ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 609 ရုတ်ချည်း ထိုးနှက်ခြင်း
ရှီဖုန်းက အလွှာနှစ် တားမြစ်စကေး ရုတ်ချည်းထိုးနှက်ခြင်းကို ဆက်တိုက်လေ့ကျင့်နေစဉ် မိစ္ဆာသရဲနယ်မြေထဲ၌ ဆူပူလှုပ်ရှားမှုကြီး တစ်ခုပေါ်လာ၏။ ခရိုင်ငါးတစ်ခုလုံး ညတွင်းခြင်း ဖျက်ဆီးခံလိုက်ရကာ ခရိုင်၏ ကစားသမားတစ်ဝက်ကျော်က ပျောက်ဆုံးသွားခဲ့တာ ဖြစ်သည်။ မိစ္ဆာသရဲနယ်မြေထဲရှိ ကစားသမားအဖို့ ၎င်းက မယုံနိုင်စရာကောင်းသည့် အခြေအနေ ဖြစ်နေသည်။ မည်သည့်အကြောင်းအရင်းကများ မိစ္ဆာသရဲနယ်မြေ၏ အဆင်ငါး ခိုလုံရာဂေဟာကို သုတ်သင်ရှင်းလင်းသွားသနည်း။
မိစ္ဆာသရဲနယ်မြေထဲရှိ ခိုလုံရာဂေဟာတစ်ခုတောင် ဒီလောက်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။ ရုတ်တရက်တွင် မိစ္ဆာသရဲနယ်မြေတစ်ခုလုံး၌ ကပ်ဘေး၏ သန်မာသည့်အငွေ့အသက်များ ပြည့်လာတော့သည်။
ခရိုင်တစ်၏ ခိုလုံရာဂေဟာထဲတွင် ဖြစ်သည်။
” ခေါင်းဆောင်ရေခဲ …။ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ …”
ဘတ်စ်ရီအီကာနေးရှင်းက စိတ်ပူပန်စွာ မေးလိုက်၏။
” ကျုပ်တို့ ရထားတဲ့ အချက်အလက်ကို အခြေခံကြည့်ရင် ခရိုင်ငါးက အားကောင်းတဲ့ မွန်းစတားတွေ အများကြီးနဲ့ ယှဉ်တိုက်ခိုက်ခဲ့ရတာ ဖြစ်မယ် …။ အားလုံးက အဆင့် (၄၀) နှင့်အထက်တွေပဲ …။ မွန်းစတားတွေ သတ်ဖြတ်တဲ့နေရာမှာ အရှင်တွေတောင် ပါဝင်ခဲ့လောက်တယ် …”
” ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး …။ ကျုပ်တို့ ကစားသမားတွေက ခရိုင်ငါးရဲ့ အခြေအနေကို စစ်ဆေးခဲ့တုန်းက ခိုလုံရာဂေဟာကနေ ရှင်သန်ခဲ့တဲ့ လူတစ်ချို့နဲ့ ကြုံတွေခဲ့တယ် …။ ရှင်သန်လာသူတွေ အဆိုအရ ခရိုင်ငါး သုတ်သင်ရှင်းလင်းပစ်ခံရတာအတွက် တာဝန်ယူရမယ့်သူက အဲ့ဒီ အရှင်တွေ မဟုတ်ဘူး …။ ပိုအားကောင်းတဲ့ မွန်းစတားတစ်ကောင် လုပ်ခဲ့တာပဲ …။ ဒါပေမယ့် သူတို့တွေက အဲ့ဒီတုန်းက မွန်းစတားနဲ့ ဝေးလွန်းနေတာကြောင့် ဘယ်လိုမွန်းစတားလဲဆိုတာ ရှင်းရှင်းလင်းလင်း မကြည့်နိုင်ခဲ့ဘူး …။ ဒါပေမယ့် အဲဒီ မွန်းစတားက လက်တစ်ချက် ဝှေ့ရမ်းရုံနဲ့ အနက်ရောင်မီးတောက်တွေ ထွက်လာပြီး ကစားသမားရာချီကို သုတ်သင်ရှင်းလင်းပစ်လိုက်တာကို သူတို့ သိတယ် …။ ခရိုင်ငါးရဲ့ အသန်မာဆုံး ကစားသမားအပြစ်ပေးခြင်းနေ့ရက်များတောင် ချက်ချင်း အသတ်ခံလိုက်ရသေးတယ် …”
