ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 645 အုပ်ချုပ်ရေးမှူး
မိစ္ဆာသရဲနယ်မြေက ကျယ်ပြောလွန်း၏။ ၎င်းက အကြမ်းဖျဉ်းအားဖြင့် ကြယ်လတိုင်းပြည်၏ ငါးပုံတစ်ပုံခန့် ရှိသည်။ နယ်မြေအတွင်း ခိုလုံရာဂေဟာများစွာလည်း ရှိ၏။ ထိုခိုလုံရာဂေဟာများကြားထဲတွင် အချို့က အစည်းအရုံးကြီးများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ သို့သော် မိစ္ဆာသရဲနယ်မြေအတွင်းရှိ ခိုလုံရာဂေဟာတစ်ခုမှ ယနေ့အချိန်ထိ အစည်းအရုံးကြီးအဖြစ် အဆင့်တိုးမြင့်နိုင်ခြင်း မရှိသေးပေ။ အလယ်အဆင့်ခိုလုံရာဂေဟာကို ခိုလုံရာဂေဟာကြီးတစ်ခုအဖြစ် မြင့်တင်ရန် မည်မျှခက်ခဲကြောင်း မှန်းဆနိုင်ပေသည်။
အလယ်အဆင့်ခိုလုံရာဂေဟာက ခိုလုံရာဂေဟာကြီးတစ်ခု ဖြစ်သွားသည့်အချိန် ၎င်း၏ ကစားသမားဝင်ဆန့်နိုင်သည့် အရေအတွက်က သုံးသောင်းမှ တစ်သိန်းတိုးသွား၏။ ခိုလုံရာဂေဟာ၏ ခုခံနိုင်စွမ်း တိုးတက်သွားရုံသာမက လူဦးရေလည်း ပိုများလာပြီး ဝိညာဉ်သလင်းများ စုဆောင်းနိုင်သည့်အရှိန်လည်း တိုးလာ၏။
အရေးကြီးဆုံးအချက်က ခိုလုံရာဂေဟာကြီး ဖြစ်လာသည်နှင့်အညီ ဂေဟာတစ်ခုက အထူးလုပ်ငန်းသုံးမျိုး ထားရှိနိုင်ပြီး အလယ်အဆင့်ခိုလုံရာဂေဟာထက် နှစ်ခုပို၏။ ထို့အပြင် ထိုအထူးထုတ်ကုန် အရေအတွက်ကလည်း သိသိသာသာတိုးတက်လာသည်။
မူလက ကြယ်တစ်ပွင့်ခြင်္သေ့ဘားသည် တစ်ရက်လျှင် နှစ်တစ်ရာဘယ်ရီဝိုင် ပုလင်းနှစ်ဆယ်သာ ထုတ်လုပ်နိုင်၏။ ခိုလုံရာဂေဟာကြီးတစ်ခုဖြစ်လာပြီးနောက် ခြင်္သေ့ဘား၏ ထုတ်လုပ်နိုင်သည့်နှုန်းက တစ်ရက်ကို ပုလင်းငါးဆယ် ဖြစ်သွားသည်။ တစ်နည်းဆိုရလျှင် ကြယ်နှစ်ပွင့်ခြင်္သေ့ဘားက တစ်ရက်လျှင် နှစ်တစ်ရာဘယ်ရီဝိုင် ပုလင်းတစ်ရာ ထုတ်လုပ်နိုင်မှာ ဖြစ်သည်။
နှစ်တစ်ရာဘယ်ရီဝိုင်က ကစားသမားများ၏ သူတို့၏ လက်နက်နှင့် သဟဇာတဖြစ်သည့်နှုန်းကို အချိန်တိုအတွင်း တိုးမြင့်ပေးနိုင်သော ရှားပါးသည့် ကိရိယာတစ်မျိုးဖြစ်ကာ ကစားသမားများကို သဟဇာတဖြစ်သည့်နှုန်း တိုးတက်သည့်ခံစားချက်မျိုး ဖမ်းဆုပ်မိစေသည်။ ကျင့်ကြံသူကျွမ်းကျင်သူများအတွက် အကောင်းဆုံးအိုင်တမ်တစ်ခု ဖြစ်၏။ နှစ်တစ်ရာဘယ်ရီဝိုင်က အံ့ဖွယ်အားကစားရုံ၏ စမ်းသပ်ခြင်းမျှော်စင်ထက် ပိုထိရောက်မှု ရှိပေသည်။
