ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 497 ကနဦး အထူးကျွမ်းကျင်ခြင်း
လေ့ပေါင်က ကြောက်မက်ဖွယ်ကောင်းသည့် လက်သီး ထိုးလိုက်သည်နှင့် ရှီဖုန်းက လျင်မြန်ဖြတ်လတ်သည့် မျောက်တစ်ကောင်ကဲ့သို့ နောက်သို့ အမြန်ဆုတ်လိုက်သည်။ သူကလေ့ပေါင်၏ လက်သီးကို ကာရန် မရည်ရွယ်ထားပေ။
လေ့ပေါင်၏ လက်သီးက သူ၏ပစ်မှတ်နှင့် စင်တီမီတာအနည်းငယ်သာ ဝေးကွာသည့်အချိန်၌ ရှီဖုန်းက သူ၏ဝမ်းဗိုက်ကို နောက်ဆုတ်ကာ တိုက်ကွက်ကို ကပ်သီလေးရှောင်လိုက်၏။
လေ့ပေါင်၏ လက်သီးက ကြောက်မက်ဖွယ်ကောင်းသည့် ထိတ်လန့်ဖွယ်လှိုင်းကို သယ်ဆောင်ထားသည်။ အဝတ်စများရှိနေသည့်တိုင် ရှီဖုန်းက သူ၏ဝမ်းဗိုက်ဆီ ခတ်လာသည့်လှိုင်းကို ခံစားမိသည်။ ထိုကြမ်းတမ်းသော ဖိအားက သူ၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်သက်ရောက်လာလျှင် နောက်ဆက်တွဲက မတွေးဝံ့စရာပေ။ ပရိတ်သတ်များကလည်း ထပ်ပြီး ကြောင်အသွားပြန်သည်။
” ကျားဟိန်းသံလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ” ဒုတိယလွှာတွင်ရှိသော အထူးဧည့်သည်တော် အခန်းထဲရှိ ချန်ဝူက လေ့ပေါင်၏ လက်သီးကို မြင်ပြီးသူ၏ မျက်လုံးက တောက်ပသွားကာ နှလုံးခုန်မြန်လာသည်။ အဖိုးတန်ရတနာကို တွေ့ရသည့်အလား သူ၏ မျက်နှာထက်တွင် ပီတိဖြာသည့် အမူအရာပေါ်လာသည်။
” ကျားဟိန်းသံလား… ” ချန်ဝူဘေးရှိ ပရိတ်သတ်များကလည်း ဇဝေဇဝါဖြစ်ကာ သံယောင်လိုက်ပြောသည်။ သို့သော် ချန်ဝူ၏ စိတ်အားထက်သန်နေသော အကြည့်ကို မြင်သောအခါ ၎င်းက အလွန်အစွမ်းထက်သော နည်းစနစ်ဖြစ်မည်ဟု ခန့်မှန်းနိုင်ကြသည်။
ချန်ဝူက ခေါင်းညိတ်လိုက်သည်။ စိတ်အားထက်သန်စွာဖြင့် သူကရှင်းပြလိုက်သည်။
” အတွင်းအားရော အပြင်အားရော နှစ်ခုလုံးကို ပေါင်းစည်းနိုင်တဲ့သူပဲ…။ အဲ့ဒီလို အသံမျိုးထုတ်နိုင်တာ…။ တစ်စုံတစ်ယောက်က သူတို့ရဲ့ခန္ဓာကိုယ်ကို အကန့်အသတ်ထိ လေ့ကျင့်ပြီးတာရဲ့ သက်သေလို့ပြောနိုင်တယ်…။ ပုံမှန်ဆို သိုင်းပညာရှင်ကြီး အဆင့်ရောက်တဲ့ ကျွမ်းကျင်သူတွေပဲ…။ ဒီလိုလက္ခဏာမျိုးကို ထုတ်ဖော်နိုင်စွမ်းရှိတာ ဆရာလေ့ပေါင်က ဒီအဆင့်ကို ရောက်နေမယ်လို့ ကျုပ် မထင်ထားဘူး…။ ဒါနဲ့သာဆို ဆရာလေ့ပေါင်က သူ့ရဲ့အကန့်အသတ်ကို ချိုးဖြတ်ပြီး မျိုးဆက်တစ်ဆက်ရဲ့ သိုင်ပညာရှင်တစ်ဦး ဖြစ်လာဖို့ မလိုတော့ဘူး…။ ”