” ကျုပ်တို့ ဒီဧရိယာတွေထဲမှာ ကျန်နေခဲ့မယ်ဆိုရင် ဒီမွန်းစတားကို ကြုံတွေ့ရဖို့များတယ် …”
” ခရိုင်တစ်က ခရိုင်ငါးထက် ပိုသန်မာတယ် ဆိုပေမယ့် ဒီလိုအဆင့် မွန်းစတားကို ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ရပ်တည်ဖို့ အခွင့်အရေးမရှိဘူး …”
အားလုံးက ဘတ်စ်ရီအီကာရေးရှင်း၏ စကားများကြောင့် တိတ်ဆိတ်သွားသည်။ ခရိုင်ငါး ကြုံတွေ့ခဲ့ရသည့် ရန်သူက သိပ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ယနေ့တွင် သူတို့၏ ခိုလုံရာဂေဟာကို အဆင့်မြင့်တင်ဖို့က လွယ်ကူမည့်ပုံ မရပေ။ ၎င်းက ဖျက်ဆီးခံလိုက်ရပါက သူတို့ ဂေဟာ၏ အဆင့်သည်လည်း တစ်ဆင့် ကျသွားမည်ဖြစ်ကာ အလယ်အဆင့် ခိုလုံရာဂေဟာမှ ခိုလုံရာဂေဟာလေးအဆင့်သို့ ရောက်သွားမှာပင်။ ထိုသို့ ဖြစ်ခဲ့ပါက သူတို့ ပိုင်ဆိုင်ထားခဲ့သည့် နှစ်တစ်ရာ ဘယ်ရီဝိုင်၏ အကျိုးရလဒ်အားလုံး ဖယ်ရှားခံလိုက်ရမှာ ဖြစ်၏။ သူတို့သည် ခိုလုံရာဂေဟာကို အလယ်အဆင့် ခိုလုံရာဂေဟာအဖြစ် နောက်ထပ် အဆင့်မြင့်တင်သည့် အချိန်၌ နှစ်တစ်ရာ ဘယ်ရီဝိုင်ကို ရယူနိုင်ပါ့မလားဆိုတာ မသေချာတော့ပေ။
ထိုသို့တိုင် သူတို့က သူတို့၏ ခိုလုံရာဂေဟာကို အဆင့်နိမ့်သည့် ဧရိယာသို့ ပြောင်းခဲ့ပါက နေ့စဉ်နေ့တိုင်း သွားလာရမည့် ခရီးက ရှည်ကြာမည်ဖြစ်ကာ အချိန်ကုန်ဆုံးပေလိမ့်မည်။ သူတို့အဆင့်မြင့်တင်လိုသည့် နေရာနှင့် ခိုလုံရာဂေဟာကြား သွားလာရင်းဖြင့် အချိန်ကုန်ရဖို့က များနေသည်။ ၎င်းက ဂေဟာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေလိမ့်မည်။
” အားလုံးပဲ ငါပြောတာ နားထောင်ကြ …။ ဒါက ငါတို့ ခရိုင်တစ်အတွက် အခွင့်အရေးတစ်ခုပဲ …”
ရေခဲပြာမှုန်က အနည်းငယ် စဉ်းစားပြီးနောက် သူ၏ မျက်နှာထက်၌ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်လာသည်။
” အခွင့်အရေးလား …”
” ဘာအခွင့်အရေးလဲ …”
ရေခဲပြာမှုန်၏ စိတ်ထဲ ဘာတွေးနေမှန်း လူတိုင်းက နားမလည်ကြပေ။
