ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 740 ထိပ်တန်းအလွှာတိုက်ပွဲ
ရှီဖုန်း၏ မှတ်ချက်ကိုကြားသောအခါ မီးလျှံကကြိုးနှင့် ကျန်သည့်သူများက အပြစ်ခုနှစ်ပါးပန်းပွင့် ချဥ်းကပ်လာသည့်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။ ဤစစ်ပွဲအတွင်း အခြိမ်းခြောက်နိုင်ဆုံး အမည်နာမကို ပြောရမည်ဆိုလျှင် ကြယ်တာရာမဟာမိတ်၏ လက်ရွေးစင်တစ်သိန်းပါသည့် တပ်ဖွဲ့မဟုတ်တာ သေချာ၏။ အပြစ်ခုနှစ်ပါးပန်းပွင့်မှ အယောက်ငါးဆယ်အဖွဲ့သာ ဖြစ်ပေသည်။
သူတို့ကြားတွင် နီးကပ်လာသော အကွာအဝေးကိုကြည့်နေစဥ် မီးလျှံကကြိုးနှင့် ကျန်သည့်သူများက စိတ်လှုပ်ရှားလာတော့၏။ ထိုလုပ်ကြံသတ်ဖြတ်သူများက သူတို့ကို ဤနေရာတွင် အနိုင်ယူသွားခဲ့ပါက သူတို့ယခင်က အားစိုက်ထုတ်မှုများအားလုံး အချည်းနှီးဖြစ်သွားမည်မှန်း သိနေသည်။
” စွမ်းအားထိန်ချန်မနေနဲ့ …။ စကတည်းက အမှောင်ထုစွမ်းအားကိုသုံး …”
ရှီဖုန်းက အဖွဲ့လိုက်စကားပြောခန်းကနေ အမိန့်ပေးလိုက်၏။
” နိုင်မလား ရှုံးမလားဆိုတာ ဒီဆယ်မိနစ်အတွင်းမှာ ဆုံးဖြတ်ချက်ချမှာပဲ …”
နည်းစနစ်အရာတွင် အပြစ်ခုနှစ်ပါးပန်းပွင့်က သူတို့ထက် အဆပေါင်းများစွာ သာပေ၏။ သူတို့တွေ တစ်ပန်းသာသည်မှာ အချက်နှစ်ချက်သာ ရှိပေသည်။ ပထမအချက်က သူတို့တွေ အရေအတွက်ပိုများ၏။ ဒုတိယတစ်ချက်က ရှေးစစ်သည်တော်စကေး၏ တစ်ပန်းသာမှုကို ပိုင်ဆိုင်ထားသည်။
အမှောင်ထုကျမ်းစာ သုံးနိုင်သည့်အချိန်က ဆယ့်မိနစ်ဖြစ်သည်။ သာမန်ရှေးစစ်သည်တော်စကေးများက ထိုအချိန်၏ အစွန်းထွက်အနည်းငယ်မျှသာ ခံပေ၏။ အမှောင်ထုစွမ်းအားကို အသက်သွင်းလိုက်သည့်အချိန်တွင် သူတို့၏ ပြိုင်ဘက်များက ရွေးချယ်စရာမရှိတော့ဘဲ သူတို့၏ ရှေးစစ်သည်တော် အရည်အချင်းကို ထုတ်ဖော်ရမှာ ဖြစ်သည်။
အပြစ်ခုနှစ်ပါးပန်းပွင့်၏ ရှေးစစ်သည်တော်စကေးများ အသုံးပြုနိုင်သည့်အချိန်ကို သူတို့ကျော်လွန်ခဲ့ပါက အောင်ပွဲရနိုင်၏။ ရှီဖုန်းက တိုက်ပွဲဝင်နတ်ဆိုးကို လုပ်ကြံသတ်ဖြတ်ရေးသမားများဆီ အရှိန်မြန်မြန်ဖြင့် ပျံသန်းခိုင်းလိုက်၏။ အလွှာသုံးနတ်ဆိုး၏ လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် လုပ်ကြံသတ်ဖြတ်သူ အယောက်ငါးဆယ်အဖွဲ့ကို ဖြေရှင်းဖို့က ရိုးရှင်းသင့်ပေသည်။
