွင် သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်နေသည်။ သူမ၏မသင့်လျှော်သော လှုပ်ရှားမှုက ရှီဖုန်းအား အသက်မရှုနိုင်ဖြစ်စေသည်ကို သူမက သတိမပြုမိပေ။
ရှီဖုန်းက ဆီလီအိုရာ၏ပင်ကိုယ်စရိုက်ကို ယခင်ဘဝကတည်းက သိသော်လည်း တွေ့သည့်အချိန်တိုင်း သူ၏နှလုံးက ဒုန်းစိုင်းခုန်ရစမြဲ ဖြစ်သည်။
“ဒီမှာ… “ ရှီဖုန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီး သံမဏိပန်းပဲဒီဇိုင်းကို အိတ်ထဲမှ ထုတ်လိုက်သည်။
(သံမဏိပန်းအစုံတန်ဆာ)
အံ့ဖွယ်အဆင့် အစုံတန်ဆာ
အစိတ်အပိုင်း ၆ခု ပါဝင်သည် : သံမဏိလက်အိတ်၊ သံမဏိရင်ဘတ်ကာ၊ သံမဏိခေါင်းဆောင်၊ သံမဏိခြေကာ၊ သံမဏိဖိနပ်၊ သံမဏိထိန်းကွင်းများ။
ချပ်ဝတ်တန်ဆာလိုအပ်ချက် : သန်မာမှု ၁၀၀၀၊ သွက်လက်မှု ၁၂၀၀၊ ဓားနှင့်ပက်သတ်သော ကျွမ်းကျင်မှုအမှတ် ၃၅၀မှတ်၊
အတန်းအစားကန့်သတ်ချက် : ဓားသူတော်စင်။
မူလက ရှီဖုန်းသည် သံမဏိအစုံတန်ဆာအား ချက်ချင်း ဝတ်ဆင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သန်မာမှု ၁၀၀၀မှတ်နှင့် သွက်လက်မှု ၁၂၀၀မှတ်က အဆင့် ၃၀အောက် ကစားသမားများ စွမ်းဆောင်နိုင်သည့် ပမာဏ မဟုတ်ပေ။ ကစားသမားများက ထိုပမာဏကို ပြည့်မီရန် အနိမ့်ဆုံး အဆင့် ၅၀ သို့ ရောက်ရန် လိုအပ်သည်။
ထိုစဉ် အစုံတန်ဆာအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ အီတာနီယမ် ၁၂ခု၊ မှော်စွမ်းအင်ကျောက်တုံး ၃၀၀ခု၊ တိုက်တန်သတ္တုရိုင်း ၁၀၀၀ခု၊ မီးအရင်းအမြစ်သလင်းကျောက် ၁၂ခု၊ ရေအရင်းအမြစ်သလင်းကျောက် ၁၂ခု၊ လေအရင်းအမြစ်သလင်းကျောက် ၁၂ခု၊ မြေအရင်းအမြစ်သလင်းကျောက် ၁၂ခုနှင့် အသက်နယူကလိယက် ၁ခုတို့ ဖြစ်သည်။
“ဒီဒီဇိုင်းကို ဆွဲခဲ့တဲ့လူက တစ်ကယ်ကို အရူးပဲ… သူက ဒဏ္ဍာရီအဆင့် အိုင်တမ် လုပ်ဖို့ ကြိုးစားခဲ့တာ… “
ဆီလီအိုရာက ပန်းပဲဒီဇိုင်းကို စစ်ဆေးပြီးနောက် အံ့ဩသွား၏။
ရှီဖုန်းသည်လည်း သူမ၏မှတ်ချက်စကားကြောင့် အံ့အားသင့်သွားသည်။
ရှီဖုန်းက ဓားသူတော်စင်ဖြစ်သည့်အတွက် ပျော်ရွှင်နေခဲ့ပြီး သံမဏိအစုံတန်ဆာကို ကိုယ်တိုင်လည်း မပြုနိုင်ပေ။ ထို့အပြင် ကုန်ကြမ်းပစ္စည်းများကိုလည်း စုဆောင်းရန် လိုသေး၏။ ထို့ကြောင့် သူက သံမဏိအစုံတန်ဆာပန်းပဲဒီဇိုင်းကို အပြည့်အစုံ ရရှိခဲ့သော်လည်း သူက ပန်းပဲဒီဇိုင်းကို မကြည့်ခဲ့ပေ။