” ဒီအကြောင်းကို မင်းတို့တွေ ကြားပြီးပြီလို့ ယုံတယ် …။ ခရိုင်ငါးရဲ့ အဖြစ်အပျက်ပြီးတဲ့နောက် အရင်က အစည်းအရုံးတပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ ခိုလုံရာဂေဟာတော်တော်များများက သူတို့စိတ်တွေ ပြောင်းသွားခဲ့ကြတယ်။ သူတို့က အစည်းအရုံးတပ်ဖွဲ့တွေက ကြီးစိုးတဲ့ ခိုလုံရာဂေဟာရဲ့ ကာကွယ်မှုအောက် ဝင်ဖို့ ကြိုးစားနေကြတာ …။ အဆိုးဆုံးကတော့ သူတို့တွေက အစည်းအရုံးတပ်ဖွဲ့တွေရဲ့ ခိုလုံရာဂေဟာကြီးတွေဆီ တိုက်ရိုက်ပြောင်းရွေ့ပြီး အဲ့ဒီမှာပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြတော့မှာ …”
ရေခဲပြာမှုန်က ပြောသည်။
” အခုအချိန်မှာ ငါတို့ ခရိုင်တစ်ကလည်း ဇီးရိုးဝင်းနဲ့ ဆက်သွယ်ထားတယ် …။ ဒါပေမယ့် အခြားခိုလုံရာဂေဟာတွေနဲ့ မတူဘဲ ငါတို့ ဝင်ခဲ့တဲ့ အစည်းအရုံးက သိပ်ကို သန်မာတယ် …။ မင်းတို့အတွက် ပို့ဆောင်ရေးမှော် အစီအရင်ဒီဇိုင်းကို တွေးပြီသား ဖြစ်မှာပါ …။ အစ်ကို ရီဖုန်းက ပြောခဲ့တယ် …။ ငါတို့သာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို စုဆောင်းနိုင်သရွေ့ ငါတို့ ခိုလုံရာဂေဟာအတွက် ပို့ဆောင်ရေး ဖော်အစီအရင်တစ်ခု တည်ဆောက်ပေးမယ်ပြောတယ် …။ အခုအချိန်မှာ ငါတို့တွေသာ တခြားခိုလုံရာဂေဟာတွေကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဇီးရိုးဝင်းထဲမှာ ငါတို့ နေရာတွေကလည်း တက်သွားမှာပဲ …။ ဘယ်သူကမှ ခိုလုံရာဂေဟာတစ်ခုရဲ့ အဖွဲ့ခေါင်းဆောင်သက်သက်နဲ့တော့ ကျန်မနေချင်ဘူးလို့ ယုံကြည်တယ် …။ ဟုတ်တယ်မလား …”
အဖွဲ့ခေါင်းဆောင်များက ရေခဲပြာမှုန်၏ စကားကို ထောက်ခံကြသည်။ ဇီးရိုးဝင်း ထုတ်ဖော်ပြသခဲ့ပုံက အစည်းအရုံး မည်မျှ အစွမ်းထက်ကြောင်း ပြသခဲ့တာဖြစ်ပြီး ရှီဖုန်းပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲဝင်စွမ်းအား။
သူ သူတို့ကို လွဲပြောင်းပေးခဲ့သည့် ဘဏ္ဍာရေး အရင်းအမြစ်များကလည်း များပြားပေသည်။ ဇီးရိုးဝင်းက သူတို့ကို လေ့ကျင့်ရေးပစ္စည်းများတောင် ထောက်ပံ့ပေးထားသည်။ သူတို့သာ ဇီးရိုးဝင်းအတွက် အကျိုးအမြတ်များရအောင် ရှာပေးပြီး သူတို့၏ ရာထူးများကို အစည်းအရုံးအတွင်း မြင့်တင်နိုင်ခဲ့ပါက ကျင်းဟိုင်မြို့၏ ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာဆီသို့ သွားနိုင်မည်ဖြစ်ကာ တိုက်ပွဲဝင်နည်းစနစ်အတွက် အထူးလေ့ကျင့်နိုင်မှာ ဖြစ်သည်။
