ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 684 မင်းက အရည်အချင်းမမှီဘူး
” အစည်းအရုံးခေါင်းဆောင် …”
ရေနှင်းဆီက အထိတ်တလန့်ဖြင့် ရှီဖုန်းဘက်လှည့်ကာ သူမ၏ မျက်နှာထက်တွင် ရှက်ရွံ့မှု သိမ်ငယ်မှုတို့ ပေါ်လာ၏။
ဂလိုးရီးယပ်စ်အက်ခိုးကလည်း အနည်းငယ်မှင်သက် တွေဝေသွားသည်။ ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင် ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။ သူက သတိအမြန် ဝင်သွားပြီးနောက် ပြုံးကာ သူ့ကိုသူ မိတ်ဆက်လိုက်၏။
” ကောင်းသောနေ့ပါ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ကျွန်တော်က ဆည်းဆာပဲ့တင်သံရဲ့ အစည်းခေါင်းဆောင် ဂလိုးရီးယပ်စ်အက်ခိုးပါ …။ ဒါက မစ္စစံထားမိုးမခပါ …။ ရင်းမြစ်ဖွင့်လှစ်ခြင်းလုပ်ငန်းစုရဲ့ နတ်ဘုရားနယ်မြေ ကိုယ်စားလှယ်ပေါ့ …”
ရှီဖုန်း ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် မပြင်ဆင်ထားခဲ့သော ဂလိုးရီးယပ်စ်အက်ခိုးသည် ရှီဖုန်းကို အနည်းငယ်ကြောက်လန့်သွားစေရန် စံထားမိုးမခ၏ နောက်ခံကို အသုံးချဖို့ ရည်ရွယ်လိုက်သည်။
စံထားမိုးမခက ရှီဖုန်းကို သမန်ရှန်ကာသာ ကြည့်၏။ သူမက ပုရွတ်ဆိတ်များကြားထဲရှိ ပြောဆိုမှုကို စိတ်မဝင်စားတာ သိသာသည်။ ထိုအစား သူမက ရေနှင်းဆီကိုသာ အနည်းငယ်စိတ်ဝင်စား၏။ အားစိုက်ထုတ်စရာမလိုဘဲ ထိုပြောဆိုမှု၏ ရလဒ်ကို ကျိုမှန်းဆနိုင်ပေသည်။
OSC သည် အဓိက နိုင်ငံတကာလုပ်ငန်းတစ်ခု ဖြစ်၏။ ၎င်းက စွမ်းအင်သစ်ကုန်သွယ်ရေးတွင် ဘီလူးတစ်ကောင်သဖွယ်လည်း ဖြစ်၏။ ၎င်း၏ လုပ်ငန်းက တစ်ကမ္ဘာလုံးအနှံ့တွင် ရှိသည်။ ယခုလုပ်ငန်းက နတ်ဘုရားနယ်မြေထဲ ပြောင်းရွေ့ပြီဖြစ်ကာ မရေမတွက်နိုင်သည့်လူများက လုပ်ငန်းစု၏ အာရုံစိုက်မှုကိုရရန် ကြိုးစားနေရသည်။
ဇီးရိုးဝင်းကဲ့သို့ တက်ခါစအစည်းအရုံးသည်လည်း ထိုနည်းတူစွာ တုံ့ပြန်မှာ သေချာသည်။ ရေနှင်းဆီ၏ ဆုံးဖြတ်ချက်ကသာ သူမကို အနည်းငယ်အံ့သြသွားစေတာ ဖြစ်၏။
ထိုကဲ့သို့ ဖိအားနှင့် ဖြားယောင်မှုကို ရင်ဆိုင်ရသည့်အခါ ရေနှင်းဆီက မလှုပ်မရှား ဖြစ်နေသေးဆဲ ဖြစ်၏။ ရေနှင်းဆီကဲ့သို့ လက်ထောက်မျိုး သူမဘက်၌ ရှိနေခဲ့လျှင် အတော်လေးတန်ဖိုးရှိပေမည်။
