ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 568 အံ့ဖွယ်အဆင့် ကိရိယာ
ရှီဖုန်းက ထိုစကားများကို ပြောလိုက်သည့်အချိန်၌ ရှနိုက်ဒါ၏ မျက်လုံးများက ရုတ်တရက်တောက်ပသွားသည်။ ရှေးစစ်သည်တော်ဘုရင်က သွေးဆောင်ခံလိုက်ရတာ သိသာသည်။
ကြွယ်ကြွေကုန်သွယ်ရေးလုပ်ငန်းက သူ့ကို ကင်းမြှီးကောက်နက်အသိုက်ကို ဖယ်ရှားရှင်းလင်းခြင်း အခကြေးငွေအတွက် ရွှေပြားတစ်ထောင်ကမ်းလှမ်းခဲ့သည်။ သို့သော် ကင်းမြှီးကောက်နက်အသိုက်၏ ကပ္ပတိန်က အလွှာသုံးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူ့အဖို့ အောင်ဖို့က မသေချာပေ။ ကင်းမြှီးကောက်နက်အသိုက်၏ ကပ္ပတိန်တွင်လည်း လက်အောက်ငယ်သားများစွာရှိသေး၏။ တစ်ဖက်တွင် ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်း၏ ဥက္ကဌထံမှ စာချုပ်တစ်စောင်ကို ယူရမှာက အင်မတန်လွယ်ကူလွန်းပြီး သူရရှိမည့် အခကြေးငွေက ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်းက ကမ်းလှမ်းထားသည့် ခြောက်ဆဖြစ်သည်။
လုံလောက်သွားပြီဖြစ်သည်။ ထိုတာဝန်အတွက် ညှိနှိုင်းဆွေးနွေးနိုင်ပေ၏။ ရှနိုက်ဒါ၏ သွေးဆောင်ခံရသည့်အကြည့်ကို မြင်သောအခါ ရှီဖုန်းက သိလိုက်သည်။
အံ့ဖွယ်တာဝန်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နောက်ဆုံးဆုကြေးက တာဝန်၏ နောက်တစ်ဆင့်သို့ ဦးတည်သွားသည့်လက်နက်ဖြင့် မည်ကဲ့သို့ ကန့်သက်ခံထားနိုင်မည်နည်း။ ထို့အပြင် အလွှာသုံး NPC က သွားသည့်နေရာတိုင်း၌ အကောင်ကြီးအဖြင့် သတ်မှတ်နိုင်ပေသည်။ ထိုကဲ့သို့သော သူက ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်းကဲ့သို့ နေရာငယ်လေးတွင် ပေါ်မလာခြင်းက အကြောင်းပြချက်ကောင်း မရှိပေ။
ယခုအချိန်တွင် ဟင်နရီက မတည်ငြိမ်နိုင်တော့ပေ။ သူက အမြန်ပြောလိုက်၏။
” မြို့စားရီဖုန်းက နောက်နေတာပဲ ဖြစ်ရမယ် …။ မင်းက ဒီလောက်စိတ်ပါနေတယ်ဆိုမှတော့ အန်နာကလည်း မင်းနောက်လိုက်ရင် ပိုကောင်းတဲ့အနာဂတ်ရလိမ့်မယ်လို့ ယုံကြည်တယ် …”
ဟင်နရီက သဘောတူပြီးနောက် အန်နာ၏စာချုပ်ကို ချက်ချင်းထုတ်လိုက်သည်။
