ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 560 အချိန်က ပြောင်းလဲခြင်း
ပုံမှန်ဆို အစည်းအရုံးစစ်ပွဲတွင် ပါဝင်ကြသည့် အစည်းအရုံးများက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရန်အတွက် အချိန်အတော်ယူရမှာဖြစ်သည်။ သို့သော် ဇီးရိုးဝင်း၏ ဆန်းကျယ်သည့် အောင်ပွဲပြီးနောက် ၄င်း၏ ဂုဏ်သတင်းက ကြယ်လတိုင်းပြည်တစ်ခုလုံး၌ ထိုးတက်သွားသည်။ ယခုအချိန်တွင် ကြယ်လတိုင်းပြည့်တွင် အခြေစိုက်သည့် အချို့သော ပထမတန်းအစည်းအရုံးများတောင် ဇီးရိုးဝင်းကို မယှဉ်နိုင်တော့ပေ။
ရလဒ်အနေဖြင့် တစ်ကိုယ်တော်ကစားသမား အရေအတွက်များစွာက ဇီးရိုးဝင်းကို ဝင်ရန်အတွက် မြစ်ဖြူမြို့သို့ ရောက်လာကြသည်။
ဇီးရိုးဝင်းသည် အဖွဲ့ဝင်ငါးသောင်းရှိသည့် သာမန်အစည်းအရုံးမှ အဖွဲ့ဝင်ရှစ်သောင်းရှိသည့် အစည်းအရုံးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် ဇီးရိုးဝင်းက ၄င်း၏ လူသစ်စုဆောင်းသည့် စမ်းသပ်ချက်၏ ခက်ခဲမှုကိုလည်း တိုးမြင့်လိုက်သည်။ ပိုအရေးကြီးသည်က အရေအတွက် တိုးတက်လာမှု မြန်ဆန်နေဆဲ ဖြစ်ပြီး နိမ့်ကျသွားတာ မရှိပေ။ ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်က ကြယ်လတိုင်းပြည်၏ အမျိုးမျိုးသော အစည်းအရုံးကြီးများကို ဆွံ့အသွားစေသည်။
လက်ရှိတွင် ဇီးရိုးဝင်းက လူအလွန်များနေပြီဟူသော စကားလုံးကို အသုံးပြုပြီး ဖော်ပြထားရပြီဖြစ်သည်။ ဇီးရိုးဝင်း၏အနာဂတ်က အကန့်အသက်မရှိတော့ပေ။
ဇီးရိုးဝင်းသည် အမျိုးမျိုးသော လက္ခာဏာများကို ပြသပြီး အာရုံစိုက်မှု ရခဲ့သော်လည်း အဆုံးတွင်မူ သူက နတ်ဘုရားနယ်မြေထဲရှိ အစည်းအရုံးလေးတစ်ခုမျှသာ ဖြစ်သေးသည်။ အစည်းအရုံးကြီးတစ်ခုကို မတော်တဆရန်စမိသည်နှင့် ချက်ချင်းပျောက်ကွယ်သွားမည့် တည်ရှိမှုမျိုးဖြစ်သည်။ ထို့ကြောင့် အစည်းအရုံးတစ်ခုကို ဝင်ရန်အတွက် တစ်ကိုယ်တော်ကစားသမားများက ရွေးချယ်သည့်အချိန်၌ သူတို့က ဇီးရိုးဝင်းအစား ထိုအစည်းအရုံးကြီးများကို သေချာပေါက်တွေးကြတာဖြစ်သည်။
ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ ရှေ့ဦးစွာ ဇီးရိုးဝင်းက မည်သည့်အစည်းအရုံးကိုမှ ကြောက်ရန်မလိုသည့် တည်ရှိမှုမျိုးဖြစ်သည်။ ဒုတိယအနေဖြင့် ဇီးရိုးဝင်းက ပေးအပ်ကမ်းလှမ်းသည့် ထောက်ပံ့မှုများက ပထမတန်းအစည်းအရုံးများထက်တောင် ကျော်လွန်သည်။ တတိယအချက်က အစည်းအရုံး၏ သိုလှောင်ရုံထဲတွင် ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာမျိုးစုံ ရနိုင်ပေသည်။ များပြားလှသည့် ချပ်ဝတ်တန်ဆာများကို ကြည့်ရုံဖြင့် သရေယိုနိုင်လောက်၏။ အစည်းအရုံးဂေဟာကလည်း ငှားရမ်းရန်အတွက် သီးသန့်ခန်းများစွာ ရှိနေသည့်အချက်က မပါသေးပေ။ အဆင့်မြင့်တင်သည့်အရှိန် သို့မဟုတ် ချပ်ဝတ်တန်ဆာ တိုးမြင့်သည့်အရှိန်အရာတွင်လည်း ဇီးရိုးဝင်းက ကျန်သည့်အစည်အရုံးများထက် မြန်ပေသည်။
