ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 654 မြို့သိမ်းခြင်း
ကြယ်လမြို့ ကျောက်တောမြို့တွင် ဖြစ်သည်။
ကျောက်လက်သည်းတောင်တန်း တွေ့ရှိသွားချိန်မှစကာ အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အထက်အရာရှိများက ကျောက်တောမြို့၏ အရေပါမှုကို သဘောပေါက်သွားကြသည်။ ရလဒ်အနေဖြင့် ကြယ်လမြို့ထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများက မြို့နားတစ်ဝိုက်တွင် သူတို့၏ အဖွဲ့ဝင်များကို စုဝေးထားကြ၏။
ကျောက်လက်သည်းတောင်တန်းနှင့် သက်ဆိုင်သည့် အချက်အလက် ရသောအခါ ကျန်သည့်မြို့များမှ အစည်းအရုံးကြီးများကလည်း သူတို့၏ တပ်ဖွဲ့ကို ကျောက်တောမြို့ဆီ ရွေ့လာကြ၏။ သို့သော် ပို့ဆောင်ခက ပြဿနာဖြစ်နေကာ အဖွဲ့ဝင်များများစားစား မခေါ်နိုင်ပေ။ သူတို့ပို့လိုက်သည့် အဖွဲ့ဝင်အများစုက အစည်းအရုံး၏ လက်ရွေးစဉ်များ ဖြစ်ကြသည်။
ကျောက်တောမြို့သို့ ရောက်ပြီးနောက် ထိုလက်ရွေးစဉ်များသည် မှော်သလင်းများ ရှာရန်အတွက် ကျောက်လက်သည်းတောင်တန်းဆီသို့ ပို့ကြပြီး လက်ရွေးစဉ်အများစုကမူ သူတို့အဖွဲ့ကို ကျောက်တောမြို့နှင့် မနီးမဝေး၌ စောင့်ကြပ်နေကာ ကျန်သည့်အစည်းအရုံးများကို လေ့လာနေ၏။
ယခုအချိန်တွင် ကျောက်တောမြို့က အဝိုင်းခံထားရပြီ ဖြစ်သည်။ မြို့ကိုစောင့်ကြည့်နေသည့် ကစားသမားသုံးသိန်းကျော်ခန့်ရှိကာ အတွင်းရှိ နေထိုင်သူအားလုံးကို မသက်မသာ ဖြစ်စေ၏။ ထိုကစားသမားသုံးသိန်းကျော်က သာမန်ကစားသမားများ မဟုတ်ပေ။ သူတို့က အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ လက်ရွေးစဉ်အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့က သာမန်ကစားသမား သုံးသန်းထက်တောင် ပိုသန်မာပေသည်။
ထိုလက်ရွေးစဉ်များက ကျောက်တောမြို့ထဲ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခဲ့လျှင် မြို့ကို အဆင့် (၅၅) မဟူရာ NPC များ ကာကွယ်ပေးထားသည့်တိုင် NPC များသည် လက်ရွေးစဉ်ကစားသမားများစွာ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုအောက်တွင် ကျရှုံးသွားနိုင်ပေ၏။ တစ်ခုတည်းသော တစ်ပန်းသာမှုက ထိုလက်ရွေးစဉ်ကစားသမားများသည် အမျိုးမျိုးသော အစည်းအရုံးကြီးများမှ ဖြစ်၏။ သူတို့က တစ်ဖွဲ့ထဲ မဟုတ်။ အစည်းအရုံးတိုင်းက ရည်ရွယ်ချက် ကိုယ်ဆီ ရှိကြပေ၏။
