ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 656 ရူးမိုက်သည့် ဆုံးဖြတ်ချက်
” သူတို့ကို အခွင့်အရေး မပေးတာလား …”
ဂျမ်းတဲလ်စနိုးက သိချင်စိတ်တို့ ကြီးထွားလာ၏။
ကျောက်တောမြို့နားတွင် စခန်းကျထားသည်မှာ အစည်းအရုံးလက်ရွေးစဉ်သုံးသိန်းကျော် ရှိပေ၏။ သူတို့ထဲတွင် ခုနှစ်သောင်းက ကြယ်တာရာမဟာမိတ်အပိုင်ဖြစ်ပြီး အုရိုဘိုရိုက အဖွဲ့ဝင်ငါးသောင်းမျှသာ ရှိသည်။ ပထမတန်းအစည်းအရုံးနှစ်ခုက ပူးပေါင်းခဲ့လျှင်တောင် သူတို့သည် ကျန်သည့်အစည်းအရုံးများကို ဘာမှလုပ်နိုင်အုံးမှာ မဟုတ်ပေ။ ထို့ကြောင့် အစည်းအရုံးတိုင်းက ယာယီငြိမ်းချမ်းမှုကို ထိန်းသိမ်းထားတာ ဖြစ်၏။ မည်သူက မည်သူကို ရန်မစရဲကြပေ။
သို့သော် အစည်းအရုံးတစ်ခုက ကျောက်တောမြို့ကို သိမ်းပိုက်ရန်ဆုံးဖြတ်ချက်ချခဲ့လျှင် ၎င်းက ကျန်သည့်အစည်းအရုံးများ၏ အာရုံစိုက်မှုကို ရသွားမှာ ဖြစ်၏။ ထိုအချိန်ကျလျှင် မည်သူကမှ ဘေးတွင်ထိုင်နေပြီး မြို့ကို အခြားသူ သိမ်းတာကို ကြည့်နေမှာ မဟုတ်ပေ။ ကျန်သည့်အစည်းအရုံးများက ဘုံရန်သူကို ဖယ်ရှားရန်အတွက် သေချာပေါက် ပူးပေါင်းဆောင်ရွတ်ကြမှာ ဖြစ်၏။
ထိုအချက်ကြောင့် အရေအတွက်တွင် အသာစီးရသည့် ကြယ်တာရာမဟာမိတ်ကတောင် မလှုပ်ရှားရဲပေ။ ယခုမူ ရှီဖုန်းက ကျန်သည်အစည်းအရုံးများကို ပြန်တိုက်ခိုက်ရန်အခွင့်အရေးမပေးပဲ ကျောက်တောမြို့ကို တိုက်ခိုက်မည်ဟု ဆိုခဲ့သည်။ ၎င်းက မည်ကဲ့သို့တောင် ဖြစ်နိုင်မည်နည်း။
မြို့ကို ကာကွယ်နေသည့် အဆင့် (၅၅) နှင့် အဆင့် (၆၀) NPC များ ရှိသည်။ သူတို့ကြားထဲတွင် အလွှာနှစ် NPC များတောင် ရှိသေး၏။ အဆင့် (၆၀) အလွှာနှစ် NPC တစ်ဦးက အဆင့် (၃၀) မဟာအရှင်တစ်ပါးထက် ပိုသန်မာပေသည်။ မြို့ကို ကာကွယ်နေသည်က အဆင့် (၆၀) အလွှာနှစ် NPC တစ်ယောက်ထက်တောင် ပိုနေတာ ဖြစ်သည်။ ဧရိယာကြီးမားသည့် အဖျက်ဂါထာကို ပိုင်ဆိုင်ထားပြီး မဟာခေါင်းဆောင် ဆာရီယာက မြို့ကိုလည်း ခုခံနေတာ ဖြစ်၏။
အုရိုဘိုရို၏ လက်ရွေးစဉ်ငါးသောင်းဖြင့် ၎င်းက ကျောက်တောမြို့ကို သိမ်းပိုက်ဖို့က ခါးသီးသည့် တိုက်ပွဲတစ်ခု ဖြစ်မှာပင်။ အောင်မြင်နိုင်ချေ မရှိတာ ဖြစ်၏။
