ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 598 ခရိုင်တစ်ကို ထိန်းချုပ်နိုင်ခြင်း
အားလုံး၏ သဘောတူညီချက်ကို ရပြီးနောက် ရှီဖုန်းက အဖွဲ့ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များကို စာချုပ်များပေးလိုက်၏။ မည်သူကမှ သာမန်ကစားသမားများ မဟုတ်ကြပေ။ သူတို့အားလုံးက ခရိုင်တစ်၏ ထိပ်တန်းကစားသမားဖြစ်ကြသည်။ သူတို့က သာမန်အဖွဲ့ဝင်များကဲ့သို့ ဇီးရိုးဝင်းကို ဝင်မှာမဟုတ်။ သို့သော် အနည်းဆုံးတော့ အလယ်မန်နေဂျာနေရာများဖြစ်သည်။ ထို့အပြင် သူတို့က ဇီးရိုးဝင်း၏ အလယ်အဆင့် မန်နေဂျာများ ဖြစ်လာတော့မည်ဆိုသောကြောင့် စာချုပ်လက်မှတ်ရေးထိုးရန် လိုအပ်ပေ၏။
ရှီဖုန်းက ခိုလုံရာဂေဟာသို့ ရောက်သည့်အချိန်၌ သူသည် ဤနေရာ၌ ဇီးရိုးဝင်းအစည်းအရုံးခွဲတစ်ခုကို တည်ဆောက်ခဲ့ပြီးဟု သတ်မှတ်နိုင်မည်ဖြစ်သည်။
မဟူရာသားရဲတွင်းက အပြင်လောကနှင့် မတူညီပေ။ ကစားသမားများသည် ကျောက်မျက်အရိုင်းတုံးများနှင့် အလွှာတစ်တားမြစ်စကေးများကို ရယူရန် ပိုလွယ်ကူပြီး အမျိုးမျိုးသော ခိုလုံရာအဆောက်အဦးများ၌ ထူးခြားမှုများရှိကြပေသည်။ အထူးသဖြင့် ခရိုင်တစ်၏ နှစ်တစ်ရာ ဘယ်ရီဝိုင် ဖြစ်ပေသည်။ ၎င်းက ရှားပါးသည့် အိုင်တမ်တစ်ခုဖြစ်ပြီး ကစားသမားတစ်ဦး၏ သဟဇာတဖြစ်သည့်နှုန်းကို တိုးတက်အောင် ကူညီပေးနိုင်သည်။
ထိုအဖျော် ယမကာကို အပြင်လောကသို့သာ မိတ်ဆက်ပေးလိုက်ပါက ဇီးရိုးဝင်းအတွက် နောင်တွင် ကြီးကြီးမားမား အထောက်အကူဖြစ်ပေလိမ့်မည်။
မဟူရာသားရဲတွင်းအတွင်းရှိ ဘဝပုံစံကစားသမားများ ဖွံ့ဖြိုးတိုးတက်မှုက အလွန်နှေးကွေးသည်။ ဤနေရာ၌ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် ကစားသမားများ မရှိပေ။ ထိုကဲ့သို့ ကစားသမားများက ကွင်းပြင်ထဲတွင် ရှင်သန်နေထိုင်နိုင်ရန် လိုအပ်ပြီး ဤနေရာသို့ လာရန်လည်း ခက်ခဲသည်။ ထိုအဆင့်မြင့် အစားထိုးပစ္စည်းများသည် ရှီဖုန်းသာ သူတို့ကို ထောက်ပံ့ပေးပါက ခိုလုံရာဂေဟာ၏ ခွန်အားက သိသိသာသာ တက်သွားမှာဖြစ်၏။
စိတ်ကူးယဉ် ဗိမ္မာန်သည် အတိတ်တုန်းက လျင်မြန်စွာတိုးတက်ခဲ့ရသည့် အကြောင်းအရင်းမှာ ခိုလုံရာဂေဟာနှင့် အပေးအယူလုပ်မိသောကြောင့် ဖြစ်မည်။ ရှီဖုန်းက ပထမတန်းအစည်းအရုံးဖြစ်သည့် စိတ်ကူးယဉ်ဗိမ္မာန်အကြောင်း ရုတ်တရက် တွေးမိသွားသည်။ စိတ်ကူးယဉ်ဗိမ္မာန်က နဂါးနက်အင်ပါယာထဲတွင် တည်ရှိတာဖြစ်၏။