” ဒါက အမှောင်အစည်းအရုံးတွေကို စွမ်းအားမြင့်တင်ဖို့အတွက် ငါတို့ရဲ့ အခွင့်အရေးလို့ တွေးထားတာ …။ ကြယ်လတိုင်းပြည်ရဲ့ အစည်းအရုံးတွေက ကျောက်လက်သည်းတောင်တန်းကို ဒီလောက်မြန်မြန် ရှာတွေ့သွားမယ်လို့ မထင်ခဲ့မိဘူး …။ အခု ငါတို့ အဆင့်မြင့်တင်ဖို့နေရာတစ်ခုတောင် မရတော့ဘူး …”
” မင်း ဘာတွေ စိုးရိမ်ပူပန်နေတာလဲကွာ …။ ကျောက်တောမြို့က မဟာအရှင် ခေါင်းဆောင်သုံးဦး ရှိပြီးသားဆိုတာ မမေ့လိုက်နဲ့ …။ ဒါ့အပြင် အပြင်က အစည်းအရုံးတွေက တစ်စုထဲ မဟုတ်ဘူး …။ တစ်ချို့အစည်းအရုံးတွေက သေချင်နေကြပြီး ကျန်တဲ့အစည်းအရုံးတွေဆီ အကျိုးအမြတ်မရဘူးဆိုရင် သူတို့ ကျူးကျော်လာမှာ မဟုတ်ဘူး …”
” မင်း မှားတော့ မမှားဘူး …။ ဒါပေမယ့် ကြယ်လမြို့ရဲ့ ပထမတန်းအစည်းအရုံး အုရိုဘိုရိုနဲ့ ကြယ်တာရာမဟာမိတ်က သူတို့ရဲ့ လက်ရွေးစဉ်အများစုကို လွတ်ထားပြီးပြီ …။ လက်ရွေးစဉ်ကစားသမား သုံးသိန်းကျော် ရှိနေပြီး သုံးပုံးနှစ်ပုံက ဒီအစည်းအရုံးကြီးနှစ်ခုက ပိုင်တာပဲ …။ တခြားအစည်းအရုံးတွေက မလှုပ်ရှားခဲ့ရင်တောင် ဒီတစ်ခုထဲနဲ့တင် မြို့ကိုသိမ်းပိုက်ဖို့ လုံလောက်နေပြီးသား …”
ကျောက်တောမြို့၏ နာမည်နီများက လက်ရှိတွင် သူတို့ ကြိုတင်မှန်းဆ ဆွေးနွေးနေကြသည်။ သူတို့ နောက်ထပ်လုပ်မည့်အရာ၌ ဆုံးရှုံးမှုများ ရှိနိုင်ပေ၏။ မူလက သူတို့သည် ဤနေရာ၌ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတာ ဖြစ်သည်။ သူတို့က ဘာမှလုပ်စရာမရှိသည့်အချိန်၌ ပိုက်ဆံအချို့ရရန်အတွက် ကစားသမားအချို့ကို သတ်ဖြတ်လျှင်သတ်ဖြတ် မသတ်လျှင်အဆင့်မြင့်တာဝန်တစ်ချို့ကို ပြီးမြောက်အောင် လုပ်ဆောင်ကြသည်။ သူတို့က လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ကြတာ ဖြစ်၏။ ထို့ကြောင့် သူတို့၏ တံခါးဝသို့ ထိုကဲ့သို့ကိစ္စကြီး ရောက်လာလိမ့်မည်ဟု မည်သည့်အခါကမှ မထင်ခဲ့မိပေ။
ကျောက်တောမြို့နှင့် မလှမ်းမကမ်းရှိ တောင်ထွဠ်ပေါ်၌ ကစားသမားတစ်စုက အောက်ရှိမြို့ကို တိတ်တဆိတ်စစ်ဆေးနေ၏။ ကစားသမားများက အဆင့် (၃၀) တညီထဲရှိနေပြီး အဆင့် (၃၀) ရွှေစင် သို့မဟုတ် ရွှေစင်အဆင့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထား၏။ ထိုကစားသမားများနောက်၌ ကစားသမားခုနှစ်သောင်းကျော်က ရပ်နေ၏။