ထိုမျှများပြားသော အကျိုးရလဒ်များဖြင့် လူတိုင်းက ဇီးရိုးဝင်းကို ဝင်ရန်အတွက် မျှော်လင့်နေကြသည်။
” မင်းတို့တွေ သိပ်မောက်မာမလွန်နေဘူးလား …။ မင်းတို့က နဂါးဖီးနစ်ပွဲကြည့်စင်ကို တစ်ကြိမ်ပဲအနိုင်ယူရသေးတာ …။ တစ်ကိုယ်တော်အဖွဲ့တွေ အများကြီးကြားထဲမှာ ငါတို့ လင်းယုန်ပျံအဖွဲ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက ပျမ်းမျှထက်သာတာ သေချာတယ် …။ ငါတို့ပထမတန်းအစည်းအရုံဝင်ရင်တောင် တန်ဖိုးထားခံရမှာပဲ …။ ဒါတောင် ငါတို့ဇီးရိုးဝင်းကို ဝင်ဖို့ကြိုးစားနေတဲ့အချိန် ငါတို့ ဆယ်ယောက်ထဲက နှစ်ယောက်ပဲ မင်းတို့ရဲ့ စမ်းသပ်ချက်ကို အောင်မြင်နိုင်ခဲ့တယ် …။ ငါတို့ကို နည်းနည်းအထင်သေးနေတာ မဟုတ်ဘူးလား …”
အဆင့် (၂၄) အစောက်အရှောက်သူရဲကောင်းက ဒေါသတကြီး ပြောလိုက်သည်။
” အမှန်ပဲ …။ ဝေးကွာတဲ့နေရာကနေ ဒီကိုလာဖို့အတွက် ပို့ဆောင်ခတွေ အများကြီး သုံးခဲ့ရတယ် …။ ဒါတွေအားလုံးက ဇီးရိုးဝင်းကို ဝင်ချင်တာကြောင့်ပဲ …။ ခက်ခဲမှုကို နည်းနည်းလောက် မလျော့ပေးနိုင်ဘူးလား …”
အဆင့် (၂၃) ရိန်းဂျားက အတွန့်တက်တော့သည်။
ဇီးရိုးဝင်း၏ ဂေဟာထဲရှိ လူသစ်စုဆောင်ရေးခန်းမထဲတွင် ကစားသမားများစွာက ဇီးရိုးဝင်း၏ လူသစ်စုဆောင်သည့်စမ်းသပ်ချက်များကို မကျေမနပ်ဖြစ်နေကြ၏။
ထိုအခြေအနေက ရေနှင်းဆီကို ခေါင်းခဲသွားစေသည်။ ရှီဖုန်းသည် ယခင်ကထက် လိုအပ်ချက်များကို အဘယ်ကြောင့် ရုတ်တရက်တိုးမြင့်လိုက်မှန်း သူမ နားမလည်နိုင်ပေ။ ပထမတန်းအစည်းအရုံးများထက်တောင် လိုအပ်ချက်မြင့်နေသေးသည်။ ထိုသို့တိုင် ရှီဖုန်းက ထိုဘားကို ထပ်မြင့်လိုက်၏။ သူသည် အစည်းအရုံးထဲကနေ ကစားသမားများကို မောင်းထုတ်နေခြင်းနှင့် တူနေ၏။
” အစည်းအရုံးခေါင်းဆောင် …။ နတ်ဘုရားနယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ အစည်းအရုံးတွေရှိတယ် …။ သူတို့အားလုံးက လူသစ်စုဆောင်းဖို့ ကြိုးစားနေကြတာ …။ အခုကျွန်မတို့က နဂါးဖီးနစ်ပွဲကြည့်စင်ကို အနိုင်ယူခဲ့ပြီးပြီ …။ ဖွံ့ဖြိုးတိုးတက်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်ကောင်းပဲ …။ လူသစ်စုဆောင်းဖို့ ဒီအရေးကို မယူခဲ့ရင် နောင်ကြ လွယ်ကူတော့မှာ မဟုတ်ဘူး …။ အခြေအနေကို နည်းနည်းလေး လျော့မပေးနိုင်ဘူးလား …”
