ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 663 မြို့တစ်မြို့ ပြင်ဆင်ခြင်း
ရွှေပြားတစ်သောင်းသုံးထောင်ငါးရာပေးပြီးနောက် NPC ဝန်ထမ်းက ရှီဖုန်းအား စာရွတ်စာတန်းတစ်ခု ပေးခဲ့သည်။ ထိုစာရွတ်စာတန်းဖြင့် ရှေ့လျှောက်ကျောက်တောမြို့သည် ရှီဖုန်းအပိုင်သာ ဖြစ်တော့မှာပင်။ သူက မြို့၏ ကန့်သတ်မှုအတွင်း ထိန်းချုပ်ချက်မရှိဘဲ ဆန္ဒရှိသည့် အဆောက်အဦးများ ဆောက်နိုင်ပေ၏။
” နောက်ဆုံးတော့ ငါမြေတစ်ချို့ ရခဲ့ပြီ …”
ရှီဖုန်းက ကျောက်တောမြို့၏ စာရွတ်စာတန်းကိုကြည့်ပြီး ရင်ထဲ၌ ပျော်ရွင်နေသည်။
နတ်ဘုရားနယ်မြေထဲတွင် မရေမတွက်နိုင်သည့် အစည်းအရုံးများ ရှိသည်။ အစည်းအရုံးတစ်ခုက သူခြေထောက်ပေါ် သူရပ်တည်ချင်လျှင် ရှေ့ဦးစွာ အစည်းအရုံးဂေဟာရှိရန် လိုအပ်၏။ အစည်းအရုံးတစ်ခုက ဖွံ့ဖြိုးတိုးတက်ချင်လျှင် အစည်းအရုံးမြို့ပိုင်ဆိုင်ရန် လိုအပ်ပေ၏။
အစည်းအရုံးတစ်ခုက ထုထည်ကြီးမားသည့် စက်တစ်လုံးဖြစ်ကာ ၎င်းကို လှည့်ပတ်ရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးပမာဏများစွာ လိုအပ်ပေသည်။
အစည်းအရုံးတစ်ခုသည် ဂိမ်း၏ အစောပိုင်းအဆင့်များအတွင်း ကုန်သွယ်ရေးလုပ်ငန်းများမှ ပိုက်ဆံများစွာ ရနိုင်သော်လည်း အစည်းအရုံးကရသည့် ပိုက်ဆံနှင့်ယှဉ်လျှင် နည်းပါးလွန်း၏။ သို့သော် ကစားသမားများက ပိုမြင့်သည့်အဆင့်သို့ရောက်လေ သူတို့က ဝင်ငွေရင်းမြစ်များ ပိုရှိလာလေ ဖြစ်၏။ ထို့ကြောင့် ဂိမ်းငွေကြေးများသည် အချိန်ကြာလာသည်နှင့်အမျှ တန်ဖိုးလျော့ကျသွားမှာ ဖြစ်သည်။ အစည်းအရုံးမြို့များကမူ မတူတော့ပေ။
အစည်းအရုံးတစ်ခုက သူတို့၏ ကိုယ်ပိုင်မြို့အတွင်း၌ အမျိုးမျိုးသော တည်ဆောက်မှုများ ဆောက်နိုင်ပေ၏။ မြို့တစ်မြို့က အစည်းအရုံးတစ်ခုအတွက် စီးပွားရေးရုပ်ပြ၏ ကျယ်ပြန့်သောခင်းကျင်းမှုတစ်မျိုးလည်း ဖြစ်သည်။ အစည်းအရုံးမြို့များသည် ဂိမ်းငွေကြေးများသာ လက်ခံသည့် NPC မြို့များနှင့် မတူပေ။ အစည်းအရုံးမြို့အတွင်း အုပ်စိုးသောအစည်းအရုံးက ပေးချေဖို့အနေဖြင့် ခရက်တစ်များကို ပိုတောင်လိုအပ်ပေ၏။
နတ်ဘုရားနယ်မြေထဲတွင် NPC မြို့များက အလွန်တင်းကြပ်ပေ၏။ ဥပမာအနေဖြင့် ကစားသမားများအဖို့ သူတို့၏ ကိုယ်ပိုင်အိမ်များ၊ ဆိုင်များ ဝယ်ယူရန်အတွက် အင်မတန်ခက်ခဲသည်။ သို့သော် အစည်းအရုံးမြို့များကမူ ထိုသို့သော ထိန်းချုပ်မှုများ မရှိပေ။ ပိုက်ဆံရှိရန်သာ လိုအပ်ပေ၏။ ထို့အပြင် အစည်းအရုံးမြို့များက တိုက်ခိုက်ရန်လမ်းကြောင်း ရှေ့တန်းရှိကစားသမားများ အနားယူရန်နေရာနှင့် မြို့သို့ ပြန်လာစရာမလိုပဲ အချိန်ကုန်သက်သာအောင် စီစဉ်ပေးထားနိုင်၏။
