ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 506 သေခြင်းတရား မျှော်စင်
လွမ်းဆွေးခြင်းအပြုံး ပြောပြီးနောက် ခဏအကြာတွင် ခန်းမထဲရှိ လူတိုင်းက သတိပြန်ဝင်လာသည်။ သို့သော် သူတို့အားလုံးက လွမ်းဆွေးခြင်းအပြုံးကို တအံ့တသြစိုက်ကြည့်နေစဲ ဖြစ်သည်။ ယို့လန်က ကိစ္စများ ထိုကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားပေ။
လွမ်းဆွေးခြင်းအပြုံး၏ လုပ်ဆောင်ချက်က ယို့လန် ထင်ထားတာကို ကျော်လွန်သွားသည်။ သူမ၏ ပြတ်သားစွာ ငြင်းဆိုမှုက ပုံမှန်မဟုတ်တာထက်တောင် ပိုသည်။
” မစ္စလွမ်းဆွေးခြင်း …။ ကျွန်မတို့ နားလည်မှု လွဲနေတယ်ထင်တယ် …”
ယို့လန်က စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ပြောလိုက်သည်။
” လွှမ်းမိုးခြင်းအပြုံးက ဒီကို ပူးပေါင်းဖို့လာတာ မဟုတ်ဘူး …။ ရင်းနှီးမြှုပ်နှံဖို့ လာတာပါ …။ လွှမ်းမိုးခြင်းအပြုံးရဲ့ ဘဏ္ဍာရေးအင်အားအကြောင်း မစ္စ လွမ်းဆွေးခြင်း သိမယ်လို့ ယုံကြည်ပါတယ် …။ ကျွန်မတို့ရဲ့ အကူအညီနဲ့ဆို ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက ကုန်ကြမ်းတွေ ဝယ်တာရော ဘဏ္ဍာငွေမှာပါ ပြဿ နာ မရှိတော့ဘူး …။ ပြောရရင် ဖယောင်းအလင်းက တိုက်ပွဲဝင်အစည်းအရုံးတစ်ခု မဟုတ်ဘူး …။ ဒါကြောင့် သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အကန့်အသတ်ရှိမှာပဲ …။ ပြီးတော့ မြို့က ထိန်းချုပ်ထားမှာပေါ့ …။ ဖယောင်းတိုင်အလင်းလုပ်ငန်းကသာ မြစ်ဖြူမြို့ရဲ့ နံပါတ် ၁ ကုန်သွယ်ရေးလုပ်ငန်း ဖြစ်ကောင်းဖြစ်နိုင်တယ် …။ ဒါပေမယ့် မြို့တစ်မြို့ထဲမှာပဲ ကျန်နေပြီး ကျန်တဲ့နေရာတွေမှာတော့ ရုံးခွဲ မဖွင့်နိုင်လောက်ဘူးမလား …။ ပြောရရင် မြစ်ဖြူမြို့ရဲ့ ကစားသမားလူဦးရေက အကန့်အသက်မဲ့ မဟုတ်ဘူးလေ …။ များများစားစားတော့ ရနိုင်တာပေါ့ …”
” ဖယောင်းတိုင်အလင်းက ကြွယ်ဝချမ်းသာမှန်း ကျွန်မ ဝန်ခံပါတယ် …။ ဒါပေမယ့် တခြားမြို့တွေမှာ ရွှေမြေနေရာတွေ ဝယ်ယူဖို့ အဲဒီနေရာမှာ လုံလောက်တဲ့ ဂုဏ်သတင်းအမှတ်တွေ လိုအပ်တယ် …။ အစမှာထဲက ဖွံ့ဖြိုးတိုးတက်ပြီးသား အစည်းအရုံးတွေနဲ့ ယှဉ်ပြိုင်ရင် ဖယောင်းတိုင်အလင်းက ဘယ်လိုလုပ် မျှော်လင့်ချက် ရှိမှာလဲ …။ ဖယောင်းတိုင်အလင်းက ကျန်တဲ့မြို့တွေမှာ လုံလောက်တဲ့ ဂုဏ်သတင်းမှတ် ရသွားခဲ့ရင် ကျန်တဲ့အစည်းအရုံးတွေက အကောင်းဆုံးမြေနေရာတွေကို ဝယ်ယူပြီးဖြစ်နေမှာပဲ …”
