ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 702 လျင်မြန်မှုနှင့် စာနာစိတ်ကင်းမဲ့သော
” မင်းတို့ရန်သူ ဖြစ်ဖို့လား …”
ဂလက်ဆီပါ့စ်က ရယ်မောပြီးနောက် သူ၏ မျက်ခုံးတစ်ဖက်ပင့်ကာ မျက်လုံးထဲတွင် ဒေါသမီးတောက် ပေါ်နေ၏။ သို့သော် သူက စိတ်ခံစားချက်ကို အမြန်ဖိနှိပ်ပြီး ညင်သာစွာ ရယ်မောကာ ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက တကယ်မပြောင်းသေးဘူးပဲ …”
ဘလက်ဖလိမ်း၏ မောက်မာမှုအကြောင်း သူသိသော်လည်း ထိုအရာက သူ့ဆီရောက်လာသောအခါ သူဒေါသမထွက်ဘဲ မနေနိုင်ပေ။ သို့သော် ယခုအချိန်ထိ မည်သည့် အစည်းအရုံးကမှ ဇီးရိုးဝင်းကို ဘာမှမလုပ်နိုင်ခဲ့မှန်း သူ ဝန်ခံရပေမည်။
” ရေနှင်းဆီ ကြယ်တာရာမဟာမိတ်က သူ့ရဲ့ မဟာမိတ်ဖြစ်ဖို့ ငြင်းခဲ့မယ်ဆိုရင် ဇီးရိုးဝင်းက စစ်ပွဲဖြစ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောတာလား …”
ခရမ်းမျက်ဝန်းက မေးပြီး သူမ၏ ဖြူဖွေးသော မျက်နှာထက်တွင် အေးစက်မှုအရိပ်အယောင် ထင်ဟပ်နေ၏။ ပတ်ဝန်ကျင်အပူချိန်ကို ဒီဂရီများစွာ လျော့ကျသွားသည်အထိ သတ်ဖြတ်ခြင်းဆန္ဒများ ဖြာထွက်နေ၏။
ကြယ်တာရာမဟာမိတ်က ပထမတန်းအစည်းအရုံးတစ်ခု ဖြစ်၏။ ၎င်း၏ ရှင်သန်နေထိုင်မှုက အပြောထက်အလုပ်က သက်သေပြနေတာ ဖြစ်သည်။ တည်ထောင်ခါစ အစည်းအရုံးကို အဘယ်ကြောင့် ကြောက်နေရသနည်း။ ထို့အပြင် ကြယ်တာရာမဟာမိတ်၌ OSC ၏ ထောက်ပံ့မှု ရှိနေသည်။
ကြယ်လမြို့က ကြယ်တာရာမဟာမိတ်၏ အိမ်ကွင်းဖြစ်သည်။ အစည်းအရုံးနှစ်ခုကြား စစ်ပွဲဖြစ်ပွားခဲ့ပါက ဇီးရိုးဝင်းကသာ ဆုံးရှုံးနစ်နာမှုကြီး ခံစားရမှာ ဖြစ်သည်။ ကျောက်တောမြို့ကြောင့်သာ မဟုတ်လျှင် ကြယ်တာရာမဟာမိတ်သည် ကျောက်လက်သည်း တောင်တန်းထဲ၌ ဇီးရိုးဝင်းကို အစောထဲက ဖြေရှင်းခဲ့ပြီ ဖြစ်၏။
” ရှင်ဒီလို ယူဆလို့လည်း ရပါတယ် …”
ရေနှင်းဆီက ခေါင်းတစ်ချက်ညိတ်လိုက်၏။ ရှီဖုန်း၏ နည်းလမ်းက အမှန်တကယ် ရူးလောက်စရာ ကောင်းသည်။ ရင်းမြစ်ဖွင့်လှစ်ခြင်းလုပ်ငန်းစုဖြင့် ရင်ဆိုင်ရသည်ကပင် ခေါင်းခဲစရာဖြစ်နေပြီပင်။ ယခုမူ ကြယ်တာရာမဟာမိတ်နှင့် ဆက်နွယ်မှုအားလုံးကို ဖယ်ခွာရန် စီစဉ်နေပြန်၏။ ဤဆုံးဖြတ်ချက်က ဇီးရိုးဝင်းကို ပိုတောင်အန္တရာယ် ရှိစေသည်။