ရေနှင်းဆီက မေးလိုက်၏။
ကျန်သည့်မြို့များမှ လာရောက်သည့်ကစားသမားအများစုက သူတို့၏ မြို့များတွင် အတော်လေးအရည်အချင်းရှိသည့် ကစားသမားများဖြစ်ကြသည်။ သို့သော် သူတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇီးရိုးဝင်းကို ဝင်ဖို့ရာ သူတို့က မြစ်ဖြူမြို့သို့ ရောက်လာကြတာဖြစ်သည်။ ထိုကစားသမားများသည် အခြားသောမြို့များတွင် အရည်အချင်းရှိပြီး သူတို့ကို ယခုငြင်းပယ်လိုက်ခြင်းက နှမျောစရာကောင်းပေ၏။
” ဘာပဲဖြစ်ဖြစ် ဒီတောင်းဆိုချက်ကို မပြောင်းလဲနိုင်ဘူး …။ ဒါ့အပြင် သူတို့ကို ဖိတ်ထားတာမဟုတ်ဘူး …။ သူတို့စရိတ်နဲ့ သူတို့လာကြတာ …။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေကတော့ ရှိနေအုံးမှာပဲ …။ သူတို့အောင်မြင်တာနဲ့ အစည်းအရုံးကို ဝင်ခွင့်ရမယ် …။ ကျရှုံးရင် ငါတို့ ဘာမှမလုပ်နိုင်ဘူး …။ ဇီးရိုးဝင်းရဲ့ အရင်းအမြစ်က အကန့်အသက်ရှိတယ် ငါတို့အစည်းအရုံးက အမှိုက်တွေကို စုဆောင်းတဲ့ ဘူတာရုံ မဟုတ်ဘူး …”
” ဒါ့အပြင် ဇီးရိုးဝင်းက လက်ရွေးစဉ်လမ်းကြောင်းကို လျှောက်လှမ်းနေတာ …။ အသုံးမကျတဲ့သူတွေကို စုဆောင်းဖို့ မရည်ရွယ်ထားဘူး …”
ရှီဖုန်းက နောင်တရသည့် လက္ခာဏာမပြပေ။ သူက ဖြေးဖြေးခြင်း ရှင်းပြလိုက်၏။
” မင်းကိုယ်တိုင် တွေ့မှာပါ …။ နဂါးဖီးနစ်ပွဲကြည့်စင်ရဲ့ စစ်ပွဲအတောအတွင်း စစ်နဂါးတပ်မဟာက ငါတို့လက်ရွေးစဉ်တွေ အားလုံးနီးပါးကို သုတ်သင်ရှင်းလင်းပစ်လုနီပါးပဲ …။ ငါတို့မှာသာ NPC အစောင့်အကြပ်အရေအတွက်တွေက ခုခံဖို့ ရှိမနေရင် စစ်နဂါးတပ်မဟာက ငါတို့ကို သုတ်သင်ရှင်းလင်းပစ်လိုက်နိုင်တယ် …။ ဒါကြောင့် ငါတို့အခုလုပ်ဖို့လိုတာက အစည်းအရုံးရဲ့ အရေအတွက်ကို တိုးဖို့မဟုတ်ဘဲ အဖွဲ့ဝင်တွေရဲ့ အရည်အသွေးကို တိုးမြင့်ဖို့ပဲ …”
ရေနှင်းဆီက ရှီဖုန်း၏ စကားကို ကြားသောအခါ တိတ်ဆိတ်သွားသည်။
ထိုစစ်ပွဲထဲတွင် နှစ်ဖက်ကြားရှိ ကွာဟချက်က ကျယ်ပြောလွန်းပြီး စစ်နဂါးတပ်မဟာမဆိုထားနှင့် နဂါးဖီးနစ်ပွဲကြည့်စင်၏ လက်ရွေးစဉ်အဖွဲ့များကတောင် ဇီးရိုးဝင်းထက် သိသိသာသာမြင့်တက်နေသည်။ ထိုသို့သော ကွာဟချက်ကသာနည်းလျှင် ဇီးရိုးဝင်းက ကြီးမားသည့်ဆုံးရှုံးမှုကို ကြုံတွေ့ရမှာ မဟုတ်ပေ။
” တကယ်ပါပဲ …။ ကျွန်မရဲ့ စိတ်ထဲမှာ အရင်တုန်းက ရှုပ်ထွေးနေတာပဲ …။ အခုချက်ချင်းအမိန့်အတိုင်း ဆောင်ရွက်ပါမယ် …”