မဟုတ်ပါက မဟူရာသားရဲတွင်းထဲ၌ အံ့ဖွယ်အားကစားရုံများ မရှိဘဲ ထိုကစားသမားများသည် ကျန်သည့်နေရာများရှိ ကစားသမားများနောက် နောက်ကောက်ကျနေမှာ ဖြစ်သည်။ နာရီဝက်ခန့်ကြာပြီးနောက် ကောင်းကင်ဘုံသလင်းထောက်တိုင်က ခရိုင်တစ်၏ ခိုလုံရာဂေဟာအတွင်း၌ ပေါ်ထွက်လာကာ တလက်လက်တောက်ပနေသည့် အနီရောင်က ကောင်းကင်ထက်သို့ တက်သွား၏။ ခိုလုံရာဂေဟာတစ်ဝိုက်တွင် အနီဖျော့ဖျော့အရံအတားကလည်း စတင်ဖွဲ့တည်လာသည်။ ရှီဖုန်းနှင့် ကျန်သည့်သူများက ကောင်းကင်ဘုံသလင်းထောက်တိုင်အတွင်း ရှိနေကြပြီး ကစားသမားတိုင်းက ခိုလုံရာဂေဟာအပြင်သို့ ရောက်နေကြသည်။ ယခုအချိန်၌ ခိုလုံရာဂေဟာက စတင်ကျယ်ပြန့်လာပြီ ဖြစ်၏။ တစ်ချိန်ထဲတွင် အဆောက်အဦးအသစ်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ခဏအကြာတွင် အလယ်အဆင့်ခိုလုံရာဂေဟာ၏ အရွယ်အစားက ဆယ်ဆတိုးသွားတော့၏။ ခိုလုံရာဂေဟာကြီးထွားမှု ရပ်တန့်သွားသည့်အချိန်၌ စနစ်အသိပေးသံက မိစ္ဆာသရဲနယ်မြေထဲရှိ ကစားသမားတိုင်းဆီ ရောက်သွားသည်။
မိစ္ဆာသရဲနယ်မြေစနစ် ကြေညာချက် …
မိစ္ဆာသရဲနယ်မြေအတွင်း ခိုလုံရာဂေဟာကြီးတစ်ခု ပထမဆုံးဖြစ်လာတဲ့အတွက် ခရိုင်တစ်၏ ခိုလုံရာဂေဟာကို ဂုဏ်ပြုပါတယ်။ ခိုလုံရာဂေဟာအတွက် ဝိညာဉ်သလင်းတစ်ထောင် ဆုချီးမြှင့်ပါမယ်။ ခရိုင်တစ်ရဲ့ ကစားသမားအားလုံးက အရည်အချင်းများအားလုံး တိုးတက်မှု နှစ်ရက်တာ ရရှိမှာ ဖြစ်ပါတယ်။ ခိုလုံရာဂေဟာရဲ့ အထူးထုတ်ကုန်ထုတ်လုပ်တဲ့နှုန်း ခုနှစ်ရက်တာ (၁၀၀) ရာခိုင်နှုန်း တိုးမှာပါ။
စနစ်အသိပေးသံက ခရိုင်တစ်၏ မှင်သက်နေသော ကစားသမားများကို စိတ်လှုပ်ရှားသွားစေသည်။
” ငါတို့ ခရိုင်တစ်ကတော့ သိပ်ကို အံ့သြဖို့ ကောင်းလွန်းတယ်ဟေ့ …။ ငါတို့တွေ ခိုလုံရာဂေဟာကြီးတစ်ခု ဖြစ်လာခဲ့ပြီ …။ အဆင့် (၄၀) ရောက်တာနဲ့ စီးတော်ယာဉ်တွေရဖို့ကို စိတ်ပူနေစရာ မလိုတော့ဘူး …”
လူတိုင်းက အောင်မြင်မှုအသစ်အတွက် အောင်ပွဲခံနေကြသည်။