” ဒါပေမယ့် ကျွန်မတို့ ဖယောင်းတိုင်အလင်းမှာ ရင်းနှီးမြှုပ်နှံပြီးရင် ကုန်သွယ်ရေးလုပ်ငန်းက ဒီလို ဟန့်တားမှုမျိုး ရင်ဆိုင်ရတော့မှာ မဟုတ်ဘူး …။ လွှမ်းမိုးခြင်းအပြုံးက တခြား မြို့ကြီးတွေမှာလဲ ရုံးခွဲတွေရှိတယ် …။ အိမ်နီးချင်းမြို့ ဖြစ်တဲ့ မြစ်ဖြူမြို့လည်း အပါအဝင်ပေါ့ …။ ကျွန်မတို့မှာ လုံလောက်တဲ့ ရွှေပြားရှိနေသရွေ့ ကြယ်လတိုင်းပြည် တစ်လျှောက် မြို့တိုင်းမှာ တန်ဖိုးအကြီးဆုံးမြေနေရာတွေကို ဝယ်ယူနိုင်ပြီး တိုင်းပြည်အနှံ့ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကို တည်ထောင်နိုင်ပြီး ရှင်တို့အတွက် အချိန်ကုန်သက်သာပြီး စွမ်းအားချွေတာရာ ရောက်မယ် …”
” မစ္စ လွမ်းဆွေးခြင်းက ဒီအခွင့်အရေးကို တကယ်စိတ်မဝင်စားဘူးလား …”
ယို့လန်က ထိုမက်မောဖွယ် အခြေအနေများဖြင့် ကမ်းလှမ်းပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ သူမက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ အားနည်းချက်ကိုလည်း ထောက်ပြလိုက်တာ ဖြစ်သည်။
ယို့လန်သည် ထိုသို့သောအချက်ကို ယုံကြည်ချက်ရှိရှိ ပြောနိုင်ခြင်းမှာ လွှမ်းမိုးခြင်းအပြုံး၏ နောက်ခံဖြစ်သည့် မြေအောက်ကမ္ဘာကြောင့် ဖြစ်သည်။ ပထမတန်းအစည်းအရုံးများတောင် မယှဉ်နိုင်သည့်အရာ ဖြစ်သည်။
ယို့လန်၏ ကမ်းလှမ်းမှုက ဧည့်ကြိုခန်းမထဲရှိ ကျန်သည့်အစည်းအရုံးမန်နေဂျာများကို မှင်သက်သွားစေသည်။ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက သူတို့နှင့် မသက်ဆိုင်မှန်း သိလိုက်ရသောအခါ သူတို့ အတော်စိတ်ပျက်သွား၏။
သူတို့က ဖယောင်းတိုင်အလင်း၏ အနာဂတ် ကြီးပွားတိုးတက်မှုကိုတောင် မှန်းဆပြီးဖြစ်သည်။ တစ်ဖက်တွင် စွမ်းအားအရင်းအမြစ် အသာစီးရရှိမှုနှင့် တစ်ဖက်တွင် ရွှေပြားများ၊ နာမည်ကြီးသော ဆိုင်များ ရှိနေမှာ ဖြစ်သည်။ လုပ်ငန်းနှစ်ခုကြားရှိ ပူးပေါင်းမှုက ကောင်းကင်က ဖန်တီးပေးသကဲ့သို့ ဖြစ်နေမှာပင်။
ယို့လန်က အမှန်တကယ် အံ့သြဖွယ်ကောင်းသည်။ ထင်ထားတဲ့အတိုင်း မြေအောက်ကမ္ဘာ၏ အကြီးအကဲများ အားကျလောက်သည့်သူ ဖြစ်သည်။ အစက ဒေါသကြောင့် စိတ်လွတ်နေသည့် ဖုန်းရွမ်းရန်တောင် ယို့လန်ကို တိတ်တဆိတ်ချီးကျူးမိသွားသည်။ သူက မျက်လုံးထောင့်ကနေ လွမ်းဆွေးခြင်းအပြုံးကို တစ်ချက်ခိုးကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကာ သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူရင်ထဲ အပျော်များ ပြည့်သွား၏။
ကုန်သွယ်ရေးလုပ်ငန်းစုတစ်စုအဖို့ အသုံးများသည့် လူသုံးကုန်များ ကုန်သွယ်ဖို့အတွက် သူတို့ အေလိုအပ်ဆုံးက ကုန်ကြမ်း မဟုတ်ပေ။ ထိုပစ္စည်းများ ရောင်းချရန်အတွက် ဈေးကွက်တစ်ခု ဖြစ်သည်။ လွမ်းမိုးခြင်းအပြုံးက ထိုဈေးကွက်ကို ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ ထိုသို့ စွဲဆောင်သည့် နည်းလမ်းက ခြမ်းခြောက်တာထက် ပိုသက်ရောက်မှု ရှိသည်။
