ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 629 ကြယ်ငါးပွင့်စီးတော်ယာဉ်
ရေနှင်းဆီမှအပ မည်သူကမှ မြင်းအိမ်ဒီဇိုင်း၏ အရည်အချင်းကို နားမလည်ကြပေ။ သို့သော် ၎င်းက ထင်ထားတာထက် ပိုနေပြီးသား ဖြစ်သည်။
ရှိနေသည့်သူများတွင် အစည်းအရုံး၏ မန်နေဂျာ ရေနှင်းဆီနှင့် အလုပ်ရုံ၏ ဝေယျာဝစ္စများကို ကူညီပေးသည့် ဘလက်ကီမှအပ အားလုံးက တိုက်ပွဲဝင်နည်းစနစ်ထဲ တိုးတက်အောင်သာ နစ်မြှုပ်ထားကြသည်။ သူတို့က အစည်းအရုံး၏ အလားအလာရှိသော ဆောက်လုပ်မှုများအကြောင်း မည်ကဲ့သို့ သတိပြုမိမည်နည်း။
ရှီဖုန်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ရေနှင်းဆီက တုန်ရီသွားသည်။
အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး သူတို့၏ ငွေပမာဏများစွာကို အစည်းအရုံး၏ MT အသီးသီး၌ ရင်းနှီးမြှုပ်နှံပြီး ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရာတွင် ကူညီပေးနိုင်သည့် အိုင်တမ်များကို ဝယ်ယူခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း။
၎င်းက အကြောင်းပြချက် တစ်ခုသာ ရှိပေသည်။
အစည်းအရုံးစီးတော်ယာဉ်များ
နတ်ဘုရားနယ်မြေ၏ မြေပုံများက အင်မတန်ကြီးမားသည်။ ကစားသမားများက အဆင့် (၃၀) နှင့် ထိုထက်မြင့်သည့် မြေပုံသို့ရောက်သည်နှင့် သူတို့က ခရီးသွားလာရန်အတွက် အချိန်များစွာ ကုန်ဆုံးရမှာ ဖြစ်သည်။ မြေပုံက ဂိမ်းထဲအဆင့်မြင့်လာလေ ပိုပိုပြီး ကျယ်လာလေ ဖြစ်၏။ အစွမ်းထက်သည့် စီးတော်ယာဉ်များကလည်း ကစားသမားများကို အချိန်ကုန်သက်သာစေသည်။ သို့သော် နတ်ဘုရားနယ်မြေထဲရှိ အစည်းအရုံးစီးတော်ယာဉ်များ၏ ပိုအရေးကြီးသည့် လုပ်ဆောင်ချက်က အစည်းအရုံးတစ်ခုကို ကစားသမားများ ပိုဝင်အောင် စွဲဆောင်နိုင်ခြင်းပင် ဖြစ်သည်။
မြို့များတွင်ရောင်းသည့် သာမန်စီးတော်ယာဉ်များက ကစားသမားများအဖို့ လုံလောက်သည့် ဂုဏ်သတင်းမှတ်ရှိရန် လိုအပ်ရုံသာမက သူတို့သည် ဝယ်ယူရန်အတွက် ပိုက်ဆံပမာဏများစွာလည်း လိုအပ်သေးသည်။ သာမန်စီးတော်ယာဉ်က ရွှေပြားလေးဆယ် ကျသင့်သည်။ ကစားသမားတိုင်းက အဆင့် (၄၀) သို့ ရောက်ပြီးသည့်တိုင် ထိုမျှများပြားသည့် ပိုက်ဆံပမာဏကို ရှာဖွေရန်က အင်မတန် ခက်ခဲနေသေးသည်။ ဂိမ်းငွေကြေးကို ခရက်တစ်ဖြင့် ဝယ်ယူလျှင်တော့ ရသေး၏။ အဆုံးတွင် သူတို့က သာမန်စီးတော်ယာဉ်တစ်ခုကိုသာ ဝယ်ယူနိုင်သေးတာ ဖြစ်၏။