မြို့တိုင်းတွင် သူတို့၏ ကိုယ်ပိုင်သိုင်းပညာ ဒိုကျိုနှင့် လေ့ကျင့်ရေးစင်တာများရှိသည်။ သူတို့၏ တိုက်ပွဲဝင်နည်းစနစ်များ တိုးတက်ချင်ပါက သူတို့ကို တခြားတစ်ယောက် လမ်းညွှန်မှု ရှိတာက သေချာပေါက် ပိုကောင်းပေလိမ့်မည်။
ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာကဲ့သို့ အရာမျိုးကို သူတို့က အပြင်လောကတွင် စုံစမ်းစစ်ဆေးခဲ့ပြီ ဖြစ်သည်။ သူတို့ စစ်ဆေးပြီးသည်နှင့် ထိတ်လန့်သွားကြ၏။
ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာ၌ လေ့ကျင့်ပေးသည့် သိုင်းပညာရှင် ရှိပြီးသားပင်။ လက်ရှိတွင် ခုနှစ်စင်ကြယ်က ကျော်ကြားသည့် လေ့ကျင့်ရေးစင်တာ တစ်ခုဖြစ်နေပြီး အနီးနားမြို့ရှိ ကျွမ်းကျင်တိုက်ခိုက်ရေးသမားများက ဤနေရာတွင် လေ့ကျင့်ရန် လာရောက်ကြ၏။ သာမန်လူများ ဝင်နိုင်သည့်နေရာ မဟုတ်ပေ။ ထို့အပြင် ဤနေရာ၌ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာရန် ပေးဆောင်ရသည့် ပမာဏက သာမန်လူများ တက်နိုင်သည့်အရာ မဟုတ်ပေ။
သူတို့၏ ဗဟုသုတအရ ပထမတန်းအစည်းအရုံးများသည် ချို့တဲ့သည်ဟု သတ်မှတ်နိုင်သော်လည်း သိုင်းပညာရှင်တစ်ဦး မည်မျှတန်ဖိုးကြီးမှန်း သူတို့ သိသည်။ သိုင်းပညာရှင်တစ်ဦးက လူသားများ၏ အထွဠ်အထိပ်စွမ်းအားဖြစ်သည်။ သူတို့သာ သိုင်းပညာရှင်တစ်ဦး၏ လမ်းညွှန်မှုကို ရရှိနိုင်ပါက နတ်ဘုရားနယ်မြေထဲတွင် သူတို့၏ တိုက်ပွဲဝင်နည်းစနစ်က သေချာပေါက်အဆပေါင်းများစွာ ခုန်တက်တော့မှာဖြစ်သည်။
ဇီးရိုးဝင်းက ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာ၌ အထူးလေ့ကျင့်ရေးကို တိုက်ရိုက်ခွင့်ပြုအုံးမှာ ဖြစ်သည်။ အစည်းအရုံး၏ ဘဏ္ဍာရေးအရင်းအမြစ် လွှမ်းမိုးမှုက သာမန်ဂိမ်း အစည်းအရုံးများ၏ သူတို့အမြင်ကို တစ်စစီဖြစ်သွားစေသည်။
သူတို့သည် နတ်ဘုရားနယ်မြေထဲတွင် ဂိမ်းကစားခြင်းမှ ပိုက်ဆံများစွာ ရနိုင်သော်လည်း ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာကဲ့သို့ အဆောက်အဦးကို တက်နိုင်ရန်အတွက် ဝေးနေသေးသည်။
