ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 630 ခွန်အားကိုသက်သေပြခြင်း
မြစ်ဖြူမြို့ဘလူးဘယ်ရီ စားသောက်ဆိုင်တွင် ဖြစ်သည်။ ရှီဖုန်းက စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်နှင့် အကြည့်များစွာက သူ့ဆီ ရောက်လာမှန်း ချက်ချင်း ခံစားလိုက်မိသည်။ ဖီးနစ်မိုးက မည်သို့ပြသရမည်မှန်း အမှန်တကယ် သိပေ၏။
ရှီဖုန်းက စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်လိုက်ရာ အဆောက်အဦး၏ ဧည့်သည်တော်များက မရိုးရှင်းမှန်း သတိပြုမိလိုက်သည်။ ထိုင်နေကြသည့် ကစားသမားများက အဆင့် (၃၀) ဝန်းကျင်ဖြစ်၏။ လက်ရှိနတ်ဘုရားနယ်မြေထဲတွင် သူတို့အဆင့်က ထိပ်တန်း၌ ရှိပေသည်။ ထို့အပြင် ထိုလူများမှ ပေးစွမ်းသည့်ခံစားချက်ကို အကဲဖြတ်ခြင်းအားဖြင့် သူတို့က ပုံရိပ်ယောင်ဂိမ်းလောက၏ ကျွမ်းကျင်သူများ မဟုတ်ဘဲ သိုင်းပညာတွင် ကျွမ်းကျင်သူများကဲ့သို့ ခံစားရစေသည်။
ထိုလူများကြားထဲတွင် အချို့က အေးစက်ပြီးရက်စက်သော ရောင်ဝါများရှိကာ အချို့က ကြမ်းတမ်းသည့်ရောင်ဝါရှိ၏။ သို့သော် သူတို့အားလုံးက သာမန်ရှူ့ထောင့်တစ်ခုတော့ ရှိပေသည်။ သူတို့အားလုံးက တစ်ကိုယ်တော်ကစားသမားများ ဖြစ်ကြ၏။ မည်သူကမှ နဂါးဖီးနစ်ပွဲကြည့်စင်၏ အဖွဲ့ဝင် မဟုတ်ပေ။
ရှီဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ထိုလူများသည် သူတို့ကိစ္စ သူတို့ ဆက်လုပ်ကြ၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ကျေးဇူးပြုပြီး အပေါ်ထပ်ကို ကြွပါ …”
မိန်းမလှလေးတစ်ယောက်က ညင်သာစွာပြောပြီးနောက် စားသောက်ဆိုင်၏ ဒုတိယအလွှာမှ ဆင်းလာသည်။ ထိုမိန်းမလှလေးကိုလည်း ရှီဖုန်း သိသည်။
သူမက ဖီးနစ်မိုး၏ အရည်အချင်းရှိသည့် လက်ထောက် သန့်စင်ခြင်းနံ့သာ ဖြစ်၏။ သူမကလည်း နဂါးဖီးနစ်ပွဲကြည့်စင်၏ ထိပ်တန်းအလွှာကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်ကာ အတော်လေးနာမည်ကြီးပေသည်။ နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူများအဆင့်၌ ထိပ်တန်းခြောက်ရာအတွင်း ရှိပေသည်။ သူမက အထင်ကြီးဖွယ်ခွန်အားကို ပိုင်ဆိုင်ထားရုံတင်မက ပါရမီလည်း ရှိ၏။ အတိတ်တုန်းက သူမ အထွဠ်အထိပ်အချိန်၌ အဆင့်ငါးအင်အားကြီးသူတစ်ဦး ဖြစ်လာခဲ့သည်။
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် ဒုတိယအလွှာသို့ သန့်စင်ခြင်းနံ့သာနောက်မှ လိုက်သွားလိုက်၏။
ထိုစဉ် ဖီးနစ်မိုးက ဒုတိယအလွှာတွင် တစ်ယောက်ထဲ ထိုင်နေ၏။ သူမက ပြတင်းပေါက်နှင့်နီးသည့် စားပွဲတွင် ထိုင်နေတာဖြစ်ပြီး အပြင်ဘက်ရှိ လမ်းမပေါ်ကို တိတ်တဆိတ်ကြည့်နေကာ အနက်ရောင်သရေစာအုပ်လေးကို ဆော့ကစားနေ၏။