” အပြစ်ခုနှစ်ပါးပန်းပွင့်က အလွှာသုံးနတ်ဆိုးကို တားနိုင်မယ်လို့ထင်လား …”
ငွေရောင်ဝတ်ရုံဖြင့်လူက သူတို့အသင်းဆီ ပျံသန်းလာသော တိုက်ပွဲဝင်နတ်ဆိုးကို တစ်ချက်ကြည့်ပြီး မျက်နှာထက်တွင် ရွှန့်နောက်နောက်အပြုံးပေါ်လာ၏။ ပြီးနောက် သူက အနက်ရောင်မှော်စာလိပ်ကို ထုတ်ပြီးနောက် ၎င်းကိုဖြည်ချကာ အော်လိုက်သည်။
” အလွှာသုံး ချော်ရည်ဘီလူးကို ဆင့်ခေါ်တယ် …”
ရုတ်တရက်တွင် တောင်ထွတ်ပေါ်၌ ချော်ရည်များလွှမ်းနေသည့် လူပုံစံအရိပ်တစ်ခုက ပေါ်လာ၏။
[ချော်ရည်ဘီလူး] (ဓာတ်ကြီးလေးပါးသတ္တဝါ၊ မဟာအရှင်)
အဆင့် (၅၅)
HP (၁၈ သိန်း/၁၈ သိန်း)
ချော်ရည်ဘီလူးပေါ်လာသည်နှင့် ၎င်းက ဒေါသတကြီးဟိန်းဟောက်ကာ လက်နှစ်ဖက်ကို ဖြန့်ထုတ်လိုက်၏။ ရုတ်တရက်တွင် မြေပြင်ပေါ် ချော်ရည်များကျလာပြီး တောင်ထိပ်ကနေ စီးကျလာကာ ကိုက်သုံးရာပတ်လည်ကာ ချော်ရည်ဘီးလူး၏ ချော်ရည်နယ်မြေ ဖြစ်သွားတော့သည်။
ချော်ရည်နယ်မြေက ရန်သူ၏ အရည်အချင်းများကို ဖိနှိပ်ထားရုံသာမက သူတို့၏ HP (၃) ရာခိုင်နှုန်းကို ငါးစက္ကန့်တိုင်း စာသုံးပစ်၏။ ကစားသမားများသည် နယ်မြေအတွင်း အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်း မရှိချေ။
၎င်း၏ နယ်မြေကို တည်ဆောက်ပြီးနောက် ချောရည်ဘီလူးသည် လက်နှစ်ဖက်ကို တင်းကြပ်စွာဆုပ်လိုက်သည်။ ပြီးနောက် ချော်ရည်ပူများ စတင်မှုတ်ထုတ်ကာ တိုက်ပွဲဝင်နတ်ဆိုးကို မလှုပ်ရှားနိုင်အောင် ဟန့်တားနေ၏။
မဟာအရှင်တစ်ပါးက နယ်မြေစကေးကိုသိပြီး အလွှာသုံးချုပ်နှောင်ခြင်းစကေးကိုလည်း သိပေသည်။ အပြစ်ခုနှစ်ပါးပန်းပွင့်က ဒီလို ဆင့်ခေါ်တဲ့စာလိပ်ကိုတောင် အသုံးပြုဖို့ ဆန္ဒရှိတာလား။ ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
အလွှာသုံးချုပ်နှောင်ခြင်းစကေးက တိုက်ပွဲဝင်နတ်ဆိုး၏ လှုပ်ရှားမှုများကို အချိန်အတော်ကြာ ချိတ်ပိတ်ထားနိုင်၏။ သို့သော် စကေးသုံးစွဲနေသည့်အတောအတွင်း ရွတ်ဆိုသူသည် လှုပ်၍မရပေ။ ဆင့်ခေါ်ထားသော သတ္တဝါများကသာလျှင် တိုက်ပွဲထဲဝင်တိုက်ခိုက်မှာ ဖြစ်၏။ သို့သော် အပြစ်ခုနှစ်ပါးပန်းပွင့်က နယ်မြေစကေးကို ထောက်ပံ့ပေးထားသည်က ဇီးရိုးဝင်းအတွက် တစ်ပန်းရှုံးနေတာ ဖြစ်သည်။