သို့သော် အစည်းအရုံးစီးတော်ယာဉ်များက မတူပေ။ ကစားသမားများက အစည်းအရုံးစီးတော်ယာဉ်တစ်ခုကို မဝယ်ယူနိုင်သေးခင် အစည်းအရုံးထောက်ပံ့ရေးမှတ် ပမာဏများစွာကို စုဆောင်းရန် လိုအပ်သော်လည်း ထိုအရာက သာမန်စီးတော်ယာဉ်ထက် တန်ဖိုးပိုကြီးပြီး သာမန်စီးတော်ယာဉ်နှင့်မတူ အစည်းအရုံးစီးတော်ယာဉ်များက ပြုစုပျိုးထောင်ပြီး အဆင့်တိုးမြင့်နိုင်သည်။ ထို့အပြင် သူတို့က အမျိုးမျိုးသော ပုံပန်းသွင်ပြင်ဖြင့် ပိုကြည့်ကောင်းသည့် သွင်ပြင်မျိုး ပိုင်ဆိုင်ကြ၏။ ၎င်းက တစ်ကိုယ်တော်ကစားသမားများနှင့် ကြွယ်ဝချမ်းသာသည့် ကစားသမားများကို စွဲဆောင်နိုင်သည့် အချက်ပင် ဖြစ်သည်။
အစည်းအရုံးများက ထိုအခွင့်အရေးကိုယူပြီး ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပြီး ဝင်ငွေပမာဏများစွာ ရှာကြ၏။ ဆိုရလျှင် အစည်းအရုံးအဖွဲ့ဝင်များကလည်း အစည်းအရုံးစီးတော်ယာဉ်များကို ဝယ်ယူသည့်အချိန်တွင် ပိုက်ဆံများစွာ သုံးစွဲရန် လိုအပ်ပေသည်။ ထိုပမာဏက အစည်းအရုံး၏ ဘဏ္ဍာတိုက်ထဲ ရောက်မှာ ဖြစ်သည်။
ထို့ကြောင့် အတိတ်တုန်းက အစည်းအရုံးကြီးများသည် အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့တာ ဖြစ်သည်။ သူတို့က မြေအောက်စခန်းထဲရှိ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို ရရန်သာ ရည်ရွယ်တာ မဟုတ်ဘဲ သူတို့က မြင်းအိမ်ဒီဇိုင်းများကို ရနိုင်ရန် မျှော်လင့်ချက်ရှိသောကြောင့် ဖြစ်၏။
ရှီဖုန်းသည် အစည်းအရုံးတစ်ခုအတွက် ဝင်ငွေအရှာနိုင်ဆုံးကိရိယာတစ်ခုဖြစ်သည့် မြင်းအိမ်ဒီဇိုင်းကို ရပြီးသား ဖြစ်နေလိမ့်မည်ဟု ရေနှင်းဆီ မတွေးခဲ့မိပေ။ ၎င်းက မြန်ဆန်လွန်းပေ၏။
သူမ၏ ဆုံးဖြတ်ချက်ချခဲ့တာ မှန်ကန်ပုံပေါ်သည်။ နောင်တွင် သူမ ဖခင် ဘာပြောမည်ဆိုတာကို မြင်ချင်မိ၏။ ရေနှင်းဆီ၏ နှုတ်ခမ်းများက အနည်းငယ်တွန့်သွားသည်။ သူမသည် ဆည်းဆာပဲ့တင်သံမှ ထွက်လာရသည့် အကြောင်းပြချက်ကို ပြန်တွေးမိသွား၏။
ငါ ဇီးရိုးဝင်းကို ဆည်းဆာပဲ့တင်သံထက်ကျော်အောင် သေချာပေါက်လုပ်မယ်။
အစက ရေနှင်းဆီသည် ဇီးရိုးဝင်းက ဆည်းဆာပဲ့တင်သံကို ကျော်နိုင်မည်ဆိုတာကို မယုံနိုင်ခဲ့ပေ။ ဆိုရလျှင် ဆည်းဆာပဲ့တင်သံက ရေရှည်တည်ရှိလာခဲ့သည့် ပထမတန်းအစည်းအရုံးတစ်ခု ဖြစ်သည်။ နောက်ခံ၊ ဘဏ္ဍာရေး၊ အဆက်အသွယ်၊ လူသားအရင်းအမြစ် မည်သည့်အရာတွင်ဖြစ်စေ ဆည်းဆာပဲ့တင်သံက ဇီးရိုးဝင်းထက် သာပေ၏။ ဇီးရိုးဝင်းက လက်ရှိတွင် ကျန်သည့်အစည်းအရုံးများထက် တစ်လှမ်းသာနေသော်လည်း အစည်းအရုံး၏ အားနည်းချက်များက ရှိနေဆဲပင်။ အစည်းအရုံး၌ နောက်ခံမရှိပေ။ ယခုအချိန်တွင် ဇီးရိုးဝင်းက ကျန်သည့် အစည်းအရုံးများထက် သာနေသော်ငြား အစည်းအရုံးတစ်ခုဟူ၍ လူသိများရန်အတွက် အပြည့်အဝဆောင်ရွက်နိုင်ရန် အချိန်ကြာမြင့်စွာ စွမ်းအားစုဆောင်းရအုံးမှာ ဖြစ်သည်။
