ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 626 နာမည်ကျော်ကြားခြင်း
ကျီးနတ်ဘုရား၏ အပျက်အဆီးသိုက်ထဲတွင် ဝတ်ရုံဖြူဖြင့် ချောမောခန့်ငြားသော လူငယ်လေးက မီးတောက်ပြာကျီးဘုရင်ကို တိုက်ခိုက်နေသည်။ သူ့ရဲ့အဖွဲ့ကို အမိန့်ပေးလိုက်သည်။
ထိုဘာသာရေးခေါင်းဆောင်က အနားမယူဘဲ လေထဲ၌ ရုမ်းများကို ဆွဲပြီး ကုသသည့်ဂါထာ တစ်ခုပြီးတစ်ခု အသုံးပြုလိုက်သည်။ ထို့အပြင် ထိုဂါထာများက သာမန်ဂါထာများ မဟုတ်ပေ။ သူတို့က အလွှာတစ် ကုသရေးဂါထာများ ဖြစ်၏။ ထိုသို့တိုင် သူ၏ ရွတ်ဆိုသည့်အရှိန်က အလွှာသုညကုသရေးဂါထာများကို ကျန်သည့်သူများ ရွတ်ဆိုသည့် အရှိန်နှင့် အတူတူသာ ဖြစ်သည်။ ထိုသို့ ပြုလုပ်နေစဉ် သူက စိတ်အေးလက်အေးသက်တောင့်သက်သာ ရှိနေပြီး သူ၏ အပြုအမူများက အားစိုက်ထုတ်စရာ မလိုပုံပေါ်၏။ မျက်တောင်တခတ်အတွင်း အဖွဲ့၏ နိမ့်သွားသော HP က အပြည့်ပြန်တက်လာသည်။
ထိုလူငယ်က ကောင်းကင်ဘုံမြှုပ်နှံရာ ပင်မတပ်ဖွဲ့၏ ခေါင်းဆောင် မီးတောက်သွေး ဖြစ်သည်။
” HP (၃) ရာခိုင်နှုန်း တက်သွားပြီ …။ ထိခိုက်မှုကို မြင့်တင်ကြ …”
မီးတောက်သွေးက တင်းမာစွာ အော်လိုက်၏။
လက်ရှိတွင် မူလအဖွဲ့ဝင် အယောက်ငါးဆယ်၏ တစ်ဝက်တောင် မကျန်တော့ပေ။ မီးတောက်ပြာကျီးဘုရင်၏ မီးတောက်များက သူတို့ကို လောင်ကျွမ်းသွားစေတာ ဖြစ်၏။ တစ်စက္ကန့်ကို HP တစ်ထောင် ဆုံးရှုံးမှုက များပြားလွန်းသည်။ ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်တန်းဆယ်ယောက်ထဲတွင် တစ်ယောက်ဖြစ်သည့် မီးတောက်သွေးတောင် အဖွဲ့၏ ခေါင်းဆောင် MT နှင့် သူ့ကိုသူ အသက်ရှင်လျက်ထားနိုင်အောင် အာရုံစိုက်ထားရ၏။ သူက အဖွဲ့၏ အဓိက TBS အချို့ကို ကုသရေးဂါထာများ ချက်ချင်း ရွတ်ဆိုပေးသည့်တိုင် အာနိသင်က နည်းပါးလှသည်။
မီးတောက်ပြာကျီးဘုရင်က စတုတ္ထအဆင့်ထဲ ဝင်ရောက်ပြီးနောက် ၎င်းသည် ရှေးစစ်သည်တော် အခြေအနေထဲ ဝင်ရောက်သွားတာ ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်သည့်အရှိန်က တိုးမြင့်သွားရုံတင်မက တိုက်ခိုက်သည့် အကွာအဝေးကလည်း တိုးတက်လာ၏။ ၎င်း၏ တိုက်ခိုက်မှုကို မရှောင်နိုင်သည့် အဖွဲ့ဝင်အချို့က ချက်ချင်း သေသွားကြတော့သည်။