လက်ရှိတွင် ဇီးရိုးဝင်းက အရေးသာနေသည့် နေရာတွင်မဟုတ်ပေ။ လွှမ်းမိုးခြင်းအပြုံး၊ ကောင်းကင်ဘုံမြှုပ်နှံရာနှင့် ကျန်သည့်မြစ်ဖြူမြို့၏ အစည်းအရုံးများက ဇီးရိုးဝင်းကို မျက်စိကျနေကြသည်။ ယခုမူ ရင်းမြစ်ဖွင့်လှစ်ခြင်းလုပ်ငန်းစုနှင့် ကြယ်တာရာမဟာမိတ်ကို ဖြေရှင်းရန် လိုအပ်၏။
ဇီးရိုးဝင်းက ကြယ်တာရာမဟာမိတ်ကို စစ်ပွဲကြေညာခဲ့လျှင် လွှမ်းမိုးခြင်းအပြုံးနှင့် ကောင်းကင်ဘုံမြှုပ်နှံရာကလည်း လှုပ်ရှားကြမည်ဆိုတာ ပြောစရာမလိုပေ။ တစ်ချိန်ထဲတွင် ဇီးရိုးဝင်းက ရှေ့ရောနောက်ကပါ တိုက်ခိုက်မှုများ ရင်ဆိုင်တွေ့ရမှာ ဖြစ်၏။
သို့သော် ပြဿနာတစ်ခုကို ဖြေရှင်းရန် လူတစ်ယောက်သည် လျင်မြန်ဖျတ်လတ်ပြီး ကရုဏာကင်းမဲ့ရပေမည်။
ကြယ်တာရာမဟာမိတ်သည် ရင်းမြစ်ဖွင့်လှစ်ခြင်း၏ ထိန်းချုပ်မှုအောက် ရောက်သွားပြီဆိုသောကြောင့် ထိုပထမတန်းအစည်းအရုံးက နောက်တွင် ဇီးရိုးဝင်း၏ ရန်သူဖြစ်လာမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သူတို့က လက်ရှိ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားလျှင် အချိန်ဆွဲမိမှာ မလွဲမသွေပင်။ ဇီးရိုးဝင်းက စွန့်စားရတော့မှာ ဖြစ်သည်။ ထို့အပြင် ကြယ်တာရာမဟာမိတ်ကို စစ်ပွဲကြေညာခြင်းဖြင့် ကျန်သည့်အစည်းအရုံးများကို ဟန့်တားပြီး ဖြစ်သွားပေလိမ့်မည်။ ဇီးရိုးဝင်းကို အကောက်ကြံရန်အတွက် နှစ်ကြိမ်ခန့်တော့ ပြန်စဉ်းစားလောက်ပေသည်။
လက်ရှိတွင် ကြယ်တာရာမဟာမိတ်က အိမ်ကွင်းဟူသည့် တပန်းသာမှုရထားကာ ကျောက်တောမြို့ မရှိဘဲ အစည်းအရုံးက ကျောက်လက်သည်းတောင်တန်းထဲတွင် သူတို့ ဖွံ့ဖြိုးတိုးတက်မှု ဆက်လက်ဆောင်ရွက်နိုင်သည်။ သို့သော် ကျန်သည့်အစည်းအရုံးများက ထိုအကျိုးရလဒ်မရှိပေ။
” ဒီတော့ ငါတို့ မဟာမိတ်မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ …”
ဂလက်ဆီပါ့စ်က နှာခေါင်းရွံ့လိုက်၏။ သူက ခြိမ်းခြောက်သည့်လေသံဖြင့် မေးလိုက်တာဖြစ်သည်။
“ကြယ်တာရာမဟာမိတ်က ကျောက်တောမြို့လိုနေရာမှာ အနားယူဖို့ လိုတယ်များထင်နေလား …။ ဆယ့်ငါးရက်တာ ကာကွယ်မှုကာလ ကုန်ဆုံးသွားပြီး ဇီးရိုးဝင်းက သူတို့ NPC အစောင့်တွေ ဆုံးရှုံးသွားတာနဲ့ ကြယ်တာရာမဟာမိတ်က မြို့ကို အချိန်မရွေး သိမ်းပိုက်လို့ရတယ် …။ ဒါ့အပြင် ကျန်တဲ့အစည်းအရုံးတွေကလည်း မြို့ကို အင်မတန်စိတ်ဝင်စားနေဆိုတာ ငါယုံကြည်တယ် …”
