ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 610 ပိုမြင့်သော နယ်ပယ်
လျှပ်စီးများက ရှီဖုန်း၏ ပတ်ဝန်းကျင်၌ ပေါ်ထွက်နေသည်။ လျှပ်စီးမျှင်များက သေးသော်လည်း ၎င်းတို့တွင် ပါဝင်သည့် အပျက်စွမ်းအားက အလွှာနှစ် လျှပ်စီးဂါထာနှင့် ညီမျှပေသည်။
” သူ တကယ် အောင်မြင်သွားပြီပဲ …”
ဆယ်ရီနာ၏ လှပသည့်မျက်နှာထက်တွင် ထိတ်လန့်သည့် အမူအရာ ပေါ်လာ၏။ တားမြစ်စကေးတစ်ခုကို သင်ယူဖို့က ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။ ၎င်းက ကစားသမားများအတွက်ရော ဉာဏ်ရည်မြင့်မားသည့် NPC များအတွက်ပါ မှန်ကန်သည်။ တားမြစ်စကေးတစ်ခုကို သင်ယူနိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် တားမြစ်စကေးကို နားလည်သဘောပေါက်သည့် အဆင့်ထိ ရောက်ရှိရမည်ဖြစ်ကာ ကြာရှည်လေ့ကျင့်မှုကို ဖြတ်ကျော်ရအုံးမှာ ဖြစ်သည်။ ထိုရလဒ်ကြောင့် ဆယ်ရီနာတစ်ယောက်သာ ထိတ်လန့်တာ မဟုတ်ပေ။ ရှီဖုန်း ကိုယ်တိုင်တောင် အံ့သြသွားမိသည်။ အလွှာတစ်တားမြစ်စကေးတစ်ခုကို သင်ယူဖို့အတွက် အလွှာတစ် အမျိုးအစားတစ်ယောက်အတွက် အင်မတန်ခက်ခဲလှပေသည်။ အလွှာနှစ်တားမြစ်စကေးဆိုလျှင် ထည့်ပြောနေရန်တောင် မလိုပေ။ ထို့အပြင် ရုတ်ချည်းထိုးနှက်ချက်၏ လိုအပ်ချက်က အလွှာနှစ်တားမြစ်စကေးအတွက်တောင် မြင့်မားနေသေးသည်။
တားမြစ်စကေးတစ်ခုအတွက် စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း ရရှိရန်က ရှီဖုန်း မရနိုင်သည့်အရာဖြစ်ပြီး အတိတ်တုန်းက အလွှာသုံး ဓားဘုရင်ဖြစ်ခဲ့သည့်တိုင် မအောင်မြင်ခဲ့ပေ။ ယခုဘဝတွင်မူ သူက အလွှာတစ်အမျိုးအစားထဲတွင် ရှိနေချိန်၌တောင် အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းက ရိုးရှင်းသည့် အိပ်မက်တစ်ခုမျှသာ ဖြစ်၏။
(၉၉) ကြိမ် ထပ်သွားရပေအုံးမည်။ သူ အလျင်လိုမှ ရမည်။ ရှီဖုန်းက အခုအချိန်၌ အတော်လေးမူးနေပြီးသော်လည်း သတိတရားကို ရှင်းရှင်းလင်းလင်း ထိန်းထားနိုင်ဆဲဖြစ်၏။ ခုနတုန်းက ခံစားချက်ကို မမေ့စေရန်အတွက် သူက ဆက်လက်လေ့ကျင့်နေခဲ့သည်။ ကံဆိုးသည်မှာ သူ၏ နောက်ထပ် သုံးကြိမ်ကြိုးစားမှုက စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း မရရှိခဲ့ပေ။ အမြင့်ဆုံးက (၉၇) ရာခိုင်နှုန်းသာ ရောက်၏။
သူသည် ကံကောင်းမှုကြောင့်သာ စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်းကို ရခဲ့တာ ဖြစ်သည်။ ယခုအချိန်၌ ရှီဖုန်းက သေချာသိသွားပြီ ဖြစ်သည်။
