ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 494 စုဝေးခြင်း
ခုနှစ်စင်ကြယ်၏ ဗဟိုစည်းဝေးခြင်း ခန်းမတွင်ဖြစ်သည်။
နေပူလောင်ပြင်းပြနေသည့်တိုင် ခန်းမထဲသို့ ဝင်လာသည့် ဧည့်သည်က များပြားဆဲဖြစ်သည်။
တောက်ပသည့် ကော်ဇောနီထက်တွင် ဇိမ်ခံကားကြီးများမှ ဆင်းလာသည့် အထက်တန်းလွှာများက တစ်ယောက်ပြီးတစ်ယောက် ကော်ဇောနီကို ဖြတ်ကျော်ကာ ခန်းမထဲသို့ ဝင်သွားကြသည်။ ခုနှစ်စင်ကြယ်၏ အစည်းဝေးခန်းမက ယနေ့တွင် သိပ်ကို လှုပ်ရှားတက်ကြွနေပြီး မြို့တော်၏ တိုက်ခိုက်ရေးပြိုင်ပွဲ ကျင်းပသည့် အချိန်ကထက်တောင် ပိုလှုပ်ရှားနေကြသည်။
” လူတော်တော်များတာပဲ… ”
ကားထဲတွင်ထိုင်နေစဉ် ရှီဖုန်းက ခန်းမဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ ယှဉ်ပြိုင်ပွဲကို ကြည့်ရန်လာသည့်သူများက ကျင်းဟိုင်မြို့တွင် နာမည်ကြီးသူများသာဖြစ်မှန်း သိလိုက်ရသည်။ သာမန်လူတစ်ယောက်မှ မပါပေ။
ယုတ္တိရှိရှိဆိုရလျှင် ယခုအခေါက်ပြိုင်ပွဲကျင်းပခြင်းက ခုနှစ်စင်ကြယ်သည် ၎င်း၏ကျော်ကြားမှုကို တိုးမြှင့်ရန် ကြိုးစားတာသာဖြစ်သည်။ ဆုံးရှုံးနှစ်နာသွားမှုကနေ ပြန်ဖာထေးနိုင်ရန်အတွက် ၎င်းက ယခုပြိုင်ပွဲကို လူထုရှေ့၌ ကျယ်ပြန့်စွာကျင်းပချင်သည်။
အတွင်းအားကျွမ်းကျင်သူက ရှားပါးပြီး အတွင်းအားကျွမ်းကျင်သူများကြားထဲရှိ ယှဉ်ပြိုင်ပွဲက ပိုတောင်ရှားပါးသည်။ မရေမတွက်နိုင်သောလူများက သူတို့ ထိုကဲ့သို့သောတိုက်ပွဲဖြင့် မျက်စိအစာကျွေးချင်နေကြသည်။
သို့သော် ရှီဖုန်းက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်သည့်အခါ ခုနှစ်စင်ကြယ်သည် ဘာမှကြော်ငြာထားတာမရှိသလိုမျိုး ပုံပေါ်သည်။ မဟုတ်ပါက ခန်းမသည် လူအများပြည့်နေမှာ သေချာသည်။
” ဆရာရှီဖုန်း ဒီလိုပါ ကျန်တဲ့တစ်ဖက်ဆရာပညာရှင်က ဒီယှဉ်ပြိုင်ပွဲကို သီးသန့်ကျင်းပချင်ပါတယ်။ သူက တစ်ကမ္ဘာလုံးက လူတွေမသိစေချင်ဘူး။ ဒါပေမဲ့ ကုပဏ္ဍီက ယှဉ်ပြိုင်ပွဲကို မကြော်ငြာလို့ မရဘူးလေ။ နာမည်ကြီး လူသိများတဲ့ လူတစ်ချို့ကိုပဲ ဖိတ်ခဲ့တယ်။ ဒါပေမဲ့ ဒါတောင်မှ အဲ့ဒီဆရာက မပျော်ရွှင်ဘူးလေ။ ဥက္ကဋ္ဌရှောင်က လုံလောက်တဲ့ လျော်ကြေးမပေးရင် ဒီပြိုင်ပွဲကိုတက်တဲ့သူတွေက အခုလက်ရှိထက် နည်းနေမှာ။ ”