တပ်ဖွဲ့ထဲရှိ ကစားသမားအများစုက အဆင့် (၂၈) ဖြစ်ကာ အနိမ့်ဆုံးက အဆင့် (၂၇) ဖြစ်သည်။ ကစားသမားများ၏ လက်ရှိပျမ်းမျှအဆင့်ထက် နှစ်ဆင့်၊ သုံးဆင့်ခန့် ပိုမြင့်ပေသည်။ ထိုကစားသမားများက ဂလက်စီပါ့စ် ဦးဆောင်သည့် ကြယ်တာရာမဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ကြယ်တာရာမဟာမိတ်ကလည်း ကျောက်တောမြို့ဆီ ကစားသမားအများစု ပို့ခဲ့သည့် အစည်းအရုံး ဖြစ်ပေသည်။
လက်ရွေးစဉ်ကစားသမား ခုနှစ်သောင်းပါသည့် တပ်ဖွဲ့တစ်ခု ၎င်းက ပထမတန်းအစည်းအရုံးတစ်ခု၏ ခွန်အားဖြစ်ပေသည်။ ဒုတိယတန်းအစည်းအရုံးများက ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။ သာမန်ဒုတိယတန်းအစည်းအရုံးများက အဖွဲ့ဝင်တစ်သိန်းကျော်သာ ရှိကြပြီး ပိုအစွမ်းထက်သည့် အစည်းအရုံးများက နှစ်သိန်းမှ သုံးသိန်းဝန်းကျင် ရှိကြသည်။ ထိုကစားသမားများတွင် လက်ရွေးစဉ်ကစားသမားများက အလွန်ဆုံးသုံးသောင်း သို့မဟုတ် လေးသောင်းခန့် ရှိပေလိမ့်မည်။ ထိုလက်ရွေးစဉ်များသည် မြို့များစွာကို ကျော်ဖြတ်ပြီးနောက် ဒုတိယတန်းအစည်းအရုံးသည် လက်ရွေးစဉ်ကစားသမားနှစ်သောင်းကျော် ရှိနေလျှင်တောင် အံ့သြဖွယ်ကောင်းနေပြီ ဖြစ်၏။ သို့သော် ကြယ်တာရာမဟာမိတ်ကဲ့သို့ ပထမတန်းအစည်းအရုံးနှင့်ယှဉ်လျှင် ဒုတိယတန်းအစည်းအရုံးများက ထည့်ပြောရလောက်အောင် မတန်ပေ။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်မရဲ့ စစ်ဆေးမှုရလဒ်တွေနဲ့ ကျောက်တောမြို့ကို အသေးစိတ်သတင်းတင်ပြချက် လုပ်ပြီးပါပြီ …။ မြို့ထဲမှာ NPC တစ်ထောင်ကျော်ရှိတယ် …။ အများစုက အဆင့် (၅၅) လက်ရွေးစဉ် အစောင့်တွေပဲ …။ အဆင့် (၆၀) အလွှာတစ် NPC တစ်ရာ့ကျော်ရှိပြီး အဆင့် (၆၀) အလွှာနှစ် NPC သုံးဆယ်ဝန်းကျင် ရှိတယ် …။ တိုက်ခိုက်မှုသာ ဖြစ်ပွားခဲ့ရင် NPC တွေ ပိုပေါ်လာမှာပဲ …။ ဒါပေမယ့် မြို့ကိုသိမ်းပိုက်ဖို့ အကြီးမားဆုံးစိန်ခေါ်မှုတွေက ကျောက်တောမြို့ရဲ့ မဟာခေါင်းဆောင်သုံးယောက်ပဲ …”
ဖလာရေရှင်းက ညင်သာစွာ တင်ပြလိုက်၏။
” မဟာခေါင်းဆောင်သုံးယောက်က သိပ်အစွမ်းထက်လား …”
ဂလက်စီပါ့စ်က မေးလ်ုက်သည်။