သို့သော် (၁၀၀) ရာခိုင်နှုန်းရရန်အတွက် ခုနတုန်းက ပိုလွယ်ကူခဲ့တာဖြစ်သည်။ ရှီဖုန်းက ခုနတုန်းက ခံစားချက်ကို ဆက်လက်ဖမ်းဆုပ်မိအောင် ကြိုးစားနေ၏။ သူ၏ စကေးပြီးမြောက်သည့်နှုန်းက တစ်စတစ်စ တိုးတက်လာသည်။ ပြီးနောက် သူသည် (၉၉) ရာခိုင်နှုန်း တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီးနောက် (၁၀၀) ရာခိုင်နှုန်းနှင့် တစ်လှမ်းသာ ဝေးတော့သည်။
ငါ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်ကို ထိန်းချုပ်ရုံတင် မကဘူး ပြင်ပ ပတ်ဝန်းကျင်နဲ့ လိုက်လျော့ညီထွေဖြစ်အောင်လည်း သင်ယူနိုင်ခဲ့ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်လည်း သင်ယူနိုင်ခဲ့ပြီးပြီ။
ရှီဖုန်းက သူ၏ မှတ်ဉာဏ်များကို ပြန်စဉ်စားကြည့်ရာ သူသည် ရုပ်ချည်းထိုးနှက်ချက်ဖြင့် စကေးပြီးမြောက်မှုနှုန်း (၁၀၀) ရာခိုင်နှုန်း ရရှိခဲ့ရုံသာမက ခုတ်ထစ်ခြင်းနှင့် စကေးပြီးမြောက်သည့်နှုန်း (၁၀၁) ရာခိုင်နှုန်း ရရှိခဲ့သည့် အချိန်ကိုပါ ပြန်တွေးလိုက်၏။
၎င်းက သန့်စင်ခြင်းနယ်ပယ်တွင်ဖြစ်စေ ရေစီးခြင်းနယ်ပယ်တွင်ဖြစ်စေ နှစ်ခုလုံးက အတွင်းအားထိန်းချုပ်မှု ဖြစ်ပေသည်။
ယခင်က အလွှာငါးနတ်သက်ကြွေ ဆယ်ရီနာက သူ့၏ လှုပ်ရှားမှုတွင် အလွန်တော်သော်လည်း နားလည်သဘောပေါက်မှု အနည်းငယ် ချို့ယွင်းနေကြောင်း ပြောခဲ့သည်။ နားလည်သဘောပေါက်မှုက သဟဇာတဖြစ်နေခဲ့လျှင် သဟဇာတဖြစ်မှုက လိုက်ရောညီထွေဖြစ်ကာ သူသည် ပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေဖြစ်ဖို့သာ လိုအပ်သည်။ ကွဲပြားခြားနားသည့် ပတ်ဝန်းကျင်တွင် စကေးတစ်ခုကို ထုတ်ဖော်ရန် သိသည့်နည်းလမ်းကို အသုံးပြုခဲ့လျှင် ရလဒ်က ကွဲပြားနေမှာ ဖြစ်သည်။
သာမန်ပတ်ဝန်းကျင်မှာ မြေဆွဲငင်အားမြင့်မားသည့် နေရာသို့ ပြောင်းသွားခြင်းက ကစားသမားတစ်ဦး၏ စကေးပြီးမြောက်သည့်နှုန်းပေါ် သက်ရောက်မှု ရှိပေသည်။ သို့သော် ထိုပြောင်းလဲမှုက ပတ်ဝန်းကျင်ဆီ ရိုက်ခတ်လျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။
အသေးအမွှားပြောင်းလဲမှုလေးက ကစားသမားများ စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း ဘယ်တော့မှ မရရသည့် အကြောင်းအရင်း ဖြစ်နိုင်ချေများသည်။ ရှီဖုန်းက သူ၏ ဓားကို ဆက်လက်ဆွဲပြီး လေ၏ စီးဆင်းမှုအတိုင်း လက်လျော့ညီထွေဖြစ်အောင် ထုတ်ဖော်နေစဉ် သူ ဓားနှင့် လေကြားရှိ ပွတ်တိုက်မှုက ရုတ်တရက်တွင် မီးပွားတစ်စ ထွက်လာစေသည်။ ထိုမီးပွားလေးက လျှပ်စီးများကို ချက်ချင်းဆွဲငင်လိုက်ကာ ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လျှပ်စီးများ ဝိုင်းသွားစေသည်။