” ဟုတ်တယ် …။ သူတို့ကို အခွင့်အရေးမပေးနဲ့ …”
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် သူဘာသာသူ ဆက်ပြော၏။
” အချိန်ကျလာတဲ့အခါ အားလုံးက မြို့ NPC ရဲ့ နေရာချထားမှုကို ဖြေရှင်းဖို့ အားလုံးလိုအပ်ပြီး ကျန်တာတွေကိုတော့ ငါ့ဆီ ထားခဲ့လိုက် …”
ရှီဖုန်းသည် အတိတ်တုန်းက မြို့များစွာကို သိမ်းခဲ့ဖူး၏။ ထို့ကြောင့် သူက နည်းလမ်းကို အကျွမ်းတဝင်ရှိပေသည်။ မြို့တစ်မြို့ကို ထိန်းချုပ်ရန်အတွက် အစည်းအရုံးတစ်ခုအတွက် ၎င်းက လွယ်ကူသည့် တာဝန်မဟုတ်ပေ။
ပထမဆုံးအနေဖြင့် ကစားသမားများသည် မြို့အတွင်းရှိ NPC တိုင်းကို ရှင်းလင်းရမှာ ဖြစ်၏။ NPC တစ်ဦးကို အသက်ရှင်လျက် ထားခဲ့ပါက ကျရှုံးသည့်ရလဒ်သာ ဖြစ်မှာပင်။ ဒုတိယအချက်အနေဖြင့် ကစားသမားများသည် မြို့၏ခေါင်းဆောင် စောင့်ကြပ်သည့် မြို့တိုကင်ကို ယူရမှာ ဖြစ်သည်။
ထိုတာဝန်နှစ်ခု ပြီးမြောက်ပြီးနောက် မြို့ကို စိုးမိုးရန်အတွက် အာဏာရရှိမှာ ဖြစ်သည်။ ထို့ကြောင့် အနားတွင် ယှဉ်ပြိုင်သူများစွာဖြင့် မြို့တစ်မြို့ကို သိမ်းပိုက်ရန်က အင်မတန်ခက်ခဲပေ၏။ အတိတ်တုန်းက ကျောက်လက်သည်းတောင်တန်း၏ အကျိုးအမြတ်ကို ဖြန့်ဝေခဲ့ပြီးနောက် မည်သည့်အစည်းအရုံးများကမှ ကျောက်တောမြို့ကို မသိမ်းပိုက်နိုင်ခဲ့ပေ။
သို့သော် ယခုဘဝတွင် ကိစ္စများက မတူတော့ပေ။ လက်ရှိ၌ အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ ပင်မတပ်ဖွဲ့နှင့် လက်ရွေးစဉ်အဖွဲ့ဝင်များက ကျောက်လက်သည်းတောင်တန်းနား၌ စုဝေးနေကြတာ ဖြစ်ပြီး ထိုပြီးပြည့်စုံသည့် အခွင့်အရေးက ကျောက်တောမြို့ကို သိမ်းပိုက်ရန် ဖြစ်ပေသည်။ သို့သော် ထိုသို့ပြုလုပ်ရန်အတွက် အချိန်က နည်းပါးလွန်းပြီး ကျောက်လက်သည်းတောင်တန်းမှ ကျောက်တောမြို့ကို ခရီးဆက်ရန်အတွက် ခြေကျင်ဆိုလျှင် နှစ်နာရီကျော် စီးတော်ယာဉ်နှင့်ဆို မိနစ်သုံးဆယ် လိုအပ်ပေ၏။ ကံကောင်းသည်မှာ မည်သူကမှ အဆင့် (၄၀) မရောက်သေးပေ။
” ဒီအစည်းအရုံးတွေအားလုံးကို ရှင့်ဘာသာရှင် ဖြေရှင်းဖို့ စီစဉ်နိုင်တာလား …”