ရှီဖုန်းကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ရွှေပြားသုံးသောင်းခြောက်ထောင်ကို လွဲအပ်လိုက်သည်။ ၄င်းက သူပိုင်ဆိုင်သမျှ ငွေကြေးအကုန်ဖြစ်သည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် အစည်းအရုံးဂေဟာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူ့ကို ပိုက်ဆံများများ မရှာပေးထားလျှင် သူ့၌ ဂိမ်းငွေကြေးများစွာ ရှိမှာမဟုတ်ပေ။ ထိုအလှဲအလှယ်ပြီးနောက် သူက ဆင်းရဲသားဖြစ်သွားပြန်၏။ သို့သော် ရှီဖုန်းက စိတ်ထဲမထားပေ။
ဂိမ်းငွေကြေးဟူသည် သုံးစွဲရန်ဖြစ်သည်။ မဟုတ်ပါက ကစားသမားများ ပိုမြင့်သည့်အဆင့်ရောက်လျှင် ရွှေ၏တန်ဖိုးများက တန်ဖိုးလျော့ကျသွားမှာဖြစ်သည်။ ထို့အပြင် ထိုလှဲလှယ်မှုက အကျိုးအမြတ်ရှိပေသည်။ ဆိုရလျှင် သူက ရွှေစင်အဆင့် အစောင့်အကြပ်ကို ပိုင်ဆိုင်နိုင်ရန် ရွှေပြားခြောက်ထောင်ခန့်သာ သုံးလိုက်ရသည်။
အတိတ်တုန်းက ဆန်းကျယ်သံမဏိအဆင့် ရုပ်ခန္ဓာအစောင့်တောင် ရွှေပြားတစ်ထောင်ကျော်တန်ပေ၏။ ထိုဈေးက အံ့ဖွယ်အိုင်တမ်၏ ပျမ်းမျှအရည်အသွေးနှင့် ညီမျှပေသည်။ လျှို့ဝှက်ငွေ ရုပ်ခန္ဓာအစောင့်တစ်ဦးဆိုလျှင် ၄င်း၏ဈေးက ဆယ်ဆမြင့်သွားပြီး ရွှေပြားတစ်သောင်းထိ ရောက်သွားပေ၏။
လျှို့ဝှက်ငွေမှော်အစောင့်အကြပ်ကုန်ကျငွေက နောက်ထပ်ဆယ်ဆမြင့်သွားသည်။ တစ်နည်းဆိုလျှင် လျှို့ဝှက်ငွေအဆင့် မှော်အစောင့်တစ်ဦး၏တန်ကြေးက အနည်းဆုံးရွှေပြားတစ်သိန်းရှိပေမည်။ ထိုသို့တိုင် လျှို့ဝှက်ငွေမှော်အစောင့်၏ ထောက်ပံ့ပေးနိုင်မှုက မရှိတာများသည်။ ထိုသို့သော အစောင့်အကြပ်ကို တွေ့ရှိမိသည့်သူတိုင်းက သူတို့ကိုယ်ပိုင်အဖြစ်ထားကြ၏။ မည်သူမှ ရူးမိုက်ပြီး လျှို့ဝှက်ငွေအစောင့်ကို မပေးပစ်ပေ။ ရွှေစင်အဆင့်အစောင့်ဆိုလျှင် ပြောနေရန်တောင် မလိုတော့ချေ။
ဆိုရလျှင် ရှီဖုန်းက အန်နာ၏စာချုပ်ကို ရပြီးနောက် စနစ်အသိပေးသံက သူ၏နားထဲ မြည်လာ၏။
စနစ် : သင့်အပေါ် အမ်းနာ၏ နစ်ခြိုက်မှုက (၃၀) မှတ် တိုးပါတယ်။
” မြို့စားရီဖုန်း …။ ဒါက ဥက္ကဌဟင်နရီက ရှင့်ကို ကတိပေးထားတဲ့ အလွှာလေးမှော်စာလိပ်ပါ …”
အန်နာက ပြောပြီးနောက် ခရမ်းရောင်အလင်းတန်းများ တစ်လက်လက်လက်နေသည့် စာလိပ်တစ်ခုကို ပေးလိုက်၏။