စနစ် : ရုတ်ချည်းထိုးနှက်ချက် စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း။
လုံလောက်သွားပြီ ဖြစ်သည်။ အတွင်းအားမှ အပြင်ဘက်သို့ ထိန်းချုပ်သည့်ဖြစ်စဉ်တွင် ရရှိခဲ့သည့် ပိုမြင့်တဲ့နယ်ပယ်ဆိုတာ ဒီလို ခံစားချက်မျိုးလား။ ရှီဖုန်းက နောက်ဆုံးတော့ သူအဆင့်မြင့်တင်ရန် လိုအပ်သည့်လမ်းကြောင်းကို ရှာတွေ့သွားပြီ ဖြစ်သည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း ချထားပြီး ရှီဖုန်းက သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို အာရုံစိုက်မထားတော့ပဲ ပတ်ဝန်းကျင်ဆီသာ အာရုံစိုက်ထားလိုက်၏။
ရှီဖုန်းက သူ၏ ပတ်ဝန်းကျင်နှင့် ပိုပြီး ရင်းနှီးလာလေလေ ရုတ်ချည်းထိုးနှက်ချက်၏ စကေး (၁၀၀) ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်းက ကြိမ်ဖန်များစွာ ဖြစ်ပေါ်လာလေ ဖြစ်သည်။
လက်ရှိတွင် ရှီဖုန်းက ရုတ်ချည်းထိုးနှက်ချက်ကို လေးကြိမ်ထုတ်ဖော်တိုင်း တစ်ကြိမ်၌ စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း ရရှိသည်။ ထို့အပြင် သူ့ဓားကို လွဲရမ်းနေသည့် ဖြစ်စဉ်အတွင်း ရှီဖုန်းကလည်း လှုပ်ရှားမှုများကို ပြင်ပ ပတ်ဝန်းကျင်နှင့် ပိုလိုက်ရောညီထွေဖြစ်အောင် ပြုလုပ်လာနိုင်သည်။
နောက်ထပ် နာရီဝက်ခန့် လေ့ကျင့်ပြီးနောက် ရှီဖုန်း၏ တိုးတက်မှုက မငြင်းဆန်နိုင်တော့ပေ။ သူက ရုပ်ချည်းထိုးနှက်ချက်ကို ထုတ်ဖော်လိုက်သည့်အချိန်တိုင်း၌ စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုင်နှုန်း ရရှိခဲ့သည်။
နှစ်တစ်ရာ ဘယ်ရီဝိုင် သုံးပုလင်း စသောက်ချိန်မှစကာ နာရီတောင် မကုန်ဆုံးသေးခင် သူက ရုတ်ချည်းထိုးနှက်ချက် အချက်တစ်ရာကို (၁၀၀) ရာခိုင်နှုန်း ပြီးမြောက်အောင် ထုတ်ဖော်ခဲ့ပြီ ဖြစ်သည်။
ရှီဖုန်းက အကြိမ်တစ်ရာမြောက် (၁၀၀) ရာခိုင်နှုန်း ပြီးမြောက်ခဲ့သည့်အချိန်၌ သူ့တစ်ကိုယ်လုံး၌ လျှပ်စီးများ သန့်စင်လာပြီးနောက် သူ့အသားအရေကလည်း ပိုတောက်ပလာကာ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများကလည်း ပိုကျစ်လစ်ပြီး အစွမ်းထက်လာတော့၏။
စနစ် : သင်သည် ရုတ်ချည်းထိုးနှက်ချက်ကို သင်ယူပြီးပါပြီ။ အခြေခံလျှပ်စီး ရုပ်ခန္ဓာကိုယ် ရရှိခဲ့ပြီဖြစ်သည်။
” ငါ့ရဲ့ ခန္ဓာကိုယ်က ဘာကြောင့် ပိုပေါ့သွားတာလဲ …”
ရှီဖုန်းသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင်ရှိသည့် အပြာနုရောင်လျှပ်စီးများကို မြင်သောအခါ အတော်လေး ထိတ်လန့်သွားသည်။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ဂရုတစိုက်ခံစားကြည့်မိပြီးနောက် သူ ထုတ်ပြောလိုက်သည်။