ဂျမ်းတဲလ်နိုးက အလွန်အံ့သြနေ၏။ ရှီဖုန်း ထိုသို့ ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သူမ သံသယဖြစ်မိပေသည်။ သူတို့က လက်ရွေးစဉ်ကစားသမား နှစ်သိန်းကျော်အကြောင်း ပြောနေတာ ဖြစ်သည်။ လူတစ်ယောက်က ထိုမျှများပြားသည့် ကစားသမားများကို မည်ကဲ့သို့ ထိန်းထားနိုင်မည်နည်း။
ရှီဖုန်း၏ စကားမျာက တဲထဲရှိ လူအားလုံးကို မှင်သက်အံ့သြသွားစေသည်။ ရှီဖုန်း ရူးသွပ်မှန်း သူတို့ သဘောပေါက်ခဲ့ပြီးတာ ကြာပြီဖြစ်သော်လည်း ထိုမျှရူးနေလိမ့်မည်ဟု သူတို့ မထင်ခဲ့မိပေ။
ရှီဖုန်းဘေးတွင်ထိုင်နေသည့် မီးလျှံကကြိုးနှင့် ရေနှင်းဆီက ထိတ်လန့်သွားကြသည်။ ခဏအကြာတွင် သူတို့ နှစ်ယောက်လုံးက ခါးသက်စွာ ပြုံးလိုက်၏။ ရှီဖုန်းသည် လက်ရွေးစဉ်ကစားသမား နှစ်သိန်းခွဲ၏ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည်ကို သံသယမဖြစ်သော်လည်း သူတို့ ဦးနှောက်ကို မည်သို့ဖျစ်ညှစ်တွေးစေကာမူ လက်ရွေးစဉ်ကစားသမားနှစ်သိန်းခွဲကို ကာကွယ်ဖို့က မဖြစ်နိုင်။ ကျောက်တောမြို့ကို သူတို့ သိမ်းပိုက်နေစဉ် ထိုလူများ နှောင့်ယှက်မှုကို ဟန့်တားဖို့က မဖြစ်နိုင်ပေ။ ထိုသို့တိုင် ရှီဖုန်းက သူ၏ ကတိကို တစ်ခါမှ ကျရှုံးခြင်းမရှိသော်လည်း သူ၏ ထုတ်ဖော်ပြောကြားချက်က ရူးမိုက်ရာ ကျနေသည်။ သူက ယုံကြည်ချက်မရှိလျှင် ပြောမှာတော့ မဟုတ်ပေ။
လူတစ်ယောက်က လက်ရွေးစဉ်ကစားသမားနှစ်သိန်းခွဲကို ထိန်းထားမှာလား။ ထိုအကြောင်းကို တွေးမိရုံဖြင့် အားလုံးက ကြက်သီးထသွားသည်။
” စိတ်အေးအေးထား …။ အဆင်ပြေသွားမှာပါ …။ ဒါပေမယ့် အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာက မင်းတို့တွေ မြို့ထဲက NPC တွေကို ရှင်းလင်းတာ ဘယ်လောက်မြန်လဲဆိုတာပေါ် မူတည်နေတယ် …”
ရှီဖုန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
ပြီးနောက် ရှီဖုန်းက မီးလျှံကကြိုးနှင့် ရေနှင်းဆီကို အမိန့်အသီးသီး ပေးလိုက်သည်။ လာမည့်တိုက်ပွဲတွင် မီးလျှံကကြိုးက ပင်မတပ်ဖွဲ့ကို ဦးဆောင်ရမည်ဖြစ်ပြီး ရေနှင်းဆီက အမှောင်နတ်ဘုရားတပ်မဟာကို ဦးဆောင်ရမှာ ဖြစ်သည်။ ဂျမ်းတဲလ်နိုးနှင့် ကျန်သည့်သူများအတွက်မူ သူတို့က ဆုံးဖြတ်ချက်ချရန် တွေဝေနေသေးဆဲ ဖြစ်၏။
” စနိုး …။ ငါတို့ တကယ် ဒီလိုလုပ်မှာလား …။ ဘယ်လောက် ရူးမိုက်ရာကျလဲဆိုတာ နင် သိတယ်မလား …”