စာလိပ်က ပြဲစုတ်နေသော်လည်း အထဲ၌ ပါဝင်သည့် မှော်စွမ်းအားက အဆင့်သုံး ရှေးစစ်သည်တော်ဘုရင်ရှနိုက်ဒါကိုတောင် တုန်လှုပ်ကြောက်လန့်သွားစေသည်။
အလွှာတစ် ဓားသူတော်စင်သာ ရှိသေးသည့် ရှီဖုန်းဆိုလျှင် ပြောနေရန်တောင် မလိုချေ။
အလွှာလေးမှော်စာလိပ်အတွင်းရှိစွမ်းအားက အလွှာလေးအမျိုးအစားမှ စွမ်းအားအပြည့်တိုက်ကွက်နှင့် ညီမျှပေသည်။ ၄င်းက အလွှာလေးအမျိုးအစားကို အလွယ်တကူ အပြင်းအထန်ဒဏ်ရာရစေနိုင်၏။ အလွှာငါးအမျိုးအစားတောင် ဒဏ်ရာရလျှင် အလွှာသုံးအမျိုးအစားနှင့် ပုရွတ်ဆိတ်ကဲ့သို့ပင်။ အလွှာတစ်အမျိုးအစားဆိုလျှင် ထည့်ပြောရန်တောင် မလိုချေ။
ရှေးခေတ်ကို ဖြတ်သန်းပြီး ရှင်သန်လာသည့် မှော်စာလိပ်တစ်ခုက အတိုင်းထက်အလွန်ပင်။ ၄င်းက အံ့ဖွယ်အိုင်တမ်၏ ခွန်အားကိုတောင် ယှဉ်ပြိုင်နိုင်ပေ၏။
စာလိပ်ကို ရယူပြီးနောက် ရှီဖုန်းက အိုင်တမ်ကို စစ်ဆေးလိုက်သည်။ ထိုအလွှာလေး မှော်စာလိပ် မည်မျှအားကောင်းကြောင်း သူ ချက်ချင်းသိသွားသည်။
ရှီဖုန်းသည် ယခင်က အလွှာသုံး မှော်စာလိပ်များစွာကို မြင်ခဲ့ဖူးပြီး များစွာလည်း အသုံးပြုခဲ့ဖူး၏။ သို့သော်အလွှာလေးမှော်စာလိပ်ကို မြင်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပုံမှန်ဆို မှော်စာလိပ်များသည် သုံးကုန်သည့်အိုင်တမ်များဖြစ်ပြီး တစ်ခါအသုံးပြုပြီးနောက် အသုံးမဝင်တော့ပေ။ သို့သော် ဤမှော်စာလိပ်က ရှေးယခင်ကတည်းက ဆင်းသက်လာပြီး အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည့် မှော်စာလိပ်ဖြစ်သည်။ သို့သော် ၄င်းကို အကြိမ်မည်မျှအသုံးပြုနိုင်ကြောင်း ၄င်းကို အသုံးပြုရန်အတွက် တောင်းဆိုချက်များကတော့ အကန့်အသက်ထိရှိပေသည်။
နေရာပို့ဆောင်ရေးစာလိပ် အလွှာလေး မှော်စာလိပ်
ကစားသမားများကို ဆန္ဒရှိသည့်နေရာ ထူခြားသည့်တည်နေရာများထဲသို့ ပို့နိုင်။ ဆယ်ကြိမ်အလွန်ဆုံး အသုံးပြုနိုင်သည်။ တစ်ခါအသုံးပြုပြီးနောက် မှော်စာလိပ်၏ မှော်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်အတွက် မန္တာကျောက်တုံး (၅) တုံးလိုအပ်သည်။
ပြန်လည်အသုံးပြုနိုင်ချိန် = (၃) ရက်
လက်ရှိအသုံးပြုမှု = (၀/၁၀)
ဆယ်ကြိမ်အသုံးပြုခြင်း