မီးတောက်ပြာကျီးဘုရင်က ၎င်း၏ HP (၃) ရာခိုင်နှုန်းသာ ကျန်ခဲ့သော်လည်း အဖွဲ့တွင် ရှင်သန်ရစ်သည့် အဖွဲ့ဝင်များက သူတို့မည်မျှ ကြိုးစားစေကာမူ သံမဏိခံတပ်ကို မဖြိုခွဲနိုင်ဟု ခံစားနေရသည်။
ကောင်းကင်ဘုံမြှုပ်နှံရာသာ ထိုသို့သော အခြေအနေမျိုး ကြုံတွေ့နေရတာ မဟုတ်ပေ။ ထိုနည်းတူ လွှမ်းမိုးခြင်းအပြုံးကလည်း ရုန်းကန်နေရသည်။ လွှမ်းမိုးခြင်းအပြုံးက အနည်းငယ် ပိုလွယ်ကူနေတာ ဖြစ်၏။ သူတို့ ရင်ဆိုင်နေရသည့် မီးတောက်ပြာကျီးဘုရင်က HP (၄) ရာခိုင်နှုန်း ကျန်နေသေးသည့်တိုင် သူတို့၌ အဖွဲ့ဝင် လေးဆယ်ကျော် အသက်ရှင်လျက် ရှိသေးသည်။ သေသွားသည့်သူများက ကံဆိုးသောကြောင့်သာ ဖြစ်ပြီး သူတို့က အဆင့်မြင့်အရှင်၏ တိုက်ခိုက်မှု အကျယ်အဝန်းကို အချိန်မီ မရှောင်နိုင်ခဲ့တာ ဖြစ်သည်။
အယောက်ငါးဆယ် အဖွဲ့လိုက်မြေအောက်စခန်း၏ ပထမဆုံး သုတ်သင်ရှင်းလင်းမှုကိုရရန်က မလွယ်ကူပေ။ စစ်ပွဲဝံပုလွေက မီးတောက်ပြာကျီးဘုရင်၏ တိုက်ခိုက်မှုများကို အလုံးစုံသိမြင်ခြင်းကို မှီခိုအားထားပြီး အကောင်ဆုံး ရှောင်တိမ်းနေသည်။ သူက အဆင့်မြင့်အရှင်၏ တိုက်ကွက်များအားလုံးကို မရှောင်တိမ်းနိုင်သော်လည်း သုံးပုံတစ်ပုံကိုတော့ ရှောင်နိုင်သေးသည်။ ၎င်းက ကုသသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးရာရောက်ပြီး သူတို့အဖို့ အဖွဲ့၏ ကျန်သည့်အဖွဲ့ဝင်များကိုသာ ကုသရန် အာရုံစိုက်စရာ လိုသောကြောင့် အသက်ရှင်သူ များပေသည်။
စစ်ပွဲဝံပုလွေကဲ့သို့ အစွမ်းထက်သည့် ခေါင်းဆောင် MT က ကျီးဘုရင်၏ တိုက်ခိုက်မှုများကို ကျွမ်းကျင်စွာ လမ်းမညွှန်ခဲ့လျှင် အဖွဲ့ဝင်များစွာက ယခုအချိန်ထိ အသက်ရှင်သန်ဖို့က မဖြစ်နိုင်ပေ။ သို့သော် ထိုသို့တိုင် လွှမ်းမိုးခြင်းအပြုံးက ခက်ခဲသည့်အဆင့် မီးတောက်ပြာကျီးဘုရင်၏ စတုတ္ထအဆင့်ကို တတိယအကြိမ် စိန်ခေါ်တာ ဖြစ်သည်။
မီးတောက်ပြာကျီးဘုရင်၏ HP က တဖြေးဖြေးခြင်း ယုတ်လျော့သွား၏။
(၃) ရာခိုင်နှုန်း