အတိတ်တုန်းက စိတ်ကူးယဉ်ကွယ်ပျောက်သူက အံ့ဖွယ်တာဝန်ကို လက်ခံခဲ့ပြီး စိတ်ကူးယဉ် ဗိမ္မာန်ကို နဂါးနက်အင်ပါယာ၏ ဧရာမကြီးထဲမှတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုစဉ်က နဂါးဖီးနစ်ပွဲကြည့်စင်၏ အစည်းအရုံးခွဲတောင် စိတ်ကူးယဉ် ဗိမ္မာန်ကို သမန်ကာရှန်ကာ ရန်မစနိုင်ခဲ့ပေ။ ထိုနှစ်ခုကြားရှိ ကုန်သွယ်မှုက အစည်းအရုံးကို မည်မျှ အထောက်အကူဖြစ်ကြောင်း မှန်းဆနိုင်ပေ၏။
လူတိုင်းက ရှီဖုန်းပေးလာသည့် စာချုပ်ကို ကြည့်ပြီးနောက် သူတို့မျက်နှာထက်၌ အံ့သြသည့်အမူအရာများ ပေါ်လာသည်။
ထိုဇီးရိုးဝင်းက ချမ်းသာတာ သေချာသည်။ ကမ်းလှမ်းမှုက ကျန်သည့်အစည်းအရုံးများ ကမ်းလှမ်းတာ၏ နှစ်ဆဖြစ်သည်။ ၎င်းက မည်ကဲ့သို့သော အစည်းအရုံးနည်း။
ရေခဲပြာမှုန်သည် ယခင်က အစည်းအရုံးအင်အားစုများစွာနှင့် ကြုံတွေ့ခဲ့ဖူး၏။ ထိုအစည်းအရုံးများ၏ ဂုဏ်သတင်းကိုလည်း ကြားခဲ့ဖူးပြီး အများစုက ဒုတိယတန်းအစည်းအရုံးများဖြစ်ကြသည်။ ဆိုးသည်မှာ ထိုအစည်းအရုံးများပေးသည့် ကမ်းလှမ်းမှုက ခရိုင်တစ်၏ ထိပ်တန်းအဖွဲ့ဆယ်ခုကို စွဲဆောင်နိုင်သော်လည်း သူတို့က ဝိညာဉ်သလင်းများစွာ ပြန်ပေးရအုံးမှာဖြစ်သည်။ ထိုအစည်းအရုံးများ၏ တင်ပြချက်က ခိုလုံရာဂေဟာ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်သည်။ အဆုံးတွင် သူတို့က ရထားသည့် ကမ်းလှမ်းမှုများကို ငြင်းဆိုခဲ့၏။
ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းက နတ်ဘုရားနယ်မြေထဲတွင် သူတို့ကို အပြည့်အဝ ဆော့ကစားရန် အချိန်ခွင့်ပြုထား၏။ လုပ်အားခ ကမ်းလှမ်းရုံသာမက သူသည် သူတို့ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးမျိုးသော အဆင့်မြင့်ထုတ်ကုန်များ ထောက်ပံ့ပေးရန်လည်း ရည်ရွယ်ထားသည်။ အရေးကြီးဆုံးက သူသည် ဝိညာဉ်သလင်းများ မလိုအပ်ခြင်းဖြစ်၏။ ၎င်းက အံ့သြဖွယ်ကောင်းလှပေသည်။
ဝိညာဉ်သလင်းများသည် ခိုလုံရာဂေဟာ၏ အုတ်မြစ်များဖြစ်သည်။ ၎င်းက ရင်းမြစ်များထဲမှ တစ်ခုအနေဖြစ်ပြီး ကစားသမားများ ပိုသန်မာရန် လိုအပ်သည့်အရာဖြစ်သည်။
ဝိညာဉ်သလင်းများ ဖြန့်ဝေပေးစရာမလိုဘဲ အကျိုးအမြတ်များစွာ ရနိုင်မည်ဆိုလျှင် သူတို့က အလယ်အဆင့်မန်နေဂျာ မဆိုထားနှင့် အဖွဲ့ဝင်များဖြစ်ရင်တောင် ဆန္ဒရှိကြ၏။
” ဘာငြင်းစရာမှ မရှိတော့ဘူးဆိုရင် လက်မှတ်ထိုးလို့ရတယ် …”