ထိုစဉ် ရှီဖုန်းက ဂလိုးရီးယပ်စ်အက်ခိုး၏ မိတ်ဆက်မှုဖြင့် သက်ရောက်မခံရဘဲ တည်ငြိမ်စွာ ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဂလိုးရီးယပ်စ်အက်ခိုးက ကျုပ်နဲ့ ဘာကိစ္စများ ရှိလို့လဲ …”
ဆည်းဆာပဲ့တင်သံ၏ ဘဏ္ဍာရေးကို OSC က ထောက်ပံ့ပေးသော်ငြား ရှီဖုန်းသည် ယခင်ဘဝ မှတ်ဉာဏ်များအရ ထိုအရေးကိစ္စကို ထင်ထားပြီးသား ဖြစ်၏။ သူက ထိုထုတ်ဖော်ချက်ကြောင့် မအံ့သြသွားပေ။ OSC က ရှာမတွေ့သေးသည့် အဓိက လျှို့ဝှက်ချက်များစွာကိုတောင် သူသိသေး၏။
ရှီဖုန်း၏ အေးစက်စက်တုံ့ပြန်မှုက ဂလိုးရီးယပ်စ်အက်ခိုးကို အနည်းငယ်တော့ တစ်မျိုး ဖြစ်သွားစေသည်။
ရင်းမြစ်ဖွင့်လှစ်ခြင်း လုပ်ငန်းစုအမည်ကို ကြားသောအခါ နတ်ဘုရားနယ်မြေထဲရှိ မည်သည့်အစည်းအရုံးမဆို စံထားမိုးမခ၏ မျက်နှာသာပေးမှုကို ရရန်အတွက် သူတို့ကို သူတို့ ဂရုတစိုက် မိတ်ဆက်ကြမှာ ဖြစ်သည်။ ထိုသို့တိုင် တစ်ချက်မှ နှုတ်မဆက်ပဲ ရှီဖုန်းက ရှေ့တိုးကာ သူ လာရောက်ခြင်း၏ အကြောင်းအရင်းကိုသာ မေးနေ၏။
သူက OSC ကို မသိတာလား။
ဂလိုးရီးယပ်စ်အက်ခိုးက သူ့ရင်ထဲ အံ့သြသွားသည်။ သူက ချက်ချင်းပြောလိုက်၏။
“အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း ရင်းမြစ်ဖွင့်လှစ်ခြင်းလုပ်ငန်းစုက အဓိက နိုင်ငံတကာ လုပ်ငန်းကြီးတစ်ခုပဲ …။ လုပ်ငန်းစုက အဆက်အသွယ်ရော ဘဏ္ဍာရေးရော ကြွယ်ဝတယ် …။ လက်ရှိလုပ်ငန်းက ကျောက်တောမြို့ကို ဓာတ်ကျနေပြီး ဒါကို ဝယ်ဖို့ ဆန္ဒရှိနေတယ် …။ ဒါကြောင့် ဝယ်ယူဖို့အတွက် ရေနှင်းဆီနဲ့ အခြေအနေဆွေးနွေးပြီးပြီ …။ အစည်းအရုံခေါင်းဆောင် ဘလက်ဖလိမ်း ကိုယ်တိုင်ပေါ်လာတယ်ဆိုတော့ ကျုပ်တို့ ညှိနှိုင်းဖို့က ပိုလွယ်ကူသွားတာပေါ့ …”
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း ဈေးပြောလိုက်ပါ …။ သင့်တော်သရွေ့ OSC က ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူမယ်လို့ ယုံကြည်တယ် …”
စံထားမိုးမခသည် ဂလိုးရီးယပ်စ်အက်ခိုး၏ စကားကို သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်။
သူမသည် နတ်ဘုရားနယ်မြေထဲ ဝင်ခါစဖြစ်သော်လည်း ကျောက်တောမြို့၏ အရေးပါမှုကို ကောင်းစွာ သဘောပေါက်ပြီ ဖြစ်သည်။ ထိုကဲ့သို့ မြို့ကို တက်ခါစအစည်းအရုံးလေးက ရခဲ့သောကြောင့် အနည်းငယ်အံ့သြမိခဲ့တာတော့ ဝင်ခံရပေမည်။
” ကျုပ်သိပြီ …”