” ဒီနေရာမှာ နေထိုင်တဲ့ နာမည်နီတွေဆီကနေ ရထားတဲ့အချက်အလက်တွေအရတော့ ဒီခေါင်းဆောင်တွေက အလွှာနှစ် NPC တွေပဲ …။ ဒါပေမယ့် သူတို့က အင်မတန်မြင့်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားတယ် …။ သာမန်အလွှာနှစ် NPC တိုက်ပွဲဝင်စွမ်းအားတွေထက် ပိုအစွမ်းထက်တယ် …။ အထူးသဖြင့် မဟာခေါင်းဆောင် ဆာရီယာအတွက်ပေါ့ …။ သူက အလွှာနှစ် ကျွမ်းကျင်မှော်အသုံးပြုသူပဲ …။ ဧရိယာကြီးမားတဲ့ အဖျက်အားဂါထာတွေ ဘယ်လိုအသုံးပြုရမလဲ သူသိတယ်ဆိုတာ ကျွန်မကြားထားတယ် …”
ဖလာရေးရှင်း၏ အပြောကို ကြားသောအခါ အားလုံးမျက်မှောင်ကြုတ်မိသွားသည်။
ဧရိယာကြီးမားသည့် အဖျက်အားဂါထာများက အာခီးလီ၏ ခြေဖနှောက်ကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် ဉာဏ်မြင့်သော NPC ၏ တိုက်ပွဲဝင်စွမ်းအားက သာမန်ကစားသမားများထက် ပိုအစွမ်းထက်ပေသည်။ နတ်ဘုရားနယ်မြေ၏ တည်ဆောက်ပုံကို အခြေခံကြည့်ပါက ဆာရီယာသည် အမှန်တကယ်တိုက်ပွဲဝင်စွမ်အား (၅၀) ရာခိုင်နှုန်းထက် ပိုပြသနိုင်ပေ၏။ တစ်နည်းဆိုရလျှင် သူက အနည်းဆုံး သာမန်ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ စကေးရှိမှာ ဖြစ်သည်။
ကစားသမားတစ်ဦးသည် အဆင့် (၆၀) အလွှာနှစ် NPC ၏ အရည်အချင်းနှင့် ဧရိယာကြီးမားသည့် အဖျက်အားဂါထာများ ပိုင်ဆိုင်ထားခဲ့လျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိကစားသမားများအဖို့ သဘာဝကပ်ဘေးတစ်ခုဟု ဆိုနိုင်ပေသည်။
” ဟုတ်သား …။ မြစ်ဖြူမြို့ရဲ့ ဇီးရိုးဝင်းလည်း လူတွေပို့လိုက်တယ်ဆိုတဲ့အကြောင်း သတင်းရထားတယ် …။ သူတို့က ဒီဧရိယာကို ဓါတ်ကျနေတဲ့ပုံပဲ …”
ဖလာရေရှင်းက ပြော၏။
” ဇီးရိုးဝင်းလား …”
ဂလက်ဆီပါ့စ်က ရယ်မောလိုက်သည်။
” ဒါက ကြယ်တာရာမဟာမိတ်ရဲ့ အိမ်ကွင်းပဲ …။ သူတို့တွေက ပေါ်လာပြီး ပိုင်ဖို့တစ်စလောက်ရနိုင်မယ်လို့ ထင်နေတာလား …”
ဇီးရိုးဝင်းက အမှန်တကယ်အားကောင်းပေသည်။ သို့သော် ၎င်းက မြစ်ဖြူမြို့တွင်သာ ကန့်သတ်ခံထားတာ ဖြစ်သည်။ ကျောက်တောမြို့က ကြယ်လမြို့ဒေသထဲတွင် ရှိတာဖြစ်သည်။ ဇီးရိုးဝင်း၏ လူ မည်မျှများများက ရောက်နိုင်မည်နည်း။ ထို့အပြင် ကွင်းပြင်ထဲ၌ သာမန်အစောင့်အကြပ်ကို ငှားနိုင်တာ မဟုတ်ပေ။ ကိုယ်ပိုင်သက်တော်စောင့်များကိုသာ အသုံးပြုနိုင်တာ ဖြစ်၏။ ကိုယ်ပိုင်သက်တော်စောင့် သေဆုံးသွားခဲ့လျှင် သူတို့ကို အသက်ပြန်သွင်းရန်က အင်မတန်ခက်ခဲမှာ ဖြစ်သည်။ ထို့ကြောင့် ကစားသမားများသည် သူတို့၏ ကိုယ်ပိုင်သက်တော်စောင့်များကို အသုံးပြုမှာ မဟုတ်ပေ။ ဇီးရိုးဝင်းက ၎င်း၏ ကိုယ်ပိုင်သက်တော်စောင့်များကို ပို့ခဲ့လျှင်တောင် ၎င်းတို့၏ သက်ရောက်မှုက အနည်းအကျဉ်းမျှသာ ဖြစ်၏။
” သူတို့ကို လျစ်လျူရှု့ထားလိုက် …။ ကျောက်တောမြို့ကို ငါတို့အချိန်တိုအတွင်း မသိမ်းပိုက်နိုင်ဘူးဆိုမှတော့ အခု မှော်သလင်းတွေအတွက် ပင်မတပ်ဖွဲ့ကို သွားပို့လိုက် …။ ဒါပေမယ့် အုရိုဘိုရိုကို အေးအေးဆေးဆေးနေခွင့်ပေးလို့ မရဘူး …။ သူတို့အဖွဲ့ဝင်တစ်ချို့ကို သတ်ဖို့အခွင့်အရေးရှာ …။ ပြီးရင် ကျောက်လက်သည်းတောင်တန်းက ငါတို့အစည်းအရုံးနှစ်ခုရဲ့ အပိုင်ဖြစ်နေသေးတယ် …”
ဂလက်ဆီပါ့စ်က ညင်သာစွာ ပြုံးလိုက်၏။
” ချောင်ချန်းဟွာက ကျွမ်းကျင်သူအရေအတွက်တွေ အများကြီးပဲ …။ လက်ရွေးစဉ်ကစားသမားတွေကို အုရိုဘိုရိုကနေ ခိုးခဲ့တာ ကံကောင်းတာပဲဟေ့ …။ ကျောက်လက်သည်းတောင်တန်းက ကြယ်တာရာမဟာမိတ်အပိုင် ဖြစ်မှာပဲ …”
ကြယ်လမြို့တွင် ကြယ်တာရာမဟာမိတ်က အုရိုဘိုရိုထက် လက်ရွေးစဉ်ကစားသမားများ ပိုရှိသည်။ လက်ရှိတွင် အုရိုဘိုရိုက တောင့်ခံထားနိုင်ရုံသာရှိ၏။ ကြယ်လမြို့ထဲရှိ ကျန်သည့်အစည်းအရုံးများအတွက်မူ သူတို့က ကြယ်တာရာမဟာမိတ်အဖို့ ဘာမှမဟုတ်ကြပေ။
ယခုအချိန်တွင် ကျောက်တောမြို့၏ စစ်ဆေးမှုပြီးမြောက်ပြီးသွားသည့် ကစားသမားအများစုက မြို့ကိုသိမ်းပိုက်ရန်အကြံကို ချက်ချင်းလက်လျော့လိုက်ကြ၏။ ထိုအစား သူတို့က ကျောက်လက်သည်းတောင်တန်းထဲ၌ မှော်သလင်းများ ရှာဖွေဖို့သာ အာရုံစိုက်ထားကြသည်။ သို့သော် လက်ရွေးစဉ်အဖွဲ့ဝင် အများစုက အဆင့် (၃၀) မရောက်သေးသောကြောင့် ကျောက်လက်သည်းတောင်တန်းကို မဝင်နိုင်ဖြစ်နေကြသည်။ ထိုလက်ရွေးစဉ်အဖွဲ့ဝင်များက မြန်နိုင်သမျှမြန်မြန် အဆင့်တက်ရန် တာဝန်များ ဆောင်ရွက်နေကြ၏။