မရေမတွက်နိုင်သည့် သိုင်းပညာရှင်များက ကြိုးကြိုးစားစားလေ့ကျင့်ခဲ့သည့်တိုင် အတွင်အားနှင့် အပြင်အားကို ပေါင်းစပ်နိုင်ခြင်းမရှိခဲ့ပေ။ တစ်ဖက်တွင်မူ အသက်သုံးဆယ်မပြည့်သေးခင် လေ့ပေါင်က သူ၏ ခန္ဓာကိုယ်ကို အကန့်အသတ်အထိ တွန်းတင်နိုင်ခဲ့ပြီဖြစ်သည်။ ယခုမူ သူက အတွင်းအားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ပြီဖြစ်ကာ သူ၏တိုက်ကွက်တိုင်း၌ ၎င်းကို အသုံးပြုနိုင်သည်။ သူက သိုင်းပညာပါရမီရှင်ဟူသော စကားလုံးနှင့် အံဝင်ဂွင်ကျဖြစ်သည်။
ရှီဖုန်းက အတွင်းအားအသုံးပြုနည်းကို သိသည့်တိုင် ခန္ဓာကိုယ်ကို အကန်အသတ်ထိ တွန်းတင်ပြီးသည့် လေ့ပေါင်နှင့် ရင်ဆိုင်ရသည့်အခါ သူကအနိုင်ရရန် အခွင့်အရေးသုညသာရှိသည်။
ချန်ဝူက ရှင်းပြနေစဉ် ကျားဟိန်းသံများက ပြိုင်ကွင်းအတွင်းပြည့်သွားသည်။
လေ့ပေါင်၏ လှုပ်ရှားမှုတိုင်းက မယှဉ်သာသည့် ကြမ်းတမ်းမှုရှိပြီး ပြိုလဲသည့်လက်သီးနှင့် အမြှောက်လက်သီးကြားထဲ တစ်လှည့်စီပြောင်းနေသည်။ အရှိန်၊ တိကျမှုနှင့် ကြမ်းတမ်းမှု သူက ထိုသုံးခုကို အပြည့်အဝအသုံးပြုနေသည်။ လေ့ပေါင်၏ လက်သီးပုံရိပ်ယောင်များက ကွင်းထဲပြည့်သွားသည်။ တစ်လှမ်းပြီးတစ်လှမ်း သူ၏ကြမ်းတမ်းသော တ်ိုက်ကွက်များက ရှီဖုန်းကို ပိုမိုပြင်းထန်းစွာ ဖိနှိပ်ထားသည်။ ရှီဖုန်းက ထိုတိုက်ကွက်များကို ရှောင်နေတာရပ်လိုက်လျှင် ဆိုးဝါးသည့် အဆုံးသတ်သာ စောင့်ကြိုနေမှာဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းက ရွေးချယ်စရာမရှိပဲ နောက်သို့ ဆက်တိုက်ဆုတ်နေရသည်။
လေ့ပေါင်က တိုက်ပွဲတွင် အသာစီးရနေသော်လည်း ရှီဖုန်းက ယခုအချိန်ထိ တစ်ချက်သာ ထိုးရသေးသည်။
သန်မာလိုက်တာ …။
ရှီဖုန်းနောက်သို့ တစ်လှမ်းဆုတ်လိုက်တိုင်း သူသည်လေ့ပေါင်၏ လက်သီးနောက်ကွယ်ရှိ စွမ်းအား အနည်းငယ်တောက်ပလာတာကို ခပ်ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ၏ လက်သီးများက အရှိန်သတ်လာသည့် အလားပင်။ ရှီဖုန်း၏ ဦးနှောက်လှုပ်ရှားမှုသာ တိုးမလာခဲ့လျှင် သူ၏ အာရုံငါးပါးနှင့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုသာ သိသိသာသာတိုးမလာခဲ့လျှင် လေ့ပေါင်က တိုက်ကွက်အနည်းငယ်အတွင်း သူ့ကို အနိုင်ယူနိုင်မှာ ဖြစ်သည်။ ယခုဆို ရှီဖုန်းက တိုက်ကွက်အနည်းငယ် ခံနိုင်နေပြီဖြစ်သည်။ သူက မကြာမီ၌ ရှုံးတော့မည့်ပုံပေါ်သည်။
လေ့ပေါင်က သူ့ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိနေတာ အံ့သြစရာမရှိပေ။ နောက်တစ်ကွက်တွင် လေ့ပေါင်၏ ခန္ဓာကိုယ်က ရှေ့သို့ရောက်လာပြီး သူ၏ လက်သီးတစ်ဝက်ကို ရှီဖုန်း၏ မျက်နှာဆီ ပို့လိုက်သည်။ ထိုစဉ် သူက ရှီဖုန်းကို ထောင့်သို့ တွန်းပို့ပြီးဖြစ်ကာ သူ့အတွက်ပြန်ဆုတ်စရာ လမ်းကြောင်းမရှိတော့ပေ။