သို့သော် အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်၏။ သူတို့က မြင်းအိမ်တစ်ခု တည်ဆောက်နိုင်သောကြောင့် အစည်းအရုံး၏ အဓိကအစိတ်အပိုင်းများထဲမှ တစ်ခုအနေဖြင့် စွမ်းအင်များကို ပိုလျင်မြန်စွာ စုဆောင်းနိုင်မှာ ဖြစ်သည်။
ရှီဖုန်းက အချိန်မဖြုန်းတော့ဘဲ မြစ်ဖြူမြို့ဆီ သူတို့အဖွဲ့ကို ပြန်ပို့ပြီးနောက် အမဲလိုက်ရန် ကိရိယာများ ပြင်ဆင်တော့သည်။ ရှီဖုန်းက ပြီးနောက် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသို့ သွားလိုက်သည်။
နတ်ဘုရားနယ်မြေထဲတွင် တောရိုင်းကောင်များကို ဖမ်းခြင်းက လွယ်ကူသည့်အလုပ် မဟုတ်။ ၎င်းက ကွင်းပြင်ကို အဓိက လေ့လာထားရမှာ ဖြစ်သည်။ အတိတ်တုန်းက ထိုတာဝန်အတွက် အထူးမျိုးဆက်တစ်ခု ရှိပေ၏။ ၎င်းက ယဉ်ပါးအောင် ပြုလုပ်ပေးသူများ ဖြစ်သည်။
အတိတ်တုန်းက တောရိုင်းကောင်များကို ဖမ်းရန် အထူးသုတေသန ပြုလုပ်ထားသည့် ကစားသမားများ ရှိသည်။ သူတို့က ဖမ်းထားသည့် တောကောင်များကို အစည်းအရုံးကြီးများဆီ ရောင်းချခြင်းဖြင့် ပိုက်ဆံရှာကြသည်။
တောရိုင်းကောင်များကို ဖမ်းရန်အတွက် လိုအပ်သည့် အရေးကြီးဆုံးအိုက်တမ်က လှောင်အိမ်တစ်ခု ဖြစ်သည်။ သို့သော် NPC များက ထိုလှောင်အိမ်များကို မရောင်းချပေ။ ကစားသမားများက ၎င်းတို့ကို ထုတ်လုပ်ရန် လိုအပ်သည်။ ထို့ကြောင့် ကစားသမားများစွာက သူတို့ဘာသာ လှောင်အိမ်များ စတင်သွန်းလုပ်ခဲ့ကြ၏။
ကံကောင်းသည်မှာ NPC တစ်ဦး ဦးစီးသည့် ပန်းပဲအစည်းအရုံးက လှောင်အိမ်များအတွက် ပန်းပဲဒီဇိုင်းများ ရောင်းချပေးသည်။ ထို့အပြင် ၎င်းတို့က ဈေးအလွန်ပေါ၏။ သို့သော် ရှီဖုန်းက ထိုပန်းပဲဒီဇိုင်းများကို ဝယ်ယူရန် စိတ်အနှောက်အယှက် အဖြစ်မခံပေ။ သူက အဆင့်ပိုမြင့်သည့်လှောင်အိမ်ကို ထုတ်လုပ်ရန် နည်းလမ်းရှိ၏။
ရှီဖုန်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသို့ အမြန်ပြန်သွားပြီးနောက် ပန်းပဲခန်းကို ဝင်လိုက်သည်။ ပြီးနောက် သူအိတ်ထဲမှ ကုန်ကြမ်းတစ်ပုံကို ထုတ်ပြီးနောက် စတင်သန့်စင်တော့သည်။
လှောင်အိမ်များကို အဆင့်အမျိုးမျိုး ခွဲခြားနိုင်ပေ၏။ ကြယ်တစ်ပွင့်က အနိမ့်ဆုံးဖြစ်ကာ ကြယ်ဆယ်ပွင့်က အမြင့်ဆုံး ဖြစ်၏။ ကွဲပြားသည့်အဆင့်များအရ ဖမ်းမိသည့် တောရိုင်းကောင်များအလိုက် ဖြစ်သည်။ တစ်နည်းဆိုရလျှင် ကြယ်တစ်ပွင့်လှောင်အိမ်က အမြင့်ဆုံးကြယ်တစ်ပွင့်တောရိုင်းကောင်ကို ဖမ်းရန် အသုံးပြုနိုင်သည်။ ကြယ်တစ်ပွင့်လှောင်အိမ်ကို ကြယ်နှစ်ပွင့်တောရိုင်းကောင်ကိုဖမ်းရန် အသုံးမပြုနိုင်ပေ။ ကြယ်နှစ်ပွင့်လှောင်အိမ်ကိုမူ ကြယ်နှစ်ပွင့်တောရိုင်းကောင်ကိုဖမ်းရန် အသုံးပြုနိုင်၏။