” မစ်ဖီးနစ် …။ ကျုပ်နဲ့ ဘာကိစ္စများ ဆွေးနွေးချင်တာလဲ …”
ရှီဖုန်းက မေးလိုက်၏။
ဖီးနစ်မိုးက သက်တောင့်သက်သာပြုံးပြပြီးနောက် ရှီဖုန်းအား အနက်ရောင်သရေစာအုပ် ပေးလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ဒါကို ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါအုံး …”
ဖီးနစ်မိုးက အေးဆေးညင်သာစွာ ပြောလိုက်၏။
အနက်ရောင်သရေစာအုပ်က တာဝန်အသုံးပစ္စည်းလည်း မဟုတ်။ ဆင်တူပုံလည်း မပေါ်။ ထိုအစား ကစားသမားများ၏ မှတ်တမ်း ရေးထိုးထားမှု ပါနေသည်။ သို့သော် အနည်းငယ်ဖတ်ပြီးနောက် ရှီဖုန်းက အံ့သြစိတ်တို့ ကြီးထွားပြီးနောက် ဆက်ဖတ်လိုက်သည်။
အနက်ရောင်သရေစာအုပ်က အမှောင်ပြိုင်ကွင်းပေါ်ရှိ အချက်အလက်များ ပါဝင်သည်။ ဆိုရလျှင် စာအုပ်ထဲ၌ တိုက်ပွဲဝင်အဖွဲ့များ၏ တရားဝင်အဖွဲ့ဝင်များအကြောင်း ပါဝင်တာဖြစ်သည်။ ထို့အပြင် အချက်အလက်က အသေးစိတ်ကျသောကြောင့် ပါဝင်သူများ၏ ဘဝဇာတ်ကြောင်းကိုတောင် မှတ်တမ်းတင်ထားသည်။ သူတို့၏ လက်ရှိချပ်ဝတ်တန်ဆာများကို အကြမ်းမျဉ်းမိတ်ဆက်ထားတာတောင် ရှိနေသေးသည်။
ဒါ့အပြင် တိုက်ပွဲဝင်အဖွဲ့ဝင်များ၏ တိုက်ပွဲဝင်စွမ်းအားကိုတောင် အကဲဖြတ်ထားတာရှိ၏။ ထိုအကဲဖြတ်မှုက သိပ်ကို အသေးစိတ်ကျသည်။ ကစားသမားများ၏ ခွန်အားနှင့် အားနည်းချက်များကို အသေးစိတ်မှတ်တမ်းတင်ထားပေသည်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ဒီအချက်အလက်တွေကို ဘယ်လိုထင်လဲ …”
ဖီးနစ်မိုးက ညင်သာစွာ ပြုံးလိုက်သည်။
” မစ်ဖီးနစ် …။ ဒီအချက်အလက်တွေကို ကျုပ်ကို ဘာကြောင့်ပေးတာလဲ …”
ရှီဖုန်းက ဖီးနစ်မိုး၏ ရည်ရွယ်ချက်ကို အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။
” ရှင်တို့ အစည်းအရုံးက ဂုဏ်သရေခြင်္သေ့တိုက်ပွဲဝင်အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ကြားမိတယ် …။ ဒါကြောင့် အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက အခုဆို အမှောင်ပြိုင်ကွင်းရဲ့တန်ဖိုးကို နားလည်သဘောပေါက်လောက်မယ်လို့ ယုံကြည်တယ် …”
ဖီးနစ်မိုးက ချိုသာစွာ ပြုံးပြပြီးနောက် ရှီဖုန်းထံမှ စာအုပ်ကို ယူလိုက်သည်။
” ဆိုးတာက သာမန်ကစားသမားတွေက ဒီပွဲထဲမှာ ဝင်ပါဖို့ အရည်အချင်းမမှီကြဘူး …။ ဒါပေမယ့် ကျွန်မကိုယ်တိုင် အမှောင်ပြိုင်ကွင်းထဲမှာ ပျော်စရာလေးရှာရအောင် ကိုယ်တိုင် တိုက်ပွဲဝင်အဖွဲ့တစ်ခု တည်ထောင်ဖို့ မျှော်လင့်နေတာ …”