လက်ရှိတွင် ခိုလုံရာဂေဟာ၏ ကစားသမားများက အဆင့် (၄၀) နားကပ်နေပြီ ဖြစ်သည်။ သူတို့က ထိုမိုင်တိုင်တစ်ခုကိုရောက်ဖို့ သိပ်မကြာတော့ပေ။ သို့သော် အလယ်အဆင့်ခိုလုံရာဂေဟာကို ခိုလုံရာဂေဟာကြီးတစ်ခုအဖြစ် မြင့်တင်ခြင်းက အချိန်တိုအတွင်း ရနိုင်သည့်အရာ မဟုတ်ပေ။ သူတို့က စီးတော်ယာဉ်များ လိုချင်လျှင် ရွေးချယ်စရာမရှိတော့ဘဲ ကျန်သည့်ခိုလုံရာဂေဟာကြီးများဆီသွားကာ တစ်ခုဝယ်ယူရမှာ ဖြစ်သည်။ ထို့အပြင် သူတို့က ခိုလုံရာဂေဟာများ၏ အုပ်စိုးသောအဖွဲ့များထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့က တစ်ခုဝယ်နိုင်လျှင်တောင် စီးတော်ယာဉ်တစ်ခု ဝယ်ယူနိုင်မှာ မဟုတ်ပေ။
သို့သော် ယခုမူ သူတို့က ထိုပြဿနာများကို စိုးရိမ်စရာမလိုတော့ပေ။ သူတို့၏ ကိုယ်ပိုင်ခိုလုံရာဂေဟာအတွက် ငွေကုန်ကြေးကျခံပြီး စီးတော်ယာဉ်တစ်ခု ဝယ်နိုင်မှာ ဖြစ်သည်။
မိစ္ဆာသရဲနယ်မြေထဲရှိ ကျန်သည့်ခိုလုံရာဂေဟာများက အံ့သြသွားကြသည်။ ပုံမှန်ဆို အလယ်အဆင့်ခိုလုံရာဂေဟာကို ခိုလုံရာဂေဟာကြီးတစ်ခုအဖြစ် အဆင့်တိုးမြင့်ရန်အတွက် နယ်မြေတစ်ခုအတွင်း အရင်းအမြစ်များစွာလိုအပ်ပြီး အချိန်အတိုင်းအတာများစွာ ရင်းနှီးမြှုပ်နှံရမှာ ဖြစ်သည်။ ခရိုင်တစ်က မိစ္ဆာသရဲနယ်မြေထဲရှိ အသန်မာဆုံး ခိုလုံရာဂေဟာများထဲမှ တစ်ခုဖြစ်ပြီး ကျန်သည့်ယှဉ်ပြိုင်သူများကို အောင်နိုင်ခဲ့သော်လည်း ခိုလုံရာဂေဟာကြီးတစ်ခုဖြစ်ရန်အတွက် အချိန်များစွာ လိုအပ်နေသေးသည်။
သို့သော် ထိုသို့တိုင် ခရိုင်တစ်က ကျန်သည့်ခိုလုံရာဂေဟာများကို သိမ်းပိုက်စိုးမိုးပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့က ခိုလုံရာဂေဟာကြီးတစ်ခုအဖြစ် အောင်မြင်စွာအဆင့်မြင့်တင်နိုင်ခဲ့သည်။ ၎င်းက မယုံနိုင်စရာ ကောင်းလွန်း၏။
” ခရိုင်တစ်ရဲ့ ပထမအဖွဲ့ခေါင်းဆောင် ရေခဲပြာမှုန်ကို အခုချက်ချင်း ဆက်သွယ်လိုက် …။ ငါတို့ ခရိုင်ကိုးက အညံ့ခံဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောလိုက် …”