ရှီဖုန်းက ရယ်မောလိုက်၏။ ပြီးနောက် သူသည် ဂလိုးရီးယပ်စ်အက်ခိုးကိုကြည့်ပြီး ပြောလိုက်၏။
” ဒါဆို အစည်းအရုံးခေါင်းဆောင် ဂလိုးရီးယပ်စ် ခင်ဗျားအခု ထွက်သွားလို့ရပြီ …”
” ဟမ် …”
ဂလိုးရီးယပ်စ်အက်ခိုးက မှင်သက်သွားသည်။
” ဘာကို ဆိုလိုတာလဲ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …”
” OSC က ကျောက်တောမြို့အကြောင်း ဆွေးနွေးဖို့ ကျုပ်ကိုရှာချင်တာ မဟုတ်ဘူးလား …”
ရှီဖုန်းက အမေးတစ်ခုဖြင့် တုံ့ပြန်လိုက်၏။
” ဒါဆို ဘာကြောင့် ခင်ဗျားက ဒီမှာ ရှိနေသေးတာလဲ အစည်းအရုံးခေါင်းဆောင် ဂလိုးရီးယပ်စ် …”
ဂလိုးရီးယပ်စ်အက်ခိုးက အံ့သြဆွံ့အသွားသည်။ တစ်ဖက်တွင် ရေနှင်းဆီက မရယ်မောဘဲ မနေနိုင်တော့ပေ။
သူမ၏ မိသားစုအတွက် ဖိအားပေးနိုင်ဆုံးက OSC ဖြစ်ပြီး ဂလိုးရီးယပ်စ်အက်ခိုး မဟုတ်ပေ။ သူမက လုပ်ငန်းစုတစ်ခုနှင့် အပေးအယူလုပ်နိုင်ခဲ့လျှင် သူမ မိသားစုပေါ်ရှိ ဖိအားများကို ဖြေလျော့ပေးနိုင်မှာ ဖြစ်သည်။ ြ
” မစ္စစံထားက ပုံရိပ်ယောင်ဂိမ်းလောကထဲကို ဝင်ခါစပဲ …။ သူမ နားမလည်သေးတဲ့ အရာတွေ ရှိသေးတယ် …။ လုပ်ငန်းစုရဲ့ စီမံခန့်ခွဲမှုအောက်က အစည်းအရုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ရော ပုံရိပ်ယောင်ဂိမ်းလောကနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံကြွယ်ဝတဲ့သူတစ်ယောက် အနေနဲ့ကော မစ္စစံထား ညှိနှိုင်းဆွေးနွေးတာကို ကူညီပေးဖို့က ကျုပ်တာဝန်ပါ …”
ဂလိုးရီးယပ်စ်အက်ခိုးက အေးတိအေးစက် ရှင်းပြလိုက်၏။
” ဒီလို ဆိုမှတော့ ကျောက်တောမြို့ရဲ့ တန်ကြေးကို ပြောရမှာပေါ့ …”
ရှီဖုန်းက လက်ညိုးတစ်ချောင်းထောင်ပြပြီးနောက် ပြောလိုက်၏။
” ဒီကုန်သွယ်မှုမှာ ကျုပ်က နည်းနည်းတော့ ဆုံးရှုံးတယ် …။ ရင်းမြစ်ဖွင့်လှစ်ခြင်းရဲ့ လုပ်ငန်းစုရှယ်ယာ (၁၀) ရာခိုင်နှုန်းနဲ့ ရောင်းမယ် …”
ရှီဖုန်း ပြောလိုက်သည်နှင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ ရေနှင်းဆီတောင် ပါးစပ်အဟောင်းသား ဖြစ်ပြီး ရှီဖုန်းကို စိုက်ကြည့်နေမိ၏။ သူ၏ တောင်းဆိုချက်က လောဘကြီးသည်ထက် ကျော်လွန်နေသည်။ ၎င်းက အမှန်တကယ် ရူးမိုက်တာပဲ ဖြစ်၏။
ထိုစဉ် ဂလိုးရီးယပ်စ်အက်ခိုးက သူနားကြားမှားသလားဟုတောင် တွေးမိသွားသည်။ စံထားမိုးမခကမူ ရှီဖုန်းဆီ အေးစက်စိမ်းကားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ မင်းရဲ့ ဟာသက မရယ်ရဘူး …”
