ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 711 ကြမ်းကြုတ်သောနဂါးအစုံ
မွေးနေ့ပွဲပြီးဆုံးသွားပြီးနောက် ရှီဖုန်းသည် ရေစိမ်းဗီလာသ်ို့ ချက်ချင်းပြန်သွားကာ နတ်ဘုရားနယ်မြေထဲသို့ ဝင်လိုက်၏။
ယွမ်ထျယ်ရှင်းက ရှင်းရှင်းလင်းလင်းပြောပြီးသား ဖြစ်သည်။ ရှီဖုန်းသာ အပြစ်ခုနှစ်ပါးပန်းပွင့်အကြောင်း ပိုသိချင်လျှင် ထိုလူကို ဆက်သွယ်တာက အကောင်းဆုံးဖြစ်၏။ အပြစ်ခုနှစ်ပါးပန်းပွင့်က စတင်လှုပ်ရှားပြီဆိုသောကြောင့် သူသည် လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်ပေ၏။ အဖွဲ့အစည်း တိကျသည့် အချက်အလက်များကို ရခဲ့လျှင် အနည်းဆုံးတော့ သူ အစောင့်အကြပ်လျော့မှာ မဟုတ်ချေ။
အပြစ်ခုနှစ်ပါးပန်းပွင့်က အလုပ်တစ်ခုတောင် မကျရှုံးခဲ့ဖူးပေ။
အဖွဲ့အစည်းက ဇီးရိုးဝင်း၏ အထက်အရာရှိများကို အမှန်တကယ်သုတ်သင်ရှင်းလင်းပစ်ခဲ့လျှင် အစည်းအရုံးအဖို့ ပြန်ပြင်၍မရသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ကြယ်တာရာမဟာမိတ်က ဇီးရိုးဝင်းကို စစ်ကြေညာထားပြီ ဖြစ်သည်။
အမှန်တကယ်တွင် ရှီဖုန်းက အဖွဲ့တွင် ရှိနေချိန် အစည်းအရုံးနှစ်ခုကြားက တိုက်ပွဲများက ကျောက်လက်သည်းအပြင်ဘက်နှင့် အတွင်းဘက်တွင် ရံဖန်ရံခါတိုက်ပွဲများ ဖြစ်ပွားခဲ့၏။ ကံကောင်းသည်မှာ နှစ်ဖက်လုံးက ထိခိုက်မှုနည်းပြီး ဇီးရိုးဝင်းက အုရိုဘိုရို၏ အကူအညီရရှိထားသောကြောင့် အရေးသာနေ၏။ ထိုသို့တိုင် အခြေအနေက ကြည့်မလှပေ။
ကြယ်တာမဟာမိတ်အဖွဲ့ဝင်များကလည်း သူတို့ဘက်ခြိမ်းတွင် နာမည်နီနှင့် အလုပ်ရုံများ ရှိနေသောကြောင့် ဖြစ်သည်။
အခြေအနေက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို ကျောက်လက်သည်းတောင်တန်းထဲတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ မရဖြစ်စေ၏။ နယ်စပ်များတွင် ကျန်သည့်အစည်းအရုံးများကလည်း ဇီးရိုးဝင်းကို တိတ်ဆိတ်စွာ မျက်စိထောင့်ထောက် ကြည့်နေကြ၏။
အခြေအနေက ထိုအတိုင်း ဆက်သွားနေလျှင် ဇီးရိုးဝင်း၏ ချပ်ဝတ်တန်ဆာနှင့် အဆင့်ကို ထိခိုက်စေမှာဖြစ်၏။ ထိုအတွက် ဇီးရိုးဝင်း၏ အထက်အရာရှိများက အပြည့်အဝသုတ်သင်ရှင်းလင်းနိုင်လျှင် ထိုးနှက်ချက်က သေစေနိုင်လောက်မှုပင်။ ကျောက်လက်သည်းတောင်တန်းထဲတွင် စီးနင်းတိုက်ခိုက်နေသည့် အမျိုးမျိုးသော အစည်းအရုံးများက ကျောက်တောမြို့ကို သေချာပေါက် ယူကြမှာ ဖြစ်သည်။ ထို့အချိန်ကြလျှင် အစည်းအရုံးများက ဇီးရိုးဝင်းကို ဖြေရှင်ရန် ကြယ်တာရာမဟာမိတ်နှင့် ပူပေါင်းလောက်ပေ၏။