သူတို့သာ ဇီးရိုးဝင်း၏ အထက်ပိုင်း စီမံခန့်ခွဲမှုနေရာအထိ တက်သွားနိုင်ပါက နောင်တွင် သူတို့ကို သူတို့ ထောက်ပံ့ရန် လုံလုံလောက်လောက်မရမှာကို စိုးရိမ်နေရန် မလိုတော့ပေ။
” အားလုံးပဲ ပို့ဆောင်ရေးမှော်အစီအရင်တွေက ဘာကို ကိုယ်စားပြုလည်းဆိုတာ ရှင်းရှင်းလင်းလင်း သိမယ်လို့ မျှော်လင့်တယ် …။ ငါတို့ အခုလုပ်ဖို့လိုတာက ကျန်တဲ့ ခိုလုံရာဂေဟာတွေကို သိမ်းပိုက်ပြီး ပို့ဆောင်ရေးမှော်အစီအရင်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို မြန်နိုင်သမျှ မြန်မြန်ယူဖို့ပဲ …။ ဒီဧရိယာကနေ နောက်ဆုတ်ရမယ်ဆိုရင်တောင် ငါတို့တွေ နောင်ကျ ဒီနေရာကို ပြန်လာဖို့အတွက် ပို့ဆောင်ရေးအစီအရင်တွေကို အားထားလို့ရတယ် …”
ရေခဲပြာမှုန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ယခင်က မိစ္ဆာသရဲနယ်မြေထဲ၌ ကျန်သည့် ခိုလုံရာဂေဟာများကို ထိန်းချုပ်ဖို့အတွက် အလွန်ခက်ခဲကြောင်း သူတို့ ရှာတွေ့ခဲ့သည်။ သို့သော် ခရိုင်ငါးအဖြစ် ပြန်လည်ကြုံတွေ့ပြီးနောက် ၎င်းက ပြောင်းလဲသွားပေသည်။ သူတို့၌ ပို့ဆောင်ရေးအစီအရင်တစ်ခု ရှိနေခဲ့ပါလျှင် သူတို့ ရနိုင်သည့် ငွေကြေးပမာဏနှင့် အရင်းအမြစ်က အဆုံးသတ်မှာ မဟုတ်ပေ။
ထို့ကြောင့် အမျိုးမျိုးသော အဖွဲ့ခေါင်းဆောင်များက ပို့ဆောင်ရေးမှော်အစီအရင်အတွက် လိုအပ်သည့် ကုန်ကြမ်းများ စုဆောင်းရန် အလုပ်ကြိုးစားကြတော့သည်။ တစ်ချိန်ထဲတွင် သူတို့က ကျန်သည့် ခိုလုံရာဂေဟာများကိုလည်း ခရိုင်တစ်၏ ခိုလုံရာဂေဟာအောက် ဝင်ရန်အတွက် သွေးဆောင်နေသည်။ ထိုနည်းဖြင့် ခိုလုံရာဂေဟာရှိ အဖွဲ့ဝင်များက ခရိုင်တစ်၏ ပို့ဆောင်ရေးအစီအရင်များကို အသုံးပြုနိုင်မှာ ဖြစ်သည်။
မဟူရာဗိမ္မာန်ထဲ၌ ရှီဖုန်းက ရုတ်ချည်းထိုးနှက်မှုကို ယခုအချိန်တွင် ငါးနာရီဆက်တိုက် လေ့ကျင့်ခဲ့တာ ဖြစ်သည်။ ငါးနာရီလေ့ကျင့်ပြီးနောက် ရှီဖုန်းသည် ရုတ်ချည်းထိုးနှက်မှုကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့် လုပ်သက်ရင့်တစ်ယောက်လို ဖြစ်သွားသည်။ သူ၏ လှုပ်ရှားမှုများက စကေးစာအုပ်ထဲတွင် ပြသထားသည့် ဗွီဒီယိုထဲကနှင့် တစ်ထပ်ထဲဖြစ်၏။
” ငါ နည်းနည်းလေး လိုနေသေးတယ် …။ လုံလောက်သွားပြီ အလွှာနှစ်တားမြစ်စကေးက ဒီလောက်သင်ယူဖို့ မလိုဘူး …”
