ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 495 ကီလိုတစ်ထောင်ခွန်အား
ရွှီဝမ်ချင်၏မှတ်ဉာဏ်ထဲတွင် ရှီဖုန်းက လတ်လတ်ဆတ်ဆတ်ရှိနေသေးဆဲဖြစ်သည်။
ယခင်က ရှီဖုန်းသည် တက္ကသိုလ်၏ နံပါတ်တစ် တိုက်ခိုက်ရေးသမား ကျန်းလော်ဝေ့ကို အနိုင်ယူခဲ့ရုံသာမက သူသည် ချန်ဝူဆီမှ ချီးကျူးမှုလည်းရခဲ့သည်။ ယခုနေရာ၌ ရှီဖုန်း အမှန်တကယ် ပေါ်လာလိမ့်မည်ဟု ရွှီဝမ်ချင် မထင်ထားပေ။
” မဟုတ်လောက်ဘူးမလား ”
ချန်းဝူက ရှီဖုန်းကိုမြင်သောအခါ ကြောင်အနေသည်။ သူ မှတ်မိသလောက် ရှီဖုန်းက အလွန်အံ့အားသင့်ဖွယ် ကောင်းသော်လည်း အတွင်းအား အသုံးပြုနိုင်သည့် အဆင့်ကို မရောက်နိုင်သေးပေ။ ယခုအချိန်တွင်မူ ရှီဖုန်းက ပြိုင်ပွဲထဲ ပါဝင်နေပြီဖြစ်သည်။ ၎င်းက အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်း၏။
ပြိုင်ကွင်းထဲ၌ နှစ်ဖက်ယှဉ်ရပ်ကြသောအခါ လေ့ပေါင်နှင့် ရှီဖုန်းက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။
လေ့ပေါင်က အနက်ရောင်စွပ်ကျယ်အကျီကို ဝတ်ထားပြီး သူ၏ ကြေးနီရောင် ကြွက်သားများကို ပြသထားသည်။ သူ၏ကြွက်သားများက ဖုဖောင်းနေရုံသာမက ကျားသစ်၏ ကြွက်သားကဲ့သို့ပင် ခွန်အားအပြည့် ပါရှိသောခံစားချက်မျိုး တခြားသူများကို ပေးစွမ်းသည်။ သူ၏ ဆံပင်စုတ်ဖွားက သူ၏ရောင်ဝါနှင့် လိုက်ဖက်ညီနေကာ အရိုင်းဆန်သည့် ခံစားချက်မျိုးပေးစွမ်းသည်။ လူအများက သူ့အနားခြေလှမ်းတစ်ဝက်တောင် မကပ်ရဲ့ပေ။
တစ်ဖက်တွင်မူ ရှီဖုန်းက သာမန် တက္ကသိုလ်ကျောင်းသား တစ်ဦးနှင့်သာ တူနေသည်။ သူက ထက်ရှပြီး ဓါးကဲ့သို့ ရောင်ဝါမပိုင်ဆိုင်ထားသလို အရပ်မြင့်မြင့် တုပ်တုပ်ခိုင်ခိုင် ခန္ဓာကိုယ်လည်း မရှိပေ။ သူသည် လူသားများနှင့် တိရိစ္ဆာန်များကို အန္တရာယ်မပေးနိုင်ဟူသော အမြင်မျိုးသာ ပေးစွမ်းပြီး သူ့ကိုနည်းနည်းလေးတောင် သတိထားစရာ မလိုဟူသော အမြင်မျိုးရစေသည်။
နှစ်ယောက်ကြားရှိယှဉ်ပြိုင်ပွဲက သံသယဖြစ်ဖွယ် မရှိပေ။ ၎င်းက ရက်စက်သော ခြသေ့င်္နှင့် ချစ်စဖွယ်ကောင်းသော ယုန်ငယ်လေးကြားရှိ တိုက်ပွဲကဲ့သို့ဖြစ်နေသည်။ တိုက်ပွဲဖြစ်စရာ အကြောင်းမရှိသလို ပုံပေါ်သည်။
ရုတ်တရက်တွင် ပရိတ်သတ်များကြားထဲရှိ ပူလောင်နေသော ပြင်းပြမှုက ရေအေးအေးဖြင့် အလောင်းခံရသလို ငြိမ်ကျသွားသည်။
” ဒါက ပညာရှင်နှစ်ယောက်ကြားက ပြိုင်ပွဲမဟုတ်ဘူးလား…။ အဲဒီမှာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက် ဘာကြောင့် ရှိနေတာလဲ…။ ”