သူက ဆီလီအိုရာထံသို့ လာရသည့်အကြောင်းရင်းမှာ သူမက ဤအစုံတန်ဆာ ပြုလုပ်ရန်အတွက် ယုံကြည်ချက် မည်မျှရှိသည်ကို သိရှိရန် ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူက အစုံတန်ဆာအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို မြင်ပြီးနောက် ရှီဖုန်းက ကြိုတင်ပြင်ဆင်မှု ပြုလုပ်မည့် သူ၏ယခင်အတွေးများကို ချက်ချင်း ပယ်ဖျက်လိုက်သည်။ ကုန်ကြမ်းပစ္စည်းများက တစ်စုံပြည့်အောင် စုဆောင်းရန်တောင် မဖြစ်နိုင်ချေ။
ယခင်က ရှီဖုန်းသည် မှော်စွမ်းအင်ကျောက်တုံး ၂၁ခု ရရှိရန် ရွှေပြားရာချီ အသုံးပြုခဲ့ရသည်။ ယခု အစုံတန်ဆာက မှော်စွမ်းအင်ကျောက်တုံး ၃၀၀ လိုအပ်ရာ အနည်းဆုံး ရွှေပြားထောင်ချီ လိုအပ်ပေလိမ့်မည်။ သို့သော်လည်း သူက မှော်စွမ်းအင်ကျောက်တုံး ၃၀၀ စုဆောင်းနိုင်လျှင်တောင် အီတာနီယံက မှော်စွမ်းအင်ကျောက်တုံးထက်တောင် ရှားပါးပြီး တန်ဖိုးကြီး၏။ မြောက်များလှသော ပန်းပဲဆရာများက အီတာနီယံတစ်ခုအတွက်တောင် အိမ်မက်သာ မက်နိုင်ကြသည်။ သို့သော်လည်း ဤအစုံတန်ဆာက အီတာနီယံ ၁၂ခု လိုအပ်သည်။ တိုက်တန်သတ္တုရိုင်းကလည်း ရှားပါးသော သတ္တုရိုင်းတစ်မျိုး ဖြစ်သည်။ ဂိမ်း၏လက်ရှိအဆင့်တွင် ထိုကဲ့သို့သတ္တုရိုင်းကို မည်သူမှ မတူးနိုင်သေးပေ။ ဒြပ်စင်အရင်းအမြစ်သလင်းကျောက်များသည် ရှားပါးမှုနှင့်တန်ဖိုးကြီးမှုတွင် အီတာနီယံအောက် မကျပေ။ ဒြပ်စင်အရင်းအမြစ်သလင်းကျောက်များကို အများအားဖြင့် မာစတာအဆင့် ပန်းပဲဆရာများက ပြင်းပြင်းထန်ထန် ရှာဖွေကြ၏။
ထိုစဉ် သံမဏိအစုံတန်ဆာ၏ မယုံကြည်နိုင်စရာအကောင်းဆုံးအရာက အသက်နယူကလိယက်တစ်ခု လိုအပ်ခြင်းဖြစ်သည်။ ထိုအိုင်တမ်၏တန်ဖိုးက အသက်ရေစင်ထက် အများကြီး ပိုမြှင့်မားပြီး ကံကောင်းမှသာလျှင် တွေ့နိုင်သည့်အရာဖြစ်သည်။
“မိန်းမပျိုဆီလီအိုရာ… ကုန်ကြမ်းပစ္စည်းတွေသာ ရှိမယ်ဆိုရင် ဒါကို လုပ်နိုင်ဖို့ ဘယ်လောက် ယုံကြည်ချက် ရှိလဲ… “ ရှီဖုန်းက မေးလိုက်သည်။
သူက သံမဏိအစုံတန်ဆာ ပြုလုပ်ရန်အတွေးကို လက်လျှော့လိုက်ပြီဖြစ်သော်လည်း သူက အနည်းငယ် စဉ်းစားပြီးနောက် မေးရန် ရွေးချယ်လိုက်သည်။
“နင့်မှာ ကုန်ကြမ်းပစ္စည်းတွေ ရှိတာလား… “ ရှီဖုန်း၏မေးခွန်းကို ကြားပြီး ဆီလီအိုရာ၏အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ ရှီဖုန်းကို ကြည့်သည့် သူမ၏အကြည့်က သတ္တမအထင်ကရသလင်းကျောက်တောင်ကြီးတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်သည်။
“မေးရုံပဲ မေးကြည့်တာပါ… “ ရှီဖုန်းက ခေါင်းခါပြီး ခါးသက်စွာ ပြုံးလိုက်သည်။
သူက ပိုင်ဆိုင်မှုအားလုံး ရောင်းချမည်ဆိုလျှင်တောင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းနိုင်လိမ့်မည် မဟုတ်ချေ။