ရှီဖုန်းက အားလုံး၏ မှင်သက်နေသောအမူအရာကို မြင်သောအခါ ရယ်မောလိုက်သည်။
သူက ရေခဲပြာမှုန်နှင့် ကျန်သည်သူများ စိတ်ဝင်စားမည့်အရာကို စဉ်းစားပြီးမှ ထိုစာချုပ်ကို ရေးခဲ့တာဖြစ်သည်။ မည်သည့် အစည်းအရုံးအင်အားစုကမှ ထိုကမ်းလှမ်းမှုကို တက်နိုင်မှာမဟုတ်ပေ။
ရေခဲပြာမှုန်နှင့် ကျန်သည့်သူများအဖို့ ဝိညာဉ်သလင်းက အရေးကြီးတာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှီဖုန်းအဖို့ ထိုအိုင်တမ်များက တန်ဖိုးမရှိပေ။ ရှီဖုန်း၏ သတိပေးမှုအရ အားလုံးက စာချုပ်ကို အမြန်လက်မှတ်ထိုးလိုက်ကြသည်။
ခရိုင်တစ်၏ ထိပ်တန်းအဖွဲ့ဆယ်ခုက ဇီးရိုးဝင်းကို ပူးပေါင်းသည်နှင့် သူ၏ အစည်းအရုံးက ခိုလုံရာဂေဟာတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယခင်က ရှီဖုန်းသည် ခိုလုံရာဂေဟာများ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအကြောင်း သင်ယူခဲ့ဖူးသည်။
ခိုလုံဟာဂေဟာများ၏ ထိပ်တန်းအဖွဲ့ဆယ်ခုများက အထူးအခွင့်အရေးများဖြစ်ကြသည့် ခိုလုံရာဂေဟာ၏ အထူးထုတ်ကုန်များကို ဝယ်ယူနိုင်သည့်အပြင် ထိုအဖွဲ့များကလည်း ခိုလုံရာဂေဟာ၏ တည်ဆောက်မှုထဲတွင်လည်း ပြောဆိုခွင့်ရှိကြသည်။ သူတို့က သူတို့ဦးစွာ တည်ဆောက်ချင်သည့် အဆောက်အဦးကိုလည်း မဲပေးခွင့်ရှိ၏။ ဥပမာအနေဖြင့် ခြင်္သေဘားဖြစ်သည်။ ထိပ်တန်းအဖွဲ့၏ တစ်ဝက်ခန့်က ခြင်္သေဘားမတည်ဆောက်ခင် သဘောတူညီချက်ရရန် လိုအပ်သည်။
ခြင်္သေဘားကဲ့သို့ ထူးခြားသည့်အဆောက်အဦးများ တည်ဆောက်ရန်အတွက် ကစားသမားများသည် ခိုလုံရာဂေဟာက စုဆောင်းပေးသည့် ဝိညာဉ်သလင်းများကို လိုအပ်သည်။ ထိုစုဆောင်းထားသော ဝိညာဉ်သလင်းများက ကစားသမားများသည် ပုံမှန်ဆို ထောက်ပံ့ရေးရှယ်ယာများဖြင့် လှဲလှယ်ကြတာဖြစ်၏။ ထို့ကြောင့် ခိုလုံရာဂေဟာတစ်ခု၏ ထိပ်တန်းဘားဆယ်ခုကို ထိပ်ချုပ်နိုင်ခြင်းက ခိုလုံရာဂေဟာတစ်ခုလုံးကို ထိန်းချုပ်ခြင်းနှင့် ညီမျှပေသည်။
ခရိုင်တစ်က ဗဟိုဖြစ်သည်နှင့် ရှီဖုန်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းများ၏ ထုတ်ကုန်များကို ကျန်သည့် ခိုလုံရာဂေဟာဆီ ဖြန့်ဖြူးနိုင်မည်။ မကြာမီ၌ မိစ္ဆာသရဲနယ်မြေတစ်ခုလုံးက ဇီးရိုးဝင်း၏ အရင်းအမြစ်သိုလှောင်ရုံဖြစ်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်က ထိုးတက်သွားမှာဖြစ်၏။