လျန်ကျင်းက ရှီဖုန်းကိုကြည့်ပြီး သူမ၏ နှုတ်ခမ်းများက တောက်ပစွာပြုံးလိုက်သည်။ သူမက ဆက်ပြောသည်။
” ဒီပွဲက သေးလွန်းတယ်လို့ ဆရာရှီဖုန်းထင်ရင် ဒီပြိုင်ပွဲပြီးတာနဲ့ ကျင်းဟိုင်တစ်မြို့လုံး ဆရာ့ရဲ့နာမည်ကို သိသွားအောင် ကျွန်မတို့ သေချာပေါက် စီစဉ်ပေးနိုင်ပါတယ်…။ ”
ခုနှစ်စင်ကြယ်ဥက္ကဋ္ဌ၏ အတွင်းရေးမှုး ခေါင်းဆောက်အနေဖြင့် လူတိုင်း၏ စိတ်အခြေအနေကို လေ့လာတာက လျန်ကျင်း၏ ထူးချွန်မှုဖြစ်သည်။ လုကျီဟုန်၏ ရိုသေလေးစားသည့် အပြုအမူကို တွေ့ပြီးနောက် သူမက အရူးဆိုလျှင်တောင် ရှီဖုန်းက မြင်ရသည့်အတိုင်း ရိုးရှင်းသူမဟုတ်ဘူးဆိုတာ သဘောပေါက်လိုက်သည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုသို့ အောင်မြင်မှု ရရှိထားသောကြောင့် ရှီဖုန်းသည် အမျိုးသားများကြားထဲတွင် နဂါးတစ်ကောင်ဖြစ်လာမှာ သေချာသည်။
သူတို့၏ ဆက်ဆံရေးထဲတွင် ကွာဟချက်ကိုအနည်းငယ် ကျဉ်းမြောင်းနိုင်လျှင် ထိုသို့သော ရင်းနှီးမှုက နောင်တွင် သူမကို အဆပေါင်းများစွာ ကူညီနိုင်မှာဖြစ်သည်။
သူမက ယခုဆို ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
” ဒီလူက သိုသိုသိပ်သိပ်ပဲနေချင်တာပေါ့…။ ဒါပေမဲ့ အဆင်ပြေပါတယ်…။ ကျွန်တော်လည်း လူတွေအများကြီးကြည့်တာ မကြိုက်ဘူး… ” ရှီဖုန်းက ရယ်မောလိုက်သည်။
အစတုန်းက ရှီဖုန်းသည် သူ့ကိုသူ နာမည်ကျော်ကြားအောင်လုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူက သိုသိုသိပ်သိပ်နေထိုင်ပြီး သူ့ကိုသူပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တာဖြစ်သည်။ S အဆင့်အဟာရဖြည့်ရည် ဆယ့်ငါးပုလင်းနှင့် ပုံရိပ်ယောင်ဂိမ်းခန်းမငါးခုကြောင့်သာ မဟုတ်ရင် သူက လက်ရှိပြိုင်ပွဲကို ဝင်ပါမှာ မဟုတ်ပေ။
မကြာမီ၌ ရှီဖုန်းက လျန်ကျင်းဦးဆောင်မှုနှင့်အတူ ခန်းမအနောက်ဘက်သို့ ရောက်သွားကာ ခန်းမအနောက်ဘက်တွင် အနားယူရန် သွားလိုက်သည်။ သူက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ပြိုင်ပွဲစမှာကိုစောင့်နေ နေသည်။