“လက်လျှော့လိုက်တော့ …။ အပြစ်ခုနှစ်ပါးပန်းပွင့်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ ဘယ်သူမှ မရှောင်နိုင်ဘူး …”
ငွေရောင်ဝတ်ရုံဖြင့်လူက ရယ်မောလိုက်သည်။
မီးတောင်ချော်ရည်နယ်မြေက တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံပြီး ဖြစ်နေသည်။ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက အထဲတွင် ပိတ်မိနေကြ၏။ ထို့အပြင် HP လျော့ချခြင်းအာနိသင်နှင့် စကေးဖိနှိပ်ခြင်းကြောင့် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် သူတို့၏ ရှေးစစ်သည်တော်စကေးကို ထုတ်ဖော်ခဲ့လျှင်တောင် ချော်ရည်နယ်မြေထဲ၌ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်မှာ မဟုတ်ပေ။ အဆုံးတွင် သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေမှာ ဖြစ်၏။
” အမှန်တကယ် မလိုအပ်ဘူး …”
သူတို့ကို လုပ်ကြံသတ်ဖြတ်ရန် ပြင်ဆင်နေသည်ကို ကြည့်နေစဥ် ရှီဖုန်းက ကျယ်လောင်စွာ အော်လိုက်၏။
” မှော်အစီအရင်ကို အသက်သွင်းလိုက်ဟေ့ …”
ရုတ်တရက်တွင် ရွှေရောင်လွှမ်းနေသည့် ခရမ်းရောင်မှော်အစီအရင်က လေထဲတွင်ပေါ်လာကာ ဇီးရိုးဝင်းနှင့် အပြစ်ခုနှစ်ပါးပန်းပွင့် နှစ်ခုစလုံးကို လွှမ်းခြုံလိုက်တော့၏။ ထိုမှော်အစီအရင်က အလယ်အဆင့် မှော်အစီအရင် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေဖြစ်ကာ ရှီဖုန်း လက်တလောကမှ ရထားတာ ဖြစ်သည်။
ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကို အသက်သွင်းလိုက်သည်နှင့် အရံအတားအတွင်း အပြင်လူများ မဝင်နိုင်တော့ချေ။ ထိုနည်းတူ အထဲကလူများလည်း မထွက်သွားနိုင်။ ရွတ်ဆိုသူကိုးဦး၏ ဝိညာဥ်ဓာတ်စွမ်းအား ကုန်ခမ်းမှသာ အရံအတားက ပျောက်ကွယ်သွားမှာ ဖြစ်၏။
ထို့အပြင် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကလည်း လုပ်ကြံသတ်ဖြတ်သူ၏ အရည်အချင်းများကို ဖိနှိပ်ထားသည်။ ထို့အပြင် ၎င်းဖိနှိပ်မှုက မီးတောင်ချော်ရည်နယ်မြေထက်တောင် ပိုအစွမ်းထက်ပေသည်။