” အမှန်ပဲ ခုနှစ်စဉ်ကြယ်က ဆရာလေ့ပေါင်ကို မြှင့်တင်ပေးချင်ရင်တောင် အနည်းဆုံး သင့်တော်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖိတ်သင့်တယ်မလား…။ ဆံပင်အမွေးတောင် မပေါက်သေးတဲ့ လူငယ်လေးကို ဖိတ်တာ ဘာရမှာလဲ…။ ငါတောင် အဲ့ဒီ ကောင်စုတ်လေးကို ဖြေရှင်းနိုင်တယ်…။ ”
ပရိတ်သတ်များက အပူတပြင်းဆွေးနွေးကြတော့သည်။ ခုနှစ်စဉ်ကြယ်၏ ဥက္ကဋ္ဌရှောင်ယွီက စိတ်ရင်းမှန်မရှိဟု သူတို့ခံစား လိုက်ရသည်။ သို့သော် ပွဲကြည့်ပရိတ်သတ်ထိုင်ခုံ၏ ထောင့်တွင် ထိုင်နေသော ကျန်းလော်ဝေ့နှင့် လန်ဟိုင်လုံ နှစ်ယောက်လုံးက ထိုမြင်ကွင်းကို မြင်သောအခါ ဆွံ့အသွားသည်။
” သူက ဘယ်လိုလုပ် သိုင်းပညာရှင် တစ်ယောက်ဖြစ်မှာလဲ… ”
ကျန်းလော်ဝေ့က ပြိုင်ကွင်းထဲတွင် ရပ်နေသည့် ရှီဖုန်းကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခုအချိန်ထိ ရှီဖုန်း သူ့ကို အနိုင်ယူခဲ့တာကို ရင်ထဲမှတ်ထားဆဲဖြစ်သည်။ ထိုအချိန်ကာလအတွင်း သူသည် ဆက်တိုက် လေ့ကျင့်ခဲ့ပြီး ချန်ဝူဆီမှာတောင် လမ်းညွှန်မှုကိုတောင် ရယူခဲ့သည်။ အားလုံးက ရှီဖုန်းကို လက်စားချေရန်အတွက်ဖြစ်သည်။ သို့သော် ရှီဖုန်းက သူ့ရှေ့တွင်ထပ်ပေါ်လာပြန်ပြီး ယခုဆို သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
သို့သော် ကျန်းလော်ဝေ့က ရှီဖုန်း၏ ပြိုင်ဘက်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
သူသည် လေ့ပေါင်၏ အောင်မြင်မှုအကြောင်း ချန်ဝူထံမှ များစွာ ကြားခဲ့ဖူးသည်။
လေ့ပေါင်သည် သက်ညှာမှုကို မည်သို့ ပြရမည်မှန်းမသိသည့် ရက်စက်သူတစ်ဦးသာ ဖြစ်သည်။ သူတွင်တရားဝင်ပွဲများတွင် ရင်ဆိုင်တွေ့သူအားလုံးက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကြပြီး တချို့ဆို မသန်မစွမ်းဖြစ်ကုန်သည်။ ထို့ကြောင့် လေ့ပေါင်နှင့် ယှဉ်ပြိုင်လိုသည့်သူ မရှိကြပေ။ ကမ္ဘာ့သိုင်းပညာအဖွဲ့အစည်းက လေ့ပေါင်၏ အမည်ကိုကြားသောအခါ ထိပ်တန်းအလွှာ သိုင်းပညာရှင်များတောင် သူ့ကို တတ်နိုင်သမျှ ကြိုးစားရှောင်ကြသည်။ သူတို၏ အနာဂါတ်ကို လေ့ပေါင်နှင့် ယှဉ်ပြိုင်ခြင်းဖြင့် မည်သူမျှ မပျက်စီးချင်ကြပေ။
အစက ကျန်းလော်ဝေ့သည် လေ့ပေါင်နှင့် ယခုအခေါက် ယှဉ်ပြိုင်ရဲသည့် ပညာရှင်အချို့ကို တွေ့ခဲ့မိသည်။ သို့သော် ရှီဖုန်းက တဇောက်ကန်း လူငယ်လေး ဖြစ်နေပုံပေါ်သည်။