“အစည်းအရုံးခေါင်းဆောင် ဂလက်ဆီပြောတာ မှန်တယ် …။ ဒါပေမယ့် ဇီးရိုးဝင်းက ကြယ်တာရာမဟာမိတ်နဲ့ စစ်ပွဲ စတောင်မစရသေးဘူးဆိုတာ ရှင့်ကို သတိပေးလိုက်အုံးမယ် …။ ကျွန်မတို့အစည်းအရုံးက ကျောက်လက်သည်းတောင်တန်းမှာ တစ်ယောက်နှင့်တစ်ယောက် ဘာအငြင်းပွားမှုမှ မရှိခဲ့ဘူးနော် …။ ကျွန်မတို့ စစ်ဖြစ်ခဲ့ရင် ဇီးရိုးဝင်းက ကျောက်လက်သည်း တောင်တန်းထဲမှာ ကြယ်တာရာမဟာမိတ်ရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူး …”
” အစည်းအရုံးခေါင်းဆောင် ကြယ်လမြို့မှာ ပထမနှုန်းအစည်းအရုံးတစ်ခုထဲရှိတာ မဟုတ်ဘူးဆိုတာ ရှင်သိလား …”
ရေနှင်းဆီက ဂလက်ဆီပါ့စ်၏ ခြိမ်းခြောက်မှုကို အာရုံမစိုက်ပေ။ ဇီးရိုးဝင်းတွင် ကျောက်တောမြို့၏ ပံ့ပိုးမှုရှိသည်။ အဖွဲ့ဝင်များ သေသွားခဲ့လျှင်တောင် သူတို့က မြို့တွင် ပြန်ရှင်သန်နိုင်၏။ ဇီးရိုးဝင်း၏ မဟာမိတ်အုရိုဘိုရို၏ အဖွဲ့ဝင်များကလည်း ကျောက်တောမြို့တွင် ပြန်ရှင်သန်နိုင်ပေသည်။ ထို့ကြောင့် အုရိုဘိုရိုက ကျောက်လက်သည်းတောင်တန်းထဲ စစ်ကူများပို့နိုင်မှာ ဖြစ်သည်။
ကျောက်တောမြို့အပြင် အနီးဆုံးကစားသမာများကလည်း ဆယ်နာရီအကွာတွင် ပြန်အသက်ရှင်မှာ ဖြစ်သည်။
ကျောက်လက်သည်းတောင်တန်းထဲတွင် တိုက်ခိုက်မှုဖြစ်ပွားသည်နှင့် ကြယ်တာရာမဟာမိတ်၏ အဖွဲ့ဝင်များသည် ပြန်သွားရန်အတွက် အချိန်ဖြုန်းတီးရမှာ ဖြစ်သည်။ ရေနှင်းဆီက သူတို့ဖြုန်းတီးရမည့် အရင်းအမြစ်နှင့် လူ့စွမ်းအားကို စဉ်းစားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်ခဲ့လျှင် ကြယ်တာမဟာမိတ်က သေချာပေါက်ဆွဲချခံရမှာပင်။
ရေနှင်းဆီ၏ စကားကိုကြားသောအခါ ဂလက်ဆီပါ့စ်နှင့် ခရမ်းမျက်ဝန်း၏ အမူအရာများက တည်ကြည်လေးနက်သွား၏။
သူတို့သာ ဇီးရိုးဝင်းနှင့် မဟာမိတ်ဖွဲ့ခဲ့လျှင် ရင်းမြစ်ဖွင့်လှစ်ခြင်းက စိတ်ကျေနပ်မှာ မဟုတ်ပေ။
ရင်းမြစ်ဖွင့်လှစ်ခြင်းကဲ့သို့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားကို ဒေါသထွက်စေရန် အစည်းအရုံးအကြီးအကဲများက မည်ကဲ့သို့သဘောတူနိုင်မည်နည်း။ ကြယ်တာရာမဟာမိတ်၏ အစည်းအရုံးခေါင်းဆောင်ဟူသော သူ၏ ရာထူးတောင် စွန့်စွန့်စားစား ဖြစ်သွားနိုင်၏။