ဂလိုးရီးယပ်စ်အက်ခိုးက တည်ကြည်သည့်အသံဖြင့် ပြောလိုက်၏။
ရင်းမြစ်ဖွင့်လှစ်ခြင်း ကော်ပိုရေးရှင်း၏ ရှယ်ယာတစ်ရာခိုင်နှုန်းကတောင် ဇီးရိုးဝင်းများစွာကို ဝယ်ယူနိုင်၏။ (၁၀) ရာခိုင်နှုန်းဆိုလျှင် ပိုတောင် ဝယ်နိုင်မှာ ဖြစ်သည်။
” ဘာကြောင့် ဒီလို ပြောရတာလဲ အစည်းအရုံးခေါင်းဆောင် ဂလိုးရီးယပ်စ် …”
သူသည် ပြတင်းပေါက်ကနေ ကျောက်တောမြို့ကို လက်ညိုးထိုးပြပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ကျောက်တောမြို့ ကျောက်လက်သည်းတောင်တန်းနဲ့ အနီးဆုံးမြို့ပဲ၊ ကျောက်လက်သည်းတောင်တန်းဆိုတာ မှော်သလင်းတွေအများကြီးရှိတဲ့ ကြွယ်ဝတဲ့ မြေအောက်စခန်းတစ်ခု …။ ဒီအိုင်တမ်ရဲ့ အရေးပါမှုကို ခင်ဗျားတို့ မစုံစမ်းရသေးဘူးဆိုတာ ကျုပ်မယုံဘူး …။ ခင်ဗျားတို့က ကျောက်တောမြို့ကို ဝယ်ချင်တယ်ဆိုမှတော့ ဒါက ဇီးရိုးဝင်းရဲ့ တိုးတက်တဲ့လမ်းကြောင်းကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲလေ …။ ကျုပ်က ရင်းမြစ်ဖွင့်လှစ်ခြင်းရဲ့ ရှယ်ယာအနည်းငယ်လောက်ကို ယူချင်ရုံပဲ …။ ဒါက ဘယ်လိုလုပ် ချဲ့ကားတယ် ဖြစ်မှာလဲ …”
” အစည်းအရုံးခေါင်းဆောင် ဂလိုးရီးယပ်စ်က ဒီဆုံးဖြတ်ချက်ကိုချဖို့ အရည်အချင်းမမှီမှတော့ ကျုပ်နဲ့ ပြောနိုင်တဲ့သူကိုပဲ ရှာရတာပေါ့ …။ ကျုပ်က သိပ်အလုပ်များတဲ့သူဆိုတာ ခင်ဗျားသိထားသင့်တယ် …။ ကျုပ် စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးဖို့ ကြုံရာလူနဲ့ ချိန်းဆိုချက်လုပ်ထားရင် ကျုပ်အနားယူဖို့ အချိန်တောင် ရှိမှာမဟုတ်ဘူး …”
စော်ကားခံရလေခြင်း။
ဂလိုးရီးယပ်စ်၏ အမြင်များက ဆိုးဝါးလာတော့၏။ ရှီဖုန်းသည် သူ့ကို အများရှေ့တွင် အရှက်ခွဲရဲသည်။ သူ့ကို ဘာကောင်မှ မဟုတ်သည့်သူလို့တောင် ဆိုခဲ့၏။ စူပါအစည်းအရုံးများတောင် ထိုမျှ မရဲတင်းပေ။
ထိုစဉ် ရေနှင်းဆီက မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
တန်ခိုးထွားသည့် ဆည်းဆာပဲ့တင်သံသည် တစ်ခွန်းမှတောင် ပြန်မပက်နိုင်ဘဲ အရှက်ခွဲခံနေရ၏။ ဂလိုးရီးယပ်စ်အက်ခိုး မျက်နှာထက်ရှိ သုန်မှုန်နေသည့် အမူအရာကို ရေနှင်းဆီ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်၏။ ထိုမြင်ကွင်းက သူမ၏ ဒေါသကို အတော်လေးဖြေလျော့သွားခဲ့၏။