ထိုစဉ် ခုနှစ်စင်ကြယ်၏ ပြိုင်ပွဲခန်းမထဲတွင် လူကပြည့်နေပြီဖြစ်သည်။ တက်ရောက်သည့် သူတိုင်းက ကျင်းဟိုင်မြို့တွင် အဆင့်အတန်းတစ်ခု ရှိကြသည်။ ကျန်သည့်မြို့များမှ နာမည်ကြီးများလည်း ယခုအခေါက်လာကြသည်။ အထူးဧည့်သည်တော် အခန်းထဲတွင် ထိုင်နေသည့်သူက ကျင်းဟိုင်မြို့၏ စီးပွားရေးလုပ်ငန်းရှင်ကြီး အနည်းစုဖြစ်သည်။
ထိုစဉ် ရှောင်ယွီက ထိုအထူးဧည့်သည်တော်ခန်းများထဲ ဖျော်ဖြေပေးနေသည်။
ရှီဖုန်းသာ ထိုအခန်းထဲတွင်ရှိပါက သူသည် ဤနေရာရှိ လူတော်တော်များများကို ရင်းနှီးမိပေမည်။
အခန်း၏ အလည်ထဲတွင် ထိုင်နေသူက တခြားသူမဟုတ် ကျင်းဟိုင်တက္ကသိုလ်၏ ကျောင်းအုပ်နှင့် ဥက္ကဋ္ဌရွှီဝမ်ချင် ဖြစ်သည်။ သူ့ဘေးတွင်ထိုင်နေသူက ကျောက်လုပ်ငန်းစု၏ ကျောက်ကျန်းဟွာ ကျင်းဟိုင်မြို့၏ နံပါတ်တစ် ဒိုဂျို ဆရာချန်ဝူနှင့် ကျန်သည့်ကျင်းဟိုင်မြို့၏ အဆင့်မြှင့်ပုဂ္ဂိုလ်များဖြစ်သည်။
” ရှောင်ယွီ မင်းက ဒီတစ်ခေါက် ငါ့ကိုအံ့သြစေတာပဲ…။ မင်းက ယှဉ်ပြိုင်ပွဲကျင်းပဖို့အတွက် သိုင်းပညာရှင်နှစ်ယောက်ကို တကယ်ဖိတ်ထားတာပဲ…။ ငါတို့ကျင်းဟိုင်မြို့မှာ ဒါက ပထမဆုံးပဲလေ…။ ”
ရွှီဝမ်ချင်က သူ၏မုတ်ဆိတ်ဖြူကို သပ်ပြီးပြောလိုက်သည်။ သူကအနည်းငယ် စိတ်လှုပ်ရှားနေကာ
” ဒီတလှည့်ပြီးရင် ငါ့ကို မင်းဖိတ်ထားတဲ့ ပညာရှင်နဲ့ မိတ်ဆက်ပေးနိုင်မလား…။ ”
ကျန်သည့်အထူးဧည်သည်များကလည်း ရွှီဝမ်ချင်၏ စကားကို ထောက်ခံသည့်ပုံဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယနေ့ခေတ်တွင် တိုက်ခိုက်ရေးပြိုင်ပွဲများက ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးပွဲစဉ်ဖြစ်သည်။ သိုင်းပညာရှင်များ၏ အဆင့်အတန်းက အလွန်ထူးခြားပြီး အတွင်းအားပညာရှင်များက ပိုကျော်ကြားသည်။ ပုံမှန်ဆို ကျင်းဟိုင်ကဲ့သို့ သာမန်မြို့တွင် အထူးကျွမ်းကျင်သူတွေ့ရန်မလွယ်ပေ။ အထူးဧည့်သည်တော်များကဲ့သို့ အဆင့်အတန်းမြင့်မားသူများအနေဖြင့်တောင် ထိုသို့ကျွမ်းကျင်သူများကို တွေ့ရန်မလွယ်ကူပေ။