၎င်းက အထူးသဖြင့် ကျောက်တောမြို့ကဲ့သို့ ဗျူဟာကျသည့် မြို့တစ်မြို့အတွက် မှန်ကန်ပေသည်။ ကစားသမားများအဖို့ မြို့ဆီလာအောင် ဖြားယောင်းနိုင်ပေ၏။ မြို့စတင်လည်ပတ်သည်နှင့် ကစားသမားများသည် ဝင်ရောက်သည့်ဦးရေက မြစ်ဖြူမြို့ကိုတောင် ကျော်လွန်သွားမှာ ဖြစ်သည်။ ထိုနေရာတွင် ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ခြင်းဖြင့် ပိုက်ဆံများစွာ အလွယ်တကူရနိုင်ပြီး မြို့တစ်မြို့လုံးကို ထိန်းချုပ်ခြင်းမှ ရသည့်ပိုက်ဆံဆိုလျှင် ပြောပြရန်တောင် မလိုတော့ချေ။
ကံဆိုးသည်မှာ မြို့ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှီဖုန်းသည် စားသောက်ဆိုင်များ၊ လေလံအိမ်တော်၊ စွန့်စားသူအဖွဲ့အစည်း၊ ဆိုင်များ၊ ဘားများ၊ ဟော်တယ်များ နှင့် တခြားသောအဆောက်အဦးများ စသည့်အမျိုးမျိုးသော အဆောက်အဦးများ တည်ဆောက်ရန်အတွက် လိုအပ်ပေသည်။ ကုန်ကျစရိတ်ကလည်း သိသာထင်ရှား၏။
” ငါ ပိုက်ဆံ ပိုလိုအပ်တယ် …”
ရှီဖုန်းက ကုန်ကျစရိတ်ကို တွေးမိသောအခါ သက်ပြင်းချမိလိုက်၏။
ကြယ်လမြို့ထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများက သူတို့သည် ကျောက်တောမြို့ကို ရသရွေ့ ပိုက်ဆံများစွာ အလွယ်တကူရနိုင်မည်ဟု ထင်ခဲ့ကြတာ ဖြစ်သည်။ ထိုအစည်းအရုံးများက ကျောက်တောမြို့ကို အမှန်တကယ်ရခဲ့လျှင်တောင် အလွန်ဆုံးသူတို့က စိုက်ကြည့်နေရုံသာရှိမှာ ဖြစ်၏။ အမျိုးမျိုးသော အဆောက်အဦးပုံစံများ တည်ဆောက်ခြင်းဖြင့် ကုန်ကျစရိတ်အပြင် အခြေခံဆောက်လုပ်မှုနှင့် စာရင်းသွင်းခြင်းများက ပထမတန်းအစည်းအရုံးများကို သွေးများခန်းခြောက်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
ဇီးရိုးဝင်း၏ ဘဏ္ဍာရေးခွန်အားဖြင့်တောင် ကျောက်တောမြို့ကို စီမံဖို့က အလွန်ဝန်ထုပ်ဝန်ပိုး ဖြစ်နေသေး၏။ ရှေ့ဆက် ကုန်ကျစရိတ်က တက်သွားမှာ ဖြစ်သည်။ သူတို့က ကျောက်တောမြို့ကို လူထုရှေ့ဖွင့်လှစ်ပေးရန် ပြင်ဆင်မှရပေလိမ့်မည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ မသိလိုက်မသိဘာသာဖြင့် နှစ်ရက်တာကုန်ဆုံးသွားပြီ ဖြစ်၏။