ထိုစဉ် လွမ်းဆွေးခြင်းအပြုံးက ပါးစပ်ဟကာ ပြောလိုက်၏။
” ရှင့်ရဲ့ အခြေအနေက မက်လောက်စရာပဲ …။ ဒါပေမယ့် ရှင်တို့အခု ထွက်သွားနိုင်ပါပြီ …။ အားလုံးပဲ ကျွန်မကမ်းလှမ်းမှုကို စဉ်းစားဖို့အတွက် မိနစ် ၃၀ ကျန်ပါသေးတယ် …။ ရှင်တို့ မပူးပေါင်းချင်ရင် ထွက်သွားလို့ ရပါတယ် …။ ကျွန်မ တခြားကိစ္စ ရှိသေးလို့ပါ …။ ဒါဆို လိုက်မပို့တော့ပါဘူး …”
ထိုသို့ပြောပြီးနောက် လွမ်းဆွေးခြင်းအပြုံးက ဧည့်ကြိုခန်းမထဲမှ ထွက်သွားကာ တစ်ချက်မှ လှည့်မကြည့်ခဲ့ပေ။ သူမ အခန်းထဲသို့ ဝင်လာချိန်မှစကာ သူမသည် မည်သည့်ကိုယ်စားလှယ်ကိုမှ ဂရုမစိုက်သလို ပြုမှုခဲ့သည်။
” သူမ တကယ်သွေးဆောင်မခံရဘူးလား …”
ယို့လန်က ကြောင်အသွားသည်။
ထိုသို့သော အလားအလာရှိသည့် အကျိုးအမြတ်ဖြင့် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းစုမှ သူတို့၏ ကမ်းလှမ်းမှုကို ငြင်းမှာ မဟုတ်ပေ။ လွမ်းဆွေးခြင်းအပြုံးက သူတို့ကို နောက်ဆုံးအကြိမ် ငြင်းခဲ့ရင်တောင် ကြမ်းတမ်းသည့် တောင်းဆိုချက်များကို အခြေခံပြီး ဖြစ်သင့်သည်။ သူတို့က သူတို့၏ တောင်းဆိုချက်ကိုတောင် မဖော်ပြရသေးခင် သူမက သူတို့ကို မောင်းထုတ်လိုက်သည်။
ဒါ ဘယ်လို အခြေအနေမျိုးလဲ။
ယို့လန်က အခြေအနေကို သဘောမပေါက်သေးခင် ကျန်သည့် အစည်းအရုံးများ၏ မန်နေဂျာများက စာချုပ်များကို လက်မှတ်ထိုးကာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ချပြလိုက်သည်။
၄င်းကို မြင်သောအခါ ယို့လန်က ရုတ်တရက် သဘောပေါက်သွားသည်။
လွမ်းဆွေခြင်းအပြုံးက သူမ လုပ်ဆောင်နိုင်စွမ်းကို ပြသခဲ့ပြီး မျောက်ကိုခြောက်ရန်အတွက် ကြက်ကိုသတ်ပြခဲ့တာ ဖြစ်သည်။ သူတို့က ကြက်ဖြစ်သွားပုံပင်။
ဖုန်းရွမ်းရန်ကလည်း သူတို့အခြေအနေကို သဘောပေါက်သွားသည်။ သူကြောင့် ငြင်းပယ်ခံရပြီး သူက လွမ်းဆွေးခြင်းအပြုံးရဲ့ ပစ်မှတ်ဖြစ်လာသည်။ ၄င်းက သူ့ကို ဒေါသထွက်စေသော်လည်း သူရင်ထဲ နောင်တများ ရနေသည်။ ခုနတုန်းက ဘာကြောင့်များ စိတ်လိုက်မာန်ပါ လုပ်လိုက်တာလဲ။
လွမ်းမိုးခြင်းအပြုံးအဖို့ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကို ဆန့်ကျင်ပြီးနောက် ပြန်အဆင်ပြေရန်က မဖြစ်နိုင်တော့ပေ။ လူနေမှုပုံစံ ကစားသမားများက မြို့ထဲမှ ထွက်သွားမှာ မဟုတ်ပေ။ သူတို့သာ မြို့ထဲတွင် ဆက်နေပါက သူတို့ကို မည်သူက ဘာမှမလုပ်နိုင်ပဲ နေမည်နည်း။
ှ