တစ်နည်းဆိုရလျှင် ၄င်းက နေရာပို့ဆောင်ခြင်း မှော်စာလိပ်အဆင့်လေး ဆယ်ခုရှိတာနဲ့ ညီမျှသည်။ ထိုမှော်စာလိပ်က အံ့ဖွယ်အိုင်တမ်ထက်တောင် ပိုတန်ဖိုးရှိသေးသည်။
” ဒီစာလိပ်နဲ့ဆို ငါလက်ရှိအဆင့်နဲ့ မရောက်နိုင်တဲ့ ဧရိယာတွေကို သွားနိုင်မှာပဲ …”
ရှီဖုန်းက နေရာပို့ဆောင်ရေးစာလိပ်ကို စိတ်ကျေနပ်သည့်အမူအရာဖြင့် အပျော်လွန်နေကာ အိတ်ထဲသိမ်းလိုက်၏။
ပြန်လည်မွေးဖွားလာသူတစ်ယောက်အနေဖြင့် သူသည် နတ်ဘုရားနယ်မြေထဲတွင် လျှို့ဝှက်နေရာများစွာကို သိ၏။ သူသည် လက်ရှိအဆင့် အကန့်အသက်ကြောင့် ထိုနေရာများကို မရောက်နိုင်ပေ။
သို့သော် ထိုနေရာပို့ဆောင်ရေးစာလိပ်ဖြင့် သူသည် အကန့်အသက်မရှိ ရတနာများဝှက်ထားသည့် လျှို့ဝှက်နေရာများသို့ အလွယ်တကူသွားလာနိုင်ပေသည်။
နတ်ဘုရားနယ်မြေက ကျယ်ပြောလွန်းပေသည်။ မြေပုံတစ်ခုက အဆင့်ပိုမြင့်လေ ပို့ဆောင်ရေးမှော်အစီအရင်းက ပိုနည်းလေးဖြစ်သည်။ အခွင့်အရေးနှင့် ရတနာများပေါကြွယ်ဝသည့် တည်နေရာများအတွက်မူ ပို့ဆောင်ရေးအစီအရင်များ မရှိပေ။ ကစားသမားများက သူတို့ခြေထောက်သူတို့အားကိုးပြီး ထိုမြေပုံများဆီ အရောက်သွားရ၏။
နတ်ဘုရားနယ်မြေ၏ ပုန်းကွယ်မြေပုံများက ဥပမာဖြစ်ပေ၏။ စနစ်မြေပုံက ထိုဧရိယာများကို မပြ။ ကစားသမားများက သူတို့ဘာသာ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရ၏။
လျှို့ဝှက်နေရာတိုင်းတွင် ကြီးမားသည့်ရတနာသိုက် ရှိပေသည်။ ၄င်းက ကျယ်ပြောသည့်ကွင်းပြင်မြေအောက်စခန်းတစ်ခုနှင့် ညီမျှပေသည်။
အစည်းအရုံးများသည် ထိုမြေပုံများထဲတွင် သူတို့၏ ခွန်အားများ လျင်မြန်စွာ တိုးမြင့်နိုင်ကြသည်။ ထိုကြောင့် လျှို့ဝှက်တည်နေရာများက ရှီဖုန်း ယခင်ဘဝတွင် တွေ့ကြုံဖူးသည့် နေရာများဖြစ်သည်။ လျှို့ဝှက်တည်နေရာများကြောင့် ထွန်းတောက်လာသည့် အစည်းအရုံးများလည်း ရှိပေသည်။ သို့သော် ခရီးစဉ်နှင့် အန္တာရာယ်များစွာ ကြုံတွေ့နိုင်သောကြောင့် လျှို့ဝှက်တည်နေရာတစ်ခုကို သွားလာဖို့က မလွယ်ကူပေ။ လက်ရွေးစဉ်အဖွဲ့တစ်ခုတောင် အပြည့်အဝ သုတ်သင်ရှင်းလင်းပစ်ခံရနိုင်ချေ ကြုံတွေ့နိုင်ရသောကြောင့် သာမန်ကစားသမားများဆို ပိုဆိုးသေးသည်။ ကစားသမားများသည် ထိုမြေပုံ၏ အဆင့်ကို ကျော်လွန်မှသာလျှင် အဆင့်နိမ့်သည့် ရတနာမြေအချို့ပေါ် စွန့်စားသွားလာနိုင်တာ ဖြစ်သည်။