” ဒီလျှပ်စီးခန္ဓာက တကယ်ဆန်းကျယ်တာပဲ …။ ငါ့ ခန္ဓာကိုယ်က ဆွဲငင်အားက (၃) ဂရမ်အောက်မှာပဲ ရှိသင့်တာ …။ ဒါတောင် ခန္ဓာကိုယ်ပေါ်မှာ ဆွဲငင်အားတိုးတဲ့ အာနိသင်က သိသိသာသာလျော့သွားပြီး ငါ့ရဲ့ အရည်အချင်းတွေက မပြောင်းလဲသွားဘူး …။ အခုဆို အာနိသင်ရဲ့ ခံစားမှုက မြေဆွဲငင်အား (၁.၅) ဂရမ်နဲ့ တူနေပြီ …”
နတ်ဘုရားနယ်မြေ၏ တတိယမြောက် ဆင့်ကဲဖြစ်စဉ်ပြီးနောက် မြေဆွဲငင်အားစနစ်က ကစားသမားတစ်ဦး၏ တိုက်ပွဲဝင် စွမ်းအားပေါ် သိသိသာသာ သက်ရောက်မှု ရှိသည်။ ယခု ရှီဖုန်း၏ ခန္ဓာကိုယ်က ထိုကဲ့သို့ ပြောင်းလဲမှုအောက်တွင် ဖြစ်သွားသောကြောင့် သူ့အဖို့ ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေဖြစ်ရန်အတွက် ပိုလွယ်ကူသွားပြီ ဖြစ်သည်။
လက်ရှိအခြေအနေတွင် သူက နှစ်တစ်ရာ ဘယ်ရီဝိုင်၏ အာနိသင်အောက်တွင် ရှိနေတာနှင့် ဆင်တူ၏။ လျှပ်စီးရုပ်ခန္ဓာ၏ အာနိသင်က နှစ်တစ်ရာ ဘယ်ရီဝိုင်၏ အာနိသင်နှင့် ယှဉ်လျှင် အတော်လေး နိမ့်ကျသော်လည်း တပန်းသာနေသေးသည်။
ရုတ်ချည်းထိုးနှက်ချက်က အံ့သြဖွယ်ကောင်းလှပေသည်။ ၎င်းက ကစားသမားတစ်ဦး၏ ရုပ်ခန္ဓာကိုယ် အမှန်တကယ် တိုးတက်စေ၏။ ၎င်းကို သင်ယူရန် ခက်ခဲတာ အံ့သြစရာ မရှိပေ။
အတိတ်တုန်းက ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲတွင် တားမြစ်စကေးများ အောင်မြင်စွာ သင်ယူပြီးသည်နှင့် ၎င်းတို့က ကစားသမားကို ထပ်တိုးဆုများပေးကြောင်း ကြားခဲ့ဖူးသည်။ သို့သော် ထိုတားမြစ်စကေးများက အလွှာမြင့်သည့် တားမြစ်စကေးများ ဖြစ်သည်။ အလွှာနှစ် ရုပ်ချည်းထိုးနှက်ချက်က ထိုကဲ့သို့ တားမြစ်စကေးဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။
ရုပ်ခန္ဓာက နတ်ဘုရားနယ်မြေ၏ ဖုံးကွယ်ထားသည့် အရည်အချင်းတစ်မျိုး ဖြစ်သည်။ ကစားသမားတစ်ဦး၏ အရည်အချင်းက တိကျသည့် အဆင့်တစ်ခုသို့ ရောက်သောအခါ သူတို့က သာမန် အတိုင်းထက်အလွန် ရုပ်ခန္ဓာတစ်ခုကို မောင်းတင်ပြီးသားဖြစ်သွားပြီး အပြင်လောကတွင် မဖြစ်နိုင်သည့်အရာများကို ဖြစ်လာနိုင်အောင် ဆောင်ယူနိုင်မှာ ဖြစ်သည်။ ထိုကဲ့သို့ ဖုံးကွယ်ထားသော အရည်အချင်းက ကစားသမားများ မြင်နိုင်သည့်အရာ မဟုတ်။
ထို့ကြောင့် ၎င်းကို ဖမ်းဆုပ်မိရန် သို့မဟုတ် တိုးတက်ရန်က အင်မတန်ခက်ခဲသည်။ သို့သော် ထိုဖုံးကွယ်ထားသော အရည်အချင်းက ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားပေါ် သိသိသာသာ သက်ရောက်မှု ရှိပေသည်။