” အစကတော့ ပန်သီအွန်ရဲ့ အစည်းအရုံးခေါင်းဆောင်နဲ့ ပူးပေါင်းချင်ခဲ့တာပဲ …။ ဒါပေမယ့် ရုတ်တရက် စိတ်ပြောင်းသွားတယ် …။ အခု အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းနဲ့ ပူးပေါင်းချင်တယ် …။ ဒီမိန်မပျိုလေးနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါရဲ့လားဆိုတာ သိချင်မိတယ် …”
” မစ်ဖီးနစ်က နောက်နေတာပဲ ဖြစ်ရမယ် …။ ဇီးရိုးဝင်းက စူပါအစည်းအရုံးတစ်ခုနဲ့ ဘယ်လိုလုပ်ယှဉ်ဖို့ မျှော်လင့်ချက် ရှိမှာလဲ …။ ပန်သီအွန်နဲ့ အလုပ်လုပ်တာက ပိုကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား …”
ရှီဖုန်းက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မှု အံ့သြမှင်သက်နေ၏။
ဖီးနစ်မိုးသည် အမှောင်ပြိုင်ကွင်းထဲ ဝင်ပါနိုင်သည့် အရည်အချင်းရှိလိမ့်မည်ဟု မထင်ထားပေ။ သို့သော် ထိုသို့သော အခွင့်အရေးကို ဖီးနစ်မိုး အလွယ်တကူပေးမည်ဆိုတာ ရှီဖုန်း မယုံကြည်ပေ။
ဆိုရလျှင် နဂါးဖီးနစ်ပွဲကြည့်စင်၌ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများရှိသည်။ ပန်သီအွန်ကဲ့သို့ စူပါအစည်းအရုံးမဆိုထားနှင့် ဖီးနစ်မိုးအဖို့ ထိပ်သီးကျွမ်းကျင်သူဆယ်ယောက် စုဆောင်းရန်မှာ အသေးအမွှားသာ ဖြစ်သည်။ သူမက ဇီးရိုးဝင်းကို အဘယ်ကြောင့် လိုအပ်မည်နည်း။
” ရှင်ကို ရွေးချယ်ရတဲ့အကြောင်းကတော့ ဇီးရိုးဝင်းက နာမည်သိပ်မကြီးတာကြောင့်ပဲ …။ ဒီနည်းနဲ့ ပြိုင်ဘက်အဖွဲ့က ရှင်တို့ကို ဂရုတစိုက်စစ်ဆေးမှာ မဟုတ်ဘူး …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းရဲ့ စွမ်းအားနဲ့ အမှောင်ပြိုင်ကွင်းထဲမှာ အောင်မြင်မှုတစ်ချို့ ရဖို့ဆိုတာလည်း ခက်ခဲမှာ မဟုတ်ဘူးလေ …”
ဖီးနစ်မိုးက ပြောပြီး ပြုံးလိုက်၏။
” ပြောရရင် ကျီးနတ်ဘုရားရဲ့ ငရဲခန်းအဆင့် အပျက်အဆီးသိုက်ကို ပထမဆုံးသုတ်သင်ရှင်းလင်းနိုင်မှု ရယူဖို့ဆိုတာ လွယ်ကူတာမှ မဟုတ်တာ …”
ဖီးနစ်မိုးကိုယ်တိုင် ယခင်က အယောက်ငါးဆယ်ငရဲခန်း အဖွဲ့လိုက်မြေအောက်စခန်းထဲ ဝင်ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် စီးနင်းတိုက်ခိုက်ရန် မည်မျှခက်ခဲမှန်း နားလည်သဘောပေါက်ပေသည်။