အပြင်လောကရှိ လူများအဖို့ နှစ်ရက်က ဘာမှမဟုတ်။ ကြယ်လတိုင်းပြည်ထဲရှိ ကစားသမားများအဖို့ သူတို့သည် နိုးထလာသည့်အချိန်၌ အဆင့် (၃၀) ရောက်ရန်နှင့် မှော်သလင်းများအတွက် ကျောက်လက်သည်းတောင်တန်းထဲသို့ ဝင်ရောက်ရန် အချိန်ကို ကုန်ဆုံးနေရသည်။ ထိုနှစ်ရက်တာ အချိန်အတွင်း ကျောက်လက်သည်းတောင်တန်းကို ဝင်ရောက်ခဲ့သည့် ကစားသမားအရေအတွက်က သိသိသာသာတိုးတက်လာ၏။ ကြယ်လမြို့ထဲရှိ အစည်းအရုံးတိုင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်များဖြင့် အလုပ်များနေကြကာ ကျောက်တောမြို့၌ တစ်ခါမှစစ်ပွဲမဖြစ်ခဲ့သည့်အလား ပြုမူနေကြတော့၏။
ရှီဖုန်းက ကျောက်တောမြို့ကို ပြန်လည်တည်ဆောက်မှုမှာသာ အာရုံစိုက်ထားပြီး မြို့အတွက် အစောပိုင်းအစီအစဉ်များကို ပြင်ဆင်နေ၏။ ရှီဖုန်းက ထိုတာဝန်ကို ရေနှင်းဆီအား ပေးအပ်နိုင်သော်လည်း စိတ်ချသေချာရစေရန် သူကိုယ်တိုင်လုပ်ရန် ရွေးချယ်ခဲ့သည်။ ဆိုရလျှင် သူ့စိတ်ထဲ၌ တွေးတောထားသည့်အစီအစဉ်များကို ဂရုတစိုက်ဆောင်ရွက်မှာ ဖြစ်သည်။ သူသည်လည်း မြို့၏ ဖွဲ့စည်းပုံကို ပိုရင်းနှီးသူလည်း ဖြစ်သည်။ ထို့အပြင် အစည်းအရုံး အနာဂတ်အတွက် ကိုယ်ပိုင်အစီအစဉ် ရှိပေသည်။ ထို့ကြောင့် မြို့၏ပြန်လည်တည်ဆောက်မှုကို သူဖြေရှင်းတာ အကောင်းဆုံးဖြစ်သည်။
ရေနှင်းဆီနှင့် မီးလျှံကကြိုးတို့အဖွဲ့ကမူ အယောက်တစ်ရာမြေအောက်စခန်း ရေခဲအကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
အယောက်တစ်ရာ အဖွဲ့လိုက် မြေအောက်စခန်းအနေဖြင့် သာမန်မြေအောက်စခန်းများက ရေခဲအကျဉ်းထောင်ကို ယှဉ်နိုင်ခြင်း မရှိပေ။ အထဲရှိ ဘော့စ်များက မဟာအရှင်များ ဖြစ်ကြ၏။ တန်ဖိုးအနည်းဆုံးအိုင်တမ်က အဆင့် (၃၀) ရွေစင်ချပ်ဝတ်တန်ဆာ ဖြစ်သည်။ မဟူရာရွှေချပ်ဝတ်တန်ဆာကျနိုင်သည့် အခွင့်အရေးလည်း မြင့်မားပေ၏။ လက်ရှိကစားသမားများအဖို့ ထိုကဲ့သို့ ချပ်ဝတ်တန်ဆာက အကောင်းဆုံးများ ကြားထဲတွင် ရှိပေသည်။ ထိုကြောင့် အမျိုးမျိုးသော အစည်းအရုံးကြီးများက မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်ကြပြန်သည်။
သူတို့က ပထမဆုံး သုတ်သင်ရှင်းလင်းသူဟူသည့် အမည်နာမကို ရယူရန် အာရုံစိုက်ထားတာ ဖြစ်၏။ သို့သော် သူတို့က ကျောက်လက်သည်းတောင်တန်းအတွက်လည်း ပြင်ဆင်နေကြသည်။
အသူရာအဆင့် ဒေသမြေအောက်စခန်းတစ်ခုအနေဖြင့် ကျောက်လက်သည်းတောင်တန်းက မည်ကဲ့သို့ လွယ်ကူမည်နည်း။ အစည်းအရုံး၏ ပင်မတပ်ဖွဲ့များကတောင် မြေအောက်စခန်းထဲတွင် ရှင်သန်နေထိုင်ရန် ခက်ခဲမှန်း ရှာတွ့ခဲ့ကြပြီဖြစ်၏။ ထို့အပြင် သူတို့က အစည်းအရုံး၏ အမြင့်ဆုံးအပိုင်းကိုသာ တိုက်ခိုက်နိုင်တာ ဖြစ်သည်။
မှော်သလင်းများစွာ ရရန်အတွက် သူတို့သည် ကျောက်လက်သည်းတောင်တန်းထဲ ဆက်လက်ဝင်ရောက်ရန် လိုအပ်ပေ၏။ ထို့ကြောင့် အစည်းအရုံးအမျိုးမျိုးက သူတို့၏ ချပ်ဝတ်တန်ဆာများကို တိုးမြင့်ရန်ဖြစ်စဉ်ပေါ်သာ အာရုံစိုက်ထားကြသည်။ အမြန်ဆုံးနည်းလမ်းက အယောက်တစ်ရာ မြေအောက်စခန်းကို ဖြတ်ကျော်သွားခြင်း ဖြစ်၏။