(၂) ရာခိုင်နှုန်း
တစ် ရာခိုင်နှုန်း
မြစ်ဖြူမြို့ဒေသစနစ် ကြေညာချက် …
ခက်ခဲသည့်အဆင့် ကျီးနတ်ဘုရား၏ အပျက်အဆီးသိုက်ကို ပထမဆုံး သုတ်သင်ရှင်းလင်းနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်လာခဲ့တဲ့အတွက် ဇီးရိုးဝင်းအတွက် ဂုဏ်ပြုပါတယ်။ အဖွဲ့ထဲက ကစားသမားများအားလုံး EXP သိန်းနှစ်ဆယ်၊ ငွေပြား ငါးဆယ်၊ မြစ်ဖြူမြို့ ဂုဏ်သတင်းမှတ် ရှစ်ဆယ်နှင့် ကြယ်လတိုင်းပြည် ဂုဏ်သတင်းမှတ် နှစ်ဆယ် ရရှိမှာ ဖြစ်ပါတယ်။
ကြယ်လတိုင်းပြည်ဒေသ စနစ်ကြေညာချက် …
ကျီးနတ်ဘုရား၏ ငရဲခန်း အပျက်အဆီးကို အောင်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာတဲ့ ဇီးရိုးဝင်းအတွက် ဂုဏ်ယူပါတယ်။ အဖွဲ့ထဲက ကစားသမားအားလုံး EXP သိန်းသုံးဆယ်၊ ကြုံရာအရည်အချင်းဖြင့် အလွှာနှစ် ကျောက်ရိုင်းတုံး သုံးတုံး၊ မြစ်ဖြူမြို့ ဂုဏ်သတင်မှတ် တစ်ရာ၊ ကြယ်လတိုင်းပြည် ဂုဏ်သတင်းမှတ် ငါးဆယ် ရရှိမှာ ဖြစ်ပါတယ်။
နယ်ဘုရားနယ်မြေ တောင်ပိုင်း ကုန်းပြင်မြင့် စနစ်ကြေညာချက် …
ကျီးနတ်ဘုရား၏ အပျက်အဆီးသိုက် ငရဲခန်းအဆင့်ကို အောင်မြင်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာတဲ့အတွက် ဇီးရိုးဝင်းကို ဂုဏ်ပြုပါတယ်။ အဖွဲ့ထဲက ကစားသမားအားလုံးက EXP သိန်းငါးဆယ်၊ အရည်အချင်းနှော အလွှာသုံး ကျောက်ရိုင်းတုံး တစ်တုံး၊ ကြယ်လတိုင်းပြည်ဂုဏ်သတင်းမှတ် တစ်ရာ့ရှစ်ဆယ်နှင့် လူသားမျိုးနွယ် ဂုဏ်သတင်းမှတ် ငါးမှတ် ရရှိမှာ ဖြစ်ပါတယ်။
စနစ်သတိပေးသံက လူတိုင်း၏နားထဲ သုံးကြိမ်တိုင်တိုင် ပဲ့တင်သံ ထပ်သွား၏။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
လွှမ်းမိုးခြင်းအပြုံး၏အဖွဲ့နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏အဖွဲ့ နှစ်ဖွဲ့စလုံးက ထိတ်လန့်ကာ ဆွံ့အသွားကြသည်။
ကျီးနတ်ဘုရား၏ ခက်ခဲသည့်အဆင့်ကပင် သူတို့ကို ခေါင်းခဲစေနေတာ ဖြစ်သည်။ ထိုသို့တိုင် ဇီးရိုးဝင်းက ငရဲခန်းအဆင့်ကို သုတ်သင်ရှင်းလင်းပြီး ဦးဆောင်သွားခဲ့သည်။ သို့သော် သူတို့က ထိတ်လန့်နေသော်ငြား မည်သူကမှ သူတို့ လုပ်နေတာကို မရပ်တန့်လိုက်ပေ။ သူတို့က မီးတောက်ပြာကျီးဘုရင်ကို တိုက်ခိုက်ရာတွင် စိတ်အားတက်ကြွမှု မရှိတော့တာ ဖြစ်၏။