ရှီဖုန်း ဖမ်းရန် စီစဉ်ထားသည့် တောရိုင်းကောင်က လက်ရှိတွင် အမြင့်ဆုံးအဆင့် ကြယ်ငါးပွင့်တောရိုင်းကောင် ဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်ငါးပွင့်လှောင်အိမ် လိုအပ်ပေသည်။ ကြယ်ငါးပွင့်လောင်အိမ်က သွန်းလုပ်ရန်အတွက် ရွှေပြားနှစ်ပြားနီးပါး ကုန်ကျပေ၏။ ထို့အပြင် တစ်ခါကြိုးစားရုံဖြင့် ကြယ်ငါးပွင့်တောရိုင်းကောင်ကို ဖမ်းနိုင်မည်ဆိုတာ မသေချာပေ။ ထို့ကြောင့် တောရိုင်းကောင်များ ဖမ်းခြင်းက ငွေကုန်ကြေးကျများသည့် အကြောင်းပြချက်ထဲမှ တစ်ခုလည်းဖြစ်သည်။
ရှီဖုန်းက လက်ရှိတွင် အခြေခံပန်းပဲသမားအဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူသည် ကြယ်ငါးပွင့်လှောင်အိမ်ကို သွန်းလုပ်ရန်အတွက် (၃၀) ရာခိုင်နှုန်းသာ အောင်မြင်နိုင်ချေရှိ၏။
နာရီဝက်ခန့်ကြာပြီးနောက် ရှီဖုန်းသည် ကြယ်ငါးပွင့်လောင်အိမ်လေးခု သွန်းလုပ်ရန်အတွက် ကုန်ကျခဲ့သည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးက ရွှေပြားသုံးဆယ်ကျော်သည်။ အမဲလိုက်ခြင်းစာလိပ်နှင့် သိုလှောင်နယ်မြေစာလိပ်တို့ကို ဝယ်ယူရန်အတွက် ရေနှင်းဆီနှင့် ကျန်သည့်သူများကိုလည်း ညွှန်ကြားခဲ့သောကြောင့် ၎င်းတို့က ရွှေပြားသုံးပြားကျော် ကုန်ကျပေသည်။
ရှီဖုန်းက ပန်းပဲခန်းထဲမှ ထွက်ခွာမည့်အချိန်၌ သူ၏ ဆက်သွယ်ရေးကိရိယာက အသံတစ်သံ ပေါ်ထွက်လာသည်။
” ဖီးနစ္မိုးလား …”
ရှီဖုန်းက ခေါ်သည့်သူကိုမြင်သောအခါ အံ့သြသွားသည်။
ဖီးနစ်မိုးသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံတဲ့အချိန်မှစပြီး သူမသည် ပူပေါင်းဆောင်ရွက်သည့်ကိစ္စများဆောင်ရွက်ရန်အတွက် လက်အောက်ငယ်သားများကိုသာ လွတ်ခဲ့သည်။ သူ့ကို တိုက်ရိုက်ဆက်သွယ်ခြင်း မရှိပေ။ မဟုတ်လျှင် သူမက ဆယ်သွယ်ရန်အကြောင်းမရှိဟု တွေးထားတာ ဖြစ်နိုင်သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေရှိ ကျယ်ပြောသောလောကတွင် ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင်က ဖီးနစ်မိုးကဲ့သို့ ခမ်းနားသည့် ကစားသမားတစ်ဦးနှင့် ယှဉ်လျှင် မသိသာမထင်ရှားသည့် ဇာတ်ကောင်လေးတစ်ကောင်မျှသာ ဖြစ်သည်။ ထိုသခင်မလေးအဖို့ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက သူမ၏ အသေးစားရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခုသာ ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းနှင့် သူမ စီပွားရေးကိစ္စ ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် ထိုကိစ္စထဲ ဝင်ပါစရာအကြောင်း မရှိတော့ပေ။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ကျီးနတ်ဘုရားရဲ့ ငရဲခန်းအဆင့် အပျက်အဆီးသိုက်ကို ပထမဆုံးသုတ်သင်ရှင်းလင်းမှု ရတဲ့အတွက် ဂုဏ်ပြုပါတယ် …”