ခဏကြာ အနားယူပြီးနောက် သူ၏ စိတ်အခြေအနေ ပြန်ကောင်းလာပြီးနောက် ရှီဖုန်းသည် ဆယ်ရီနာဆီ လျှောက်သွားကာ ပြုံးပြီး ပြောလိုက်၏။
” မစ် ဆယ်ရီနာ …။ အကြာကြီး စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ် …။ အခု စလိုက်ကြရအောင် …”
လက်ရှိတွင် သူက အလွှာနှစ်တားမြစ်စကေး ရုတ်ချည်းထိုးနှက်ချက်ကို သင်ယူနိုင်ခဲ့ရုံသာမက အခြေခံ လျှပ်စီးရုပ်ခန္ဓာကိုယ်လည်း ရရှိခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ယခုဆို ပိုတောင် ပေါ့ပါးနေရုံသာမက ပျော့ပျောင်းမှုကလည်း သိသိသာသာ တိုးတက်လာ၏။ ရှီဖုန်းက သူ၏ လိုက်ရောညီထွေဖြစ်မှု အရှိန်တိုးလာတာကိုတောင် ခံစားမိသည်။ သို့သော် သူ၏ တုံ့ပြန်သည့်အရှိန်က မိုးပျံမြွေကဲ့သို့ ကောင်းချီးပေးခံရသည့် ပါရမီရှင်တစ်ဦးနှင့် ဝေးကွာနေသေးသည်။
” မဆိုဘူးပဲ …။ လူသားတစ်ယောက်ဖြစ်ပေမယ့် အလွှာတစ်အမျိုးအစားမှာတင် အလွှာနှစ်တားမြစ်စကေးတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့မိတယ် …။ လာလေတော့ …။ အကောင်းဆုံး ကြိုးစား …။ ငါ့ကို အနည်းငယ်တော့ ဖျော်ဖြေနိုင်မယ်လို့ မျှော်လင့်ရတာပဲ …”
ဆယ်ရီနာက ပြောပြီးနောက် နှုတ်ခမ်းသပ်ကာ ရှီဖုန်းကို ကြည့်လိုက်၏။
ဆယ်ရီနာပြောပြီးနောက် ပတ်ဝန်းကျင် မက်ဂမာများက စတင်တွန့်လိမ်လာတော့သည်။ မြေပြင်ကလည်း တုန်ရီလာပြီးနောက် နတ်သက်ကြွေသူက ကြောက်မက်ဖွယ်ရောင်ဝါများ ထုတ်လွင့်တော့၏။
ဒါက အလွှာတစ် နတ်သက်ကြွေတစ်ဦးရဲ့ စွမ်းအားတဲ့လား။
ရှီဖုန်းက တံထွေးမျိုချလိုက်မိသည်။
ဆယ်ရီနာ အလေးအနက်တိုက်ခိုက်တော့မည်မှန်း သူသိသည်။ သူမ၏ ရောင်ဝါတစ်ခုထဲကပင် သူ့ကို အသက်ရှူမဝဖြစ်စေ၏။
ကောင်ကင်ဘုံနဂါး ဝင်သက်ငွေ့ အသက်သွင်းခြင်း
ဓားသွားခွဲထွက်စေခြင်း အသက်သွင်းခြင်း
ရှီဖုန်းက နောက်ကျန်နေရန် ဆန္ဒမရှိပေ။ ကောင်းကင်ဘုံနဂါး၏ စွမ်းအားနှင့် ဓားသွားခွဲထွက်စေခြင်းကို အသက်သွင်းပြီးနောက် သူ၏ ရုပ်ခန္ဓာအရည်အချင်းများက ယခုဆို အဆင့်တူ အဆင့်မြင့်အရှင်နှင့် ညီမျှသွားပြီ ဖြစ်သည်။ ရှီဖုန်းက နှစ်ဆရှေးစစ်သည်တော်ကို ထုတ်ဖော်ပြီးသည်နှင့် ရှေ့သို့ တက်သွားလိုက်သည်။ ပုံရိပ်ယောင် သတ်ဖြတ်ခြင်းနှင့် ကိုယ်ခွဲကိုလည်း အသင့်ပြင်ထားလိုက်၏။
ရှီဖုန်း၏ ခွန်အား ရုတ်ချည်းတိုးတက်လာမှုက ဆယ်ရီနာကို အတော်လေး အံ့သြသွားစေသည်။ သူမရှေ့ရှိ လူသား ထိုကဲ့သို့ အဆင့်အထိ ရောက်နိုင်လိမ့်မည်ဟု မထင်ခဲ့မိပေ။ ပြီးနောက် သူမ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် လက်ထဲ၌ ရွှေရောင်သန်းနေသည့် သူတော်စင်ဓားတစ်လက်က ပေါ်လာသည်။