ရုတ်တရက်တွင် ရှီဖုန်း၏ ခန္ဓာကိုယ်က ယိုင်သွားကာ ဝင်ရောက်လာသည့် လက်သီးကို လက်ဦးမှုရယူရန် လုပ်လိုက်သည်။ သူကသူ့ကိုယ်သူ သတ်ဖို့ ကြိုးစားနေတာလား။ လေ့ပေါင်က အံ့သြကာ စွံ့အသွားသည်။
ထိုစဉ် ကွင်းပြင်ရှိပွဲကြည့်ပရိတ်သတ်များက မတ်တပ်ထပ်ရပ်ကာ ပြိုင်ပွဲ၏ အဆုံးသတ်မြင်ကွင်းကို ကြိုမြင်နေရသည်ဟု ထင်နေကြသည်။ လူအများစုက ရှီဖုန်း၏ ခေါင်းအပိုင်းပိုင်းအစစ ပေါက်ကွဲမှာကို ကြိုမြင်နေကြသည်။ မကြည့်ရဲသည့် အမျိုးသမီးအချို့က သူတို့မျက်လုံးများကို ချက်ချင်းပိတ်လိုက်ကြသည်။
” ပြီးသွာပြီ … ” ချန်ဝူက မပြောပဲမနေနိုင်တော့ပေ။
လေ့ပေါင်၏ လက်သီးက အင်မတန်မာကျောသည့် သံမဏိပြားကိုတောင် ကွေးညွှတ်စေနိုင်သည်။ ထိုသို့တိုင် ရှီဖုန်းက လေ့ပေါင်၏ လက်သီးကို တွေဆုံရန် သူ့ခေါင်းကို အသုံးပြုနေသည်။ ရှီဖုန်း၏ခေါင်းက လေ့ပေါင်၏ သံမဏိလက်သီးနှင့် ထိတော့မည့်အချိန်တွင် ရှီဖုန်း၏ နှလုံးခုန်သံ သို့မဟုတ် အသက်ရှုသံလားမသိ နှစ်ခုလုံးက အပြည့်အဝ ရပ်တန့်သွားပုံရသည်။
လေ့ပေါင်က မတုန့်ပြန်ရသေးခင် သူ၏ လက်သီးက ရှီဖုန်း၏ မျက်နှာဘေးကို ပွတ်တိုက်မိသွားကာ လူငယ်၏ ပါးပေါ်၌ ခြေရာထင်သွားပြီး သွေးစီးကြောင်းကျန်ခဲ့တာကို သိလိုက်ရသည်။ ထိုစဉ် ရှီဖုန်း၏ လက်သီးက လေ့ပေါင်၏ ဝမ်းဗိုက်ဆီ ကျရောက်ပြီးဖြစ်သည်။
လေ့ပေါင်က သူ၏ဝမ်းဗိုက်အတွင်းရှိ ပြင်းစွာသော နာကြင်မှုကိုသာ ခံစားလိုက်ရသည်။ သူသည် ထိုဖိအားကို ထုတ်ဖော်ရန်အတွက် ကြွက်သားတွင် စွမ်းအား အသုံးပြုချင်ခဲ့သော်လည်း သူ မလုပ်နိုင်တာကို သိလိုက်ရသည်။ နည်းနည်းလေးတောင်မလှုပ်နိုင်ပေ။ စတီးအပ်တစ်ချောင်းကဲ့သို့ပင် ထိုဖိအားက သူ၏ ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထိုးဖေါက်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူ့တစ်ကိုယ်လုံးက လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး နောက်သွေးအန်တော့သည်။ ယခုအချိန်တွင် သူထပ်ပြီး မတိုက်ခိုက်နိုင်တော့ပေ။
အချိန်အတိုင်းအတာတစ်ခုအတွက် ခန်းမထဲရှိလူတိုင်းက အလွန်အံ့သြနေကြသည်။
အစတုန်းက ယခု ယှဉ်ပြိုင်ပွဲ၏ ထွက်လာမည့်ရလဒ်က လေ့ပေါင်၏ အနိုင်ရပွဲဖြစ်သင့်သည်။ ထိုသို့တိုင် ရုတ်တရက်ပြောင်းပြန်လှန်သွားခဲ့သည်။ ပရိတ်သတ်ထဲရှိ မည်သူကမှ ဘာဖြစ်သွားမှန်း ရှင်းရှင်းလင်းလင်းမသိလိုက်ပေ။