မီးတောင်ချော်ရည်နယ်မြေက ကစားသမားတစ်ဦး၏ အရည်အချင်းကို (၃၀) ရာခိုင်နှုန်း ဖိနှိပ်ထားနိုင်ချိန် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေက ကစားသမားတစ်ဦး၏ အရည်အချင်းကို (၄၀) ရာခိုင်နှုန်း ဖိနှိပ်ထားနိုင်သည်။ အလွှာမြင့်မွန်းစတားများကို ရင်ဆိုင်ရာတွင် သူတို့အရည်အချင်း၏ (၇၀) ရာခိုင်နှုန်းကျော်ကို ဖိနှိပ်ထားနိုင်ပေသည်။ ၎င်းက အလွန်အစွမ်းထက်သော မှော်အစီအရင်တစ်ခု ဖြစ်ပေ၏။
အရံအတားအပြင်ဘက်ရှိ ကစားသမားများက ဇီးရိုးဝင်းနှင့် အပြစ်ခုနှစ်ပါးပန်းပွင့်၏ အမျိုးမျိုးသောတိုက်ပွဲဝင်နည်းလမ်းများကို မြင်သောအခါ သူတို့က အံ့သြမှင်သက်သွားကြသည်။
” သိပ်ကောင်းတယ် …။ အနည်းဆုံး အခု ပိုစိတ်ဝင်စားဖို့ ကောင်းလာတာပေါ့ …”
ငွေရောင်ဝတ်ရုံဖြင့်လူက မရယ်ဘဲ မနေနိုင်တော့ချေ။
” ငါတို့တွေထဲက ဘယ်သူကများ နောက်ဆုံးထိ ခံနိုင်ရည်ရှိမလဲဆိုတာ ကြည့်ကြတာပေါ့ …”
ထိုသို့ပြောပြီးနောက် အပြစ်ခုနှစ်ပါးပန်းပွင့်သည် ရှေးစစ်သည်တော်စကေးများ ထုတ်ဖော်လိုက်၏။
သူတို့သည် ပိုအစွမ်းထက်သော ဖိနှိပ်မှု ခံစားနေရသော်ငြား ချော်ရည်နယ်မြေက ဇီးရိုးဝင်း၏ HP များကို ခြွေယူနေ၏။ သူတို့က တိုက်ပွဲထဲဝင်ပါခဲ့လျှင် အလွယ်တကူ အနိုင်ရမှာ ဖြစ်သည်။
ထိုစဥ် ဇီးရိုးဝင်းဘက်ခြမ်းကလည်း အမှောင်ထုစွမ်းအားကို အသက်သွင်းလိုက်သည်။
ရုတ်တရက်တွင် နှစ်ဖက်လုံး၏ အရည်အချင်းများက တက်သွားကာ သူတို့၏ တိုက်ပွဲဝင်စွမ်းအားများသည် ယခင်ကထက် ပိုမြင့်သွားတော့၏။ သူတို့ကြားထဲတွင် ကိုက်အနည်းငယ်သာ ကွာဝေးပြီး စတင်တိုက်ခိုက်ကြတော့သည်။ ဂါထာများ၊ မြှားများက ပစ်မှတ်များဆီ လွင့်နေ၏။ သို့သော်ငြား ဂါထာနှင့် မြှားမိုးကြားထဲတွင် မည်သူကမှ အလွယ်တကူအနိုင်ရမည့်ပုံမပေါ် မျက်တောင်တစ်ခက်အတွင်း အဖွဲ့ကြားရှိအကွာအဝေးက နီးကပ်သွားတော့၏။ အနီးကပ်အမျိုးအစားများကလည်း တိုက်ကွက်များလျင်မြန်စွာ ဖလှယ်နေပြီး သူတို့ခန္ဓာကိုယ်က ဝေဝါးသည့်အရှိန်ဖြင့် လှုပ်ရှားနေတော့၏။
မီးလျှံကကြိုးက ချက်ချင်းပင် အဆင့် (၃၄) ဘာသာရေးခေါင်းဆောင်ကို ကြည့်လိုက်သည်။ အရိပ်ခြေလှမ်းကို အသုံးပြုပြီးနောက် ဘာသာရေးခေါင်းဆောင်နောက်တွင် ပေါ်လာကာ လုပ်ကြံသတ်ဖြတ်ရေးအမျိုးအစား၏ အသန်မာဆုံးစကေးဖြစ်သော အကြွင်းမဲ့ထိုးနှက်ချက်ကို အသက်သွင်းလိုက်၏။ သို့သော် ထိုဘာသာရေးခေါင်းဆောင်က မီးလျှံကကြိုး၏ ချဥ်းကပ်လာမှုကို အာရုံခံမိသည်။ သူက မီးလျှံကကြိုး၏တိုက်ကွက် သူ့ဆီ ရောက်မလာခင် အစစ်အမှန်ဒိုင်းကို အသက်သွင်းနိုင်ခဲ့ရုံသာမက ကြောက်ရွံ့ခြင်းဟိန်းသံကိုလည်း အသက်သွင်းလိုက်သည်။