နေရာပို့ဆောင်ရေးမှော်စာလိပ်ဖြင့် ရှီဖုန်းက သူ၏ ပစ်မှတ်ရှိရာနေရာသို့ တန်းသွားနိုင်ပေသည်။ သူသည် ထိုနေရာသို့ ရောက်ပြီးနောက် အန္တာရာယ်အချို့ ရင်ဆိုင်တွေ့ရနိုင်သော်လည်း ခြေလျင်သွားတာထက်တော့ ပိုကောင်းသေးသည်။
တာဝန်ပြီးမြောက်ပြီးနောက် ရှီဖုန်းက အံ့ဖွယ်တာဝန် မဟူရာသက်ဆင်းခြင်း၏ နောက်ဆုံးအပိုင်းကို ပြီးမြောက်အောင် မလိုပေ။ ထိုအစား သူက အန်နာကို စွန့်စားသူအဖွဲ့အစည်းသို့ ခေါ်သွားသည်။
ကစားသမားသမားများသည် NPC တစ်ယောက်ကို သူတို့၏ အစောင့်အကြပ်အဖြစ် ခန့်အပ်ချင်ပါက NPC သည် စွန့်စားသူအမျိုးအစားဖြစ်ရန် လိုအပ်သည်။
သို့သော် နတ်ဘုရားနယ်မြေထဲရှိ NPC အများစုက သာမန်လူများဖြစ်ကြသည်။ သူတို့က စွန့်စားသူအမျိုးအစားများ မပိုင်ဆိုင်ကြ။ ထို့ကြောင့် ကစားသမားများသည် ထို့ကဲ့သို့ NPC များကို သူတို့၏ အစောင့်အကြပ်အဖြစ် စုဆောင်းချင်ပါက သူတို့သည် ထို NPC များကို စွန့်စားသူအဖွဲ့အစည်း၌ စာရင်းသွင်းရန် လိုအပ်သည်။ တစ်ချိန်ထဲတွင် သူတို့ကလည်း ထို NPC များအတွက် အထူးအမျိုးအစားတစ်ခု ရွေးချယ်ပေးရန် လိုအပ်ကာ သူတို့ကို စွန့်စားသူတစ်ယောက် ဖြစ်လာစေရန်အတွက် လေ့ကျင့်ပေးရမှာ ဖြစ်သည်။ ဒီတော့မှ သူတို့သည် ကစားသမားတစ်ဦး၏ အစောင့်များ ဖြစ်လာမှာပင်။
ယခုအချိန်တွင် ရှီဖုန်းက စွန့်စားသူအဖွဲ့အစည်း၏ ပင်မခန်းမထဲသို့ ဝင်သွား၏။ ယခုက နေ့အချိန်ဖြစ်သော်လည်း ကစားသမားများစွာ ရှိနေသေးသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤနေရာ၌ ကစားသမားရာချီရှိမှန်း ရှီဖုန်းပြောနိုင်ပေသည်။
ကစားသမားများသည် အချိန်ပိုလွန်းသောကြောင့် စွန့်စားသူအဖွဲ့အစည်းဆီ လာရောက်ကြတာမဟုတ်ပေ။ သူတို့က သူတို့၏ NPC အစောင့်များအတွက် ရောက်လာတာဖြစ်သည်။
ဇီးရိုးဝင်း၏ ကျော်ကြားသည့်တိုက်ပွဲကြောင့် ကစားသမားများစွာက တစ်ခါမှမမြင်ဖူးခဲ့သည့် အောင်မြင်ရန်လမ်းစကို ရှာဖွေတွေ့ရှိသွားသည်။ သူတို့၏ ကိုယ်ပိုင်ခွန်အား ချို့တဲ့နေရင်တောင် သူတို့ကိုယ်ပိုင်ခွန်အားကို တိုးတက်စေရန်အတွက် အစောင့်တစ်ဦးကို ပြုစုပျိုးထောင်နိုင်ပေသည်။