ယခင်က သူတို့၏ ယှဉ်ပြိုင်ပွဲအကြောင်း မည်သူမှ အထွတ်တက်သံမကြားရသော်လည်း ပြိုင်ပွဲ၏ကျင်းပသူက ပရိတ်သတ်ကို ချက်ချင်းပဲ ထကြွသွားစေသည်။
” ဂုဏ်သရေရှိ လူကြီးမင်း အပေါင်းတို့ ဒီပြိုင်ပွဲမစခင်မှာ ပညာရှင်နှစ်ယောက်က သွေးပူလေ့ကျင့်ခန်းတချို့ လုပ်ပါမယ်…။ ဒီပညာရှင်နှစ်ယောက် ဘယ်လောက် အားကောင်းလဲဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ပေးပါ့မယ်…။ အခုပညာရှင်နှစ်ယောက် သူတို့ရဲ့ခွန်အား ပြသဖို့ ကြိုဆိုလိုက်ရအောင်… ”
အခမ်းအနားမှုးက ပြောသောကြောင့် အချို့သောဝန်ထမ်းများက လက်သီးအားကို စမ်းသပ်သည့် စက်ကိုပြိုင်ကွင်းထဲယူလာသည်။ ထိုလက်ဝှေ့စက်က နောက်ဆုံးပေါ် မော်ဒယ်ဖြစ်ပြီး လေ့ပေါင်နှင့်ရှီဖုန်း၏ လက်သီးစွမ်းအားကို စမ်းသပ်ရန် ရည်ရွယ်သည်။
ပထမဆုံး စမ်းသပ်သူက ရှီဖုန်းဖြစ်သည်။
ရှီဖုန်းက ထိုစမ်းသပ်ချက်ကို သိပ့်ပြီးစိတ်ဝင်စားနေသည်။ ထိုကာလအတွင်း သူ မည်မျှတိုးတက်လာသလဲဆိုတာ သူသိချင်နေသည်။
လက်ဝှေ့ထိုးသည့်စက်၏ရှေ့တွင် ရပ်ပြီးနောက် ရှီဖုန်းက နေရာအသင့်အတင့်ယူကာ ရှေ့သို့ ထိုးချလိုက်သည်။ လေကို ထွင်းဖေါက်သွားပြီးနောက် သူ့လက်သီးက ဖုန်း ကနေအသံဖြင့် ပစ်မှတ်ကို ရောက်သွားချိန်၌ ဖုန်းကနဲ့အသံမြည်သွားသည်။ လက်ဝှေ့ထိုးစက်က အကောင်းပကတိကနေ အနည်းငယ်ခါသွား၏။ ချက်ချင်းပင် လက်ဝှေ့ထိုးစက်က နံပါတ်များထိုးတက်သွားသည်။
ယခုအချိန်တွင် နံပါတ်များက ကီလိုဂရမ် ၂၀၀ ကိုကျော်သွားပြီဖြစ်သည်။ ခဏတာအတွင်း နံပါတ်က ကီလိုဂရမ် ၃၂၀ အထိထိုးတက်သွားသည်။ ထိုတန်ဖိုးက ကျွမ်းကျင်ရေး တိုက်ခိုက်ရေးသမားများ၏ စံသတ်မှတ်ချက်အတွင်းရှိသည်။
အဆုံးတွင် လက်ဝှေ့ထိုးစက်က ကီလိုဂရမ် ၄၀၁ ကိုပြသသည်။ ရလဒ်က ကျင်းဟိုင်မြို့၏ ထင်ရှားသော တိုက်ခိုက်ရေးသမားများနှင့် ယှဉ်ပြိုင်နိုင်လုနီးပါးရှိသည်။ သို့သော် မြို့၏ ထိပ်တန်းတိုက်ခိုက်ရေးသမား ချန်ဝူနှင့်အထက် အနည်းငယ်နိမ့်ကျနေသည်။
” ဒီရှီဖုန်းက အံ့သြဖွယ်ဖို့ကောင်းတာပဲ…။ ဒီလိုလက်သီးစွမ်းအားနဲ့ဆို ကျန်းလော်ဝေ့က သူရဲ့ပြိုင်ဘက်မဟုတ်တာ အံ့သြစရာမရှိပါဘူး…။ ”
ရွှီဝမ်ချင်က သဘောကျစွာရယ်လိုက်ပြီး သူ၏ မှုတ်ဆိတ်ဖြူကို သပ်လိုက်သည်။
” ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုခွန်အားမျိုးပိုင်ဆိုင်ရင် သူက မင်းကို နောက်နှစ် အနည်းငယ်အတွင်း အမှီလိုက်နိုင်မှာပဲ ဆရာချန်ဝူ… ”