သို့သော် ဂလက်ဆီပါ့စ်က ယခုအချိန်တွင် ဇီးရိုးဝင်းနှင့် စစ်ကြေညာချင်စိတ် မရှိသေးပေ။ ဂလက်ဆီပါ့စ်၏ အခက်တွေ့နေသော အမူအရာကို မြင်သောအခါ ရေနှင်းဆီက သက်ပြင်းချလိုက်၏။
ဇီးရိုးဝင်းသည် လက်တလောကမှ တည်ထောင်ခါစ ဖြစ်သည်။ ထို့အပြင် ကျောထောက်နောက်ခံ မရှိသည့်တိုင် ပထမတန်းအစည်းအရုံး၏ အစည်းအရုံးခေါင်းဆောင်ကိုတောင် အခက်တွေ့စေနိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ပုံရိပ်ယောင်ဂိမ်းလောက၏ ရှည်ကြာသည့် သမိုင်းကြောင်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ခဲ့ဖူးပေ။
” ကြယ်တာရာမဟာမိတ်က ဇီးရိုးဝင်းနဲ့ မဟာမိတ်ဖွဲ့ခဲ့မယ်ဆို ကျွန်မတို့ အစည်းအရုံးခေါင်းဆောင်က ကြယ်တာရာမဟာမိတ်ကို ကျောက်တောမြို့ဈေးကွက်ထဲမှာ ချပ်ဝတ်တန်ဆာတွေ ပြင်ဆင်စရိတ်ကို လျှော့ချပေးမှာပဲ …။ အဖွဲ့ဝင်တွေကလည်း ကျောက်တောမြို့ထဲမှာ ရှင်သန်ခွင့်ရမယ် …။ ဒါ့အပြင် ကြယ်တာရာမဟာမိတ်က ကျောက်တောမြို့ထဲ အစည်းအရုံးဂေဟာ တည်ဆောက်ခွင့်လည်း ရှိတယ် …။ အစည်းအရုံးအဖွဲ့ဝင်တွေ မြို့ကို မြန်မြန်ဆန်ဆန်သွားလာနိုင်ပြီး အချိန်ကုန်သက်သာတာပေါ့ …”
ရေနှင်းဆီက ပြောပြီးနောက် သူမ၏ တောက်ပပြီး နှစ်လိုဖွယ်ကောင်းသော နှုတ်ခမ်းက ဆွဲဆောင်မှုရှိစွာ ပြုံးနေ၏။
” မင်း ဘာပြောလိုက်တာလဲ …”
ဂလက်ဆီပါ့စ်၏ အမူအရာက ပျက်ယွင်းသွားသည်။ အချိန်အတိုင်းအတာတစ်ခုအတွက် သူနားကြားမှားနေည်လို့တောင် ထင်မိတာ ဖြစ်သည်။ ရေနှင်းဆီ၏ စကားများက မှန်ခဲ့လျှင် ကြယ်တာရာမဟာမိတ်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန် အစပေါင်းများစွာ တက်သွားမှာ ဖြစ်သည်။ ခရမ်းမျက်ဝန်းကလည်း ထိတ်လန့်သွား၏။ ဇီးရိုးဝင်းထိုမျှ ရက်ရောလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
” ကျွန်မ ပြောဖို့ လိုအပ်တာတွေ အကုန်ပြောပြီးပြီ …။ ကျန်တာက အစည်းအရုံးခေါင်းဆောင်ဂလက်ဆီရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကြည့်ရတော့မှာပဲ …။ ကျွန်မတို့ တစ်ရက်တိတိ စောင့်ပါမယ် …”