လေ့ပေါင်၏ လက်သီးက ရှီဖုန်း၏ ခေါင်းကို ထိုးဖောက်တာကိုသာ သူတို့မြင်ခဲ့ရသည်။ နောက်တစ်စက္ကန့်တွင် ရှီဖုန်း၏ လက်သီးက လေ့ပေါင်၏ ဝမ်းဗိုက်ဆီကျရောက်ပြီးဖြစ်ကာ အဆုံးတွင် ရှီဖုန်းကသာ ပြိုင်ပွဲ၏ အနိုင်ရသူဖြစ်သွားခဲ့သည်။
” ဆရာချန်ဝူ ဆရာကိုယ်တိုင်က ပညာရှင်တစ်ယောက်ပဲ .. ခုနတုန်းက အတိအကျဘာဖြစ်သွားတာလဲ ပြောပြနိုင်မလား… ” ရွှီဝမ်ချင်က အခြေအနေအကြောင်းသိချင်စိတ် ဖြစ်နေသည်။
ချန်ဝူနားတွင် ထိုင်နေသည့်သူများကလည်း သိုင်းပညာရှင်များကိုကြည့်ပြီး သူ့ထံမှအဖြေရရန် မျှော်လင့်နေကြသည်။
အချိန်တချို့ ကုန်ဆုံးသွားသည်။
” ကျုပ်လည်း ဘာဖြစ်သွားမှန်းမသိဘူး… ” ချန်ဝူက ခေါင်းခါလိုက်သည်။
ထိုလူနှစ်ယောက်တိုက်ကွက်ဖလှယ်တာ အလွန်မြန်လွန်းသည်။ အရှိန်က သူတုန့်ပြန်နိုင်တာကို ကျော်လွန်နေပြီဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းမည်သို့ ပြုလုပ်သွားမှန်းတောင် သူ အတိအကျမသိပေ။ လေ့ပေါင်၏ ကြမ်းတမ်းသောလက်သီးက ရှီဖုန်းဆီ မရောက်သွားတာကိုသာ သိလိုက်သည်။
ဒါပေမဲ့ လေ့ပေါင်က ဘယ်သူလဲ။
ယခုဆိုအခြေအနေက ပြန်လမ်းမရှိတော့ပေ။ လေ့ပေါင်က ရှီဖုန်းကို သတ်ချင်သည့် ဆန္ဒမရှိသည့်တိုင် သူက ရုတ်တရက် တိုးတက်မှုကို ပြောင်းလဲရန် ဘာမှ မလုပ်နိုင်ပေ။
ထိုသို့တိုင် ရှီဖုန်းက လေ့ပေါင်၏ လက်သီးကို အမှန်တကယ်ရှောင်နိုင်ခဲ့သည်။ ပိုမယုံနိုင်စရာကောင်းသည်က ရှီဖုန်းလက်သီးထိုးလိုက်တာကိုတောင် ချန်ဝူ မမြင်လိုက်ရတာဖြစ်သည်။ လေ့ပေါင်က တိုက်ခိုက်မှုကို အချိန်မီတုန့်ပြန်နိုင်ရင်တောင် ကျရှုံးခဲ့သည်။
” ဟင်း … ”
ထိုစဉ် လေ့ပေါင်က ပြန်ထရပ်ကာ သူ၏ မျက်လုံးထဲ၌ မယုံနိုင်မှုများပြည့်နေပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် တည်တည်ငြိမ်ငြိမ်ရပ်နေသော ရှီဖုန်းကို မယုံနိုင်စွာ ကြည့်လိုက်၏။
ကျန်သည့်သူများက ဘာဖြစ်သွားမှန်း မမြင်လိုက်သော်လည်း ရှီဖုန်းက ၎င်းကိုဂရုတစိုက် ပြန်စဉ်းစားကာ အခြေအနေကို ချက်ချင်းသဘောပေါက်သွားသည်။ သို့သော် လေ့ပေါင်က မယုံနိုင်ဖြစ်နေသည်။
အသက်နှစ်ဆယ်မျှသာရှိသေးသည့် ကျောင်းသားတစ်ဦးက သူ၏ ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်ဖြတ်ပြီးဖြစ်ကာ သူ့ထက် ခေါင်းတစ်လုံးသာနေသည်။ ၎င်းက ချက်ချင်းဖြစ်သွားသည့်တိုင် လေ့ပေါင်က ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ရှီဖုန်း၏ ခန္ဓာကိုယ်က အရှိန်ထပ်တိုးလာသည်။ သေရေးရှင်ရေး အခိုက်အတန့်တွင် ရှီဖုန်းက သူ၏ လက်သီးကို ရှောင်ကာ သူ့ကိုတစ်ချက်ထိုးလိုက်သည်။