မီးလျှံကကြိုးက ထိန်းချုပ်မှုဖယ်ရှားသည့်စကေးကိုသုံးရန် ဖိအားပေးခံလိုက်ရသည်။ ပြီးနောက် သူမ၏ ဓားတိုကို ဘာသာရေးခေါင်းဆောင်ဆီ ထိုးစိုက်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် ဘာသာရေးခေါင်းဆောင်ကလည်း သူ၏ နှင်တံကို အသုံးပြုကာ တိုက်ကွက်ကို ပိတ်ဆို့လိုက်သည်။
မီးလျှံကကြိုးက လွှမ်းမိုးနိုင်စွမ်းရှိသောခွန်အားကို ပိုင်ဆိုင်ထားသည်နှင့်အညီ သူမ၏ တိုက်ကွက်က ထိုဘာသာရေးခေါင်းဆောင်ကို လွင့်ထွက်သွားစေ၏။ သို့သော် ဘာသာရေးခေါင်းဆောင်က အခွင့်အရေးယူပြီး သူတို့နှစ်ယောက်ကြားထဲ၌ အကွာအဝေးကို အနည်းငယ်ချဲ့လိုက်သည်။ ကံဆိုးသည်မှာ မီးလျှံကကြိုး၏ ထိခိုက်မှုက ဘာသာရေးခေါင်းဆောင်၏ အစစ်အမှန်ဒိုင်းကို ကြွေလွင့်သွားစေရုံသာရှိပြီး ဘာသာရေးခေါင်းဆောင်က ထိခိုက်မှုမရှိ ဖြစ်နေသေး၏။
မီးလျှံကကြိုးက ထိုလူနောက်လိုက်မည်ဟု တွေးလိုက်သည့်အချိန်တွင် သူမနောက်မှ ပြင်းထန်သည့် သတ်ဖြတ်ခြင်းဆန္ဒကို ခံစားလိုက်မိ၏။ မီးလျှံကကြိုးက လေခြေလှမ်းကို အမြန်သုံးလိုက်၏။
ထန် …
သူမ သတိမပြုလိုက်မိတာကြောင့် နောက်ကျောကို ဓားမြှောင်စိုက်သွားသည်။ ကံကောင်းသည်မှာ မီးလျှံကကြိုးက လေခြေလှမ်းကို အချိန်ကိုက်ထုတ်ဖော်ခဲ့တာ ဖြစ်၏။ တိုက်ကွက်က မထိသွားပေ။
” မင်းရဲ့ တုံ့ပြန်တဲ့အချိန်ကတော့ ကောင်းတာပဲ …။ ဒါပေမယ့် ဒီလိုဆိုရင်ရော …”
ဝတ်ရုံနက် လုပ်ကြံသတ်ဖြတ်ရေးသမားက မီးလျှံကကြိုးနောက်တွင် ရုတ်တရက်ပေါ်လာ၏။ သူက ဓားမြှောင်နှစ်လက်ထုတ်ပြီးနောက် မီးလျှံကကြိုးဆီ ဆက်တိုက်တိုက်ခိုက်တော့သည်။ သူသည် ထိုတိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်နေသည့်အလာ မီးလျှံကကြိုးကို ချုပ်နှောင်ရန် ကြိုးစားနေသည်။
မီးလျှံကကြိုးသည် တိုက်ကွက်များကို ခုခံချင်ခဲ့သည်။ သို့သော် သူမက စိတ်ပြောင်းပြီးနောက် လေဟာနယ်ခြေလှမ်းကိုသာ အသုံးပြုလိုက်၏။ ရုတ်တရက်တွင် မီးလျှံကကြိုးက ပျောက်ကွယ်သွားတော့သည်။ ဝတ်ရုံနက်လုပ်ကြံသတ်ဖြတ်ရေးသမားက သူ၏ တိုက်ကွက်များကို ရပ်တန့်ပြီးနောက် လေခြေလှမ်းကို အသက်သွင်းလိုက်သည်။