ဖီးနစ်မိုးက ပြောပြီးနောက် ညင်သာစွာ ရယ်မောလိုက်၏။
” စနစ်အသိပေးသံကို ကြားလိုက်တဲ့အချိန် ကျွန်မ အံ့သြသွားတာ …။ ရှင်ရဲ့ခွန်အားတွေကို ဒီလောက်ထိ ဖုံးကွယ်ထားမယ်လို့ မထင်ထားဘူး …”
” ဘာမှ မဟုတ်ပါဘူး …”
ရှီဖုန်းက ရယ်မောလိုက်၏။ သူက ကျန်တာများ ဘေးချိတ်ပြီးနောက် မေးလိုက်သည်။
” မစ်ဖီးနစ်က ဆက်သွယ်လာတယ်ဆိုတော့ စီးပွားရေးကိစ္စ ဆွေးနွေးချင်လို့များလား …”
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက လူတွေကို ကောင်းကောင်းနားလည်တာပဲ …။ ဘလူး ဘယ်ရီစားသောက်ဆိုင်မှာ တွေ့ဖို့ အချိန်ရမလား …”
ရှီဖုန်းက ဘလူးဘယ်ရီစားသောက်ဆိုင်ကို ကြားသောအခါ အံ့သြသွားသည်။ ဘလူးဘယ်ရီစားသောက်ဆိုင်က မြစ်ဖြူမြို့၏ သာမန်စားသောက်ဆိုင်များထဲမှတစ်ခု ဖြစ်သည်။ ဆိုလိုသည်က ဖီးနစ်မိုးသည် မြစ်ဖြူမြို့သို့ ကိုယ်တိုင်လာရောက်ခြင်း ဖြစ်ပေ၏။ သူမက အရေးကြီးတာ တစ်ခုခု ဆွေးနွေးချင်တာ သိသာသည်။
” ကောင်းပြီ …။ ကျုပ်အခု လာခဲ့မယ် …”
ရှီဖုန်းက သဘောတူလိုက်သည်။
ဖီးနစ်မိုးနှင့် ယခင်တွေ့ဆုံမှု အတောအတွင်း ထိုလူက သူ့ထံ အံ့ဖွယ်ရတနာသေတ္တာတစ်လုံးကို သယ်ယူခဲ့ပြီး သူသည်လည်း အကျိုးအမြတ်များစွာ ရခဲ့သည်။ ဖီးနစ်မိုးက နောက်ထပ် စီးပွားရေးအခွင့်အရေးတစ်ခု ကမ်းလှမ်းသောကြောင့် သူက သူမနှင့် ထပ်တွေ့ရန် ရွေးချယ်ရုံအပြင် မရှိပေ။
အမှန်တကယ်တွင် ရှီဖုန်းက ဖီးနစ်မိုး သူ့ကို တွေ့ချင်ရသည့် အကြောင်းအရင်းကို အနည်းနှင့်အများ ခန့်မှန်းမိသည်။
သူသည် အယောက်ငါးဆယ် ငရဲခန်းအဆင့် အပျက်အဆီးသိုက်ကို သုတ်သင်ရှင်းလင်းနိုင်သောကြောင့် သူမက တံခါးလာခေါက်တာ ဖြစ်သည်။ ဆိုလိုသည်မှာ အစည်းအရုံး၏ အဖွဲ့ခွန်အားနှင့် တစ်နည်းနည်း သက်ဆိုင်နေတာ ဖြစ်မည်။ သူမက အချို့သောတာဝန်များကို ပြီးမြောက်အောင် ကူညီပေးရန်အတွက် ဇီးရိုးဝင်းကို အကူအညီတောင်းခံချင်တာ ဖြစ်နိုင်၏။ သူမထံမှ ခရက်တစ်ပမာဏများစွာရရန် အခွင့်အရေးပင် ဖြစ်သည်။
ယခင်က လိုအပ်သည့် လေ့ကျင့်ရေးကိရိယာများ ဝယ်ယူရန်အတွက် သူသည် အကောက်ထဲရှိ ခရက်တစ်အများစုကို သုံးစွဲလိုက်ရသည်။ ဇီးရိုးဝင်းနှင့် မဟာမိတ်ဖွဲ့ရန် ဖီးနစ်မိုးကို ခေါ်နိုင်ခဲ့ပါက ဇီးရိုးဝင်းအဖို့ သက်သာပေလိမ့်မည်။