ဘဝပုံစံ ကစားသမားများက သူတို့၏ အဆင့်နှင့် ချပ်ဝတ်တန်ဆာများကိုသာ မှီခိုအားထားနေရသည့် တိုက်ပွဲဝင်ကစားသမားများနှင့် မတူပေ။ ဘဝပုံစံကစားသမားများက အဆင့်သုညအထိ ပြန်ကျအောင် အသတ်ခံရသည့်တိုင် သူတို့၏ ဘဝပုံစံစကေးက ကျန်ရှိနေမည်ဖြစ်ကာ မည်သို့သော သက်ရောက်မှုမှ ခံရမှာ မဟုတ်ပေ။
” ကြည့်ရတာ ကျွန်မတို့တွေ ကိုယ်ပိုင် လုပ်ငန်းစုတည်ထောင်ဖို့ပဲ လောရမယ့်ပုံပဲ …”
ယို့လန်က သက်ပြင်းချလိုက်သည်။ ကိစ္စများက သူမထင်ထားတာထက် ပြဿ နာများနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကလည်း သူမကို သတိပေးသလို ဖြစ်သွားသည်။
” နေပယ်မြို့ရဲ့ ရုံးခွဲက ဂုဏ်သတင်းမှတ် လုံလောက်နေပြီလို့ ကြားတယ် …။ ကျွန်မတို့ရဲ့ ကုန်သွယ်မှုကို နေပယ်မြို့မှာ စလို့ရလောက်တယ် …။ ဒါ့အပြင် အဲဒီက မြေနေရာတွေက ပိုဈေးပေါတယ် …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားဖို့ ကျန်တဲ့မြို့တွေနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် အနှေးနဲ့အမြန် ကျွန်မတို့တွေ အနိုင်ယူနိုင်မှာပဲ …”
” ကောင်းပြီ …။ ဒါကို ငါနဲ့ လွဲထားလိုက် …”
ယခုအချိန်၌ ဖုန်းရွမ်းရန်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့် ဆန္ဒများ ပြည့်နေသည်။ လွမ်းဆွေးခြင်းအပြုံး ထွက်ခွာသွားတာကို ကြည့်ပြီး သူက ကောက်ကျစ်သည့်အပြုံးပေါ်လာ၏။
” ကုန်သွယ်ရေးလုပ်ငန်းက ငါတို့နဲ့ မပူးပေါင်းချင်ဘူးဆိုမှတော့ အလုပ်သမားတိုင်းကလည်း အမြင်အတူတူပဲ ဖြစ်မယ်လို့ မထင်ဘူး …။ ဖယောင်းတိုင်အလင်းရဲ့ ပန်းပဲသမားတွေ တစ်ယောက်ခြင်းဆီကို ချည်းကပ်လိုက်မယ် …။ ဖယောင်းတိုင်အလင်း ဘယ်လောက်ကြာမလဲ ကြည့်ကြသေးတာပေါ့ …”
ကုန်သွယ်ရေးလုပ်ငန်းတစ်ခုက ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှု မရှိလျှင် ဝယ်သူများလာမှာ မဟုတ်ပေ။ ကုန်သွယ်ရေးလုပ်ငန်းက မြို့၏ ရွှေမြေနေရာများကို ပိုင်ဆိုင်ထားသည့်တိုင် ၄င်းက အသုံးမဝင် ဖြစ်ပေလိမ့်မည်။ ဖယောင်းတိုင်းအလင်း ကုန်သွယ်ရေးလုပ်ငန်းက မြစ်ဖြူမြို့ရဲ့ နံပါတ် ၁ ကုန်သွယ်ရေးလုပ်ငန်း မြန်မြန်ဆန်ဆန်ဖြစ်လာရသည့် အကြောင်းက အခြေခံအားဖြင့် သံချပ်ကာကိရိယာများကြောင့် ဖြစ်သည်။ မဟုတ်ပါက သူတို့သည် ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်းကို မည်သို့ကျော်နိုင်မည်နည်း။
ဖုန်းရွမ်းရန်က ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းမှ ဘဝပုံစံ ကစားသမားများကို အမိအရခေါ်ရန် အကွက်ချနေလိုက်သည်။ အကွက်ချနေစဉ် ရှီဖုန်းက အမွှာမျှော်စင်သို့ ရောက်လာခဲ့သည်။