သို့သော် ရှီဖုန်းက သူမအတွက် ဒေါသပေါက်ကွဲပေးနေမှန်း ရေနှင်းဆီ သဘောပေါက်သည်။ ထိုမြင်ကွင်းကြောင့် သူမရင်ထဲ နွေးထွေးသွားမိ၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း ရှင်တကယ် ပြောတာလား …”
နောက်ဆုံးတွင် စံထားမိုးမခက ပြောလာ၏။ သို့သော် သူမလေသံက အတော်အေးစက်နေသည်။ အစည်းအရုံးသေးလေးတစ်ခု၏ အစည်းအရုံးခေါင်းဆောင်က OSC ကို လျှော့တွက်ရဲလိမ့်မည်ဟု မထင်ထားပေ။
စံထားမိုးမခသည် ခြိမ်းခြောက်သည့်စကား မဆိုခဲ့သော်လည်း အခန်း၏ လေထုက တင်းမာမှုများ ပြည့်သွားသည်။ ရေနှင်းဆီက အသက်ရှူရန်တောင် ရုန်းကန်နေရ၏။
၎င်းက ကမ္ဘာလောက၏ ထိပ်တွင် ရပ်တည်နိုင်သည့် လူများသာ ပိုင်ဆိုင်သည့်ရောင်ဝါ ဖြစ်ပေသည်။ စိတ်ကူးကြည့်၍ မဖြစ်နိုင်လောက်အောင် အားနည်းနေသော်ငြား သူမသည် ရေနှင်းဆီကဲ့သို့ ထိပ်တန်းအလွှာ ကျွမ်းကျင်သူကိုတောင် စိတ်ပူပန်စေခဲ့သည်။
ရှီဖုန်း အဖြေကသာ မှားယွင်းခဲ့လျှင် နောက်ဆက်တွဲက မတွေးဆနိုင်စရာပင်။
ထိုစဉ် ရေနှင်းဆီက အတော်လေးနောင်တ ရနေမိ၏။ သူမ ရှီဖုန်းကို တားမြစ်ခဲ့သင့်သည်။ အနည်းဆုံးတော့ သူမ ကာကွယ်သင့်ခဲ့၏။ သို့သော် ရှီဖုန်းက ကမ္ဘာလောကထဲတွင် ဂရုစိုက်မှုမရှိသည့်အလာ သူက သက်တောင့်သက်သာ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။ေ
” ဒါပေါ့ ကျုပ်က စကားတည်တဲ့ သူပဲ …
ရှီဖုန်းပြောသံက မကျယ်သော်လည်း အခန်းထဲရှိ လူတိုင်းက သူပြောတာကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
ရူးနေတာ။ ဒီလူက ရူးနေတာပဲ။
ဂလိုးရီယပ်စ်အက်ခိုး၏ ယခင်ဒေါသများ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုက အစားထိုးသွား၏။ အံ့သြနေသည့် မျက်လုံးများဖြင့် ရှီဖုန်းကို စိုက်ကြည့်နေမိသည်။
ရှီဖုန်းသည် ရေနှင်းဆီကို ကူညီပြီး လက်စားချေရန်အတွက် နိုင်ငံတကာ လုပ်ငန်းစုတစ်ခုကို တမင်တကာ ရန်စခဲ့သည်။ ထိုကဲ့သို့ အပြုအမူမျိုး လုပ်လောက်သည်အထိ မည်မျှ အဆင်အကျင်မဲ့ရသနည်း။
” ကောင်းပြီ …။ ရှင်ပြောတဲ့တန်ကြေးကို အထက်လူကြီးတွေဆီ ပြောလိုက်မယ် …”
စံထားမိုးမခက မထူးခြားနားမေး၏။ ပြီးနောက် သူမက ဂလိုးရီးယပ်စ်အက်ခိုးဘက် လှည့်ပြီး အမိန့်ပေးလိုက်သည်။
” သွားကြမယ် …”