ရှီဖုန်းသည် သူ၏ စကေးပြီးမြောက်သည့်နှုန်းကို မြင့်တင်ရန် အားသုံးပြီး ကြိုးစားခဲ့ပြီ ဖြစ်သော်လည်း အကောင်းဆုံးမှတ်တမ်းက (၉၅) ရာခိုင်နှုန်းသာ ဖြစ်သည်။ ယခုအချိန်တွင် သူက ထပ်တိုး ရာခိုင်နှုန်းဖြင့်တောင် မမြင့်တင်နိုင်ပေ။
ထို့အပြင် သူက ထိုရလဒ်ကို ရခြင်းမှာ အသူရာဓားသွားနှင့် နှစ်တစ်ရာ ဘယ်ရီဝိုင်ကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက သူသည် ရက်ပေါင်းများစွာ လေ့ကျင့်ပြီးသည့်တိုင် ရုတ်ချည်းထိုးနှက်ချက်ဖြင့် စကေးပြီးမြောက်သည့်နှုန်း (၉၅) ရာခိုင်နှုန်း ရဖို့က မဖြစ်နိုင်ပေ။
သူ့၌ လေ့ကျင့်ရန် အချိန်များများ မကျန်တော့ပေ။ နှစ်တစ်ရာ ဘယ်ရီဝိုင်ပုလင်းက တစ်နာရီခန့်သာ ကြာသောကြောင့် သူသည် လက်ထဲတွင် သုံးပုလင်းကျော်သာ ရှိခဲ့သည်။ အဆုံးထိ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
” လူသား လက်လျော့လိုက်သင့်ပြီ …။ အဆင့်မြင့် တားမြစ်စကေးအိုင်တမ်က ကျယ်ပြောလွန်းတယ် …။ မင်းကို အထင်သေးနေတာ မဟုတ်ဘူး …။ မင်းက အလွှာနှစ်တားမြစ်စကေးကို အနည်းဆုံးတော့ ဆယ်ရက်ကြိုးစားဖို့ လိုသေးတယ် …”
ဆယ်ရီနာ၏ ရှီဖုန်း၏ လက်ရှိအခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် ပြောလိုက်သည်။
” လက်ရှိမှာ မင်းက တားမြစ်စကေးရဲ့ လှုပ်ရှားမှုတွေအားလုံးကို အပြည့်အဝ ဖမ်းဆုပ်မိပြီးပြီ …။ ဆိုးတာက စကေးကို နားလည်သဘောပေါက်မှု ချို့တဲ့နေတယ် …။ ကျန်ရှိတဲ့ ငါးနာရီနဲ့ မင်းက ကံကောင်းမှ စကေးပြီးမြောက်တဲ့နှုန်း တစ်ရာခိုင်နှုန်း ထပ်တိုးနိုင်မှာ …”
” နားလည်သဘောပေါက်မှု ချို့တဲ့တာလား …”
ရှီဖုန်းကလည်း တွေးမိသည်။ ၎င်းက ခုတ်ထစ်ခြင်းကို စကေးပြီးမြောက်သည့်နှုန်း (၁၀၁) ရာခိုင်နှုန်း ရတုန်းက အတိုင်းပင်။ ၎င်း ခံစားချက်က ခဏတစ်ဖြုတ်သာဖြစ်ပြီး သူ ဖမ်းဆုပ်ချင်ရင်တောင် မဖမ်းဆုပ်နိုင်သည့်အရာ ဖြစ်သည်။
” နားလည်သဘောပေါက်မှုလား …။ သဟဇာတဖြစ်မှုလား …”
” ဆယ်ရီနာပြောတဲ့ နားလည်သဘောပေါက်မှုက သဟဇာတဖြစ်မှုကို ရည်ညွှန်းတာလား …”