” သူတို့တွေ ဘယ်လိုလုပ် ဒါကို ဒီလောက်မြန်မြန် စီမံနိုင်ရတာလဲ …။ အခုဆို အစည်းအရုံးတပ်ဖွဲ့တစ်ခုကို ဝင်တာထက် ခရိုင်တစ်ကို ဝင်တာက အကျိုးပိုများမနေဘူးလား …။ ငါတို့တွေ ခရိုင်တစ်ဆီသွားပြီး မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးကြရမယ် …”
စနစ်အသိပေးသံ ပေါ်လာပြီး သိပ်မကြာခင်တွင် များစွာသော ခိုလုံရာဂေဟာများ၏ ထိပ်တန်းအဖွဲ့ဆယ်ခုက ခရိုင်တစ်ကို မျက်နှာချိုသွေးရန်အတွက် ဆွေးနွေးနေကြသည်။
အလယ်အဆင့်ခိုလုံရာဂေဟာက ခိုလုံရာဂေဟာကြီးတစ်ခု ဖြစ်လာသည့်အခါ ၎င်းတို့သည် ယခင်ကထက် ကစားသမား ခုနှစ်သောင်းကျော် ပိုဆန့်လာသည်။ အလယ်အဆင့်ခိုလုံရာနှစ်ခု၊ သုံးခု၏ လူဦးရေအလွယ်လေး ဆန့်ပေ၏။ သူတို့အတွက် နေရာများရနိုင်ခဲ့လျှင် နောင်တွင် စီးတော်ယာဉ်များ ရရှိရန်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။ သူတို့သည် ခိုလုံရာဂေဟာကြီးများတွင်သာ ရနိုင်သည့်ကောင်းကျိုးမျိုးစုံကိုလည်း ခံစားရမှာ ဖြစ်၏။
ထိုစဉ် ခရိုင်တစ်၏ ကောင်းကင်ဘုံသလင်းထောက်တိုင်အတွင်း ရေခဲပြာမှုန်နှင့် ကျန်သည့်သူများကလည်း အံ့သြနေကြသည်။ သူတို့သည် ခိုလုံရာဂေဟာအဆင့်မြင့်တင်မှုကို မျှော်လင့်ထားပြီ ဖြစ်သော်လည်း ခိုလုံရာဂေဟာက ပိုအစွမ်းထက်လာမည်ဟု သူတို့ မထင်ခဲ့မိပေ။ ခိုလုံရာဂေဟာဟူသည် နေထိုင်သူအားလုံး၏ အပိုင်ဖြစ်၏။ သူတို့က ဂေဟာ၏ ထိပ်တန်းအဖွဲ့ဆယ်ခုဖြစ်ပြီး မန်နေဂျာများအဖြစ် ဆောင်ရွက်ရုံသာရှိကာ သူတို့က ပိုင်ရှင်မဟုတ်ပေ။ မန်နေဂျာများက ထောက်ပံ့ရေးရှယ်ယာများကနေ ဆုံးဖြတ်ထားတာ ဖြစ်သည်။ ကျန်သည့်အဖွဲ့များက သူတို့ထက် ထောက်ပံ့ရေးရှယ်ယာများ ပိုရနေခဲ့လျှင် သူတို့ကို ချက်ချင်းအစားထိုးလိုက်မှာ ဖြစ်သည်။ ပုံမှန်ဆို ထိုစည်းမျဉ်းကို ခိုလုံရာဂေဟာတစ်ခု အဆင့်မြင့်တင်ပြီးနောက် အသုံးချတာ ဖြစ်၏။
ခိုလုံရာဂေဟာ အဆင့်မြင့်တင်ပြီးနောက် ထိပ်တန်းအဖွဲ့ဆယ်ခုက ထောက်ပံ့ရေးရှယ်ယာများ ရရှိခဲ့ပြီး ကျန်သည့်အဖွဲ့များအဖို့ ထိပ်တန်းနေရာဆယ်ခုအတွက် ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲသွားစေသည်။ သို့သော် အစည်းအရုံးတပ်ဖွဲ့တစ်ခုအတွက် ခိုလုံရာဂေဟာကို လက်လွဲယူဖို့က ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပေ။