” အဘိုးကြီးရွှီ ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်..။ ကျုပ်က တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ဖို့အတွက် ပညာရှင်နှစ်ယောက်ကို ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်မှာလဲ…။ ဒီလူနှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ချင်ရုံပါ…။ဒါကြောင့် သူတို့က ကျုပ်ကို ဒီပြိုင်ပွဲ စီစဉ်ခွင့်ပေးတာ… ” ရှောင်ယွီက ပြောပြီးရယ်လိုက်သည်။ လက်ရှိတွင် သူ့ရင်ထဲ၌ မဖော်ပြတတ်သည့် အပျော်များပြည့်နေသည်။
” ပညာရှင်နှစ်ယောက်က အခုအနားယူနေတယ်…။ လာမဲ့ပြိုင်ပွဲအတွက် ပြင်ဆင်နေတာ…။ သူတို့ကို အခုခေါ်ဖို့က မဖြစ်ဘူး…။ ဒါပေမဲ့ ပြီးရင်တော့ တွေ့ဆုံဖို့အတွက် သေချာပေါက်စီစဉ်ပေးပါ့မယ်…။ ”
“ဒီတခေါက် ယှဉ်ပြိုင်မဲ့ ပညာရှင်နှစ်ယောက်က သိပ့်ကိုငယ်ရွယ်တယ်လို့ ကြားတယ် အဲ့တာအမှန်ပဲလား … ” ရွှီဝမ်ချင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
” ဟုတ်တယ် သူတို့နှစ်ယောက်လုံးက အလွန် ငယ်ရွယ်တယ်…။ နှစ်ယောက်လုံးက သုံးဆယ်တောင် မပြည့်သေးဘူး… ” ရှောင်ယွီက ခေါင်းညိတ်ပြီးနောက် ဂုဏ်ယူစွာပြောလိုက်သည်။
” တကယ်တော့ ဆရာချန်ဝူကလည်း ကျွန်တော်တို့ ဒီတစ်ခေါက်ဖိတ်ထားတဲ့ ပညာရှင်တွေကိုလည်း တွေ့ပြီးပါပြီ…။ သူကအသက် ၂၇နှစ်ပဲရှိသေးပေမဲ့ သူ့ရဲ့ခွန်အားက သိပ့်ကြောက်ဖို့ကောင်းတယ်…။ သူကကျော်ကြားတဲ့ ပညာရှင်တော်တော်များများကို အနိုင်ယူခဲ့ပြီးပြီ…။ ဒီအတောအတွင်းမှာ သူက နိုင်ငံတကာတိုက်ခိုက်ရေးပြိုင်ပွဲကို ဝင်ပါဖို့ စီစဉ်နေတယ်လို့ကြားတယ်…။ ရလဒ်ကောင်းရဖို့အတွက် သူ့မှာ မြင့်မားတဲ့အခွင့်အရေးရှိတယ်…။ ”
” တကယ်ပါပဲ ဆရာလေ့ပေါင်ကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ…။ အရင်သူ့ကို တွေ့ဖူးပါတယ်…။ ကံဆိုးတာက အကြိမ်ရေအနည်းငယ်မှာပဲ ရှုံးသွားခဲ့တယ်…။ အခုဆရာလေ့ပေါင်က ပြင်းပြင်းထန်ထန် တစ်နှစ်လေ့ကျင့်ခဲ့တာ သူရဲ့ခွန်အားက ပိုတောင်ကြောက်ဖို့ကောင်းနေမှာပဲ…။ သူ့ကို အရင်တုန်းက တွေ့တုန်းက ကျုပ်ရဲ့ကိုယ်ထဲ ကျောစိပ့်သလိုခံစားရတာ… ” ချန်ဝူက လေးစားအားကျသည့် အသံဖြင့် ပြောလိုက်သည်။