ကျောက်ယွဲ့ရှူက ညင်သာစွာ ပြောလိုက်၏။
ဂျမ်းတဲလ်စနိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ယခုအချိန် သူမ၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ချပြီးပုံပေါ်ကာ ပြောလိုက်၏။
” ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး …။ ကြယ်တာရာမဟာမိတ်က နေ့စဉ်နဲ့အမျှ ပိုပြီးသန်မာလာနေတာ …။ ကျန်တဲ့ အစည်းအရုံးတွေကလည်း ငါတို့ကို ဆက်တိုက်စော်ကားနှောင့်ယှက်ခဲ့တယ် …။ ဒီနှုန်းနဲ့ဆို ကြယ်တာရာမဟာမိတ်က ငါတို့ကို အနိုင်ယူသွားမှာ …”
ပြီးနောက် ဂျမ်းတဲလ်စနိုးက သူမ အစည်းအရုံး၏ တပ်ဖွဲ့များကို စီစဉ်ပြီး တိုက်ပွဲအတွက် အသင့်ပြင်နေတော့သည်။
သို့သော် ရှီဖုန်းက အလျင်မလို။ ရှေးဦးစွာ သူက အမျိုးမျိုးသော အစည်းအရုံးကြီများကို စစ်ဆေးပြီး အထူးသဖြင့် သူတို့၏ ပင်မတပ်ဖွဲ့ကို ဖြစ်၏။ သူတို့ မလှုပ်ရှားခင် ရှီဖုန်းက အလွှာနှစ်နတ်ဆိုးကို ဆင့်ခေါ်ရန် အမှောင်ထုကျွမ်းစာကို အသုံးပြုခဲ့သည်။ သုံးနာရီခန့် ကြာပြီးနောက် ရှီဖုန်းသည် နောက်ထပ်အလွှာနှစ်နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ခဲ့ပြန်သည်။ အဆင့် (၃၅) အလွှာနှစ်နတ်ဆိုးနှစ်ကောင်က တောင်များကဲ့သို့ အကောင်ကြီးမားပေသည်။ အလွှာနှစ်နတ်ဆိုးများက အရှင်အဆင့် မွန်းစတားမျာနှင့် ညီမျှပေ၏။ သူတို့ဘက်ခြမ်းတွင် အဆင့် (၃၅) အရှင်နှစ်ပါးရှိသည်ဟု ယူဆနိုင်ပေသည်။
” ဘလက်ဖလိမ်းမှာ ဒီလိုအရာ ရှိနေလိမ့်မည်ဟု တစ်ခမှ မတွေးခဲ့မိဘူး …။ ကျန်တဲ့ အစည်းအရုံးတွေကို ဟန်တားနိုင်ဖို့ ယုံကြည်ချက်ရှိနေတာ အံ့သြစရာ မရှိပါဘူး …”
ဂျမ်းတဲလ်စနိုးက အားကောင်းသည့် အလွှာနှစ်နတ်ဆိုးများကို မြင်သောအခါ အံ့သြမှင်သက်သွားပေသည်။
သာမန်အလွှာနှစ်နတ်ဆိုးတစ်ကောင်ကို ဖြေရှင်းရန်အတွက် အယောက်တစ်ရာအဖွဲ့တောင် ရုန်းကန်ရနိုင်သည်။ သို့သော် ကစားသမားတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အလွှာနှစ်နတ်ဆိုးများက ပိုတောင် ကြောက်မက်ဖွယ်ကောင်းပေသည်။