ထိုစဉ် ဇီးရိုးဝင်း၏ မြေအောက်စခန်းဖြစ်စဉ်က အတော်လေးသက်ရောက်မှု ရှိပေသည်။
အမှောင်ထုစွမ်းအားနှင့် စမ်းသပ်ခြင်းမျှော်စင်ကို ထပ်ခါထပ်ခါစမ်းသက်ရာမှ တိုးတက်မှုများဖြင့် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့သည် နောက်ဆုံးဘော့စ် ရေခဲဘီလူးဆီသို့ ရောက်ခဲ့ပြီဖြစ်၏။ ယခုအချိန်တွင် သူတို့က မြေအောက်စခန်းကို ရှင်းလင်းရန် အကန့်အသတ်အနည်းငယ်လေးသာ လိုအပ်၏။
” အခြေခံက အခုလောက်ဆို ပြီးသင့်ပြီ …။ ဒါနဲ့ဆိုရင် ငါ နောက်ဆုံးတော့ ကျောက်တောမြို့ကို စတင်ဆောင်ရွက်လို့ ရတော့မယ် …”
ရှီဖုန်းက အချိန်တစ်ချက်ကြည့်ပြီးနောက် မြို့၏ အခြေခံတည်ဆောက်မှုများ ပြီးမြောက်လောက်ပြီဟု ခံစားမိသည်။
ပုံမှန်ဆို အစည်းအရုံးတစ်ခုသည် မြို့တစ်မြို့ကို ရပြီးနောက် မြို့သည် တည်ဆောက်သည့်ကာလ နှစ်ရက်၊ သုံးရက်ခန့် ကြာတာဖြစ်၏။ သို့သော် အမှန်တကယ်တွင် ရှီဖုန်းက ကျောက်တောမြို့တွင် ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာတည်ဆောက်ခြင်း ပြီးမြောက်ရန်အတွက် အချိန်ပိုသုံးစွဲခဲ့သည်။ မြစ်ဖြူမြို့ထဲရှိ အစည်းအရုံးဂေဟာနှင့် ယှဉ်လျှင် ကျောက်တောမြို့ထဲရှိ အစည်းအရုံးဂေဟာက ပိုကြီးမားပြီး ပိုခမ်းနားပေ၏။
မြစ်ဖြူမြို့ရှိ အစည်းအရုံးဂေဟာက တစ်ကြိမ်ကို လူသောင်းချီသာ ဆန့်သော်လည်း ကျောက်တောမြို့ထဲတွင် အသစ်တည်ဆောက်ကာစ အစည်းအရုံးဂေဟာက လူတစ်သိန်းထိ နေနိုင်သည်။ ထို့အပြင် ဇီးရိုးဝင်းက ကြယ်နှစ်ပွင့်အစည်းအရုံးဖြစ်ပြီး အစည်းအရုံးဂေဟာအသစ်တွင် ကြယ်နှစ်ပွင့်သီးသန့်ခန်းများစွာ ရှိ၏။ နှိုင်းယှဉ်ကြည့်ပါက မြစ်ဖြူမြို့၏ အစည်းအရုံးဂေဟာက အစည်းအရုံး၏ ပင်မအဖွဲ့ဝင်များအတွက် သီးသန့်ခန်းတောင် မလုံလောက်ပေ။
” အစည်းအရုံးခေါင်းဆောင် …။ ဒီမှာ ရှင်တောင်းဆိုထားတဲ့ ကုန်ကြမ်းတွေပါ …”
လွမ်းဆွေးခြင်းအပြုံးက ပြောပြီး အဆင့်မြင့်ပန်းပဲခန်းထဲဝင်လာကာ ရှားပါးကုန်ကြမ်းစုဆောင်းမှုကို ကျောက်စားပွဲကြီးပေါ် တင်လိုက်၏။
ယခုချိန်တွင် လွမ်းဆွေးခြင်းအပြုံးက ရင်းမြစ်ကြွယ်ဝမှုကြောင့် အလယ်အဆင့်ပန်းပဲသမားအဆင့်သို့ တက်လာပြီ ဖြစ်သည်။ လက်ရှိတွင် သူမက အဆင့်မြင့်ပန်းပဲသမားဖြစ်ရန်အတွက် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ထို့အပြင် သူမက ကြယ်လတိုင်းပြည်ရှိ မဟာအလယ်အဆင့် ပန်းပဲသမားရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။