မရေမတွက်နိုင်သည့် လေဓားသွားများက သူမ၏ လက်နက်တစ်ဝိုက်၌ လွှမ်းခြုံနေသည်။ သူမက အလွှာနှစ် စကေးဖြစ်သည့် မုန်တိုင်းဓားသွားကို ရှီဖုန်းဆီ ရွတ်ဆိုလိုက်၏။ မရေမတွက်နိုင်သည့် ဓားအလင်းများက ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲဆီ ဦးတည်သွားတော့၏။ ရှီဖုန်းနှင့် ကိုယ်ခွဲကလည်း အလွှာနှစ်တားမြစ်စကေး ရုတ်ချည်းထိုးနှက်ချက်ကို ထုတ်ဖော်လိုက်ကြသည်။
ရှီ …
ရှီဖုန်းနှင့် ကိုယ်ခွဲ နှစ်ယောက်လုံးက ရပ်နေသည့် နေရာမှ ပျောက်သွားကာ ဆယ်ရီနာဘေး၌ ချက်ချင်း ပြန်ပေါ်လာသည်။ ဓားသမားနှစ်ယောက်လုံးက ဓားများဖြင့် နတ်သက်ကြွေသူကို ခုတ်ထစ်လိုက်သည်။
ရုတ်ချည်းထိုးနှက်ချက်ကို အသက်သွင်းလိုက်သောအခါ ၎င်းအသုံးပြုသူ၏ တိုက်ခိုက်ရေးအရှိန်က ခဏတဖြုတ် (၅၀၀) ရာခိုင်နှုန်း တိုးတက်သွား၏။ မူလက ရှီဖုန်း၏ တိုက်ခိုက်မှုအရှိန်သည် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်၏။ ယခု ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲက အသက်တစ်ချက်ရှူချိန်အတွင်း၌ ဓားအလင်းတစ်ဒါဇင်ကျော် ပစ်ထုတ်လိုက်တာ ဖြစ်သည်။ ထို့အပြင် ထိုဓားအလင်းများက ဆက်တိုက်ပေါ်လာပြီး ရှေ့ရောက်နေတာ သို့မဟုတ် နောက်ကျန်နေတာ မရှိပေ။
” မြန်လိုက်တဲ့ တိုက်ကွက် …”
ဆယ်ရီနာ၏ အကြည့်များ ထက်ရှသွားကာ သူမ၏ နောက်ထပ် လက်တစ်ဖက်ထဲ၌ ရွှေရောင်သူတော်စင် ဓားတစ်လက်ပေါ်လာသည်။ ပြီးနောက် သူမက တိုက်ခိုက်ကို ပိတ်ဆို့လိုက်တော့သည်။
ဖန် … ဖန် … ဖန် …
ဆယ်ရီနာ၏ ဓားနည်းစနစ်က ပစ်ချက်မရှိပေ။ သူမ၏ လှုပ်ရှားမှုက ဝင်ရောက်လာသည့် တိုက်ကွက်တစ်ဒါဇင်ကို ကျွမ်းကျင်စွာ ဆက်တိုက်ပိတ်ဆို့သွား၏။
သို့သော် ဆယ်ရီနာ၏ ခုခံမှုက ပိုပြီး ပြည့်စုံသည့်တိုင် တိုက်ခိုက်မှုအရှိန်က အကန့်အသတ် ရှိသေးသည်။ အဆုံးတွင် ရှီဖုန်းက ဆယ်ရီနာ၏ လက်ကို အသူရာဓားသွားဖြင့် ရှသွားစေပြီးနောက် နတ်သက်ကြွေသူကို (-၁) ထိခိုက်မှု ဖြစ်သွားစေ၏။
ရှီဖုန်းက (-၁) ထိခိုက်မှုကို မြင်သောအခါ မျက်လုံးများက ပြူးကျယ်သွားတော့သည်။
” အားကောင်းတဲ့ အလွှာနှစ်တားမြစ်စကေးပဲ …။ ငါ့ရဲ့ ခုခံမှုကို တကယ်ချိုးဖြဲနိုင်ခဲ့တာပဲ …”
ဆယ်ရီနာက သူမ လက်မောင်းပေါ်ရှိ ရှရာကို ကြည့်လိုက်သည်။ ဒဏ်ရာကို လက်ညိုးဖြင့် သက်လိုက်ရာ ပကတိကောင်းမွန်တဲ့ အသားအရေ ပြန်ဖြစ်သွား၏။ ပြီးနောက် သူမက ရှီဖုန်းကို ကြည့်ပြီး ပြောလိုက်၏။
” ငါ ဝန်မခံချင်ပေမယ့် မင်းက ငါ့ကို ဒဏ်ရာရစေခဲ့တယ် ဆိုမှတော့ မင်း အနိုင်ရပြီ …။ ဒီအိုင်တမ်တွေယူပြီး ထွက်သွားလိုက်တော့ …”