၎င်းက အယောက်တစ်ရာ လက်ရွေးစဉ်အဖွဲ့ကိုတောင် သုတ်သင်ရှင်းလင်းပစ်နိုင်၏။ အလွှာနှစ်နတ်ဆိုးနှစ်ကောင် ပေါင်းခဲ့ပါက သူတို့၏ သက်ရောက်မှုသည် အဆပေါင်းများစွာ တိုးသွားနိုင်သည်။ ထိုအလွှာနှစ်နတ်ဆိုးများဖြင့် ရှီဖုန်းသည် ကျန်သည့်အစည်းအရုံးများကို ဟန့်တားရာ၌ အောင်မြင်နိုင်ပေလိမ့်မည်။
ဇီးရိုးဝင်းနှင့် အုရိုဘိုရိုက သူတို့၏ တပ်ဖွဲ့များကို ပြင်ဆင်နေချိန် အစည်းအရုံးကြီးများကလည်း ထိုသတင်းကို ရသွားကြ၏။
အမျိုးမျိုးသော အစည်းအရုံးကြီးများ၌ ကိုယ်ပိုင်အချက်အလက် ကွန်ရက်ရှိကြသည်။ အုရိုဘိုရိုက ကြီးမားသည့်တပ်ဖွဲ့ကို ပြင်ဆင်နေသောကြောင့် ထိုသတင်းက အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ မျက်စိနှင့်နားထဲ၌ မည်ကဲ့သို့လွတ်နိုင်မည်နည်း။
” ဂျမ်းတဲလ်စနိုး ရူးသွားပြီးလား …။ သူက ဘလက်ဖလိမ်းကို တကယ်ယုံနေတာလား …။ ဘလက်ဖလိမ်းက ကစားသမားနှစ်သိန်းခွဲတပ်ဖွဲ့ကို ရင်ဆိုင်နိုင်တဲ့ နတ်ဘုရားတစ်ပါးလို့ သူမ တကယ်ကြီး ထင်နေတာလား …”
ကျောက်လက်သည်းတောင်တန်းတွင် လက်ရှိရှိနေသော ဂလက်ဆီပါ့စ်က ထိုအချက်အလက်ကို ရသောအခါ ရူးသွပ်စွာ ရယ်မောလိုက်သည်။
” ကျန်တဲ့သူတွေကို ချက်ချင်းသတင်းပေးလိုက် …။ အုရိုဘိုရိုက ကျောက်တောမြို့ကို တိုက်ခိုက်ရဲရင် ရိုက်ချဖို့အတွက် အခွင့်အရေးရှာရမယ် …”
ထိုကဲ့သို့ တွေးမိတာ ဂလက်ဆီပါ့စ်တစ်ဦးထဲ မဟုတ်ပေ။ ကျန်သည့်အစည်းအရုံးခေါင်းဆောင်များကလည်း ဂျမ်းတဲလ်စနိုးစိတ်လွတ်သွားပြီဟု တွေးမိကြ၏။ ဘလက်ဖလိမ်းကလည်း ရူးလွန်းပေ၏။ သူက သူတို့အစည်းအရုံးရဲ့ အဖွဲ့ဝင်အားလုံးကို ထိပ်တိုက်ပိတ်ဆို့ပြီး သူ့အတွက် သေပေးမယ်လို့များ ထင်နေတာလား။
ကစားသမားနှစ်သိန်းခွဲ ပူးပေါင်းဆောင်ရွတ်ခဲ့လျှင် တိုက်ခိုက်သည့် အကျယ်အဝန်းကတင် အဆင့်တူအရှင်တစ်ပါးကို အလွယ်တကူသတ်နိုင်မှာ ဖြစ်သည်။ ကစားသမားတစ်ဦးဆိုလျှင် ပြောနေရန် မလိုတော့ချေ။
ရုတ်တရက် ကျောက်တောမြို့နားတွင် အမျိုးမျိုးသော အစည်းအရုံးကြီးများက စတင်ဝိုင်းဖွဲ့ပြီးနောက် အချိန်မရွေးသတိပေးချက်ရသည်နှင့် စတင်လှုပ်ရှားရန် ပြင်ဆင်နေကြသည်။ ယခုအချိန်တွင် အားလုံးက အုရိုဘိုရိုနှင့် ဇီးရိုးဝင်း လှုပ်ရှားမှာကို စောင့်ရုံသာ ရှိတော့သည်။
အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ ပင်မတပ်ဖွဲ့များနှင့် လက်ရွေးစဉ်အဖွဲ့ဝင်များအတွက်မူ သူတို့က ကျောက်လက်သည်းတောင်တန်းထဲ၌ မှော်သလင်းများကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
” သတင်းကတော့ သေချာသွားပြီ …။ ဒါပေမယ့် ဒါသိပ်မဆိုးပါဘူး …။ သူတို့ မလှုပ်ရှားရင်တော့ စိတ်အနှောင့်အယှက်ဖြစ်မိမှာ …”
ရှီဖုန်းက ရယ်မောလိုက်၏။ ပြီးနောက် လေရောင်ဝါ၏ လေစီးနင်းမှုကို အသက်သွင်းကာ ဝေဝါးဝါးပုံသဏ္ဍာန်အဖြစ် ပြောင်းလဲပြီးနောက် ကျောက်တောမြို့ထဲ ပျံသန်းသွား၏။
” သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …”
ဂျမ်းတဲလ်စနိုးက ဇဝေဇဝါဖြစ်ကာ ရေရွတ်ပြောလိုက်သည်။ ရှီဖုန်း၏ ပြုမူမှုများက မီးလျှံကကြိုးနှင့် ရေနှင်းဆီကိုတောင် စိတ်ရှုပ်ထွေးသွားစေသည်။ ရှီဖုန်းက သူ၏ အစီအစဉ်အမှန်ကို မထုတ်ဖော်ပြပေ။
” ဒါဆို စောင့်လိုက်ရအောင် …”
ရှီဖုန်းက ပြောလိုက်၏။ ချက်ချင်းပင် လေရောင်ဝါကို မီး၏ရောင်ဝါအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ကျောက်တောမြို့၏ NPC များအပေါ် မီးမုန်တိုင်း ရွတ်ဆိုလိုက်သည်။
ရုတ်တရက်တွင် မီးတောက်များက ခံတပ်တတိယအလွှာနှင့် အမြင့်ဆုံးနေရာထိ တက်သွားသည်။ အထဲရှိ ကစားသမားများက ချက်ချင်းပင် ပြာဖြစ်သွားကြ၏။ ခံတပ်အတွင်းရှိ NPC များအတွက်မူ သူတို့က ထိခိုက်မှု ပြင်းပြင်းထန်ထန် ရသွားကြပေသည်။ မျက်တောင်တခက်အတွင်း ခံတပ်၏ တတိယအလွှာက အပျက်အဆီးပုံအဖြစ် ပြောင်းလဲသွား၏။ ခပ်ဝေးဝေးကနေ ကြည့်နေသည့်လူအုပ်ကလည်း အံ့သြမှင်သက်သွားကြသည်။ ရှီဖုန်းက NPC ကို သူတစ်ယောက်ထဲ တိုက်ခိုက်ခဲ့သည်။ သူက သေချင်နေတာပဲ ဖြစ်ပေမည်။
ထိုစဉ် ဝတ်ရုံနက်ဆံဖြူအဖိုးအိုက အပျက်အဆီးကြားထဲ၌ ပေါ်လာသည်။ ထိုအဖိုးအိုက ဆာရီယာ အဆင့် (၆၀) အလွှာနှစ် NPC တစ်ဦးဖြစ်သည်။ ရှီဖုန်းကိုကြည့်ပြီး ဆာရီယာက ဒေါသတကြီးအော်လိုက်၏။
” ကျူးကျော်သူ …။ သင်က ကျုပ်ကို တိုက်ခိုက်ဝံ့တယ်ပေါ့ …။ မှော်ဆရာတစ်ယောက်ရဲ့ ဒေါသ ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းလဲဆိုတာ သင့်ကို ပြမယ် …”
ဆာရီယာ ( မဟာအရှင် ကျွမ်းကျင်မှော်ပညာရှင် )