ခဏအကြာတွင် အဆင့်မြင့်အရှင်အဆင့် မီးတောက်ပြာကျီးဘုရင်က စစ်ပွဲဝံပုလွေ၏ ခြေရင်း၌ လဲကျသွားတော့သည်။ ထိုစဉ် စနစ်အသိပေးသံက ထပ်မံ ပေါ်ထွက်လာပြန်၏။
မြစ်ဖြူမြို့ဒေသ စနစ်ကြေညာချက်…
ကျီးနတ်ဘုရား၏ ခက်ခဲသည့်အဆင့်ကို ပထမဆုံး သိမ်းပိုက်အောင်မြင်တဲ့ အဖွဲ့ဖြစ်လာတဲ့အတွက် လွှမ်းမိုးခြင်းအပြုံးကို ဂုဏ်ပြုပါတယ်။ အဖွဲ့ထဲရှိ ကစားသမားများအားလုံး EXP ဆယ်သိန်း၊ ငွေပြား နှစ်ဆယ်၊ မြစ်ဖြူမြို့ ဂုဏ်သတင်မှတ် သုံးဆယ်နှင့် ကြယ်လတိုင်းပြည် ဂုဏ်သတင်းမှတ် ဆယ်မှတ် ရရှိမှာ ဖြစ်ပါတယ်။
ကြယ်လတိုင်းပြည် ဒေသစနစ် ကြေညာချက်…
ကျီးနတ်ဘုရား၏ ခက်ခဲသည့်အဆင့် အပျက်အဆီးသိုက်ကို ပထမဆုံး အောင်နိုင်ခဲ့တဲ့အဖွဲ့ ဖြစ်လာတဲ့အတွက် လွှမ်းမိုးခြင်းအပြုံးကို ဂုဏ်ပြုပါတယ်။ အဖွဲ့ထဲက ကစားသမားအားလုံးက EXP သိန်းနှစ်ဆယ်၊ ကြုံရာအရည်အချင်းဖြင့် အလွှာနှစ် ကျောက်ရိုင်းတုံး တစ်တုံး၊ မြစ်ဖြူမြို့ ဂုဏ်သတင်းမှတ် အမှတ်ငါးဆယ်၊ ကြယ်လတိုင်းပြည် ဂုဏ်သတင်းမှတ် အမှတ်နှစ်ဆယ် ရရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့သည့်စနစ် ကြေညာချက်နှင့် ယှဉ်လျှင် ယခု ကြေညာချက်က အဓိပ္ပါယ်မဲ့ပေသည်။
ဇီးရိုးဝင်းက ငရဲခန်းအဆင့်ကို ရှင်းလင်းခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင် လွှမ်းမိုးခြင်းအပြုံးက ခက်ခဲသည့်အဆင့်ကိုသာ ရှင်းလင်းနိုင်ခဲ့တာ ဖြစ်သည်။ အောင်ပွဲရခြင်းထက် လွှမ်းမိုးခြင်းအပြုံးက ဟားတိုက်စရာ ဖြစ်လာခဲ့သည်။ အစည်းအရုံးနှစ်ခုကြားရှိ ကွာဟချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။ သို့သော် ထိုကွာဟချက်က လွှမ်းမိုးခြင်းအပြုံး၏ အားနည်းချက်ကြောင့် မဟုတ်ပေ။ ဇီးရိုးဝင်းက သိပ်ကို အစွမ်းထက်နေတာကြောင့် ဖြစ်သည်။
” အဆုံးမှာ ငါတို့ ရှုံးသွားသေးတာပဲ …”
စစ်ပွဲဝံပုလွေ၏ ဖြူလျော့သော မျက်နှာထက်တွင် ခါးသက်သည့် အပြုံးတစ်ခု ပေါ်လာ၏။