ထိုအလယ်အဆင့် ပန်းပဲသမားရှစ်ယောက်ထဲတွင် လေးယောက်ကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ပိုင်ဆိုင်ထား၏။ ကြယ်လတိုင်းပြည်တစ်လျှောက်တွင် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းကမှ ဖယောင်းတိုင်အလင်းနှင့် မယှဉ်နိုင်ပေ။
” ကောင်းတယ် …။ ကိုးကိုးနဲ့ ကျန်တဲ့သူတွေကို အမိန့်ပေးလိုက် …။ ငါတို့တွေ ခရီးထွက်ဖို့လိုတယ် …”
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် သူအစီအစဉ်ကို ဆောင်ရွက်ရန် ပြင်လိုက်သည်။ ပြီးနောက် ကုန်ကြမ်းများကိုလည်း ယူလိုက်သည်။
လွမ်းဆွေးခြင်းအပြုံးက ဇဝေဇဝါဖြစ်ကာ ခေါင်းညိတ်လိုက်၏။ ရှီဖုန်းသည် သူမနှင့် ကျန်သည့်သူများကို အဘယ်ကြောင့် သူနှင့်အတူ လိုက်ပါစေချင်မှန်း သူမ နားမလည်ပေ။ သူတို့က ပန်းပဲသမားများ ဖြစ်၏။ တိုက်ပွဲဝင်အရည်အချင်း လုံးဝ မရှိပေ။
ထိုကုန်ကြမ်းများ စုဆောင်းရန်အတွက် အချိန်အတော်သုံးစွဲခဲ့ရသည်။ ဂျမ်းတဲလ်စနိုးကြောင့်သာ မဟုတ်လျှင် မည်မျှကြာမည်မှန်း သိမှာ မဟုတ်ပေ။ မည်သည့်အရာများ မကျန်ခဲ့တာကို အတည်ပြုပြီးနောက် ရှီဖုန်းက စိတ်ကျေနပ်စွာ ပြုံးလိုက်တော့သည်။
ထိုအရာများက ပို့ဆောင်ရေးမှော်အစီအရင်တစ်ခု တည်ဆောက်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းများ ဖြစ်သည်။ ထိုအိုင်တမ်တစ်ခုချင်းဆီက အင်မတန်ရှားပါးကာ အစည်းအရုံးကြီးများအတွက်တောင် ရှားပါးလွန်း၏။ ဂျမ်းတဲလ်စနိုးက သူမ၏ အဆက်အသွယ်များကို အသုံးပြုပြီးနောက် ရှီဖုန်းအတွက် ထိုကုန်ကြမ်းများရအောင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်သည်။
ပြီးနောက် ရှီဖုန်းသည် ကုန်ကြမ်းများကို သိုလှောင်ပြီး လွမ်းဆွေးခြင်းအပြုံးနှင့် ကျန်သည့်သူများကိုခေါ်ကာ ကျောက်တောမြို့ဆီ သွားလိုက်၏။
ကျောက်တောမြို့သို့ ရောက်သောအခါ မြို့သည် နာမည်နီများအတွက် စုဝေးရာနေရာထက် မပိုပေ။ ပတ်လည်တွင် လမ်းပေါ်၌ ကင်းလှည့်နေသည့် အဆင့် (၁၅၀) အစောင့်များကို မြင်နိုင်ပေ၏။ ကျောက်တောမြို့ကို တိုက်ခိုက်လိုသည့် ဆန္ဒရှိသူများသည် သူတို့ကို ဦးစွာ ကျော်ဖြတ်ရမှာ ဖြစ်၏။
အဆင့် (၁၅၀) အစောင့်
ဤအဆင့်ရှိ သာမန်အစောင့်အကြပ်ကတောင် ကစားသမားများကို ချက်ချင်းသတ်လိုက်နိုင်သည်။ အလွှာတစ်နှင့် အလွှာနှစ်အစောင့်များကို ထည့်မဆိုထားနှင့်။ ကစားသမားသိန်းချီပါဝင်သည့် တပ်ဖွဲ့တစ်ဖွဲ့ကတောင် ယခုဆို မြို့ကိုသိမ်းပိုက်ရန် ကျရှုံးသွားမှာ ဖြစ်၏။