ရှီဖုန်းပြောပြပြီးနောက် ရေနှင်းဆီက သူတို့၏ အောင်ပွဲကြောင့် အပျော်များခေါင်းထဲရောက်နေရာမှ ကျန်သည်အရာများကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဇီးရိုးဝင်းသည် လက်ရွေးစဉ် လမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်သည်။ အစည်းအရုံး၏ အဖွဲ့ဝင်များက သူတို့၏ ခွန်အားကို လျင်မြန်စွာ တိုးတက်လာရခြင်းက ထိုအကြောင်းကြောင့်ဖြစ်သည်။ အဖွဲ့ဝင် ငါးသောင်းမျှသာ ရှိသော်လည်း အစည်းအရုံးထဲတွင် လက်ရွေးစင်အဖွဲ့ဝင် သောင်းသုံးထောင်ကျော်တောင် ရှိသည်။ ၄င်းက ကြောက်မက်ဖွယ်ကောင်းသည့် အချိုးအစားဖြစ်ပေ၏။
ထို့အပြင် အစည်းအရုံးလေးတစ်ခုကနေ ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ဒုတိယတန်းအစည်းအရုံးများထက် လက်ရွေးစဉ်အဖွဲ့ဝင်က ပိုတောင်များပေသည်။ ၄င်းမှာ အစည်းအရုံးအဖွဲ့ဝင်တိုင်းက အစည်းအရုံး၏ ရင်းမြစ်များကို မျှဝေခွင့် ရရှိထားသောကြောင့် ဖြစ်သည်။ ပြီးနောက် ရှီဖုန်းသည် ဇီးရိုးဝင်းနှင့် သက်ဆိုင်သည့်ကိစ္စများကို ရေနှင်းဆီထံ လွဲအပ်ထားပြီး သူက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲရှိ ပန်းပဲခန်းထဲသို့ သွားလိုက်သည်။
အလယ်အဆင့်မန္တာ သံချပ်ကာကိရိယာအတွက် တောင်းဆိုမှုက မြင့်မားလွန်းသည်။ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ပြုလုပ်ခဲ့သည့်ကိရိယာများက ယခုရောင်းကုန်ခါနီးပြီဖြစ်သည်။ ထိုကြောင့် သူက ပစ္စည်းများမြန်မြန်ဖြည့်တင်းပေးရန် လိုအပ်သည်။ ထိုအချိန်အတွင်း ရှီဖုန်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်များနေခဲ့တာ ဖြစ်သောကြောင့် ကျန်သည့်အရာများလုပ်ရန် အချိန်မရှိပေ။
သူ၏ အံ့ဖွယ်တာဝန်အတွက် အချိန်အကန့်အသက်ဖြစ်သည့် အမှောင်ထုသက်ဆင်းခြင်းက နီးကပ်နေပြီဖြစ်သည်။ ကံကောင်းသည်မှာ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ကောင်းစွာဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကာ ၄င်း၏ ဂုဏ်သတင်းကလည်း တိုင်းပြည်တစ်လျှောက်တွင် ပျံ့နှံနေပြီဖြစ်၏။ ရွှေပြား သုံးသောင်းစုမိဖို့က မကြာတော့ပေ။
ဇီးရိုးဝင်းကို ဝင်ရန်အတွက် ကစားသမားများက ထူထပ်နေစဉ် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးဘက်ခြမ်းတွင်လည်း အခြေအနေက လက်လှမ်းမီတာကို ကျော်လွန်နေ၏။
လက်ရှိတွင် မြစ်ဖြူမြို့က လူစည်ကားနေသည်။ ကြယ်လမြို့ထက် မနိမ့်ကျတော့ပေ။ ထို့အပြင် ထိုကာလအတွင်း ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ချပ်ဝတ်တန်ဆာများကို စတင်ရောင်းချပြီး နာမည်ပိုကြီးလာတော့သည်။ လွှမ်းမိုးခြင်းကုန်သွယ်ရေးအတွက် ယခုမူ ဖုန်များသာ ရှိပေတော့၏။