ယခင်က သူသည် ကျီးနတ်ဘုရား၏ ငရဲခန်း အပျက်အဆီးထဲသို့ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို ဘလက်ဖလိမ်းဦးဆောင်ပြီး ဝင်သွားကြောင်း သတင်းရခဲ့ပြီ ဖြစ်သည်။ ဇီးရိုးဝင်းက ထိုအောင်ပွဲကို ခိုးယူသွားခဲ့သည်။ ၎င်းက မယုံနိုင်စရာ ကောင်းလှပေသည်။
အချိန်အတိုင်းအတာတစ်ခုအတွက် ဇီးရိုးဝင်း၏ ဂုဏ်သတင်းက ထပ်တိုးသွားပြန်သည်။
ယခင်က နဂါးဖီးနစ်ပွဲကြည့်စင်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သော ဇီးရိုးဝင်း၏ အောင်မြင်ခဲ့မှုက အနီးအနားရှိ တိုင်းပြည်များ၊ အင်ပါယာများ၏ အာရုံစိုက်မှုကို ရခဲ့ပြီ ဖြစ်သည်။ သို့သော် ဇီးရိုးဝင်းက သူတို့ကို သူတို့ ကာကွယ်ခဲ့တာသာ ဖြစ်သည်။ ထို့အပြင် သူတို့က သူတို့ကိုယ်ပိုင် အဖွဲ့ဝင်များထက် NPC အစောင့်၏ ခွန်အားကို မှီခိုအားထားခဲ့တာ ဖြစ်၏။ ဇီးရိုးဝင်းကို သတိထားနေရန် မလိုပေ။ သို့သော် ယခုမူကိစ္စများက ပြောင်းလဲသွားပြီ ဖြစ်သည်။
ငရဲခန်းအဆင့် အဖွဲ့လိုက် မြေအောက်စခန်း၏ ပထမဆုံး သုတ်သင်ရှင်းလင်းမှုကို ရခဲ့ခြင်းက အစည်းအရုံး၏ အလုံးစုံခွန်အားကို လျော့မတွက်သင့်ကြောင့် ပြနေပေသည်။
” ဇီးရိုးဝင်းလား …”
စနစ် : အသိပေးသံကို ကြားသောအခါ ဖီးနစ်မိုးက မပြုံးပဲ မနေနိုင်တော့ပေ။
” ကြည့်ရတာ ဘလက်ဖလိမ်းရဲ့ အရည်အချင်းကို ငါ လျော့တွက်ခဲ့မိပုံပဲ …။ နံ့သာ …။ မြစ်ဖြူမြို့ကို သွားဖို့ ပြင်လိုက်တော့ …”
” မမလေး …။ မြစ်ဖြူမြို့ကို ဘာကြောင့် သွားမှာလဲ …။ ပန်သီအွန်ရဲ့ အစည်းအရုံးခေါင်းဆောင်က မကြာခင် ရောက်လာတော့မှာ …”
သန့်စင်ခြင်းနံ့သာဟု အမည်ရသည့် မိန်းမလှလေးက ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
” ငါတို့က အစည်းအရုံးခေါင်းဆောင် ဆန်းကျယ်တဲ့ ဘလက်ဖလိမ်းကို သွားတွေ့မလို့ပေါ့ …”
ဖီးနစ်မိုးက ရယ်မောလိုက်သည်။
” ဘလက်ဖလိမ်းလား …”
သန့်စင်ခြင်းနံ့သာက သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။
” ဘလက်ဖလိမ်းက ဘယ်သူလဲ …။ သူက စူပါအစည်းအရုံး ပန်သီအွန်ရဲ့ အစည်းအရုံးခေါင်းဆောင်နဲ့ ယှဉ်နိုင်တာလား …”