ထန် …
မီးလျှံကကြိုးက ဝတ်ရုံနက်လုပ်ကြံသတ်ဖြတ်ရေးသမားဘေး၌ ရုတ်တရက်ပေါ်လာကာ ဓားတိုက ထိုလူ၏ နောက်ကျောကို ထိုးစိုက်လိုက်ချိန် တစ်လက်မတောင် မဝင်နိုင်ခဲ့ချေ။
” အံ့သြဖို့ကောင်းတဲ့ ခြေသိုင်းပဲ …။ ငါ မှားယွင်းတဲ့ပစ်မှတ်ကို မရွေးခဲ့မိဖူးနဲ့ တူပါရဲ့ …”
ဝတ်ရုံနက်လုပ်ကြံသတ်ဖြတ်ရေးသမားက ရယ်မောလိုက်၏။ သူက မီးလျှံကကြိုးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
” ငါက ဖျောက်စိတ်ကြယ်ပဲ …။ မင်းကို သတ်မဲ့သူပေါ့ …”
” ရေစီးဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူလား …”
မီးလျှံကကြိုးက သူမပြိုင်ဘက်၏ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ ဖျောက်စိတ်ကြယ်၏ အဆင့်အတန်းကို အကြမ်းမျဥ်း ခန့်မှန်းလိုက်နိုင်သည်။ မဟုတ်လျှင် သူက ခုခံနိုင်မှာ မဟုတ်ချေ။ သူမ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်သည့်စွမ်းရည်ဖြင့် သူမ လေဟာနယ်ခြေလှမ်းကို ခုခံနိုင်ခဲ့တာ ဖြစ်သည်။
ရေစီးဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်နေရသော မီးလျှံကကြိုးအပြင် ခရမ်းတိမ်ကလည်း အပြစ်ခုနှစ်ပါးပန်းပွင့်၏ အဖွဲ့ခေါင်းဆောင်များထဲမှတစ်ယောက်ကို ရင်ဆိုင်နေရ၏။
ဇီးရိုးဝင်းအဖွဲ့ဝင်များက တိုက်ခိုက်ရာတွင် လက်ဦးမှုရယူနိုင်ပြီး အရည်အချင်းတစ်ပန်းသာသော်ငြား လုပ်ကြံသတ်ဖြတ်ရေးသမားများ၏ နည်းစနစ်က ကောင်းမွန်လွန်းနေသည်။ သူတို့ပြိုင်ဘက်ကိုရင်ဆိုင်ရန် တင်းကြပ်မှုကိုအသုံးမပြုကြ။ ထိုအစား သူတို့က ခုခံပြီး တန်ပြန်တိုက်ခိုက်နေကြသည်။ ဆိုရလျှင် ချော်ရည်နယ်မြေ၏ တည်ရှိမှုဖြင့် ဇီးရိုးဝင်းအဖွဲ့ဝင်များက အချိန်ကြာလာသည်နှင့်အမျှ HP များ ဆက်တိုက်ဆုံးရှုံးသွားမှာ ဖြစ်သည်။ သူတို့ပြိုင်ဘက်မျာ HP ကုန်သွားတာကို စောင့်နေရန်သာ လိုအပ်၏။
” ဘလက်ဖလိမ်း မင်းရဲ့ခွန်အား ငါ့ကို ပြလိုက် …”
ငွေရောင်ဝတ်ရုံဖြင့် လူရွယ်က အမိန့်ပေးပြီးနောက် ရှီဖုန်း၏ လမ်းကြောင်းတွင် ရပ်လိုက်သည်။ သူ၏လှံက ပေါ်ထွင်လာကာ လူရွယ်သည် အထင်ကြီးဖွယ်ရောင်ဝါမျိုး ထုတ်ဖော်ပြသလိုက်တော့သည်။
အတွဲ – ၃၇ ပြီး၏။