ရှီဖုန်းသည် ထိုသို့သော အခြေအနေမျိုးကို မြင်လိုသည့်ဆန္ဒ မရှိပေ။ ရှီဖုန်းက နတ်ဘုရားနယ်မြေထဲ ပြန်ဝင်သည့်အချိန်တွင် သူက သွေးသန့်စင်ခြင်းလမ်းကြောင်းထဲမှ ထွက်ပြီဖြစ်ရာ ဇိုဂါးတောင်ခြေ၌ ပေါ်လာ၏။ ချက်ချင်းပင် မိတ်ဆွေစာရင်းကို ဖွင့်ပြီးနောက် မိတ်ဆွေတစ်ယောက်ကို ရွေးချယ်ကာ အပ်လိုက်၏။
ရှီဖုန်းက မိတ်ဆွေစာရင်းကို ပိတ်ထားပြီးနောက် ကျန်သည့်သူများ သူ့ကို အပ်မရဖြစ်စေသည်။ စာနှင့် ဖုန်းခေါ်ဆိုမှုများအတွက်မူ သူက သူစိမ်းများထံမှဆိုလျှင် အဝင်ကို အလိုအလျောက် ငြင်းဆန်ထားတာ ဖြစ်သည်။ ထို့ကြောင့် သူ၏ မိတ်ဆွေများအပြင် ကျန်သည့်သူများက သူ့ကို ဆက်သွယ်နိုင်သည့်နည်း မရှိချေ။
ယွမ်ထျယ်ရှင်းက သူ့၏ နတ်ဘုရားနယ်မြေ IT အမည်က လောင်ကျွမ်းသံမဏိနှလုံးသားဟု ပြောခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ရှီဖုန်းက ဘလက်ဖလိမ်းဟူသည့် IT ကိုအသုံးပြုခဲ့ပြီးနောက် ယွမ်ထျယ်ရှင်းကို မိတ်ဆွေဖွဲ့လိုက်တာ ဖြစ်သည်။ ယွမ်ထျယ်ရှင်းက သူအပ်တာကို လက်ခံသရွေ့ လူရွယ်သည် ရှီဖုန်းကို ချက်ချင်းဆက်သွယ်မှာ ဖြစ်၏။
ရှီဖုန်းက စာပို့ပြီး ငါးမိနစ်မပြည့်မီ၌ စနစ်က လောင်ကျွမ်းသံမဏိနှလုံးသားသည် သူ၏ မိတ်ဆွေဖြစ်ရန် သဘောတူကြောင်း အသိပေးစာပို့လာ၏။
” မင်းနဲ့တွေ့ဖို့ လျှို့ဝှက်မျှော်စင်အနေနဲ့ အတော်ခက်ခဲတာပဲ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက အရင်ဆက်သွယ်တယ်ဆိုမှတော့ အပြစ်ခုနှစ်ပါးပန်းပွင့်နဲ့ ပတ်သတ်တဲ့ အချက်အလက်ကို အင်မတန်စိတ်ဝင်စားနေတာပဲ ဖြစ်ရမယ် …”
ယွမ်းထျယ်ရှင်းက ဖြည်းဖြည်းခြင်း ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း လျှို့ဝှက်မျှော်စင်က အချက်အလက်တွေရောင်းဝယ်တယ်ဆိုတာ မင်းသိထားသင့်တယ် …။ မင်းက လိုချင်တဲ့ အချကအလက်တစ်ခုခုရှိရင် သင့်တော်တဲ့ တန်ကြေးပေးရမယ် …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက ဒီအချက်ကို နားလည်မယ်လို့ ကျုပ်ယုံကြည်တယ် …။ ဟုတ်တယ်ဟုတ် …”
” ခင်ဗျားပြောဖို့ ကြိုးစားနေတာကို နားလည်ပါတယ် …။ ခင်ဗျားတို့တွေက ကျောက်လက်သည်းတောင်တန်းထဲက မှော်သလင်းတွေကို ရည်ရွယ်နေတာပဲ ဖြစ်မယ် …။ ဒါ့အပြင် ခင်ဗျားတို့အတွက် မှော်သလင်းတွေကိုယူဖို့က မလွယ်ကူဘူးလေ။ ဒါကြောင့် ဒီတစ်ခေါက် ကျုပ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ …။ ကျောက်လက်သည်းတောင်တန်းမှာ ခြေကုတ်ရယူဖို့ မျှော်လင့်နေတာမလား …”