အဆင့် (၆၀)
HP (၅၅ သိန်း/၅၅ သိန်း)
ထို့အပြင် လွှမ်းမိုနိုင်စွမ်းရှိသည့် NPC နှစ်ယောက်က ဆာရီယာဘေးတွင် ရပ်နေကာ သူတို့က ဒုခေါင်းဆောင် လိုင်းနှင့် တတိယခေါင်းဆောင် ပတ်ဒိုတို့ ဖြစ်သည်။
လိုင်း ( ဒုတိယခေါင်းဆောင် ဓားသခင် )
အဆင့် (၆၀)
HP (၆၅ သိန်း/၆၅ သိန်း)
ပတ်ဒို ( တတိယခေါင်းဆောင် ရှေးစစ်သည်တော်သခင် )
အဆင့် (၆၀)
HP (၇ သန်း/၇ သန်း)
ရှီဖုန်း၏ မီးမုန်းတိုင်က ခေါင်းဆောင်သုံးဦးကို (-၈၀၀၀၀) ထိခိုက်မှုသာ ဖြစ်သွားစေခဲ့ပြီး HP သန်းချီရှိသော သူတို့အဖို့ မပြောပါးလောက်သည့် ပမာဏဖြစ်သည်။ သို့သော် သူတို့စောင့်ကြပ်သည့်နေရာ ပျက်ဆီးမှုက ခေါင်းဆောင်သုံးဦးကို ဒေါသထွက်သွားစေသည်။
ထိုစဉ် ခေါင်းဆောင်သုံးဦးက ရှီဖုန်းကို စိမ်းစိမ်းဝါးဝါး ကြည့်နေကြပြီး နာနာကျင်ကျင် သေစေရမည်ဟုသော အကြည့်များဖြင့် ကြည့်နေတာ ဖြစ်၏။
ရှီဖုန်းက ရယ်မောပြီးနောက် လှည့်ပြေးတော့သည်။
” ငါတို့ရဲ့ အမြတ်ဒေါသကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး …”
ဆာရီယာနှင့် ကျန်သည့်နှစ်ယောက်က သူတို့၏ စီးတော်ယာဉ်များကို ဆင့်ခေါ်ပြီး ရှီဖုန်းနောက် လိုက်တော့သည်။
စီးတော်ယာဉ်တစ်ခုရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်က ခြားနားပေသည်။ ရှီဖုန်းက လေစီးနင်းမှုကို အသက်သွင်းထားသော်လည်း ထို NPC သုံးဦး သူနောက်လိုက်လာတာ အလွန်မြန်သည်။
” သေစမ်း …။ သူတို့က ငါတို့ဆီ ဦးတည်နေတာပဲ …”
ကြည်နေကြသည့် အစည်းအရုံးများက ရှီဖုန်း သူတို့ဆီ ပြေးလာတာကို သတိပြုမိလိုက်သည်။
လေစီးနင်းမှုက နှစ်ဆယ့်လေးစက္ကန့်သာ ခံသည်။ ရှီဖုန်းက ထိုအချိန်ကာလအတွင်း အမျိုးမျိုးသော အစည်းအရုံးကြီ၏ အလယ်ကို ရောက်အောင်သွားနိင်ရန် အချိန်က လုံလောက်ရုံသာရှိ၏။
ယခုအချိန်တွင် မြင်းစီးလာသည့် ဆာရီယာက လေထဲ၌ ရုမ်းများကို ရေဆွဲလိုက်သည်။ ပြီးနောက် သူ၏ လက်ချောင်းကို ဖောက်ကနဲ့တီးလိုက်ကာ မိုးသက်တိမ်များက ကစားသမားတပ်ဖွဲ့အပေါ်သို့ သိပ်သည်းလာသည်။
” ပြာဖြစ်စေ …”
ဆာရီယာက ကောက်ကျစ်စွာ ပြုံးပြီးနောက် အလွှာနှစ်ဂါထာ လျှပ်စီးမုန်တိုင်းကို ရှီဖုန်း၏ နေရာဆီသို့ ပစ်လွတ်လိုက်၏။