ထိုသို့ပြောပြီးနောက် ရေနှင်းဆီက အထူးဧည့်သည်အခန်းထဲမှ လှည့်ထွက်သွား၏။
ဇီးရိုးဝင်း၏ ယခုအချိန်တွင် အကြီးမားဆုံးပြဿနာက ကြယ်တာရာမဟာမိတ်မဟုတ်ဘဲ အပြစ်ခုနှစ်ပါးပန်းပွင့် ဖြစ်သည်။ ထို့ကြောင့် အစည်းအရုံး၏ အထက်အရာရှိများက သူတို့၏ ခွန်အား လျင်မြန်စွာ တိုးတက်စေရန် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ရန် လိုအပ်၏။
ရေနှင်းဆီက ကြယ်တာရာမဟာမိတ်နှင့် အချိန်မဖြုန်းလိုပေ။ ယခုအချိန်တွင် သူမက အံ့ဖွယ်အားကစားရုံ၏ စမ်းသပ်ခြင်းမျှော်စင်ကို စိန်ခေါ်ရန် လိုအပ်သည်။
ရှီဖုန်းက သူတို့ကို နှစ်တစ်ရာဘယ်ရီဝိုင်များ ဖြန့်ဝေပေးထားတာ ဖြစ်သည်။ သူတို့က ၎င်းကို အသုံးမပြုလျှင် ရူးရာကျပေလိမ့်မည်။ မီးလျှံကကြိုးနှင့် ရေနှင်းဆီက စမ်းသပ်ခြင်းမျှော်စင်တွင် အပြည့်အဝ ရင်းနှီမြှုပ်နှံထား၏။ ကျောက်လက်သည်းတောင်တန်းအတွက်မူ သူတို့က အစည်းအရုံး၏ ပင်မအဖွဲ့ဝင်မျာအပေါ် ချန်ထားရစ်ခဲ့၏။
ရေနှင်းဆီထွက်သွားပြီးနောက် ဂလက်ဆီပါ့စ်နှင့် ခရမ်းမျက်ဝန်းက အခန်းထဲတွင်သာ ကျန်နေရစ်၏။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့ ဘာလုပ်သင့်လဲ …”
ခရမ်းမျက်ဝန်းက သူမ၏ မျက်နှာတွင် တွေဝေသည့် အမူအရာဖြင့် မေးလိုက်၏။ OSC ၏ ရင်းနှီမြှုပ်နှံမှုနှင့် ကျောက်တောမြို့၏ ရင်းမြစ်နှစ်ခုစလုံးက မက်လောက်စရာကောင်းသည်။ သို့သော် အဖွဲ့အစည်းနှစ်ခုစလုံးကလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ မည်သည့်ဘက်ကို ရွေးချယ်သည် ဖြစ်စေကာမူ နောက်ဆက်တွဲက မသေးပေ။
“ငါသာဆိုရင် ဇီးရိုးဝင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူမိမှာ …။ ဒါပေမယ့် အစည်းအရုံးရဲ့ ပင်မရည်ရွယ်ချက်က ကုမ္မဏီအတွက် ပိုက်ဆံရှာဖို့ တည်ထောင်ထားတာ ဖြစ်နေတယ် …။ OSC လို့ ကြွယ်ဝခြင်းနတ်ဘုရားရဲ့ ရင်းနှီမြှုပ်နှံမှုက အစည်းအရုံးအားလုံး အလိုရှိတဲ့အရာပဲ …”
ဂလက်ဆီပါ့စ်က ခါးသပ်စွာ ရယ်မောလိုက်၏။
” ဒါပေမယ့် အခု ငါပြန်စဉ်းစားရမယ် …။ အားလုံးက ဇီးရိုးဝင်းကြောင့်ပဲ …။ OSC က ဇီးရိုးဝင်းကို ဖြေရှင်းဖို့အတွက် ကြယ်တာရာမဟာမိတ်မှာ ရင်းနှီးမြှုပ်နှံလိုက်တာပဲ …”