စူပါအစည်းအရုံး၏ ပင်မတပ်ဖွဲ့တောင် အယောက်ငါးဆယ် ငရဲခန်း အဖွဲ့လိုက် မြေအောက်စခန်းကို အောင်မြင်စွာ စီးနင်းတိုက်ခိုက်နိုင်ရန် အခွင့်အရေးက သုညဖြစ်နေသည်။ မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ခြင်းက ကစားသမားတစ်ဦးချင်း တိုက်ခိုက်တာနှင့် မတူပေ။ အယောက်ငါးဆယ်ငရဲခန်း အဖွဲ့လိုက်မြေအောက်စခန်းကို အောင်မြင်စွာစီးနင်းတိုက်ခိုက်ခြင်းက တစ်ယောက်ချင်းဆီခွန်အားကို သက်သေပြပြီးသား ဖြစ်နေသည်။ ထို့အပြင် ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများကိုလည်း စစ်ဆေးခဲ့သည်။ ငရဲခန်းသာမက သူတို့သည် ခက်ခဲသည့်အဆင့်ကို ရှင်းလင်းနိုင်မှုက စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့တာပင်။ ထိုသို့တိုင် ဇီးရိုးဝင်းက အောင်မြင်ခဲ့၏။
၎င်းက မည်သည်ကို ဆိုလိုသနည်း။ ဘလက်ဖလိမ်းက ထင်သလို မရိုးရှင်းပေ။
ထို့ကြောင့် သူမ၏ အစီအစဉ်ကို ပြောင်းပြီးနောက် မြစ်ဖြူမြို့ဆီ ချက်ချင်းလာခဲ့တာ ဖြစ်သည်။
” အောက်ထပ်က ကျွမ်းကျင်သူတွေကို တွေ့ပြီးပြီလို့ ကျွန်မ ယူဆမိတယ် …။ ဘယ်သူကမှ နတ်ဘုရားနယ်မြေထဲ ခြေချဖူးတဲ့ ကျွမ်းကျင်ကစားသမားတွေ မဟုတ်ဘူး …။ သူတို့က ကျွန်မ လျှို့ဝှက်ပျိုးထောင်ထားခဲ့တဲ့ ကျွမ်းကျင်သူတွေပဲ …။ ဒီလူတွေအကြောင်း ဘယ်တိုက်ပွဲဝင်အဖွဲ့ကမှ အချက်အလက် မရှိဘူး …။ ကျွန်မတို့တွေ ထိပ်တန်းအဆင့် (၁၀၀) ထဲကို ဝင်ရောက်ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်နိုင်မှာ …”
” အခကြေးငွေအတွက်ကတော့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက ကျွန်မတို့ အနိုင်ရတာအားလုံးရဲ့ (၁၀) ရာခိုင်နှုန်း ရမယ် …။ အယောက်တစ်ရာထဲ ဝင်ခဲ့မယ်ဆိုရင် အနိုင်ရတာရဲ့ (၂၀) ရာခိုင်နှုန်း ပေးမယ် …။ ဘယ်လိုထင်လဲ …”
ဖီးနစ်မိုး၏ ကမ်းလှမ်းမှုက ရက်ရောပေသည်။ ထာဝရစစ်ပွဲထက်တောင် ပိုကောင်းပေ၏။ အရေးကြီးဆုံးအရာက သူ၏ လွတ်လပ်မှုအပေါ် ချုပ်နှောင်ထားခြင်း မရှိပေ။ သူက ဖီးနစ်မိုးနှင့် ပါတနာဖြစ်ရန်သာ ရှိ၏။ ဖီးနစ်မိုးက ဝင်ပြိုင်ရန် ထောက်ပံ့ပေးမှာဖြစ်ပြီး သူက ဝင်တိုက်ခိုက်မှာ ဖြစ်၏။
အမှောင်ပြိုင်ကွင်း၏ တိုက်ကွက်များက ခရက်တစ်ရရှိရန်အတွက် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။ ထို့အပြင် သူက အမှောင်ပြိုင်ကွင်းထဲ ဂုဏ်သတင်းတက်ပြီးနောက် အဆက်အသွယ်များစွာ ရနိုင်သည်။ နောင်တွင် သူက S အဆင့် အာဟာရဖျော်ရည်များ၊ အမျိုးမျိုးသော လေ့ကျင့်ရေးကိရိယာများနှင့် ပုံရိပ်ယောင်ဂိမ်းအခန်းငယ်များ ဝယ်ယူရန် ပိုလွယ်ကူသွားမှာ ဖြစ်သည်။
အရေးကြီးဆုံးအရာက အမှောင်ပြိုင်ကွင်းသည် လူတစ်ယောက်၏ ခခွန်အားတိုးတက်ရန်အတွက် ပြီးပြည့်စုံသည့် နေရာဖြစ်ပေသည်။ အံ့ဖွယ်အားကစားရုံတောင် မယှဉ်နိုင်ပေ။