အုရိုဘိုရို၏ အခြေစိုက်စခန်းတွင် ရှီဖုန်းက သူ၏အဖွဲ့နှင့် ရောက်လာခါစ ဖြစ်သည်။ ရှီဖုန်း၏အဖွဲ့က အားလုံး၏ အာရုံစိုက်ရာ ဖြစ်သွားတာ မြန်ဆန်ပေသည်။ အဖွဲ့က အထင်ကြီးဖွယ်ကောင်းလွန်း၏။ ဇီးရိုးဝင်းရဲ့ ပင်မတပ်ဖွဲ့ဝင်များအားလုံးက အဆင့် (၃၀) တညီထဲ ရှိနေရုံသာမက အမှောင်နတ်ဘုရားတပ်မဟာထဲရှိ အများစုကလည်း အဆင့် (၃၀) ဖြစ်သည်။ ထို့အပြင် အဖွဲ့က ဝတ်ဆင်ထားသည့် အနိမ့်ဆုံးချပ်ဝတ်တန်ဆာ အပိုင်းအစက ရွှေစင်အဆင့် ဖြစ်၏။ ပိုအရေးကြီးသည်က အဖွဲ့ဝင်တိုင်း၏ ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းလှအောင် နက်ရှိုင်းသည်။ သူတို့က ရှေးဟောင်းသားရဲအုပ်စုကဲ့သို့ ခံစားနေရသည်။ ခပ်ဝေးဝေးကနေ ရှိနေသည့်တိုင် ထိုကစားသမားအုပ်စုကို တစ်ချက်ကြည့်မိသောအခါ မတုန်ရီပဲ မနေနိုင်ကြပေ။
” အဲ့ဒါ ဇီးရိုးဝင်းလား …”
” လုံလောက်သွားပြီ …။ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ် …။ ဇီးရိုးဝင်းက အားကောင်းလွန်းတယ် …။ ငါတို့မှာ ဒီလောက်များတဲ့ ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာတွေတောင် ရှိမနေဘူး …”
အုရိုဘိုရို၏ အဖွဲ့ဝင်များက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို မဆွေးနွေးပဲ မနေနိုင်ကြပေ။
ဂျမ်းတဲလ်စနိုးက ရှီဖုန်းနှင့် ကျန်သည့်သူများကို ကြိုဆိုရန် ထွက်လာသည့်အချိန် သူမလည်း အံ့သြသွားခဲ့သည်။ ဇီးရိုးဝင်းက ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေကို ဘယ်လိုလုပ် စုဆောင်းနိုင်ခဲ့တာလဲ။
ရှီဖုန်းခေါ်လာသည့် ကစားသမားအယောက်လေးရာကြားထဲတွင် အများစုက ဖိအားများ ဖြာထွက်နေတာကို ဂျမ်းတဲလ်စနိုး ခံစားမိ၏။ လူဆယ်ယောက်ကျော်လောက်ဆိုလျှင် အန္တာရာယ်ပေးနိုင်သည့် ခံစားချက်မျိုး ရသည်။
သူမက အစည်းအရုံး၏ အတွင်းရေးကိစ္စများ ဖြေရှင်းပြီး အလုပ်များနေသော်လည်း သူမ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျူရှူ့ထားလောက်အောင် နောက်ကောက်မကျပေ။ ကြယ်လမြို့တွင် ကစားသမားအချို့သာလျှင် သူမကို စိုးရိမ်းပူပန်အောင် လုပ်နိုင်စွမ်း ရှိ၏။ သူမကို အန္တရာယ်အငွေ့အသက် ခံစားရစေသည့် ကျွမ်းကျင်သူက ပိုတောင်နည်းသေးသည်။ ကြယ်လမြို့က ထိုကဲ့သို့ ကျွမ်းကျင်သူ လက်တစ်ဆုပ်စာမျှသာ ပါဝင်ပေသည်။
ထိုသို့တိုင် ဇီးရိုးဝင်းက ထိုကဲ့သို့ လူဆယ့်နှစ်ယောက်ကျော် ရှိပေ၏။ ၎င်းက မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။