အမွှာမျှော်စင် အဆင့်မြင့်မြေက အဆင့် ၄၅ မှ အဆင့် ၅၀ မြေပုံတစ်ခု ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်းရှိ နိုင်ငံတစ်နိုင်ငံဟူ၍ သတ်မှတ်နိုင်ပေသည်။ အဆင့်နိမ့်မြေပုံများထဲရှိ မွန်းစတားများနှင့်မတူဘဲ ဤနေရာရှိ မွန်းစတားများက ဉာဏ်ရည်ပိုမြင့်ပြီး မျိုးနွယ်စုများကြားထဲ နေထိုင်တာဖြစ်သည်။ ကစားသမားများက ဂရုမစိုက်လျှင် သူတို့သားကောင်ကို အမဲလိုက်ခြင်းထက် သူတို့ကိုယ်တိုင်က သားကောင်ဖြစ်သွားနိုင်သည်။ နတ်ဘုရားနယ်မြေထဲရှိ လက်ရှိကစားသမားများအဖို့ အမွှာမျှော်စင် အဆင့်မြင့်မြေက တားမြစ်နယ်မြေဖြစ်နေတာ သေချာသည်။ အဆင့်ကန့်သတ်မှုအပြင် စွမ်းရည်တွင် ကွာဟချက်ကလည်း အတော်လေးကျယ်နေသည်။
သို့သော် ရှီဖုန်းက ၄င်းကို ဂရုမစိုက်ပေ။ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် လက်ရှိကစားသမား၏ စံသတ်မှတ်ချက်ကို ကျော်နိုင်တာ ကြာခဲ့ပြီဖြစ်သည်။
ကောင်းကင်ဘုံနဂါး၏ ဝင်သက်တစ်ရှိုက်ဖြစ်သည့် ဒဏ္ဍာရီလာအပိုင်းအစကို ဝတ်ဆင်ပြီးနောက် ပိုမှန်လာပေသည်။ စွမ်းရည်အရာတွင် သူက အဆင့် ၄၀ သာမန်ကစားသမားနှင့် အလွယ်တကူ ယှဉ်နိုင်သည်။
အဆင့်ဖိနှိပ်ခြင်းမရှိဘဲ စွမ်းရည်တွင် အဆင့်များ ကွာဟချက်က ရှီဖုန်းအတွက် ဘာမှမဟုတ်ပေ။
ကံကောင်းသည်မှာ ရှီဖုန်းက အမွှာမျှော်စင်တောင်ထိပ်ကို အတော်ကျွမ်းဝင်သည်။ သူသည် အမွှာမျှော်စင် ဗဟိုဧရိယာသို့ ရောက်လာပြီး သေခြင်းတရားမျှော်စင်ကို ရောက်လာရာ မွန်းစတားတစ်ကောင်တောင် မတွေ့ခဲ့ရပေ။
မြင့်မားသည့် မျှော်စင် ၂ ခု၏ ထိပ်က တိမ်နက်များထဲ ဝင်နေပြီး တစ်ချက်ကြည့်ရုံဖြင့် သူတို့ကို မမြင်နိုင် ဖြစ်စေသည်။ ထူထပ်သော သေခြင်းတရားကလည်း မျှော်စင်များအနား ရစ်ပတ်နေကာ အေးစက်စက်လေက သူတို့နား၌ လှည့်ပတ်နေ၏။
မြင့်မားသည့် တပ်ရိုးများက သေခြင်းတရားမျှော်စင်ကို ဝိုင်းရံထားသည်။ အော့ခ် တပ်ဖွဲ့တစ်ဖွဲ့က နံရံတစ်လျှောက် ကင်းလှည့်နေသည်။ သေခြင်းတရားမျှော်စင်က မထိုးဖောက်နိုင်သည့် ခံတပ်တစ်ခုနှင့် ဆင်တူသည်။
အလင်းကျောက်တုံး သွန်းလုပ်သည့် ဒီဇိုင်းများအတွက် ရယူရန် ရှီဖုန်းအတွက် အကောင်းဆုံးနေရာဖြစ်သည်။
” ဒီလိုပဲ ဖြစ်သင့်တယ် …”
ရှီဖုန်းက လေစီးနင်းသူနှင့် နတ္ထိလက်စွပ်ကို အသက်သွင်းပြီးနောက် မြင့်မားသော နံရံများပေါ် ပျံတက်သွားသည်။ မရေမတွက်နိုင်သည့် အဆင့် ၄၇ အော့ခ်များကို တစ်ချက်ကြည့်ပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဘာသာပြန်သူ၏မှတ်ချက် (မျောက်ကိုခြောက်လန့်ရန် ကြက်ကို သတ်ဖြတ်ခြင်း = ကျန်သည့်သူများကို ဥပမာပြရန်အတွက် တစ်စုံတစ်ယောက်ကို အပြစ်ပေးခြင်းဟု ဆိုလိုသည်။ )