အစက ရှီဖုန်းသည် ယွမ်ထျယ်ရှင်းကဲ့သို့ အဓိကပုဂ္ဂိုလ်က ကျောက်ရော့ရှီ၏ မွေးနေ့ပွဲတွင် ပေါ်လာသောကြောင့် ထူးဆန်းသလို ခံစားမိသည်။ သို့သော် လူရွယ်က သူ့ကို ဘလက်ဖလိမ်းနှင့် ဆက်သွယ်ချင်ကြောင်း ပြောလာသည့်အချိန်တွင် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွား၏။
မှော်သလင်းများသည့် ကစားသမားတစ်ဦးအတွက် နတ်ဘုရားနယ်မြေထဲတွင် ဖွံ့ဖြိုးတိုးတက်ဖို့ရာ မရှိမဖြစ် အရင်းအမြစ်တစ်ခု ဖြစ်သည်။ အမျိုးမျိုးသောတိုင်းပြည်နှင့် အင်ပါယာများက သူတို့၏ ကိုယ်ပိုင်ဒေသတွင် မြေအောက်စခန်းများရှိပြီး ၎င်းတို့က မှော်သလင်းများထုတ်လုပ်နိုင်သော်ငြား ထိုဒေသအတွင်းမြေအောက်စခန်းများက ရှာမတွေ့သေးပေ။ ထို့အပြင် အချို့သောတိုင်းပြည်များက သူတို့၏ ဒေသအတွင်း မြေအောက်စခန်းများကို အသက်သွင်းနိုင်သည့်တိုင် မှော်သလင်းများကျသည့်နှုန်းက ကျောက်လက်သည်းတောင်တန်းနှင့် မယှဉ်နိုင်ပေ။ ကျောက်လက်သည်းတောင်တန်းက အသူရာအဆင့် ဒေသအတွင်းမြေအောက်စခန်းတစ်ခု ဖြစ်၏။
ထိုကဲ့သို့ ခက်ခဲမှုမြင့်မားသည့် ဒေသအတွင်း မြေအောက်စခန်းတစ်ခုက ကျန်သည့်ဒေသအတွင်းမြေအောက်စခန်းများထက် မှော်သလင်းကျသည့်နှုန်း ပိုမြင့်တာ သဘာဝကျပေ၏။ လျှို့ဝှက်မျှော်စင်က နတ်ဘုရားနယ်မြေထဲတွင် အံ့မခမ်းတည်ရှိမှု ဖြစ်သော်လည်း နတ်ဘုရားစံသတ်မှတ်ချက်သို့ ရောက်ရန်တော့ မဖြစ်နိုင်သေးပေ။ လျှို့ဝှက်မျှော်စင်က ဂိမ်းငွေကြး၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာများ မလိုနိုင်သော်လည်း မှော်သလင်းမျာအတွက်မူ မတူတော့ပေ။
ဆိုရလျှင် သူတို့က အလွန်မြင့်သည့် တည်ရှိမှုဟူသော သူတို့ အဆင့်အတန်းကို ထိန်းသိမ်းထားချင်လျှင် ခွန်အားလိုအပ်နေသေးသည်။ ဥပမာအနေဖြင့် ရှီဖုန်းယခု ဖုန်းပြောနေသည့် ယွမ်ထျယ်ရှင်းသည် မီးတောက်အသွင် ဒိုင်းကိုကိုင်ဆောင်ထားပြီး ဆူးချွန်သံချပ်ကာကို ဝတ်ဆင်ထား၏။ ထို ဆူးချွန်သံချပ်ကာအစုံက ကြမ်းကြုတ်သောနဂါးအစုံဖြစ်ပြီး အဆင့် (၃၀) မဟူရာရွှေအစုံချပ်ဝတ်တန်ဆာဖြစ်ကာ ဒိုင်းစစ်သည်တော်များအတွက် ထုတ်လုပ်ထားတာ ဖြစ်သည်။ အစုံတစ်ခုလုံးကို ရယူရန်အတွက်က သူတို့သည် အလွန်အစွမ်းထက်သော အယောက်တစ်ရာအဖွဲ့ မရှိဘဲ ခက်ခဲမှုအဆင့် မြင့်မားသည့်တာဝန်များကို ပြီးမြောက်ဖို့က မဖြစ်နိုင်ပေ။ တာဝန်များ၏ ခက်ခဲမှုက အယောက်တစ်ရာ ခက်ခဲသည့်အဆင့်ကို စီးနင်းတိုက်ခိုက်ခြင်း၏ ခက်ခဲမှုအောက် အနည်းငယ်သာ လျော့ပေသည်။ လျှို့ဝှက်မျှော်စင် မည်မျှအစွမ်းထက်ကြောင်း မှန်ဆနိုင်ပေ၏။