ဆိုရလျှင် အံ့ဖွယ်အားကစားရုံက သာမန်ကစားသမားများ အချင်းချင်းတိုက်ခိုက်ရန်အတွက် သို့မဟုတ် စနစ်နှင့်တိုက်ခိုက်ရန်အတွက် နေရာတစ်ခု ဖြစ်သည်။ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်သည့်ပွဲများနှင့်ယှဉ်လျှင် ကစားသမားများက အံ့ဖွယ်အားကစားရုံထဲ၌ အကျိုးရလဒ်နည်းသွားပေ၏။
” ထိပ်တန်း အယောက်သုံးဆယ်ထဲ ဝင်နိုင်ခဲ့မယ်ဆိုရင်ရော …”
ရှီဖုန်းသည် ဖီးနစ်မိုးကမ်းလှမ်းသည့် (၁၀) ရာခိုင်နှုန်းနဲ့ (၂၀) ရာခိုင်နှုန်း အခကြေးငွေကို အတော်လေးကျေနပ်နေပြီ ဖြစ်သော်လည်း သူက ထိုတက်ပိုလိုချင်သေးသည်။
” ထိပ်တန်းအယောက်သုံးဆယ်လား …”
ဖီးနစ်မိုးက ရယ်မောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းသာ အမှောင်ပြိုင်ကွင်းရဲ့ ထိပ်တန်းသုံးဆယ်ထဲ ဝင်နိုင်ခဲ့မယ်ဆိုရင် အခကြေးငွေကို (၄၀) ရာခိုင်နှုန်းထိ တိုးပေးမယ် …”
ဖီးနစ်မိုး၏ အမြင်တွင် ထိပ်တန်းအဖွဲ့တစ်ရာထဲ ဝင်ရန်အတွက် အင်မတန်ခက်ခဲနေပြီ ဖြစ်သည်။ ထိပ်တန်းသုံးဆယ်ဆိုလျှင် ပြောနေရန်တောင် မလိုတော့ချေ။ ဆိုရလျှင် တိုက်ပွဲဝင်အဖွဲ့များကြားရှိ ပြိုင်ပွဲက အမျိုးမျိုးသော အဓိက နိုင်ငံတကာကော်ပိုရေးရှင်းများ ဖွဲ့စည်းထားသည့် ပြိုင်ပွဲဝင်များကြားရှိ ပြိုင်ပွဲတစ်ခု ဖြစ်သည်။ မည်သည့်အဖွဲ့ကိုမှ လျော့တွက်၍ မရပေ။
” ကောင်ပြီလေ …။ ဒါဆို စာချုပ်ချုပ်ကြတာပေါ့ …”
ရှီဖုန်းက ပြောလိုက်၏။ သူသည်လည်း ထိုကဲ့သို့ ဆောင်ရွက်ချက် ရနိုင်ပါ့မလားဆိုတာ သံသယဖြစ်မိသော်လည်း အံ့ဖွယ်အစည်းအရုံးတာဝန် ရှေးတိုက်ပွဲကွင်းပြင်ကို လက်မခံရသေးပေ။ သူသာ အစည်းအရုံး၏ ထိပ်တန်းကျွမ်းကျင်သူအချို့ကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ထားလိုက်ပါက သူတို့သည် ထိပ်တန်းသုံးဆယ်သို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး ရှိပေသည်။
ခဏအကြာတွင် ဖီးနစ်မိုးနှင့် ရှီဖုန်းက စာချုပ်တစ်ခု ချုပ်ဆိုလိုက်၏။
” သွားကြမယ် …။ ရှင့်ကို အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပေးမယ် …”
ဖီးနစ်မိုးက စာချုပ်လက်မှတ်ထိုးပြီးနောက် အောက်ထပ်သို့ ဆင်းလိုက်သည်။
ဖီးနစ်မိုးဆင်းလာသည့်အချိန်၌ ပထမအလွှာတွင် ထိုင်နေသည့် လူဆယ်ယောက်ကျော်က မတ်တပ်ထရပ်က သူမကို တလေးတစားနှုတ်ဆက်၏။ မည်သူကမှ ကျွမ်းကျင်သူရောင်ဝါမျိုး မပြခဲ့ပေ။ ထိုသို့တိုင် သူတို့ တစ်ယောက်ချင်းဆီ၏ ရောင်ဝါက မဖုံးကွယ်နိုင် ဖြစ်နေသည်။
နတ်ဆိုးဧကရီဟူသည့် လူသိများသည့် အမျိုးသမီးဆိုသည့်အတိုင်းပင် သူမက စွမ်းအားကို မည်သို့ပြသရမည်မှန်း သေချာပေါက်သိ၏။ ရှီဖုန်းက စိတ်ထဲ အံ့အားသင့်နေတော့သည်။