ရှီဖုန်းက များများစားစားတွေးမနေပေ။ အချိန်သိပ်မကျန်။ ကမ္ဘာ့ထိပ်သီးကို ထပ်မံ စိန်ခေါ်ရန်အတွက် ဆယ်ရက် စောင့်စားမနေနိုင်ပေ။ ပြီးနောက် သူက အိတ်ထဲရှိ နှစ်တစ်ရာ ဘယ်ရီဝိုင်သုံးပုလင်းလုံးကို ထုတိပြီး တစ်ဆက်ထဲ သောက်လိုက်၏။ ရှီဖုန်း၏ စိတ်စွမ်းအားနှင့် စိတ်ဆန္ဒစွမ်းအား ရှိနေသည့်တိုင် သူက အနည်းငယ် မူးဝေလာ၏။
နှစ်တစ်ရာ ဘယ်ရီဝိုင်က ဘလက်စတီးဘီယာကဲ့သို့ပင် သောက်လေလေ အာနိသင်က ပိုကောင်းလေ ဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုး အာနိသင်ကလည်း ပိုလာ၏။ ကစားသမားများက စိတ်ရှင်းလင်းမှုကို ထိန်းထားနိုင်ရန်အတွက် တစ်ပုလင်းက အကောင်းဆုံးသာဖြစ်ပြီး ထိုကာလအတွင်း ကစားသမားများသည် စကေးပြီးမြောက်သည့်နှုန်း တိုးတက်ပြီး လှုပ်ရှားမှုများက အဆင်ပြေချောမွေ့လာမှာ ဖြစ်သည်။ ပုလင်းများစွာ တပြိုင်နက်ထဲ သောက်သုံးခြင်းက ကစားသမားများကို အရက်မူးစေပြီး ထိန်းချုပ်မှု ကင်းမဲ့စေ၏။
ယခု ရှီဖုန်းက သုံးပုလင်းတစ်ဆက်ထဲ သောက်လိုက်ခြင်းကြောင့် သူ၏ စကေးပြီးမြောက်သည့်နှုန်းက ချက်ချင်းတက်သွားသည်။
ထိုခံစားချက်က အမှန်တကယ် ကောင်းမွန်လာသည်။ ယခုအချိန်မှာ ရှီဖုန်းက သူ့ဓားနှင့်သူ တစ်သားထဲကျသလို ခံစားနေရသည်။ သူက အသူရာဓားသွားကို လွဲရမ်းပြီး ရုတ်ချည်းထိုးနှက်ခြင်းကို ထုတ်ဖော်လိုက်သည်။ ယခုအချိန် သူ၏ လှုပ်ရှားတိုင်းက ပေါ့ပါးပြီး သဘာဝဆန်သည်။ လှုပ်ရှားမှုတိုင်းတွင် အပိုလှုပ်ရှားသည့်စွမ်းအား မရှိပေ။
ထို့ကြောင့် ရှီဖုန်း၏ အစောပိုင်းချောမွေ့နေသည့် လှုပ်ရှားမှုတိုင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ အသူရာဓားသွား၏ ပုံရိပ်ယောင် ပေါ်ပြီးနောက် ရှီဖုန်း၏ လျင်မြန်သည့်အရှိန်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
ရှီဖုန်း၏ လက်ထဲရှိ အသူရာဓားသွားက ပိုကြည်လင်စွာ မြင်လာရသည်။ နောက်တစ်စက္ကန့်တွင် အပြာနုနုလျှပ်စီးများက ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်ပတ်လာပြီး လေထုထဲ၌ အက်ကွဲသည့်အသံများ ပြည့်သွားတော့သည်။ လျှပ်စီးများ ထိသွားမိသည့်နေရာများ၌ အက်ကွဲရာများ ပေါ်လာတာ ဖြစ်သည်။
စနစ် : ရုတ်ချည်းထိုးနှက်ခြင်းစကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း။