ရှီဖုန်းသည် အယောက်တစ်ရာ ငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်းကို ရှင်းလင်းနိုင်ရန် အထူးနည်းလမ်းများကို မှီခိုအားထားခဲ့ကြောင်း သိထားသင့်ပေသည်။ မဟုတ်လျှင် ငရဲအဆင့်ရေခဲအကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ခြင်းက မဖြစ်နိုင်လုနီးပါးပင်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက တကယ်အံ့သြဖို့ကောင်းတာပဲ …။ အမှန်ပဲဗျာ …။ လျှို့ဝှက်မျှော်စင်က ကျောက်လက်သည်းတောင်တန်းကို စိတ်ဝင်စားနေတ် …။ ဒါကြောင့် ကျုပ်တို့က ကျောက်တောမြို့မှာ အစည်းအရုံးဂေဟာတစ်ခု တည်ဆောက်ဖို့ မျှော်လင့်နေတာ …”
ယွမ်ထျယ်ရှင်းက ချီးကျူးစွာ ပြောလိုက်၏။
လျှို့ဝှက်မျှော်စင်အတွင်းရှိ လူတိုင်းက ယခုဆို ဘလက်ဖလိမ်း၏ အမည်ကို ရင်းနှီးနေကြပြီ ဖြစ်သည်။
ရင်းနှီးနေရသည့် အကြောင်းအရင်းမှာ ဘလက်ဖလိမ်းသည် ကြယ်လတိုင်းပြည်၏ နံပါတ်တစ်ကျွမ်ကျင်သူတစ်ယောက် ဖြစ်သောကြောင့် မဟုတ်ပေ။ ထိုအစား ဘလက်ဖလိမ်းသည် နဂါးဖီနစ်ပွဲကြည့်စင်၏ အသန်မာဆုံးတိုက်ခိုက်ရေးသမားများထဲမှ တစ်ဦးဖြစ်သည့် သိုင်းနဂါးကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် သက်တော်စောင့်၏ အကူအညီကို ယူခဲ့ရသော်လည်း ၎င်းက သူ့ကိုယ်ပိုင်ခွန်အား၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေ၏။
” ကျွန်တော်သိပြီ …။ လျှို့ဝှက်မျှော်စင်က ဒါဆို ကျွန်တော်အတွက် ဘယ်လိုအကျိုးအမြတ်မျိုး ယူလာနိုင်မလဲဆိုတာ သိချင်မိပါရဲ့ …”
ရှီဖုန်းက မေးပြီး ခါးသက်စွာ ပြုံးလိုက်၏။
အမှန်တကယ် ကျောက်တောမြို့ထဲတွင် လျှို့ဝှက်မျှော်စင်ကို အစည်းအရုံးဂေဟာတစ်ခု တည်ဆောက်ခွင့်ပြုခြင်းက ရှီဖုန်းကို မည်သည့်နည်းနဲ့မဆို ထိခိုက်မှု မဖြစ်စေပေ။ လျှို့ဝှက်မျှော်စင်၏ အိမ်ကွင်းက ကြယ်လတိုင်းပြည် မဟုတ်ချေ။ ဇီးရိုးဝင်းနှင့် အငြင်းပွားစရာအကြောင်းမရှိ။ ဆိုရလျှင် ဇီးရိုးဝင်းက ကျောက်လက်သည်းတောင်တန်းထဲသို့ ကျန်သည့်သူများ ဝင်ရောက်ခြင်းမှ တားမြစ်ရန် လုံလောက်အောင် မသန်မာသေးပေ။
ထို့အပြင် လျှို့ဝှက်မျှော်စင်က ကျောက်တောမြို့တွင် ရင်းနှီးမြှုပ်နှံခဲ့လျှင် ဇီးရိုးဝင်းက အစည်းအရုံးမှ ပြန်ပြင်စရိတ်အချို့လည်း ရနိုင်ပေ၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း စိတ်ချထားလိုက်ပါ …။ လျှို့ဝှက်မျှော်စင်က အပြစ်ခုနှစ်ပါးပန်းပွင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထောက်ပံ့ပေးနိုင်တယ် …။ ဇီးရိုးဝင်းကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူစာရင်းပေါ့ …။ ကိုယ့်ရဲ့ခွန်အားကို သိတာထက် သူ့ရဲ့ခွန်အားကို သိတာက အောင်ပွဲရဖို့ သေချာတဲ့ နည်းတစ်ခုပဲလေ …။ ဒီအချက်အလက်နဲ့ဆို အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက အခြေအနေကို ဖြေရှင်းတဲ့အခါ ပိုလွယ်ကူသွားမယ်ဆိုတာ ယုံကြည်တယ် …”