လေ့ပေါင်သည် သူတွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး အတွင်းအား ပညာရှင်ဖြစ်တာ သေချာသည်။ နောင်လည်းလေ့ပေါင်က သိုင်းပညာအကျော်အမော်တစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ခြေများသည်။ ယခုအချိန်တွင် လေ့ပေါင်က အတွင်းအား အသုံးမပြုပဲတောင် သူ့ကိုအလွယ်တကူ အနိုင်ယူနိုင်မှာဖြစ်သည်။ လေ့ပေါင်က အတွင်းအားကို အသုံးပြုလျှင် ယှဉ်ပြိုင်ပွဲရှုံးရမည်အစား သူ့အသက်တစ်ချက်တည်းဖြင့်တောင် ဆုံးရှုံးသွားနိုင်သည်။
ကျင်းဟိုင်မြို့၏ နာမည်ကြီး တိုက်ခိုက်ရေးပွဲအကြောင်းကြားပြီး ချန်ဝူ အလွယ်တကူ ရှုံးနိမ့်သွားသည်ကို သူတို့ကြားခဲ့ဖူးသည်။ ၎င်းက လွန်ခဲ့သည့် တစ်နှစ်ကျော်က ဖြစ်ခဲ့တာဖြစ်သည်။
ချန်ဝူ မည်သူမှန်း မသိသည့်သူ မရှိပေ။ ကျင်းဟိုင်မြို့တွင် လူသိများ ထင်ရှားသည့် သူတစ်ဦးဖြစ်သည်။
အစောပိုင်း နေ့ရက်များက ချန်ဝူသည် ပညာရှင်တော်တော်များများကို တိုက်ခိုက်ခဲ့သည်။ သူသည် ပညာချင်းဖလှယ်ရာတွင် ရှုံးနိမ့်ခဲ့သည့်တိုင် သူတိုက်ခိုက်ခဲ့သည့် ပညာရှင်များကလည်း အလွယ်တကူအနိုင်ရခဲ့တာ မဟုတ်ပေ။ ချန်ဝူက ဆရာတစ်ဆူဖြစ်ရန် အလွန်နီးစပ်သော သိုင်းပညာရှင် တစ်ဦးဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ကျင်းဟိုင်မြို့ရှိလူတိုင်းက ချန်ဝူကို ဆရာချန်ဟု ခေါ်ကြသည်။
လက်ရှိတွင် ချန်ဝူက အတော်လေးငယ်ရွယ်သေးပြီး သူ၏ ခွန်အားကို အထွတ်အထိပ်နေရာတွင် ထိန်းသိမ်းထားသည်။ ယုတ္တိရှိရှိဆိုရလျှင် သူက ပညာရှင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဖြစ်သည်။ သူက လေ့ပေါင်ဟု အမည်ရသော သိုင်းပညာရှင်နှင့် တိုက်ခိုက်သည့်အခါ အကွက်ရေအနည်းငယ်ရှုံးခဲ့သည်။ လေ့ပေါင်မည်မျှအားကောင်းမှန်း ခန့်မှန်းကြည့်နိုင်ပေသည်။
” သြော် ဒီလိုပါရမီရှိတဲ့သူပဲ…။ ရှောင်ယွီပြိုင်ပွဲပြီးရင် မင်းငါ့ကိုသေချာပေါက် သူနဲ့မိတ်ဆက်ပေးရမယ်…။ ဒီအဘိုးကြီးက နိုင်ငံတကာတိုက်ခိုက်ရေးပြိုင်ပွဲတွေကို ကြည့်ဖို့ အသက်ကြီးနေပေမဲ့ ပညာရှင်တစ်ယောက်နဲ့ စကားပြောဖို့ အခွင့်ရေးတစ်ခါမှ မရခဲ့ဖူးဘူး…။ ” ရွှီဝမ်ချင်၏ မျက်လုံးများက တောက်ပနေပြီး ချန်ဝူ၏ စကားများကို မျှော်လင့်စောင့်စားနေသည်။