သို့သော် ရှီဖုန်းက ခိုလုံရာကဏ္ဍအပိုင်းအခြားကို အသုံးပြုပြီးနောက် စီမံခန့်ခွဲရေးစနစ်က ပြောင်းလဲသွားသည်။ ရှီဖုန်းသည် ခိုလုံရာဂေဟာ၏ အုပ်ချုပ်ရေးမှူး ဖြစ်လာ၏။
အုပ်ချုပ်ရေးမှူးတစ်ဦးက မန်နေဂျာများထက် ပိုအစွမ်းထက်ပေသည်။ ရှီဖုန်းက ခရိုင်တစ်မှ ပြစ်ဒဏ်ကျသည့် ကစားသမားများကို နယ်နှင်ဒဏ်ပေးနိုင်သည်ဖြစ်ကာ ခိုလုံရာမှရရှိသည့် ကောင်းကျိုးများအားလုံးကိုလည်း ပေးစွမ်းနိုင်စွမ်းရှိ၏။ ထိုအာဏာကို ကျန်သည့်ကစားသမားများ မပိုင်ဆိုင်ထားပေ။ ၎င်းက ခိုလုံရာဂေဟာ၏ ထိပ်တန်းအဖွဲ့ဆယ်ခုကို ဆန့်ကျင်ရာတွင် အသုံးမဝင်ပေ။ ထို့အပြင် နေ့စဉ်နေ့တိုင်း အုပ်ချုပ်ရေးမှူးက ထုတ်ပယ်နိုင်သည့် ကစားသမားအရေအတွက်က အကန့်အသတ်ရှိပေသည်။ ထိုသို့တိုင် အုပ်ချုပ်ရေးမှူးတစ်ယောက်၏ အာဏာက ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ယခု သူတို့က ခြိမ်းခြောက်နိုင်သည့်သူများကို အလွယ်တကူဖယ်ရှားနိုင်ပြီဖြစ်ကာ ကျန်သည့်ခိုလုံရာဂေဟာများ သူတို့ ခိုလုံရာဂေဟာကို အကောက်ကြံမှာကို ကာကွယ်နိုင်ပြီ ဖြစ်၏။ ပိုအရေးကြီးသည်က အုပ်ချုပ်ရေးမှူးတစ်ယောက်၌ ဆုံးဖြတ်ချက်ချနိုင်သည့် ဗီတိုအာဏာရှိနေခြင်း ဖြစ်သည်။
ဥပမာအနေဖြင့် ထိပ်တန်းအဖွဲ့ဆယ်ခုက တစ်စုံတစ်ခုကို တည်ဆောက်ချင်လျှင် ထိပ်တန်းအဖွဲ့ဆယ်ခုက သဘောတူလျှင်တောင် အုပ်ချုပ်ရေးမှူးက သူတို့ကို ငြင်းဆိုလိုက်ပါက ကိစ္စက ထိုနေရာတွင် အဆုံးသတ်သွားမှာ ဖြစ်၏။
ထို့အပြင် အုပ်ချုပ်ရေးမှူး၏ ရာထူးက ထောက်ပံ့ရေးရှယ်ယာများနှင့် မသက်ဆိုင်။ တစ်နည်းဆိုရလျှင် တစ်စုံတစ်ယောက်က အုပ်ချုပ်ရေးမှူးအတွက် ထောက်ပံ့ရေးရှယ်ယာများ ပိုမိုစုဆောင်းထားနိုင်ခဲ့လျှင်တောင် သူတို့သည် အုပ်ချုပ်ရေးမှူးကို အစားမထိုးနိုင်ပေ။ အုပ်ချုပ်ရေးမှူးကို ဖယ်ရှားနိုင်ရန် တစ်ခုတည်းသောနည်းလမ်းက ခိုလုံရာဂေဟာတစ်ခုလုံးကို လက်လွဲယူပြီး ဖျက်ဆီးပစ်တာ ဖြစ်၏။ သို့သော် ခိုလုံရာဂေဟာကြီးတစ်ခုကို တိုက်ခိုက်ဖို့က မလွယ်ကူပေ။ တစ်နည်းဆိုရလျှင် လက်ရှိ၌ ခရိုင်တစ်၏ ခိုလုံရာဂေဟာက ဇီးရိုးဝင်း၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင်ရှိပြီး အပြင်လူများက ၎င်းကို မခိုးယူနိုင်ပေ။