ချန်ဝူ၏ လက်ဝှေ့ စွမ်းအားစံချိန်က ကျင်းဟိုင်တစ်မြို့လုံးအတွက် စံချိန်တစ်ခုဟု ဆိုနိုင်ပေသည်။
ချန်ဝူ၏ လက်ဝှေ့စွမ်းအားက ၄၅၃ ကီလိုဂရမ်ရှိကာ သာမန်လူများကို လေးစားအားကျရသည့် တန်ဖိုးဖြစ်စေသည်။ တစ်ချက်ထိုးရုံဖြင့် ချန်ဝူက ထူထဲသည့် သတ္တုဘုတ်ပြားကိုတောင် ကွေးသွားစေနိုင်သည်။
လတ်လတ်ဆတ်ဆတ် လူ့အသားဆိုရင် ပြောနေရန်မလိုပေ။ ချန်ဝူက အချိန်တိုအတွင်း သံလိုက်ကာကို သတ္တုအပုံစ ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်သည်။
ရှီဖုန်းက အသက်နှစ်ဆယ်သာ ရှိသေးသည်။ ထို့ကြောင့် သူက ကြီးထွားတိုးတက်ရန်အတွက် အလားအလာကောင်း ရှိသေးသည်။ ချန်ဝူ၏ လက်ဝှေ့စွမ်းအားစံချိန်ကို ကျော်ဖြတ်ရန် ပြဿနာမရှိပေ။
” အဘိုးကြီး ရွှီ .. ဒါပေမဲ့ ညီငယ်လေးရှီဖုန်းက သူ့ရဲ့ရုပ်ခွန်အားကို ပြသတာပဲရှိသေးတယ်…။ သူသာအတွင်းအားကို သုံးလိုက်ရင် ကျုပ်ရဲ့စံချိန်ကို ကျော်သွားမှာပဲ…။ ဒါ့အပြင် ညီငယ်လေးရှီဖုန်းက အရင်တည်းက ကျုပ်ရဲ့စံချိန်ကိုချိုးပြီးပြီဆိုတာ ကြားဖူးတယ်…။ စံချိန်အသစ်က ၅၇၆ ကီလိုဂရမ်ဖြစ်တဲ့ပုံပဲ…။ ”
ချန်ဝူက ခါးသက်စွာရယ်လိုက်သည်။
” ဟုတ်တယ် အဲ့တာအမှန်ပဲ…။ စံချိန်ကို ဆရာရှီဖုန်းချိုးခဲ့ပြီးပြီ…။ ” ရှောင်ယွီကခေါင်းညိတ်လိုက်သည်။
” ဆရာရှီဖုန်းက ခွန်အားကို ထိန်းသိမ်းထားချင်တာကြောင့် သူခွန်အားအပြည့် မသုံးတာနဲ့တူတယ်…။ ”
” အတွင်းအားနေရာက ခန္ဓာကိုယ်ပေါ်မှာ လေးလံတဲ့ ဝန်ပိုးပဲ…။ သူက ဆရာလေ့ပေါင်လို ပညာရှင်ကို ယှဉ်ပြိုင်ဖို့ လိုတယ်ဆိုမှတော့ သူရဲ့ရုပ်ခွန်အားကို ထိန်းထားရမှာပေါ့… ” ချန်ဝူက ရှင်းပြသည်။
အတွင်းအားဟူသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်၌ ဘာကိုကိုယ်စားပြုမှန်း မည်သူမှမသိကြပေ။ အတွင်းအားပညာရှင်များတောင် ၎င်းကို သာမန်အတိုင်းအသုံးမပြုပေ။ မဟုတ်ပါက သူတို့ကြမ်းပြင်ပေါ်တွင်လှဲပြီးအချက်ရေအနည်းငယ်အတွင်း သတိလစ်သွားနိုင်သည်။ ထို့ကြောင့် ယခုအားစမ်းသည့်အချိန်တွင် အရူးသာအတွင်းအားကို အသုံးပြုမှာဖြစ်သည်။
အထူးဧည့်သည်တော် အခန်း၏ နောက်ဘက်တွင် ထိုင်နေသော ကျောက်ယွဲ့ရှုက ရှီဖုန်း၏ စမ်းသပ်ချက်ရလဒ်ကို မြင်သောအခါ ကျေနပ်ပီတိဖြစ်သွားသည်။ ရှီဖုန်း မည်မျှ တိုးတက်လာမှန်း သူမသာသိသည်။