” ညီအစ်ကိုရေခဲ …။ ပထမအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ခိုလုံရာဂေဟာနဲ့ ခင်ဗျားက အရင်းအနှီးဆုံးဖြစ်မှာပဲ …။ နှစ်တစ်ရာ ဘယ်ရီဝိုင်ရဲ့ ထုတ်လုပ်မှုကို တိုးမြင့်ဖို့အတွက် နည်းလမ်းတွေကိုသိသား …”
ရှီဖုန်းက ရေခဲပြာမှုန်ကို မေးလိုက်သည်။ အတိတ်တုန်းက နှစ်တစ်ရာ ဘယ်ရီဝိုင်သည် အင်မတန်ရှားပါးခဲ့သော်လည်း ရှီဖုန်းက သူကိုယ်တိုင်အတွက် ကြိုးပမ်းပြီးရနိုင်သေးသည်။ သို့သော် ခရိုင်တစ်က တစ်ရက်လျှင် ပုလင်းနှစ်ဆယ်သာ ထုတ်လုပ်နိုင်ခဲ့ပါက စိတ်ကူးယဉ် ဗိမ္မာန်က ၎င်းကို မည်ကဲ့သို့ ရောင်းချနိုင်မည်နည်း။ ဖြစ်နိုင်ချေတစ်ခုက နှစ်တစ်ရာ ဘယ်ရီဝိုင်၏ ထောက်ပံ့နိုင်မှုက ထိုပမာဏနှင့် ကန့်သတ်ထားတာ မဖြစ်နိုင်ပေ။
သို့သော် အထူးထုတ်ကုန်များက ခိုလုံရာဂေဟာများတွင် ရနိုင်သည်က ကြုံရာကျပန်းသာဖြစ်၏။ ခိုလုံရာဂေဟာတစ်ခုအဖို့ နှစ်တစ်ရာ ဘယ်ရီဝိုင်ကဲ့သို့ အထူးထုတ်ကုန်တစ်ခုရရန် အင်မတန်ခက်ခဲလွန်းသည်။ ထိုအပြင် ခိုလုံရာဂေဟာဆယ်ခုက ၎င်းတို့ကို ထုတ်လုပ်လျှင်တောင် စုစုပေါင်းရရှိမှုက ပထမတန်းအစည်းအရုံးတစ်ခု၏ လိုအပ်ချက်ကိုပြည့်မီနိုင်မှာမဟုတ်ပေ။ ကျန်သည့် လိုအပ်များဆိုလျှင် ပိုတောင်နည်းသေး၏။
” နှစ်တစ်ရာ ဘယ်ရီဝိုင်ရဲ့ ထုတ်လုပ်မှုကို မြင့်တင်စေဖို့ နည်းတစ်နည်းကို သိတယ် …။ လက်ရှိမှာ ခြင်္သေဘားက ကြယ်တစ်ပွင့်ဘားပဲ …။ ဒါကို ကြယ်နှစ်ပွင့်ဘားအဖြစ် တိုးမြင့်လိုက်ရင် ထုတ်လုပ်မှုနှုန်းက တစ်ရက်ကို ပုလင်းငါးဆယ်အထိ တိုးမြင့်သွားမယ် …။ ကြယ်သုံးပွင့်အထိ ဘားကို တိုးမြင့်နိုင်ခဲ့မယ်ဆိုရင် တစ်ရက်ကို ပုလင်းတစ်ရာအထိ တိုးသွားလိမ့်မယ် …။ ဒါပေမယ့် ဝိညာဉ်ကျောက်တုံး အများကြီး လိုအပ်တယ် …။ ကျုပ်တို့ ခိုလုံရာဂေဟာရဲ့ လက်ရှိပမာဏနဲ့ဆို ခြင်္သေဘားကို အဆင့်မြင့်တင်ဖို့က မဖြစ်နိုင်ဘူး …”
ရေခဲပြာမှုန်ကလည်း နှစ်တစ်ရာ ဘယ်ရီဝိုင်၏ ထုတ်လုပ်မှုနှုန်းကို တိုးမြင့်ချင်သည်။ သို့သော် ဝိညာဉ်ကျောက်တုံးလိုအပ်မှုက များပြားလွန်း၏။
” ကျုပ်သိပြီ …။ ဒါဆိုရင် အချိန်တိုအတွင်းဖြစ်လောက်မယ် မထင်ဘူး …”
ရှီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
” တကယ်တော့ နောက်ထပ်နည်းတစ်ခုရှိသေးတယ် …”
ရေခဲပြာမှုန်က ရုတ်တရက်ပြောသည်။
” ဒီနည်းက ငွေကုန်ကြေးကျ များလွန်းတယ် …။ ဒါကို ဘယ်သူမှလုပ်ဖို့ ဆန္ဒမရှိဘူး …”
” ကျွန်တော် နားထောင်ပါရစေ …”
ရှီဖုန်းက ပြောသည်။