” ဒီတော့ ခိုလုံရာကဏ္ဍအပိုင်းအခြားမှာ ဒီလိုလုပ်ဆောင်ချက် ရှိတာပဲ …”
ခိုလုံရာကဏ္ဍအပိုင်းအခြားကို အသုံးပြုပြီးမှ ရှီဖုန်းကလည်း ၎င်းကိုသိတာ ဖြစ်သည်။ သို့သော် ထိုအရာဖြင့် သူသည် ခိုလုံရာဂေဟာကို ကျန်သည့်အစည်းအရုံးများဆီ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။ သူ၏ သံမဏိလက်သီးဖြင့် အုပ်စိုးနိုင်တာ ဖြစ်သည်။ ထိုနည်းဖြင့် သူသည် ခရိုင်တစ်၏ ခိုလုံရာဂေဟာအတွင်း အရင်းအမြစ်များစွာ ပိုမိုမြှုပ်နှံနိုင်ပြီး ၎င်းကို သံမဏိခံတပ်အဖြစ် အသွင်ပြောင်းလဲနိုင်မှာ ဖြစ်၏။ ရှီဖုန်းက ခိုလုံရာဂေဟာ၏ စီမံခန့်ခွဲမှုကို ရေခဲပြာမှုန်ဆီ အပ်နှံခဲ့သည်။ ပြီးနောက် သူက ခြင်္သေ့ဘားမှ ရနိုင်သည့် နှစ်တစ်ရာဘယ်ရီဝိုင်အားလုံးကို ဝယ်ယူခဲ့ကာ ရေခဲပြာမှုန် ပြင်ဆင်ပေးထားသည့် ကျောက်ရိုင်းတုံးများကို ယူပြီး မြစ်ဖြူမြို့သို့ ပြန်သွားတော့၏။
ခိုလုံရာဂေဟာက ဂေဟာကြီးတစ်ခုအဖြစ် အဆင့်မြင့်တင်သွားသည်နှင့်အညီ ၎င်း၏ အထူးထုတ်ကုန်ထုတ်နှုန်းကလည်း တိုးတက်လာ၏။ ခုနှစ်ရက်ဘောနက်ရထားသဖြင့် ခြင်္သေ့ဘားက တစ်ရက်နှင့် နှစ်တစ်ရာဘယ်ရီဝိုင် ပုလင်းနှစ်ရာ ထုတ်လုပ်နိုင်မှာ ဖြစ်သည်။ သို့သော် ရေခဲပြာမှုန်နှင့် ကျန်သည့်သူများက ပုလင်းငါးဆယ် ဝယ်ယူပြီးဖြစ်ကာ ပုလင်းတစ်ရာ့ငါးဆယ်သာ ကျန်တော့၏။
ထိုသို့တိုင် ရှီဖုန်းက ထိုပမာဏကို ကျေနပ်နေပေသည်။ နှစ်တစ်ရာဘယ်ရီဝိုင်တစ်ပုလင်းက ကျွမ်းကျင်သူများစွာကို စွဲဆောင်နိုင်ရာ ပုလင်းနှစ်ရာ့တစ်ဆယ်ဆိုလျှင် ပြောနေရန်တောင် မလိုချေ။ ထိုမျှ များပြားသည့်ပုလင်းများဖြင့် သူသည် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ဝင်များ၏ စွမ်းအားကို အဆင့်သစ်တစ်ခုအထိ မြင့်တင်ပေးနိုင်မှာ ဖြစ်သည်။