ပရိတ်သတ်ထုကြီး၏ခေါင်းက တိမ်ထဲတွင်ရှိနေစဉ် သူတို့က ရှီဖုန်းက လေ့ပေါင်ကို အနိုင်ယူလိုက်သည့် မြင်ကွင်းကို ပြန်အမှတ်ရရန်ကြိုးစားနေကြသည်။ ကျန်းလော်ဝေ့၊ လန်ဟိုင်လုံတို့က ပရိတ်သတ်ခုံတန်းတွင်ထိုင်ပြီး ကြောက်လန့်မှု့ကြောင့် တောင့်ခဲနေကြသည်။
သူတို့ရင်ထဲတွင်လဲ နောင်တများဖြင့် ပြည့်နေသည်။ သူတို့က ရှိရင်းစွဲအသက်ထက် ဆယ်နှစ်ကျော် ကြီးသွားပုံရသည်။
ထိုတိုက်ပွဲပြီးနောက် လူတိုင်းသည် ရှီဖုန်းအကြောင်း သိသွားပေလိမ်မည်။ အနာဂတ်ကလည်း အကန့်အသတ် မဲ့လေပြီ။ ထိုစဉ် သူက ကျင်းဟိုင်မြို့၏ အကောင်ကြီးကြီးဖြစ်နေပြီ။ ယခုအချိန်တွင် သူက ကျင်းဟိုင်မြို့၏ အားထားစရာဖြစ်နေပြီပင်။
ရှီဖုန်းနှင့် တစ်တန်းထဲကျောင်းသွား ကျန်းလော်ဝေ့က ရှီဖုန်းကို ဆန့်ကျင်ရန် ကြိုးစားခဲ့သည်။ သူ့အတိတ်က လုပ်ရပ်များအကြောင်း စဉ်းစားမိသောအခါ သူကသေခြင်းတရား ရှာနေခြင်းသာဖြစ်သည်။
လန်ဟိုင်လုံအတွက်မူ ရှီဖုန်း တကယ်အားကောင်းမှန်း သူယခင်က သိခဲ့လျှင် အစောတည်းက ရှီဖုန်းနဲ့ ဆက်ဆံရေးကောင်းအောင် နေခဲ့မှာဖြစ်သည်။ သူက လင်ဖေးလုံကြောင့် ရှီဖုန်းနှင့် ခိုက်ရန်ဖြစ်ပွားမှာ မဟုတ်ပေ။
အလွန့်အလွန်ဆိုးဝါးသည့် လင်ဖေးလုံ၏ လက်ကွက်များကြောင့်သာ မဟုတ်လျှင် သူတို့က ရှိဖုန်း၏ လှေပေါ်သို့ အစောတည်းက တွယ်တက်ပြီးဖြစ်ကာ အောင်မြင်မှုလှိုင်းများ တစ်လှေထဲစီးနေရမှာဖြစ်သည်။ ယခုမူ သူတို့က ရှီဖုန်းနှင့် ရန်သူဖြစ်နေရသည်။
” လော်ဝေ့ .. နက်ဖန်ကျရင် မင်းနဲ့ငါ ရှီဖုန်းကို သွားတွေ့ကြမယ်။ သူ့ရင်ထဲက အမျက်ကို ငါတို့မဖယ်ရှားနိုင်ရင် ငါတို့ အနာဂါတ်ကတော့ သွားပြီပဲ… ” လန်ဟိုင်လုံက ကူကယ်ရာမဲ့စွာ တီးတိုးပြောလိုက်သည်။
” အဟုတ်ပဲ ကံကောင်းတာက ငါတို့ရှီဖုန်းနဲ့ နည်းနည်းပဲ ညှိထားတာ…။ အဓိကပြဿနာက လင်ဖေးလုံပဲ…။ ငါတို့ပြန်သွားပြီးရင် သူနဲ့ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နေရမယ်…။ ငါတို့ လင်ဖေးလုံကို သင်ခန်းစာပေးဖို့ အကောင်းဆုံးပဲ…။ ဒါက ရှီဖုန်းကို စောစောတုန်းက မပြေလည်တာတွေအကြောင်း မေ့အောင်လုပ်ပေးကောင်းလုပ်ပေးနိုင်မှာ… ”
ကျန်းလော်ဝေ့က တွန့်ဆုတ်နေပုံရသော်လည်း လန်ဟိုင်လုံ၏ စကားများကို တုန့်ပြန်သည့် အနေဖြင့် ခေါင်းကို လေးတွဲစွာ ညိတ်လိုက်သေးသည်။