” ခြင်္သေဘားက အမှီအခိုကင်းတဲ့ အဆင့်မြင့်တင်မှုမျိုးပဲ …။ ဒီနည်းလမ်းကနေ ဝိညာဉ်သလင်းအရေအတွက်ကို သိသိသာသာလျော့ချနိုင်တယ် …။ ဒါပေမယ့် ဒါက အားလုံးရဲ့အကျိုးအတွက် ကိုယ်ပိုင်ပိုက်ဆံကို ဖြန့်ဝေဖို့ လိုအပ်တယ် …။ ဝိညာဉ်သလင်းတွေ သုံးပြီးလည်း ထောက်ပံ့ကြေးရှယ်ယာတွေ ရမှာမဟုတ်ဘူး …”
ရေခဲပြာမှုန်က ရှင်းပြသည်။
” လူတိုင်း ဖြန့်ဝေပေးတဲ့ ဝိညာဉ်သလင်းကို အသုံးပြုခဲ့မယ်ဆိုရင် ခြင်္သေဘားကို ကြယ်နှစ်ပွင့်အဆင့်ထိ မြင့်တင်ဖို့အတွက် သလင်းတစ်သောင်းလိုအပ်တယ် …။ အမှီအခိုကင်းတယ်ဆိုရင်လည်း ငါးရာပဲ လိုအပ်မယ် …။ ဒါပေမယ့် အဖွဲ့ဆယ်ခုပေါင်းလိုက်ရင်တောင် ဝိညာဉ်သလင်းတွေက ကျုပ်တို့မှာ ငါးရာတောင်မရှိဘူး …”
” မင်းတို့တွေ ဘယ်လောက်လိုအပ်တာလဲ …”
ရှီဖုန်းက စဉ်းစားပြီးနောက် မေးလိုက်၏။
” ကျုပ်တို့ အရင်က တွက်ချက်ထားပုံအရ အဖွဲ့တွေမှာ အခုဆို ဝိညာဉ်သလင်း သုံးရာကျော်ကျော်ပဲ ရှိတယ် …။ နှစ်ရာလောက် လိုနေတာ …”
ရေခဲပြာမှုန်က ခါးသက်စွာ ပြောလိုက်၏။
” ဒါက တော်တော်များတာပါပဲ …။ ဒါပေမယ့် မဖြစ်နိုင်တဲ့ တာဝန်မဟုတ်ဘူး …”
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် ဆက်ပြောသည်။
” ဒီလိုလုပ်ကြရအောင်လေ …။ အခုအချိန် ဝိညာဉ်သလင်းတွေ များများဝယ်နိုင်အောင် ကြိုးစား …။ ငါကိုယ်တိုင်လည်း ရအောင်ကြိုးစားလိုက်မယ် …။ အရေးကြီးဆုံးက ခြင်္သေဘားကို ကြယ်နှစ်ပွင့်အထိ အဆင့်တိုးမြင့်ဖို့ပဲ …”
” ကောင်းပါပြီ …။ ကျုပ်အကောင်းဆုံး ကြိုးစားပါမယ် …”
အမှန်တကယ်တွင် ရေခဲပြာမှုန်က ခြင်္သေဘားကို အမှီခိုကင်းကင်း အဆင့်မြင့်တင်ရန် တွေးထားပြီဖြစ်သည်။ ယနေ့မတိုင်ခင်အထိ အဖွဲ့ဆယ်ခုက တစ်စိတ်ထဲ တစ်ဝမ်းထဲ သေချာမဖြစ်ခဲ့သေးပေ။ သလင်းများကို ထိန်းထားသည့်သူအချို့ကလည်း ရှိသေးရာများစွာ နစ်နာဆုံးရှုံးသူများလည်းရှိ၏။ သို့သော် ယခု ခရိုင်တစ်၏ ထိပ်တန်းအဖွဲ့ဆယ်ခုက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များဖြစ်လာပြီဖြစ်သောကြောင့် သူတို့က တစ်မိသားစုထဲ ဖြစ်လာပြီပင်။ ထိုအခါ လုပ်ရကိုင်ရ ပိုလွယ်ကူသွားသည်။
ထိုအချက်ကြောင့် ခရိုင်တစ်၏ ခိုလုံရာဂေဟာသည်လည်း အမှန်တကယ် စည်းလုံးညီညွတ်သွားပေ၏။
ရှီဖုန်းက ခရိုင်တစ်၏ ခိုလုံရာဂေဟာနှင့် သက်ဆိုင်သည့်ကိစ္စများကို စီစဉ်ပြီးနောက် ခရိုင်တစ်ထဲမှ ထွက်ခွာကာ ခရိုင်ငါးဆီသို့ ဦးတည်သွားလိုက်၏။