“၂၀%လောက် ယုံကြည်မှုရှိတယ်… နင် ငါ့ကို ပိုပြီး လေ့လာချိန်ပေးမယ်ဆိုရင် ၃၀%လောက်ထိ ယုံကြည်မှု ရှိနိုင်တယ်… “ ဆီလီအိုရာက အနည်းငယ် စိတ်ပျက်သွားသည့် ခံစားချက်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သံမဏိအစုံတန်ဆာကို ပြုလုပ်ရန် သူမ၏စိတ်အားထက်သန်မှုက တောက်လောင်ဆဲ ဖြစ်သည်။
“၃၀%လား… “ ဆီလီအိုရာက အောင်မြင်မှုနှုန်း ၂၀% ရှိလျှင်တောင် အလွန်အမင်း ကံကောင်းသည်ဟု ရှီဖုန်းက ကြိုတင်ခန့်မှန်းထား၏။ အနည်းငယ်သော ဂရမ်းမာစတာ ပန်းပဲဆရာNPCများသာလျှင် အောင်မြင်မှုနှုန်း ၃၀% ရှိပေလိမ့်မည်။ ရှီဖုန်းက ဂရမ်းမာစတာပန်းပဲဆရာ ကစားသမားများ ပေါ်လာသည့်အချိန်ထိ စောင့်လျှင်တောင် ထိုကစားသမားများက အောင်မြင်မှုနှုန်း ၁၀%ခန့်သာ ရှိမည်ဖြစ်၏။
“ဒါဆို မိန်းမပျိုဆီလီအိုရာကိုပဲ ဒုက္ခပေးရတော့မှာပဲ… ကျွန်တော့်ဘက်က ကုန်ကြမ်းပစ္စည်းတွေကို ရရှိအောင် အကောင်းဆုံး ကြိုးစားစုဆောင်းပါ့မယ်… “
“နင်က ငါ့ကို ဒီအလုပ်အပ်မှတော့ နင် ကုန်ကြမ်းပစ္စည်းတွေ ရှာနေတဲ့အချိန်မှာ ငါက ပန်းပဲဒီဇိုင်းကို လေ့လာထားမယ်… ဒီအစုံတန်ဆာအတွက် လက်ခကိုတော့ အစုံတန်ဆာကို အောင်မြင်အောင် မလုပ်နိုင်ရင် မတောင်းတော့ဘူး… “ ဆီလီအိုရာက ပျော်ရွှင်စွာ ပြောလိုက်သည်။
နတ်ဘုရားနယ်မြေတွင် မာစတာအဆင့်နှင့်အထက် ကစားသမားများ သို့မဟုတ် NPCများကို အလုပ်အပ်သည့်အခါ နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေကာမူ အလုပ်အပ်သူက လက်ခပေးရန် လိုအပ်သည်။ သို့သော်လည်း ယခု ဆီလီအိုရာက သူမ ရှုံးနိမ့်လျှင် လက်ခ မတောင်းဟု ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဆီလီအိုရာသည် ဘယ်လောက်ထိ ပျော်ရွှင်နေကြောင်း သိနိုင်သည်။
System : သင့်အပေါ်ရှိ ဆီလီအိုရာ၏ အလေးပေးမှု ၁၀၀မှတ် တိုးသည်။
လက်ရှိတွင် ရှီဖုန်းက သံမဏိအစုံတန်ဆာကို ပြုလုပ်ရန် မလောပေ။ အစုံတန်ဆာ ပြုလုပ်ပြီးလျှင်တောင် သူက ချပ်ဝတ်တန်ဆာ တပ်ဆင်ရန် လိုအပ်သော ပင်ကိုယ်အရည်အချင်းအမှတ်များကို မပိုင်ဆိုင်သေးပေ။ ထို့ကြောင့် သူက အနိမ့်ဆုံး အဆင့် ၅၀ကျော်သို့ ရောက်ရန် လိုအပ်သည်။ ထိုကြားကာလအတွင်း သူက လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို တဖြည်းဖြည်း စုဆောင်းနိုင်သည်။
ထို့နောက် ရှီဖုန်းက သံမဏိအစုံတန်ဆာ ပန်းပဲဒီဇိုင်းကို ဆီလီအိုရာ လေ့လာနိုင်စေရန် သူမ၏နေရာတွင် ထားခဲ့သည်။ သူက နောက်ထပ်မြင်းလှည်းတစ်စီးငှားပြီး ဂျမ်းတဲလ်စနိုးနှင့် တွေ့ဆုံရန် ချိန်းထားသည့် နေရာသို့ အလျင်အမြန် သွားသည်။
***°