အခန်းနောက်တွင် ထိုင်နေစဉ် ကျောက်ကျန်းဟွာနှင့် ရောက်လာသည့် ကျောက်ရော့ရှီက ပြောတာကိုနားထောင်စဉ် စိတ်ပူပန်မှုပေါ်လာသည်။
ဘာလုပ်ရမလဲ … ”
ကျောက်ရော့ရှီ၏ ရင်ထဲစိတ်ဓါတ်ကျလာသည်။
ရှီဖုန်း အံ့အားသင့်ဖွယ်ကောင်းမှန်း သူမယုံကြည်သော်လည်း သိုင်းပညာတွင် လေ့ပေါင်နှင့် ယှဉ်ပါက လူတိုင်းပြောသည့်အတိုင်းပဲ ခွန်အားအရာတွင်ဖြစ်စေ အတွေ့ကြုံအရာတွင်ဖြစ်စေ ရှီဖုန်းက လေ့ပေါင်ထက် အနည်းငယ် နိမ့်ကျလောက်သည်။
လေ့ပေါင်က ပြိုင်ပွဲအတွင်းသာ မထိန်းချုပ်လျှင် ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားနိုင်သည်။
အချိန်က တဖြေးဖြေးကုန်လာသည်။ နောက်ဆုံးတွင် ယှဉ်ပြိုင်ပွဲ ကျင်းပမည့် အချိန်ရောက်လာကာ ခန်းမထဲရှိ စိတ်လှုပ်ရှားမှုက ရေဆူမှတ်ထိ ရောက်နေပြီဖြစ်သည်။
ယခင်က ကျင်းဟိုင်မြို့တွင် သိုင်းပညာရှင်များကြား ယှဉ်ပြိုင်ပွဲကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပုံမှန်ဆို ထိုသို့သော ယှဉ်ပြိုင်ပွဲမျိုးကို နိုင်ငံတကာ စင်မြင့်ပေါ်တွင်သာ မြင်နိုင်ပေသည်။ ယခုလက်ရှိ ရှိနေသည့်သူအများစုက နိုင်ငံတကာ ယှဉ်ပြိုင်ပွဲကို တီဗီရုပ်မြင်သံကြားကနေကြည့်ဖူးကြသည်။ သူတို့က မျက်မြင်တွေ့ရန် အခွင့်အရေးမရကြပေ။
ပညာရှင်နှစ်ဦးက မည်သို့သောလူမျိုးလဲဆိုတာ သိချင်နေကြသည်။ ပြိုင်မည့်သူနှစ်ဦးထွက်လာမည့် နေရာကနေ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာ၏။ ပြီးနောက် မီးခိုးဖြူများကြားထဲတွင် ယနေ့ပွဲ၏ ဇာတ်လိုက်နှစ်ယောက်က စင်ပေါ်တွင် တက်လာတော့သည်။
လေ့ပေါင်နှင့် ရှီဖုန်း …။
ပညာရှင်နှစ်ဦး၏ စစ်မှန်သော သွင်ပြင်ကို ပရိတ်သတ်များ မြင်သွားသောအခါ အားလုံးက ပြောစရာမဲ့သွားကြသည်။ ပညာရှင်နှစ်ယောက် ထိုမျှငယ်ရွယ်နေမည်ဟု မထင်ခဲ့ပေ။ အထူးသဖြင့် အထူးဧည့်သည်တော်ခန်းထဲတွင် ရှိနေသူများက ရှီဖုန်းကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
” ရှီဖုန်းလား .. သူ ဒီကို ဘာကြောင့် ရောက်နေတာလဲ ”
ရွှီဝမ်ချင်က သူမျက်လုံးကိုပွတ်လိုက်သည်။ သူ့မျက်လုံးဝါးနေသည်ဟုတောင် တွေးမိသွားသည်။