ယခင်က ရှီဖုန်း၏ စစ်ဆေးချက်ရလဒ်သည် အတွင်းအားမပါလျှင် ကီလိုဂရမ် ၃၀၀ ထက်နည်းသည်။ သူ့ကိုမတွေ့တာ အချိန်ကာလ အနည်းငယ်သာ ရှိသေးသော်လည်း ရှီဖုန်း၏ လက်သီးစွမ်းအားက ၄၀၀ ကီလိုဂရမ်ကို ကျော်သွားခဲ့ပြီဖြစ်သည်။ ထိုတိုးတက်မှုကို ချန်ဝူသာ ရှာတွေ့ခဲ့လျှင် သူလန့်နိုးသောကြောင့် ထခုန်နေလောက်သည်။
သို့သော် အထူးဧည့်သည်တော်အခန်းရှိ ကျန်သည့်သူများက တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနေကြစဉ် လေ့ပေါင်က စတင် စမ်းသပ်တော့သည်။
” ဟ… ”
တစ်ချက်အော်လိုက်ပြီးနောက် လေ့ပေါင်က သူ၏လက်ဝါးကို လက်သီးဆုပ်လိုက်ပြီးနောက် ဖုန်းကနဲ့မြည်သံနဲ့အတူ လက်ဝှေ့စက်ကို ထိုးလိုက်တော့သည်။ လေ့ပေါင်၏ လက်သီးက ပစ်မှတ်ကိုရောက်သွားသည်နှင် လက်သီးက ရစ်ပတ်သည့်ဖိအားကို ပေါ်သွားစေသည်။ လေ့ပေါင်၏ လက်သီးက ပစ်မှတ်နောက်ရှိစတီးပြားကို တိုက်ရိုက်ထိမှန်ပြီး အဆုံးသတ်သွားသည်။
ဖန်း…
ခံနိုင်ရည်ကြာရှည်ခံသော စတီးပြားက ချိုင့်ဝင်သွားတော့သည်။ လက်ဝှေ့စက်တစ်ခုလုံးတောင် အနောက်သို့ လှန်ကျသွားသည်။
ထိုစဉ် လေ့ပေါင်၏ ခြေထောက်အောက်ရှိ သတ္တုကြမ်းပြင်က တူဖြင့်အရိုက်ခံလိုက်ရသည့်အလား အပ်ကွဲရာများပေါ်လာသည်။
ဒင် ဒင် ဒင်…
လက်ဝှေ့စက်က ဆက်တိုက်မြည်လာသည်။
ပွဲကြည့် ပရိတ်သတ်ထဲတွင် အများစုက ထိုအသံနှင့် မရင်းနှီးကြပေ ။ သို့သော် အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီး စမ်းသပ်ဖူးသည့်သူများအဖို့ ထိုအသံက သူတို့၏ ရိုသေလေးစားမှုကို တိုးစေသည့် အသံဖြစ်သည်။ အကြောင်းမှာ ထိုအသံက စံချိန်တစ်ခုချိုးကြောင်း ပြလိုက်သည့် အသံဖြစ်သည်။
ထိုစဉ်ပရိတ်သတ်ခုံတန်းတွင် အသံကြားပြီး မတုန့်ပြန်သည့်သူ မရှိကြပေ။ အကြောင်းမှာ လူတိုင်းက လေ့ပေါင်၏ အဖျက်စွမ်းအား လက်သီးကြောင့် ကြောင်အနေသောကြောင့် ဖြစ်သည်။
” သူက လူကောဟုတ်ရဲ့လား… ”
ကျောက်ယွဲ့ရှု၏ ညို့ငင်နိုင်သောမျက်လုံးများက ပြူးကျယ်သွားကာ လက်ဝှေ့စွမ်းအား စမ်းသပ်သည့်စက်ပေါ်၌ ပြသထားသောဂဏန်းကို သူမအာရုံစိုက်လိုက်သည်။
၆၅၆ ကီလိုဂရမ် …။
ထိုစံချိန်က ရှီဖုန်းစံချိန်ကို ကျော်လွန်သည်။
” လုံလောက်သွားပြီ …။ လေ့ပေါင်က ထူးချွန်တဲ့ သိုင်းပညာရှင်ပဲ…။ သူလေ့ကျင့်ပြီး ရလာတဲ့ခွန်အားကတောင် သာမန်လူတွေ လိုက်မမှီဘူး…။ မယှဉ်နိုင်တဲ့အရာပဲ… ” ချန်ဝူက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။