” ခရမ်း …။ အစည်းအရုံးအကြီးအကဲတွေကိုစုပြီး အခုချက်ချင်း အစည်းအဝေးခေါ် …။ သူတို့အားလုံး ရှိမှရမယ် …။ အလုပ်များနေရင်တောင် ဂရုမစိုက်ဘူး …”
” ကျွန်မ အခုချက်ချင်း သူတို့ကို ဆက်သွယ်လိုက်ပါမယ် …”
ရုတ်တရက်တွင် ကြယ်တာရာမဟာမိတ်၏ အကြီးအကဲများက စာတစ်စောင် လက်ခံရရှိတော့သည်။ အကြီးအကဲများသည် မည်သည့်နေရာတွင် ရှိနေစေကာမူ ကြယ်တာရာမဟာမိတ်၏ အစည်းအဝေး တက်ရောက်ရန် လိုအပ်ပေ၏။ အခြေအနေက ကြယ်တာရာမဟာမိတ်၏ အဖွဲ့ဝင်များကို ထိတ်လန့်သွားစေသည်။
ပထမတန်းအစည်းအရုံးတစ်ခု အနေဖြင့် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုက ကျယ်ပြန့်ပေ၏။ ကြယ်တာရာမဟာမိတ်က ကျန်သည့်တိုင်းပြည်များတွင် အစည်းအရုံးခွဲများစွာ တည်ဆောက်ထားတာ ဖြစ်ပြီး တစ်ယောက်ချင်းဆီ စီမံခန့်ခွဲနေတာ ဖြစ်၏။ သူတို့ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ချိန်မှစကာ အကြီးအကဲတိုင်းရှိရန် လိုအပ်သည့် ပထမဆုံးအစည်းအဝေးဖြစ်၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သူတောင် မသိလိုက်ပဲ နတ်ဘုရားနယ်မြေထဲတွင် တစ်ရက်တာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
သွေးသန့်စင်ခြင်း လမ်းကြောင်းထဲတွင် ရှီဖုန်းက အနားမယူဘဲ သွေးတိုက်ခိုက်ရေးသမားများကို သတ်ခဲ့သည်။ သူက ကုန်ခမ်းသွားသော သက်လုံအားကို ပြန်ကောင်းစေရန်အတွက် အသက်ရှူစာ အနည်းငယ် ယူပြီးနောက် သွေးတိုက်ခိုက်ရေးသမားများကို ဆက်လက်တိုက်ခိုက်၏။ ရှီဖုန်းသည် နောက်ထပ် သွေးတိုက်ခိုက်ရေးသမားကို သတ်ပြီးသည့်အချိန်တွင် စနစ်အသိပေးသံတစ်သံက နားထဲရောက်လာသည်။
စနစ် : သွေးသန့်စင်ခြင်းကျောက်တုံးသည် သွေးစွမ်းအားအမှတ် တစ်ထောင် စုစည်းပြီးပါပြီ။ သင်သည် သွေးသန့်စင်ခြင်းသလင်းအဖြစ် ပြောင်းရန်ဆန္ဒ ရှိပါသလား။
သွေးတိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ခြင်းက သွေးစွမ်းအင် ပြောင်းလဲနိုင်သည်ဟု အာမခံချက်မရှိပေ။ ရှီဖုန်းက သွေးစွမ်းအင် ပိုစုဆောင်းမိလေလေ သွေးတိုက်ခိုက်ရေးသမားများထံမှ စုဆောင်းမှုက နည်းလာလေဖြစ်သည်။
သွေးစွမ်းအင်အမှတ် တစ်ထောင်ရရှိရန်အတွက် ယနေ့တွင် သွေးတိုက်ခိုက်ရေးသမား မည်မျှများများ သူသတ်ဖြတ်ခဲ့ရမှန်း မည်သူက သိမည်နည်း။