ယွမ်ထျယ်ရှင်းက ထိုစကားများကို သမန်ကာရှန်ကာ ပြောလိုက်သည့်တိုင် ရှီဖုန်း၏ နှလုံးခုန်နှုန်းများက မြန်သွားပေ၏။ လျှို့ဝှက်မျှော်စင်က ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုဆိုတာ ရှီဖုန်း မည်သည့်အခါကမှ မတွေးခဲ့မိချေ။
အပြစ်ခုနစ်ပါးပန်းပွင့်က ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော
အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်း၏ လှုပ်ရှားမှုများက ကျန်သည့်သူများထံမှ လျှို့ဝှက်သည်ထက်တောင် ပို၏။ ထိုသို့တိုင် လျှို့ဝှက်မျှော်စင်သည် အချက်အလက်ကို ရနိုင်ခဲ့၏။ ၎င်းက မယုံနိုင်စရာ ကောင်းလှပေသည်။
” ငါသာ ဒီအချက်အလက်ကိုရရင် ဇီးရိုးဝင်းရဲ့ လက်ရှိခွန်အားနဲ့ အပြစ်ခုနှစ်ပါးပန်းပွင့်ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ဖြေရှင်းနိုင်လောက်မယ် …”
ရှီဖုန်းသည် အပြစ်ခုနှစ်ပါးပန်းပွင့်က ဆောင်ရွက်သည့် တာဝန်များအကြောင်း အနည်းငယ်သိထားပေသည်။ ပုံမှန်ဆို အဖွဲ့အစည်းက တာဝန်၏ ခက်ခဲမှုအဆင့်အရ လုပ်ကြံသတ်ဖြတ်သူများ ပို့ခဲ့တာ ဖြစ်သည်။ မလိုအပ်ပါက အဖွဲ့အစည်းသည် တာဝန်တစ်ခုကို ဆောင်ရွက်ရန်အတွက် တပ်ဖွဲ့တစ်ခုလုံးကို ပို့မှာမဟုတ်။
အပြစ်ခုနှစ်ပါးပန်းပွင့်သည် စတင်ခါစ အစည်းအရုံးဇီးရိုးဝင်းပေါ် မြင့်မြင့်မားမား တွေးထားလိမ့်မည်ဟု မထင်ပေ။ သူက သင့်တော်စွာ တုံ့ပြန်ခဲ့လျှင် ဇီးရိုးဝင်းက အပြစ်ခုန်ှပါးပန်းပွင့်ကို အနိုင်ယူနိုင်ချေ ရှိလောက်ပေ၏။
အပြစ်ခုနှစ်ပန်းပွင့်က တာဝန်ကျရှုံးခဲ့လျှင် သူတို့က ၎င်းကို ဖယ်ချလိုက်မှာပင်။ ထို့အပြင် သူတို့က အလုပ်အပ်ခ တစ်ဝက်ခန့်ကို ပေးရမှာဖြစ်သည်။ တာဝန်သစ်ကို ဆောင်ရွက်ရန်အတွက် ပိုက်ဆံထက်ပေးရလည်း ဖြစ်နိုင်ပေ၏။ ထိုအချိန်ကြလျှင် တန်ကြေးက ပထမအကြိမ်ထက် နှစ်ဆဖြစ်သွားမှာပင်။
ရင်းမြစ်ဖွင့်လစ်ခြင်းက ဇီးရိုးဝင်းကို ရိုက်ချရန်အတွက် ထိုမျှပိုက်ဆံများများစားစား သုံးလိမ့်မည်ဆိုတာ ရှီဖုန်း မယုံကြည်ပေ။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းရဲ့ အတွေးကို သိပါရစေ …”
ယွမ်ထျယ်ရှင်းက ပြုံးပြီး မေးလိုက်၏။