ဖယောင်းအလင်းကုန်သွယ်ရေးလုပ်ငန်းထဲ သက်ဝင်လှုပ်ရှားနေပြီး အစက ဇီးရိုးဝင်း၏ ကံဆိုးမှုကို အမြတ်ထုတ်ရန်လာကြသည့် အမျိုးမျိုးသောအစည်းအရုံးကြီးများက ဤနေရာတွင် ထပ်စုဝေးလာပြန်သည်။ ယခုအခေါက်တွင် သူတို့သည် ယခင်ကကဲ့သို့ မမောက်မာတော့ပေ။ သူတို့က ကုန်သွယ်ရန်အတွက် စည်းမျဉ်းကို လိုက်နာကြ၏။
” အစည်းအရုံးခေါင်းဆောင် …။ ဘလက်ဖလိမ်းက ဒီတစ်ခေါက် ကျုပ်တို့ကို တွေ့ဖို့ဆန္ဒရှိမယ်လို့ထင်လား …”
ခရမ်းမျက်ဝန်းက ဂလက်ဆီပါ့စ်ကို ကြည့်လိုက်သည်။
” သူက ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖွင့်ထားပြီဆိုမှတော့ စီးပွားရေးလုပ်ချင်တာ သဘာဝပဲ …။ ဒါပေမယ့် ဘလက်ဖလိမ်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး မသေချာဘူး …။ အရင်တုန်းက သူက တုံ့ဆိုင်းခြင်းမရှိဘဲ နဂါးဖီးနစ်ပွဲကြည့်စင်ကို စိန်ခေါ်ခဲ့တာ …။ ဒီတစ်ခေါက် သူက ငါတို့ကို လျစ်လျူရှူ့တာမျိုး ဖြစ်နိုင်တယ် …”
ဂလက်ဆီပါ့စ်က ခါးသက်စွာ ရယ်မောလိုက်၏။
” ကိစ္စတွေ ဒီလိုအဆုံးသတ်မယ်ဆိုတာ သိခဲ့ရင် အရင်တုန်းက ဂျမ်းတဲလ်စနိုးရဲ့ ခြေရာကိုပဲ နင်းခဲ့မှာပေါ့ …။ ဂျမ်းတဲလ်စနိုးက အလယ်အဆင့်မန္တာသံချပ်ကာကိရိယာ ပမာဏတော်တော်များများ ဝယ်နိုင်ခဲ့တယ်လို့ ကြားတယ် …။ သူတို့က အယောက်ငါးဆယ်ဧရိယာကြီးမားတဲ့ အဖွဲ့လိုက်မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတာကြာပြီလို့ ငါကြားတယ် …”
နဂါးဖီးနစ်ပွဲကြည့်စင်သည် ရှုံးနိမ့်မှုကို ဒဏ်ခံခဲ့ရရုံသာမက နဂါးကိုးကောင်းဧကရာဇ်သည်လည်း တပ်မဟာတပ်မဟာကို ပွဲကြည်စင်၏ဌာနချုပ်ကို ခေါ်သွားပြီး အားပြန်ဖြည့်ရသည်။ နဂါးဖီးနစ်ပွဲကြည့်စင်တောင် ထိုအခြေအနေဖြင့်အဆုံးသတ်သွားလျှင် သာမန်ပထမတန်းအစည်းအရုံးများသည် ဇီးရိုးဝင်းကို ယှဉ်နိုင်ချေမရှိပေ။ ယခုသူတို့ တစ်ခုတည်းသော လုပ်နိုင်သည့်အရာက စောင့်ဆိုင်းဖို့သာဖြစ်၏။
ရှီဖုန်းက အလယ်အဆင့်မန္တာသံချပ်ကာကိရိယာများ သွန်းလုပ်ပြီး သိပ်မကြာခင်၌ လွမ်းဆွေးခြင်းအပြုံးက သူ၏ ပန်းပဲခန်းထဲဝင်လာသည်။
” အစည်းအရုံးခေါင်းဆောင် …။ ပထမတန်းအစည်းအရုံးက အထက်ပိုင်းမန်နေဂျာတွေက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ရောက်လာပြီး ဒီတစ်ခေါက်သူတို့က ခေါင်းဆောင်နဲ့ ဆွေးနွေးချင်နေတာ …။ ဘယ်အချိန်လောက် တွေ့မလဲ …”
လွမ်းဆွေးခြင်းအပြုံးက ညင်သာစွာ မေးလိုက်၏။
” သူတို့ နောက်ဆုံးတော့ ဒီရောက်လာပြီလား …”
ရှီဖုန်းက လုပ်နေတာကို ရပ်တန့်လိုက်သည်။ သူက အပြုံးခပ်ရေးရေးဖြင့် ပြောလိုက်၏။
” ဒါဆိုလည်း တစ်ချက်သွားကြည့်ကြတာပေါ့ …”
အတွဲ – ၂၈ ပြီး၏။