ကစားသမားတစ်ဦးက ကိုယ်ပိုင်သက်တော်စောင့်တစ်ဦးကို ပြုစုပျိုးထောင်ချင်လျှင် သူတို့က မြို့ထဲ၌ အငယ်တန်းမှူးမတ်တစ်ဦးဖြစ်ရန် လိုအပ်သည်။ ကစားသမားများက ထိုမျှကြာကြာမစောင့်နိုင်ပေ။ ထို့ကြောင့် သူတို့က NPC အချို့ကို ဦးစွာရှာပြီးနောက် ထို NPC များနဲ့ သူတို့၏ ဆက်ဆံမှုနက်ရှိုင်းအောင် ကြိုးစားကြသည်။ ထိုနည်းဖြင့် သူတို့ဂုဏ်သတင်းမှတ် လုံလောက်သည့်ပမာဏသို့ ရောက်ချိန်၌ သူတို့က ထို NPC များကို ချက်ချင်းခေါ်ယူပြီး သူတို့၏ သက်တော်စောင့်အဖြစ် စုဆောင်းနိုင်မှာဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် NPC တစ်ဦးက အလွှာမြင့်လေလေ၊ သူတို့၏ ဆက်ဆံရေးနှင့် NPC ကြား နက်ရှိုင်းရန်ပိုခက်ခဲလေဖြစ်သည်။ နတ်ဘုရားနယ်မြေထဲရှိ NPC များအားလုံးက သာမန်မြို့သားများသည် ဆက်ဆံရေးတည်ဆောက်ရန် အလွယ်ကူဆုံးဖြစ်၏။ သို့သော် နတ်ဘုရားနယ်မြေ၏ နေထိုင်သူများအတွက် စွန့်စားသူဖြစ်ရန် မလွယ်ကူပေ။
ကစားသမားတစ်ဦးက သာမန်မြို့သားတစ်ဦးကို စွန့်စားသူတစ်ဦးဖြစ်လာရန် ကူညီပေးနိုင်လျှင် NPC နှင့် သူတို့၏ ဆက်ဆံရေးက နက်ရှိုင်းနေပြီဟု ဆိုနိုင်ပေသည်။ ကံကောင်းသည်မှာ ကစားသမားများက ထိုအရည်အချင်းရှိပေသည်။ NPC တစ်ယောက်က စွန့်စားသူတစ်ဦးဖြစ်လာနိုင်စွမ်းက သူတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် အလားအလာပေါ် မူတည်နေပြီး ကစားသမားများ မရှိသည့်အချက်အလက်ပင်ဖြစ်၏။
ထို့အပြင် ကစားသမားများက တစ်ပတ်လျှင် ထောက်ခံနိုင်သည့် အရေအတွက်က အကန့်အသက်ရှိပေ၏။ သူတို့၏ ထောက်ခံမှုများ အသုံးပြုပြီးနောက် သူတို့သည် အခွင့်အရေးပြန်ရရန် နောက်တစ်ပတ်ထက်စောင့်ရသည်။ ထိုကြောင့် သူတို့သည် သာမန် NPC များ ရွေးချယ်သည့်အခါ ကစားသမားများ၏ အမြင်က အင်မတန်အရေးကြီးပေ၏။
ကစားသမားတစ်ဦးက ကံဆိုးပါက သူတို့သည် ကျန်သည့် NPC များကိုသာ ရှာနိုင်မှာ ဖြစ်သည်။ သူတို့ ကံကောင်းလျှင် သူတို့က NPC များနှင့် နက်ရှိုင်းသည့်ဆက်ဆံရေး စတင်နိုင်မှာဖြစ်သည်။
” ဒီမှာ လူတွေများနေတဲ့ပုံပဲ …”
ကစားသမားရာချီတန်းစီနေတာကို မြင်သောအခါ ရှီဖုန်းက ခါးသက်စွာ ရယ်မောလိုက်၏။ ဒါက သူ့သေတွင်း သူ တူးမိတာမလား။